သင်ခန်းစာ ၈
ယောရှိမှာ သူငယ်ချင်းကောင်းတွေ ရှိခဲ့
မှန်တာကိုလုပ်ဖို့ ခက်သလား၊ ကလေးတို့ ဘယ်လိုထင်သလဲ။— လူအများကတော့ ခက်တယ်လို့ ပြောကြတယ်။ ယောရှိဆိုတဲ့ ကောင်လေးဟာ မှန်တာကိုလုပ်ဖို့ မလွယ်ခဲ့ဘူးလို့ ကျမ်းစာမှာ ပြောပြတယ်။ ဒါပေမဲ့ ယောရှိရဲ့ သူငယ်ချင်းကောင်းတွေက သူ့ကို ကူညီပေးခဲ့ကြတယ်။ ယောရှိနဲ့ သူ့ရဲ့သူငယ်ချင်းတွေအကြောင်း ဖတ်ကြည့်ကြရအောင်။
ယောရှိရဲ့အဖေက ယုဒပြည်ရဲ့ဘုရင် အာမုန်တဲ့။ အာမုန်က အရမ်းဆိုးတယ်။ ရုပ်တုတွေကို ကိုးကွယ်တယ်။ အာမုန်သေသွားတော့ ယောရှိ ဘုရင်ဖြစ်လာတာပေါ့။ ယောရှိ ဘုရင်ဖြစ်တဲ့အချိန်မှာ အသက် ရှစ်နှစ်ပဲ ရှိသေးတာ။ ယောရှိကော၊ သူ့အဖေလို ဆိုးသလား။— မဆိုးဘူး။ သူက လိမ္မာတဲ့ကလေးပါ။
ရုပ်တုတွေ မကိုးကွယ်ဖို့ လူတွေကို ဇေဖနိ သတိပေးခဲ့
ယောရှိ ငယ်ငယ်လေးကတည်းက ယေဟောဝါဘုရားရဲ့စကားကို နားထောင်ခဲ့တာ။ ဒါကြောင့် ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ပဲ သူငယ်ချင်းလုပ်ခဲ့တာပေါ့။ သူငယ်ချင်းတွေက ယောရှိ မှန်တာကိုလုပ်နိုင်ဖို့ ကူညီပေးခဲ့ကြတယ်။ ယောရှိရဲ့သူငယ်ချင်းတွေက ဘယ်သူတွေလဲဆိုတာ သိချင်လား။
သူငယ်ချင်းတစ်ယောက်က ဇေဖနိလို့ခေါ်တယ်။ သူက ရှေ့မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို ကြိုဟောတဲ့သူဖြစ်တယ်။ ယုဒလူတွေ ရုပ်တုကိုးကွယ်နေမယ်ဆိုရင် ဒုက္ခရောက်လိမ့်မယ်လို့ သူလိုက်သတိပေးတယ်။ ဇေဖနိရဲ့စကားကို ယောရှိ နားထောင်ပြီး ရုပ်တုတွေကို မကိုးကွယ်ဘူး။ ယေဟောဝါဘုရားကိုပဲ ကိုးကွယ်ခဲ့တယ်။
ယောရှိရဲ့ နောက်သူငယ်ချင်းတစ်ယောက်က ယေရမိတဲ့။ ယေရမိက ယောရှိနဲ့ အသက်အတူတူလောက်ရှိတယ်။ သူတို့နှစ်ယောက်က သိပ်ချစ်တဲ့ သူငယ်ချင်းတွေလေ။ ဘယ်လောက်ချစ်သလဲဆိုရင် ယောရှိသေတော့ သူ့ကို လွမ်းတဲ့အကြောင်း ယေရမိက သီချင်းတစ်ပုဒ်တောင် ရေးခဲ့တယ်။ ယေရမိနဲ့ ယောရှိဟာ မှန်တာကို လုပ်ကြဖို့၊ ယေဟောဝါဘုရားရဲ့စကားကို နားထောင်ကြဖို့ အချင်းချင်း အားပေးကူညီခဲ့တယ်။
ယောရှိနဲ့ ယေရမိဟာ မှန်တာကိုလုပ်ဖို့ အချင်းချင်း အားပေးကူညီခဲ့ကြ
ယောရှိဆီကနေ တို့တွေဘာသင်ယူနိုင်သလဲ။— ယောရှိဟာ ငယ်ငယ်လေးကတည်းက မှန်တာကို လုပ်ချင်တယ်။ ယေဟောဝါဘုရားကို ချစ်တဲ့သူတွေနဲ့ပဲ သူငယ်ချင်းလုပ်ရမယ်ဆိုတာ သူသိတယ်။ သားတို့သမီးတို့လည်း ယေဟောဝါဘုရားကိုချစ်တဲ့သူ၊ မှန်တာကိုလုပ်ဖို့ ကူညီပေးမယ့်သူတွေနဲ့ပဲ ရွေးချယ်ပေါင်းသင်းရမယ်နော်။