သင်ခန်းစာ ၅၆
ဘုရားသခင့်ပညတ်ကို ချစ်မြတ်နိုးတဲ့ ယောရှိ
ယောရှိဟာ အသက် ၈ နှစ်မှာ ယုဒဘုရင် ဖြစ်လာတယ်။ အဲဒီအချိန်မှာ လူတွေဟာ နတ်ဆိုးပညာ လိုက်စားပြီး ရုပ်တုကိုးကွယ်နေကြတယ်။ ယောရှိဟာ အသက် ၁၆ နှစ်မှာ ယေဟောဝါကို မှန်ကန်တဲ့နည်းနဲ့ ဘယ်လို ဝတ်ပြုရမလဲဆိုတာ သင်ယူခဲ့တယ်။ အသက် ၂၀ ပြည့်တော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ရုပ်တုတွေ၊ ပူဇော်ရာပလ္လင်တွေကို ဖျက်ဆီးပစ်တယ်။ ၂၆ နှစ်အရွယ်မှာ ယေဟောဝါရဲ့ အိမ်တော်ကို စပြုပြင်တယ်။
ပုရောဟိတ်မင်း ဟိလခိဟာ ဗိမာန်တော်မှာ ယေဟောဝါရဲ့ ပညတ်ကျမ်းလိပ်ကို တွေ့သွားတယ်။ မောရှေရေးခဲ့တဲ့ ကျမ်းလိပ် ဖြစ်နိုင်တယ်။ ဘုရင့်အတွင်းရေးမှူး ရှာဖန်ဟာ ကျမ်းလိပ်ကို ယောရှိဆီယူလာပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပြတယ်။ ဒါကို ယောရှိ နားထောင်ပြီးတဲ့အခါ ပြည်သားတွေဟာ နှစ်အတော်ကြာ ယေဟောဝါကို မနာခံခဲ့မှန်း သိသွားတယ်။ ဒါနဲ့ ဟိလခိကို ယောရှိမင်းက ‘ကျွန်တော်တို့ကို ယေဟောဝါ သိပ်စိတ်ဆိုးနေပြီ။ ကိုယ်တော့်ကို သွားမေးမြန်းပါ။ ဘာလုပ်ရမလဲဆိုတာ ယေဟောဝါ ပြောလိမ့်မယ်’ လို့ မှာကြားတယ်။ ဒါနဲ့ ယေဟောဝါဟာ ပရောဖက်မ ဟုလဒကတစ်ဆင့် ‘ယုဒလူတွေဟာ ငါ့ကို စွန့်သွားကြပြီ။ သူတို့ကို အပြစ်ပေးမယ်။ ဒါပေမဲ့ ယောရှိအုပ်ချုပ်ချိန်မှာတော့ မဟုတ်ဘူး။ သူက နှိမ့်ချမှု ရှိလို့ပဲ’ ဆိုပြီးပြောတယ်။
ဒီစကားကို ယောရှိမင်း ကြားပြီးနောက် ဗိမာန်တော်ကို သွားပြီး ယုဒလူတွေကို စုဝေးစေတယ်။ ပြီးတော့ ယေဟောဝါရဲ့ပညတ်ကို အားလုံးကြားအောင် အသံကျယ်ကျယ်နဲ့ ဖတ်ပြတယ်။ ယောရှိနဲ့ လူတွေဟာ ယေဟောဝါကို စိတ်နှလုံးအပြည့် နာခံပါ့မယ်လို့ ကတိပေးတယ်။
ယုဒပြည်မှာ ပသခါပွဲ မကျင်းပတာ နှစ်တော်တော်ကြာနေပြီ။ ဒါပေမဲ့ နှစ်စဉ် ပသခါပွဲကျင်းပသင့်မှန်း ပညတ်ကျမ်းလိပ်ကနေ ယောရှိသိသွားတဲ့အခါ ပြည်သားတွေကို ‘ယေဟောဝါအတွက် ပသခါပွဲ ကျင်းပကြမယ်’ လို့ပြောတယ်။ ပြီးတော့ ပူဇော်ရာတွေ အများကြီး ပြင်ဆင်တယ်။ ဗိမာန်တော်မှာ သီချင်းသည်တွေကို ပြန်ဖွဲ့စည်းတယ်။ အဲဒီနောက် ပသခါပွဲနဲ့ ခုနစ်ရက်ကြာ တဆေးမဲ့မုန့်ပွဲတော်ကို ကျင်းပကြတယ်။ အဲဒီလိုပသခါပွဲမျိုးကို ရှမွေလလက်ထက်ကတည်းက မကျင်းပခဲ့ဖူးဘူး။ ယောရှိဟာ ဘုရားသခင့်ပညတ်ကို တကယ်ပဲ ချစ်မြတ်နိုးတယ်။ သင်ကော၊ ယေဟောဝါအကြောင်း သင်ယူရတာ ပျော်သလား။
“နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။ လမ်းခရီးကို လင်းစေတဲ့ အလင်းပါ။”—ဆာလံ ၁၁၉:၁၀၅