သင်ခန်းစာ ၁၃
လူတွေကို ကူညီပေးချင်တဲ့ တိမောသေ
တိမောသေဟာ ကူညီပေးချင်စိတ်ရှိတဲ့ လူငယ်လေးပါ။ နေရာတော်တော်များများဆီသွားပြီး လူတွေကို ကူညီပေးခဲ့တယ်။ ဒါကြောင့် သူ့ဘဝက သိပ်ပျော်စရာကောင်းခဲ့တာပေါ့။ သူ့အကြောင်း သိချင်လား။—
အမေနဲ့ အဘွားက တိမောသေကို ယေဟောဝါဘုရားအကြောင်း သင်ပေးခဲ့
တိမောသေဟာ လုတ္တရမြို့မှာ ကြီးပြင်းလာတာ။ သူ့အဘွား လောအိနဲ့ မေမေ ဥနိတ်တို့ဟာ ယေဟောဝါဘုရားအကြောင်း သူ့ကို ငယ်ငယ်လေးကတည်းက သင်ပေးခဲ့တယ်။ တိမောသေကြီးလာတော့ လူတွေကို ယေဟောဝါဘုရားအကြောင်း ပြောပြချင်တယ်။
တစ်နေ့တော့ ပေါလုက ‘တခြားနေရာတွေမှာ သွားဟောပြောဖို့ လိုက်မလား’ ဆိုပြီး လူငယ်တိမောသေကို မေးတယ်။ ‘လိုက်မယ်’ လို့ တိမောသေ ပြန်ဖြေလိုက်တယ်။ လူတွေဆီသွားပြီး ကူညီပေးဖို့ သူအဆင်သင့်ရှိနေတယ်။
ဒါနဲ့ မက်ဆီဒိုးနီးယားပြည်မှာရှိတဲ့ သက်သာလောနိတ်မြို့ကို ပေါလုနဲ့အတူ တိမောသေ လိုက်သွားတယ်။ အဲဒီမြို့ကိုရောက်ဖို့ သူတို့ အဝေးကြီး လမ်းလျှောက်ရတယ်။ သင်္ဘောလည်း စီးရတယ်။ အဲဒီမြို့ကို ရောက်သွားတဲ့အခါ လူတွေကို ယေဟောဝါဘုရားအကြောင်း ပြောပြကြတယ်။ အဲဒီအခါ လူတချို့က သူတို့ကို စိတ်ဆိုးပြီး ဒုက္ခပေးချင်ကြတယ်။ ဒါနဲ့ ပေါလုနဲ့ တိမောသေဟာ အဲဒီမြို့ကထွက်ပြီး တခြားနေရာတွေမှာ သွားဟောပြောကြတယ်။
ပျော်စရာကောင်းတဲ့ ဘဝကို တိမောသေရရှိခဲ့
လအနည်းငယ်ကြာတော့ ပေါလုက သက်သာလောနိတ်မြို့မှာရှိတဲ့ ညီအစ်ကိုတွေ ဘယ်လိုနေသလဲဆိုတာ သိဖို့ တိမောသေကို ပြန်သွားကြည့်ခိုင်းတယ်။ သူတို့ကို ဒုက္ခပေးခဲ့တဲ့ အဲဒီမြို့ကို ပြန်သွားဖို့ဆိုတာ သတ္တိရှိဖို့လိုတယ်။ ဒါပေမဲ့ အဲဒီမြို့မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် စိုးရိမ်လို့ တိမောသေ ပြန်သွားလိုက်တယ်။ ပြန်လာတဲ့အခါ ညီအစ်ကိုညီအစ်မတွေရဲ့ အခြေအနေကောင်းတယ်လို့ ပေါလုကို ပြောပြတယ်။
တိမောသေဟာ ပေါလုနဲ့အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တယ်။ ဒါကြောင့် အသင်းတော်တွေကို ကူညီပေးဖို့ တိမောသေဟာ အသင့်တော်ဆုံးပဲဆိုပြီး ပေါလု ရေးခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိမောသေက ယေဟောဝါဘုရားကိုရော၊ လူတွေကိုပါ ချစ်တာကိုး။
သားတို့သမီးတို့ကော၊ လူတွေကို ချစ်လား။ သူတို့ကို ယေဟောဝါဘုရားအကြောင်း ပြောပြချင်လား။— သားတို့သမီးတို့လည်း အဲဒီစိတ်ထားရှိရင် တိမောသေလိုပဲ ပျော်စရာကောင်းတဲ့ဘဝကို ရကြပါလိမ့်မယ်။