၂ နောဧ
လောကကို ပြစ်တင်ရှုတ်ချသူ
ဧနောက်ခေတ်ပြီးနောက် ဘုရားကို ကောင်းကင်တမန်တချို့ ပုန်ကန်ကြတယ်။ ရမ္မက်မီးတောက်ပြီး မြေကြီးပေါ် ဆင်းလာ၊ လူ့အသွင် ဆောင်၊ နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြတယ်။ ဒီလိုနဲ့ နက်ဖလင်လို့ ခေါ်တဲ့ ကောင်းကင်တမန်နဲ့ လူ ကပြားတွေ မွေးလာတယ်။ နက်ဖလင်တွေဟာ ကြမ်းတမ်းခက်ထန်တဲ့ လူထွားကြီးတွေ။ သူတို့ကို ကြည့်ပြီး လူတွေ အတတ်ဆိုး တတ်လာကြတယ်။ ဘုရား ဖန်ဆင်းတုန်းက ကြည့်မဝ ရှုမဝ ဖြစ်ခဲ့ရတဲ့ လူ့လောကဟာ ကြည့်မလှ ရှုမလှ ဖြစ်လာတယ်။ လူတစ်ယောက်ကတော့ တခြားသူတွေနဲ့ မတူ ကွဲထွက်နေတယ်။ ဧနောက်ရဲ့ မြစ် နောဧပါ။
နောဧဟာ ဧနောက်လိုပဲ ဖြောင့်မတ်တယ်။ “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ ဖြစ်တယ်။” အိမ်ထောင်ကျပြီး သားသုံးယောက် ရလာတယ်။ ယေဟောဝါဘုရားကို မိမိတို့လိုပဲ သားတွေ နာခံတတ်ဖို့ ဇနီးနဲ့အတူ သွန်သင်ပေးတယ်။ ဒါကြောင့် နောဧတို့မိသားစုဟာ ပတ်ဝန်းကျင်က လူတွေနဲ့ မတူ ကွဲထွက်နေတယ်။
ကမ္ဘာပေါ်က လူဆိုးအားလုံးကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားကြောင်း တစ်နေ့မှာ နောဧကို ယေဟောဝါဘုရား ပြောတယ်။ လူတချို့ အသက်ဘေး လွတ်မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပေးတယ်။ ဒါကြောင့် သင်္ဘောကြီး ဆောက်ပါတဲ့။ ယေဟောဝါဘုရား ပြောတဲ့ ကမ္ဘာချီ ရေလွှမ်းမိုးဘေးဆိုတာမျိုး နောဧ တစ်ခါမှ မမြင်ဖူးဘူး။ ဒီသင်္ဘောလောက် ကြီးတဲ့ ဘာကိုမှလည်း မဆောက်ဖူးဘူး။ ဒါပေမဲ့ ဘုရားကတိတွေကို ယုံတယ်။ ဒါနဲ့ သင်္ဘော စဆောက်တယ်။
နောဧတို့မိသားစု လုပ်တဲ့ အလုပ်၊ ဟောတဲ့ သတင်းကို အင်အားကြီး ရန်သူတွေ မကြိုက်
ဘုရားပေးတာဝန် ထမ်းဆောင်နိုင်ဖို့ နောဧတို့မိသားစု သတ္တိ လိုတယ်။ လူတွေ လှောင်ပြောင်တာ၊ ဆန့်ကျင်တာကို သူတို့ ကြုံကြရမှာ။ လူ့အသွင်ဆောင်ထားတဲ့ တန်ခိုးကြီး ကောင်းကင်တမန်ဆိုးတွေရဲ့ ရန်ကိုလည်း ကြောက်ကြရမှာ။ သူတို့မျိုးဆက် နက်ဖလင်တွေဆိုတာကလည်း လူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျသူတွေ။ ဒါပေမဲ့ နောဧနဲ့ သစ္စာရှိ ဇနီး၊ သားသုံးယောက်၊ ချွေးမသုံးယောက်ဟာ သင်္ဘော ဆက်ဆောက်ကြတယ်။ နှစ် ၅၀ လောက် သူတို့ရှစ်ယောက် နေ့စဉ်ရက်ဆက် ဆောက်ခဲ့ကြတာ။
အဲဒီအတောအတွင်း နောဧ လုပ်တာ နောက်တစ်ခု ရှိသေးတယ်။ “ဖြောင့်မတ်ခြင်းတရားဟောပြော” တာပါ။ ရောက်လာတော့မယ့် ဘေးအကြောင်း လူတွေကို သတိပေးရာမှာ အိမ်ထောင်ဦးစီးပီပီ မိသားစုကို ဦးဆောင်တယ်။ ဒါပေမဲ့ လူတစ်ယောက်မှ နားမထောင်ဘူး။ ဆွေမျိုးတွေတောင် နားမထောင်ကြပုံပဲ။ ဆိုးသွမ်းတဲ့ လမ်းစဉ်ကို မစွန့်ချင်ကြဘူး။ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိမရှိဆိုတာက နောဧကို ပတ်ဝန်းကျင်က လူတွေနဲ့ ကွာသွားစေတယ်။ “အဲဒီယုံကြည်ခြင်းကြောင့် လောကကို သူ ပြစ်တင်ရှုတ်ချခဲ့တယ်” ဆိုပြီး နောဧအကြောင်း ကျမ်းစာမှာ ဖော်ပြထားတာ မဆန်းပါဘူး။
နောက်ဆုံးတော့ သင်္ဘောကြီး ဆောက်ပြီးသွားပါပြီ။ မိသားစုအတွက်ကော သင်္ဘောပေါ် ပါလာမယ့် တိရစ္ဆာန်အားလုံးအတွက်ပါ အစာရေစာနဲ့ တခြားလိုအပ်တာတွေ စုဆောင်းသိုလှောင်ကြတယ်။ အဲဒီနောက် ခုနှစ်ရက်အတွင်း မိုးရွာတော့မှာ ဖြစ်လို့ မိသားစုလိုက် သင်္ဘောထဲ ဝင်ဖို့ နောဧကို ဘုရား ပြောတယ်။ ထူးခြားတာတစ်ခု ဖြစ်လာတယ်။ တိရစ္ဆာန်အမျိုးမျိုး “အထီးအမအစုံလိုက်” ရောက်လာပြီး “သင်္ဘောထဲ ဝင်ကြ” တာပါ။
ကျန်တဲ့ ပစ္စည်းတွေ သင်္ဘောပေါ် တင်လိုက်၊ တင်ပြီးသား ပစ္စည်းတွေ နေရာချလိုက်နဲ့ နောဧတို့မိသားစု အလုပ်ရှုပ်နေမှာကို မြင်ယောင်ကြည့်နိုင်တယ်။ လူတွေ ပိုလို့တောင် ဟားတိုက်နေကြမှာ။ ဒါပေမဲ့ လူ၊ ပစ္စည်း၊ တိရစ္ဆာန် စုံတာနဲ့ ယေဟောဝါကိုယ်တိုင် သင်္ဘောတံခါး ပိတ်လိုက်တယ်။ တံခါးလည်း အပိတ် ဟားတိုက်လှောင်ရယ်သံတွေလည်း တိတ်သွားမှာပဲ။ မိုး စရွာလာပြီ။ ရက် ၄၀ လုံးလုံး ဆက်တိုက် မိုးရွာလို့ တောင်ထိပ်တွေ မြုပ်သွားတဲ့အထိ တရိပ်ရိပ် ရေတက်လာတယ်။ ဆိုးညစ်တဲ့ ကမ္ဘာကြီးကို ယေဟောဝါဘုရား ဆေးကြောလိုက်ပြီ။
နောဧတို့မိသားစု သင်္ဘောထဲမှာ တစ်နှစ်ကျော်လောက် ဘေးကင်းကင်း နေခဲ့ရတယ်။ အဲဒီအတောအတွင်း တရိပ်ရိပ် ရေကျလာပြီး နောက်ဆုံးတော့ အာရရတ်တောင်ပေါ်မှာ သင်္ဘော တင်သွားတယ်။ သင်္ဘောထဲကနေ ထွက်လို့ ရပြီလို့ နောဧကို ယေဟောဝါ ပြောတယ်။ အသက်ဘေးကနေ ကယ်တင်ပေးလို့ ယေဟောဝါကို နောဧတို့မိသားစု သိပ်ကျေးဇူးတင်နေမှာပဲ။ ဒါကြောင့် သင်္ဘောထဲကနေ ထွက်လာတော့ ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ ပူဇော်သက္ကာ ဆက်သကြတယ်။ ဒီလိုရေလွှမ်းမိုးဘေး နောက်ထပ် မကျရောက်စေတော့ဘူးဆိုတဲ့ ကတိကို ယေဟောဝါ ပေးတယ်။ ကတိအတွက် အာမခံချက်၊ အထောက်အထားအနေနဲ့ သက်တံ ပေါ်လာစေတယ်။
ဒီနေ့ အသက်ရှင်နေသူအားလုံး နောဧတို့မိသားစုကနေ ဆင်းသက်လာကြတာ။ ဆိုးညစ်တဲ့ လောကအလယ်မှာ နောဧတို့မိသားစု သတ္တိရှိရှိ ရပ်တည်ခဲ့တာ ကျေးဇူးတင်စရာပါပဲ။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ နောဧ ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ ရေလွှမ်းမိုးဘေး မတိုင်ခင် ကမ္ဘာ့အခြေအနေ ဘယ်လို ရှိသလဲ။ (က၀၂ ၃/၁ ၅ ပိုဒ်. ၃–၆ ပိုဒ်. ၄)
၂။ သင်္ဘောဆောက်ဖို့ တာဝန်ကို ဘယ်အချိန်မှာ နောဧ ရသလဲ။ ရေလွှမ်းမိုးဘေး စမယ့်အချိန်ကို ဘယ်အချိန်မှာ သိသလဲ။ (က၁၂ ၄/၁၅ ၂၃ ပိုဒ်. ၅-၈)
၃။ ရေလွှမ်းမိုးဘေး တကယ် ဖြစ်ခဲ့တယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ijwbq ဆောင်းပါး ၁၅၆ ပိုဒ်. ၂-၅၊ လေးထောင့်ကွက်) ရုပ်ပုံ က
Historic Collection/Alamy Stock Photo
ရုပ်ပုံ က– ကမ္ဘာချီ ရေလွှမ်းမိုးဘေးကနေ လွတ်ဖို့ လူတစ်ယောက် လှေဆောက်တယ်၊ ရေလွှမ်းမိုးဘေးပြီးနောက် ယဇ်ပူဇော်တယ်၊ သူ့ဆီကနေ လူသားမျိုးနွယ် ဆင်းသက်လာတယ်ဆိုတဲ့ ဟိန္ဒူဒဏ္ဍာရီ ရှိတယ်
၄။ ရေလွှမ်းမိုးဘေးပြီးနောက် နှစ်တစ်ရာကျော်မှာ ဘာဖြစ်သလဲ။ သက်ကြီး နောဧရဲ့ အသက်တာနဲ့ ခံစားချက်အပေါ် ဘာသက်ရောက်မှု ရှိနိုင်သလဲ။ (it “နောဧ” နံပါတ် ၁ ပိုဒ်. ၁၂-wcgr) ရုပ်ပုံ ခ
ရုပ်ပုံ ခ
တွေးတောစရာ သင်ခန်းစာ
ကျွန်တော်တို့ခေတ်နဲ့ နောဧခေတ် ဘယ်လို ဆင်တူသလဲ။ (မ. ၂၄:၃၆-၃၉)
စီမံခန့်ခွဲဖို့ အရေးကြီးကြောင်း နောဧဆီကနေ ဘာသင်ယူရသလဲ။ ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
အလုပ်ကြိုးစားဖို့ အရေးကြီးကြောင်း နောဧဆီကနေ ဘာသင်ယူရသလဲ။ ရုပ်ပုံ ဃ
ရုပ်ပုံ ဃ
စိတ်ရှည်ဖို့ အရေးကြီးကြောင်း နောဧဆီကနေ ဘာသင်ယူရသလဲ။ ရုပ်ပုံ င
ရုပ်ပုံ င
နောဧရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
နောဧ အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
နောဧကို အိမ်ထောင်ဦးစီးတစ်ယောက် ဘယ်လို ကြိုးစားအတုယူသလဲ။
ယုံကြည်ခြင်း ရှိသူတွေကို တုပပါ၊ ယုံကြည်ခြင်း မဲ့သူတွေကို မတုပပါနဲ့—နောဧနဲ့ အိမ်နီးချင်းများ (၂:၅၇)
နောဧဆီကနေ သင်ယူဖို့ သားသမီးတွေကို ကူညီပေးပါ။