၁၆ ဗာရက်နဲ့ ဒေဗောရ
“ကောင်းပြီ၊ လိုက်ခဲ့မယ်”
အစ္စရေးတွေရဲ့ ဘဝဟာ သိပ်ခက်ခဲကျပ်တည်းတယ်။ ပုန်ကန်ရင် ဆိုးကျိုးတွေ ကြုံရမယ်ဆိုပြီး သတိပေးထားတဲ့ကြားက သူတို့ ပုန်ကန်ကြလို့ ရန်သူတွေလက်ထဲ ယေဟောဝါဘုရား အပ်လိုက်တယ်။ ရန်သူခါနန်တွေရဲ့ ဘုရင်က ယာဘိန်။ ယာဘိန်ရဲ့ ဗိုလ်ချုပ်က သိသရ။ သိသရဟာ သိပ်ရက်စက်ကြမ်းကြုတ်ပြီး သူ့စစ်တပ်မှာ သံဓားကောက် တပ်ထားတဲ့ စစ်မြင်းရထား ၉၀၀ ရှိတယ်။
သိသရရဲ့ စစ်တပ်ကြောင့် အနှစ် ၂၀ လုံးလုံး အစ္စရေးတွေ ကျီးလန့်စာ စားနေကြရတယ်။ မြို့တစ်မြို့ သိမ်းလိုက်ပြီဆိုရင် စစ်သည်တွေက မိန်းမပျိုလေးတွေကို ဖမ်းခေါ်၊ မုဒိမ်းကျင့်လေ့ရှိပုံရတယ်။ လူတွေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်နက် မရှိလို့ လမ်းမတွေပေါ် မသွားလာရဲကြတော့ဘူး။ ရွာတွေမှာ မနေရဲကြတော့ဘူး။
အဲဒီအချိန်မှာ ဒေဗောရလို့ ခေါ်တဲ့ သတ္တိခဲ ပရောဖက်မတစ်ယောက် ရှိတယ်။ အစ္စရေးတွေရဲ့ ခက်ခဲတဲ့ အမှုကိစ္စတွေကို စီရင်ဆုံးဖြတ်ပေးတယ်။ ဒေဗောရကို သုံးပြီး ဗာရက်လို့ ခေါ်တဲ့ အမျိုးသားတစ်ယောက်ကို ယေဟောဝါ အထူးတာဝန် ပေးတယ်။ အစ္စရေးလူမျိုးကို ကယ်တင်ဖို့၊ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ပါ။ ဒါနဲ့ ဗာရက်ကို ဒေဗောရ လူလွှတ်ပြီး ခေါ်လိုက်တယ်။ ဒေဗောရဆီက ကြားရတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကြောင့် ဗာရက် အံ့ဩသွားတယ်။ ‘လူ ၁၀,၀၀၀ ကို ခေါ်ပြီး တာဗော်တောင်ကို ချီတက်ပါ။ သိသရနဲ့ စစ်မြင်းရထားတွေ၊ စစ်သည်တွေကို မင်းလက်ထဲ အပ်မယ်’ တဲ့။
အမျိုးသမီးတစ်ယောက်ဆီကတစ်ဆင့် လမ်းညွှန်ခံရလို့ ဗာရက် မာနတင်းခံပြီး နားမထောင်ဘဲနေသလား။ မနေဘူး။ နှိမ့်ချမှုရှိရှိ နားထောင်တဲ့အပြင် တာဗော်တောင်ကို ဒေဗောရ လိုက်ခဲ့မှ သွားမယ်လို့ ပြောတယ်။ ယုံကြည်ခြင်း မရှိလို့ အဲဒီလိုပြောတာ မဟုတ်ပါဘူး။ ယုံကြည်ခြင်း ရှိလို့ ပြောတာပါ။ နောက်ပိုင်းမှာ တမန်တော် ပေါလု ဖော်ပြတဲ့ ယုံကြည်ခြင်း စံနမူနာရှင်စာရင်းထဲ ဗာရက် ပါတယ်။ (ဟီ. ၁၁:၁၊ ၂၊ ၃၂) ဒေဗောရကို ယေဟောဝါ သုံးနေမှန်း၊ ဒေဗောရကတစ်ဆင့် လမ်းညွှန်ချက်တွေ ယေဟောဝါ ထပ်ပေးလာနိုင်မှန်း ဗာရက် သိတယ်။ ဒေဗောရကလည်း “ကောင်းပြီ၊ လိုက်ခဲ့မယ်” လို့ ရဲရဲရင့်ရင့် ပြောတယ်။ တိုက်ပွဲမှာ ဗာရက် အနိုင်ရမယ်ဆိုပေမဲ့ သိသရကို သတ်ခွင့်ရမှာ မဟုတ်ကြောင်းလည်း ပြောတယ်။ သိသရကို အမျိုးသမီးတစ်ယောက်လက်ထဲ ယေဟောဝါ အပ်မှာ ဖြစ်လို့ပဲ။
ယေဟောဝါ မိန့်မှာတဲ့အတိုင်း ရဲရင့်တဲ့ အမျိုးသား အယောက် ၁၀,၀၀၀ ကို ဗာရက် ချက်ချင်း စုစည်းလိုက်တယ်။ လက်နက်အင်အား နည်းပေမဲ့ တိုက်ပွဲအတွက် အတတ်နိုင်ဆုံး ပြင်ဆင်တယ်။ အဲဒီနောက် တာဗော်တောင်ပေါ် တက်သွားတယ်။ တာဗော်တောင်ဟာ ယေဇရေလလွင်ပြင်ကနေ မို့မောက်ထွက်နေတယ်။ အုပ်ဆောင်းပုံစံ ရှိပြီး ၁,၉၆၈ ပေ (မီတာ ၆၀၀) နီးပါး မြင့်တယ်။ သိသရနဲ့ စစ်မြင်းရထားတပ် ဟိုးအဝေးကြီးက ချီတက်လာတာကို ဒေဗောရ၊ ဗာရက်နဲ့ စစ်သည်တွေ တောင်ပေါ်ကနေ လှမ်းမြင်နေရတယ်။
ဗာရက် ဘာလုပ်မလဲ။ တာဗော်တောင်စောင်းကို သိသရနဲ့ စစ်မြင်းရထားတပ် ရောက်လာတဲ့အထိ စောင့်တာ အကောင်းဆုံး ဖြစ်မယ့်ပုံပဲ။ တောင်အတက်မှာ စစ်မြင်းရထားတွေ အရှိန်လျော့သွားမှာ ဖြစ်လို့ ဗာရက်တို့ အသာစီးရနိုင်တယ်။ ဒါပေမဲ့ “ကဲ၊ သွားတော့” ဆိုပြီး ဒေဗောရကတစ်ဆင့် ယေဟောဝါ ညွှန်ကြားတယ်။ အနိုင်ရရေးဟာ ယေဟောဝါလက်ထဲမှာ ရှိမှန်း ဗာရက် သိတဲ့အတွက် ညွှန်ကြားချက်ကို လိုက်နာတယ်။ ကြောက်မက်ဖွယ် စစ်မြင်းရထားတပ်ကို ရင်ဆိုင်ဖို့ တာဗော်တောင်ကနေ လွင်ပြင်ကို ဗာရက်နဲ့ စစ်သည်တွေ သတ္တိရှိရှိ ဆင်းသွားကြတယ်။
ဗိုလ်ချုပ်သိသရရဲ့ စစ်မြင်းရထားတပ်ကို တရားသူကြီးတစ်ယောက်နဲ့ ပရောဖက်မတစ်ယောက် ရင်ဆိုင်ခဲ့ရ
စစ်ရေးအမြင်အရ ကြည့်ရင် လွင်ပြင်မှာ စစ်မြင်းရထားတပ်ကို ဗာရက်တို့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဗာရက်နဲ့ စစ်သည်တွေ သတ္တိရှိတာကို မြင်ပြီး အနိုင်ရဖို့ ယေဟောဝါ ကူညီပေးတယ်။ ခါနန်စစ်တပ်ကို ဖရိုဖရဲဖြစ်စေတယ်။ သဲကြီးမဲကြီး မိုးရွာချစေလို့ ယေဇရေလလွင်ပြင်ဟာ ရွှံ့တောကြီးလို ဖြစ်သွားတယ်။ စစ်မြင်းရထားတွေကြောင့်သာ သိသရရဲ့ စစ်တပ် အသာစီးရသလို ဖြစ်နေခဲ့တာ။ အခုတော့ စစ်မြင်းရထားတွေ ရွှံ့နွံနစ်ကုန်လို့ အသုံးမဝင်တော့ဘူး။ စစ်သည်တွေ မြင်းရထားပေါ်က ဆင်းပြီး တိုက်ရတော့တယ်။ ရွှံ့တောကနေ ရုန်းထွက်ပြီး မြေမြင့်ပိုင်းကို သိသရ ခြေကျင်ထွက်ပြေးသွားပေမဲ့ သူ့စစ်သည်တွေ တစ်ယောက်မကျန် ကျဆုံးကုန်တယ်။
သူရဲဘောကြောင်ပြီး စစ်သည်တွေကို ထား၊ ကိုယ်လွတ်ရုန်းပြေးလာတဲ့အတွက် အသက်ဘေးလွတ်ပြီလို့ သိသရ ထင်နေနိုင်တယ်။ ဒါပေမဲ့ သိသရနောက်ကို ဗာရက် ဆက်လိုက်တယ်။ ဗာရက်လက်ချက်နဲ့ သိသရ ဇာတ်သိမ်းသွားမလား။ သိသရ ဘယ်လို ဇာတ်သိမ်းရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေဟောဝါမှာ အစီအစဉ် ရှိပြီးသားပါ။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဗာရက်နဲ့ ဒေဗောရ ဘယ်နည်းတွေနဲ့ ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ သိသရလက်အောက်မှာ အသက်ရှင်ရတဲ့ အစ္စရေးတွေရဲ့ ဘဝက ဘယ်လိုမျိုးလဲ။ (က၁၅ ၈/၁ ၁၂ ပိုဒ်. ၆)
၂။ အစ္စရေး တရားသူကြီး ၁၂ ယောက်ထဲမှာ ဒေဗောရကို ဘာကြောင့် ထည့်တွက်လေ့မရှိသလဲ။ (က၈၆ ၆/၁ ၃၁ ပိုဒ်. ၆-၈-wcgr)
၃။ ဒေဗောရဟာ ဘယ်လိုနည်းနဲ့ “အစ္စရေးရဲ့ မိခင်သဖွယ်” ဖြစ်သလဲ။ (သူကြီး. ၄:၄၊ ၅။ ၅:၇။ က၁၅ ၈/၁ ၁၃ ပိုဒ်. ၁) ရုပ်ပုံ က
ရုပ်ပုံ က
ရုပ်ပုံ က
၄။ သိသရကို “ကြယ်တာရာတွေ . . . တိုက်ခိုက်တယ်” ဆိုပြီး ဒေဗောရနဲ့ ဗာရက်တို့ သီချင်း စပ်ဆိုထားတာ ဘာကို ဆိုလိုသလဲ။ (သူကြီး. ၅:၂၀။ က၀၅ ၁/၁၅ ၂၅ ပိုဒ်. ၅)
တွေးတောစရာ သင်ခန်းစာ
သစ္စာရှိ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီကို ဗာရက် နှိမ့်ချမှုရှိရှိ လက်ခံတယ်။ ဘယ်လိုအခြေအနေမှာ ဗာရက်ကို ညီအစ်ကိုတွေ အတုယူနိုင်သလဲ။ ရုပ်ပုံ ခ
ရုပ်ပုံ ခ
ဗာရက်နဲ့ အတူလိုက်သွားဖို့ ဒေဗောရ ဘာကြောင့် သတ္တိ လိုအပ်သလဲ။ အဲဒီလိုသတ္တိမျိုး ဘယ်လိုအခြေအနေမှာ ကျွန်တော်တို့ လိုအပ်သလဲ။
ဗာရက်နဲ့ ဒေဗောရရဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ဗာရက်နဲ့ ဒေဗောရတို့ အသက်ပြန်ရှင်လာကြတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
ကျွေးကျွန်တွေ ကြိုးစားအားထုတ်သမျှကို ယေဟောဝါ အလေးထားတယ်ဆိုတာ ဒီမှတ်တမ်းက ဘယ်လို စိတ်ချစေသလဲ။
“သင့်စေတနာစိတ်က ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေပါ” (က၁၇.၀၄ ၂၈-၃၂)
ကျိုးနွံမှု ရှိခြင်း၊ ယေဟောဝါကို ယုံကြည်အားကိုးခြင်း၊ နာခံခြင်းနဲ့ ပတ်သက်ပြီး ဒေဗောရနဲ့ ဗာရက်ဆီကနေ ဘာသင်ယူနိုင်သလဲ။
“ယုံကြည်ခြင်းဖြင့် အင်အားကြီးသောစစ်တပ်ကို ဗာရက် အပြီးအပိုင်ချေမှုန်းခဲ့” (က၀၃ ၁၁/၁၅ ၂၈-၃၁)