၁၉ ယေဖသနဲ့ သမီး
သစ္စာကတိ တည်ခဲ့ကြသူတွေ
ယေဟောဝါဘုရားကို အစ္စရေးတွေ စွန့်သွားကြပြန်ပြီ။ ဒါကြောင့် သူတို့ကို အမ္မုန်လူတွေလက်ထဲ ယေဟောဝါ အပ်လိုက်လို့ ၁၈ နှစ်လုံးလုံး ဖိနှိပ်ညှဉ်းဆဲခံကြရတယ်။ (သူကြီး. ၁၀:၈) နောက်ဆုံးတော့ အစ္စရေးတွေ အပြစ်ကို ဝန်ချ၊ တိုင်းတစ်ပါးဘုရားတွေကို ဖယ်ရှားပြီး ယေဟောဝါဆီ ပြန်လှည့်လာကြတယ်။
သိပ်မကြာခင်မှာပဲ အမ္မုန်လူတွေ စုရုံးပြီး ဂိလဒ်ပြည်မှာ တပ်ချကြတယ်။ အမ္မုန်လူတွေကို တိုက်ခိုက်ပေးဖို့ ယေဖသကို ဂိလဒ်ပြည်ရဲ့ အကြီးအကဲတွေ သွားခေါ်ကြတယ်။ အဲဒီအကြီးအကဲတွေထဲမှာ ယေဖသရဲ့ အဖေတူအမေကွဲ ညီအစ်ကိုတွေ ပါပုံရတယ်။ တကယ်တော့ သူတို့ နှင်ထုတ်လိုက်လို့ ဂိလဒ်ပြည်ကနေ ယေဖသ ထွက်လာရတာ။ ဒါပေမဲ့ ယေဖသ ခါးသီးနာကြည်းမနေဘူး။ ဂိလဒ်ပြည် ပြန်ပြီး တိုက်ပွဲဝင်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ အမ္မုန်လူတွေနဲ့ ပြေလည်ရာပြေလည်ကြောင်း ဖြစ်ဖို့ အရင် ကြိုးစားတယ်။ အစ္စရေးပြည်ထဲက နယ်မြေတွေကို အမ္မုန်ဘုရင် ဘာကြောင့် သိမ်းယူခွင့် မရှိသလဲဆိုတာ တမန်တွေ လွှတ်ပြီး ရှင်းပြတယ်။ အစ္စရေးတွေကို ကတိထားရာပြည် ယေဟောဝါ ဘယ်လို ပိုင်ဆိုင်စေခဲ့တယ်၊ အဲဒီပြည်မှာ နေတဲ့ လူမျိုးတွေကို ဘယ်လို အနိုင်ရစေခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်း ယေဖသ ကောင်းကောင်း သိမှန်း ပေါ်လွင်တယ်။ ဒါပေမဲ့ ယေဖသစကားကို အမ္မုန်ဘုရင် နားမထောင်ဘဲ စစ်ခင်းဖို့ပဲ တကဲကဲ ဖြစ်နေတယ်။
ဒီလိုနဲ့ တိုက်ပွဲဝင်ဖို့ ယေဖသ ပြင်ဆင်နေချိန်မှာ ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်လာတယ်။ ဒါကြောင့် “အမ္မုန်လူတွေကို ကျွန်တော့်လက်ထဲ အပ်ပါ။ ကျွန်တော် အောင်ပွဲခံပြီး ပြန်လာတဲ့အခါ အိမ်တံခါးဝမှာ ထွက်ကြိုသူ ဘယ်သူမဆို ယေဟောဝါဘုရားအတွက် ဖြစ်စေရပါ့မယ်။ သူ့ကို မီးရှို့ရာအလှူလိုပဲ ပေးလှူပါ့မယ်” ဆိုပြီး ယေဟောဝါကို ယေဖသ ကတိပေးတာဟာ ကမူးရှူးထိုး ပေးတဲ့ကတိ မဟုတ်ဘူး။
လူတစ်ယောက်ကို မီးရှို့ပူဇော်မယ်လို့ ယေဖသ ပြောလိုက်တာလား။ မဟုတ်ပါဘူး။ အဲဒီအကျင့်ဓလေ့ကို ယေဟောဝါ ရွံမုန်းမှန်း၊ တားမြစ်ထားမှန်း ယေဖသ သိတယ်။ (တရား. ၁၈:၁၀၊ ၁၂) အိမ်ထဲက အရင်ဆုံး ထွက်ကြိုတဲ့သူကို “ယေဟောဝါဘုရားအတွက်” အမှုဆောင်ဖို့ အကြွင်းမဲ့ ဆက်ကပ်မယ်လို့ ပြောတာပါ။ ဆက်ကပ်ခံရမယ့်သူဟာ ရှိလောမြို့က တဲတော်မှာ အမှုဆောင်ရမယ့်ပုံပဲ။ ယေဖသမှာ သိပ်ချစ်ရတဲ့ သမီးလေး တစ်ယောက်တည်း ရှိတာ။ တိုက်ပွဲက ပြန်လာတဲ့အခါ ဦးဆုံး ထွက်ကြိုမယ့်သူဟာ သမီးလေး ဖြစ်နေဖို့ များတယ်။ ဒါကြောင့် သစ္စာကတိ တည်ဖို့ ဘယ်လောက် ခက်နိုင်တယ်ဆိုတာ ယေဖသ သိတယ်။
ဒါပေမဲ့ သစ္စာကတိ ပြုပြီးတာနဲ့ အမ္မုန်လူတွေကို ယေဖသ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ခိုက်တယ်။ ယေဟောဝါ အကြီးအကျယ် အောင်ပွဲရစေလို့ အမ္မုန်မြို့ ၂၀ ကို တိုက်ခိုက်ပြီး ရန်သူတွေကို ချေမှုန်းပစ်လိုက်နိုင်တယ်။
ယေဖသ အပျော်တွေ ပိုက်ရင်း အိမ်ပြန်လာတယ်။ ဦးဆုံး ထွက်ကြိုမယ့်သူဟာ ကျွန်တစ်ယောက် ဖြစ်ပါစေလို့ အပြန်လမ်းမှာ တွေးနေနိုင်တယ်။ အဲဒီလိုသာ တွေးရင် မကြာခင် ဝမ်းနည်းရတော့မယ်။ ချူတပ်ဗုံ တီးပြီး ကခုန်ရင်း ဦးဆုံး ထွက်ကြိုသူဟာ သမီးလေး ဖြစ်နေလို့ပဲ။ ယေဖသခမျာ အဝတ်ကို ဆွဲဆုတ်ပြီး “အို သမီးရယ်။ အဖေတော့ ရင်ကွဲရပါပြီ။ သမီးလေးကို အဝေးဆီ ပို့လိုက်ရတော့မှာပါလား။ ယေဟောဝါဘုရားကို အဖေ ကတိပေးထားပြီးပြီ။ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး” လို့ ငိုရင်း ပြောတယ်။
ယေဖသတို့ သားအဖဟာ သစ္စာကတိ တည်ဖို့ အကြီးအကျယ် စွန့်လွှတ် အနစ်နာခံခဲ့
ဖခင်ရဲ့ သစ္စာကတိကြောင့် မိမိဘဝ လုံးဝ ပြောင်းလဲသွားမယ်ဆိုတာ သမီးဖြစ်သူ သိတယ်။ ယေဟောဝါအတွက် အမှုဆောင်ဖို့ အကြွင်းမဲ့ ဆက်ကပ်ရတော့မှာမို့ အိမ်ထောင်သားမွေးပြုလို့ မရတော့ဘူး။ အစ္စရေးအမျိုးသမီးတစ်ယောက်အတွက် ဒါ သိပ်ကြေကွဲစရာပဲ။ ကြေကွဲရပေမဲ့ “အဖေ၊ ယေဟောဝါဘုရားကို ကတိပေးပြီးပြီဆိုရင် ကတိအတိုင်းသာ လုပ်ပါ” လို့ ပြောလိုက်တယ်။ တကယ့် အာဂအမျိုးသမီးလေးပဲ။ ဒါပေမဲ့ အပျိုစင်ဘဝနဲ့ တစ်သက်လုံး နေသွားရတော့မှာမို့လို့ သူငယ်ချင်းတွေနဲ့အတူ တောင်ပေါ် သွားပြီး ငိုကြွေးပါရစေလို့ ခွင့်တောင်းတယ်။
နှစ်စဉ်နှစ်တိုင်း အစ္စရေးမိန်းကလေးတွေဟာ ယေဖသရဲ့ သမီးဆီ တစ်နှစ်မှာ လေးရက် သွားပြီး ချီးမွမ်းစကားပြောကြတယ်။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ သတ္တိ ရှိတဲ့ ယေဖသရဲ့ သမီးလေးဟာ ဒီနည်းနဲ့ အားပေးနှစ်သိမ့်မှု ရခဲ့ပါတယ်။ ဒါ့အပြင် တဲတော်မှာ အမှုဆောင်ရတာကလည်း ကောင်းချီးပါပဲ။ တဲတော်ကို ရှမွေလလေး ရောက်လာပြီး အမှုဆောင်နေတာလည်း အဲဒီအချိန်လောက်ပဲ ဖြစ်နိုင်တယ်။ ရှမွေလလေးကို ယေဖသရဲ့ သမီး လေ့ကျင့်ပျိုးထောင်ပေးခဲ့သလား၊ အားပေးခဲ့သလားဆိုတာ ကျွန်တော်တို့ မသိရဘူး။ လေ့ကျင့်ပျိုးထောင်ပေးခွင့်၊ အားပေးခွင့်သာ ရခဲ့ရင် သားသမီး အရင်းအချာ မရှိတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သိပ်ပျော်နေမှာ။ ဒါပေမဲ့ ကျွန်တော်တို့ သိရတာကတော့ တဲတော်မှာ လိင်အကျင့်ယိုယွင်းတဲ့ အမျိုးသား၊ အမျိုးသမီးတွေထဲမှာ ယေဖသရဲ့ သမီး မပါဘူးဆိုတာပါပဲ။ (၁ ရှ. ၂:၂၂) ယေဖသရဲ့ သမီးဟာ “အပျိုစင်ဘဝနဲ့ တစ်သက်လုံး နေသွားတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားလို့ပါ။
ယုံကြည်ခြင်း စံနမူနာရှင်စာရင်းထဲမှာ ယေဖသကို တမန်တော် ပေါလု မှတ်တမ်းတင်ဖော်ပြထားတယ်။ (ဟီ. ၁၁:၃၂) ယေဖသတို့ သားအဖဟာ စံတင်ရလောက်အောင် သတ္တိရှိသူတွေပါပဲ။ ဖခင်က ဘုရားလူမျိုးအတွက် တိုက်ပွဲဝင်တယ်။ သမီးဖြစ်သူက ဖခင်ကို အပြည့်အဝ ထောက်မတယ်။ နှစ်ယောက်စလုံး ယေဟောဝါကို ပေးတဲ့ ကတိ တည်ကြတယ်။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ယေဖသတို့ သားအဖ ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ အစ္စရေးတွေကို အမ္မုန်လူတွေ တိုက်ခိုက်တာဟာ လူကိုသာမက စစ်မှန်တဲ့ ဝတ်ပြုရေးကိုပါ တိုက်ခိုက်တာ ဖြစ်ကြောင်း ဘာက ဖော်ပြသလဲ။ (it “ယေဖသ” ပိုဒ်. ၆-wcgr) ရုပ်ပုံ က
ရုပ်ပုံ က– “တိုင်းတစ်ပါး ဘုရားတွေကို ဖယ်ရှားပြီး ယေဟောဝါကို ဝတ်ပြုတယ်။”—သူကြီး. ၁၀:၁၆
၂။ ယေဖသရဲ့ သဘောထားဟာ ယေဟောဝါဆီ ယာကုပ် သစ္စာကတိပြုတုန်းက သဘောထားနဲ့ ဘယ်လို ဆင်တူသလဲ။ (it “ယေဖသ” ပိုဒ်. ၁၁-wcgr)
၃။ သစ္စာကတိ တည်ရတာ ယေဖသအတွက် စွန့်လွှတ်မှု များတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (က၁၇.၀၄ ၄ ပိုဒ်. ၆)
၄။ ရှမွေလဟာ ဘီစီ ၁၁၈၀ လောက်မှာ မွေးတယ်။ ယေဖသရဲ့ သမီးနဲ့ ရှမွေလ တဲတော်မှာ တစ်ချိန်တည်း အမှုဆောင်ခဲ့တာ ဖြစ်နိုင်ကြောင်း ဘာက ဖော်ပြသလဲ။ (it “ယေဖသ” ပိုဒ်. ၂-wcgr။ “ဧနောက်ခေတ်မှ တရားသူကြီးခေတ်” အချိန်ပြဇယားကို ကြည့်ပါ။)
တွေးတောစရာ သင်ခန်းစာ
မိဘတွေ ယေဖသလို သတ္တိရှိမယ်ဆိုရင် သားသမီးတွေ အပေါ် ဘာသက်ရောက်မှု ရှိသလဲ။
ယေဖသရဲ့ သမီးကို ချီးမွမ်းအားပေးတဲ့၊ ဆက်သတ္တိရှိဖို့ ကူညီပေးတဲ့ မိန်းကလေးတွေကို ဒီနေ့ခေတ် ခရစ်ယာန်တွေ ဘယ်လို အတုယူ နိုင်သလဲ။ ရုပ်ပုံ ခ
ရုပ်ပုံ ခ
ယေဖသတို့ သားအဖရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ယေဖသတို့ သားအဖ အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
ယေဖသ သမီးရဲ့ စံနမူနာက တစ်ကိုယ်ရေ ခရစ်ယာန်တွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ပုံနဲ့ပတ်သက်ပြီး ယေဖသတို့ သားအဖဆီကနေ ဘာသိရသလဲ။
ယုံကြည်ခြင်းရှိရှိ လုပ်ဆောင်ခြင်းက ဘုရားသခင့်နှစ်သက်မှု ရရှိစေ (က၁၆.၀၄ ၃-၈)