၂၀ ရှံဆုန်
အားနည်းချိန်မှာ ဘုရားပေးခွန်အား တောင်းခံသူ
မိမိ ခွန်အားကြီးရတဲ့ အကြောင်းရင်းကို ရှံဆုန် ရူးရူးမိုက်မိုက် ထုတ်ပြောလိုက်မိလို့ အဖမ်းခံရ၊ မျက်စိဖောက်ထုတ်ခံရ၊ ခြေကျဉ်းခတ်ခံရ၊ ထောင်ချခံရ၊ ကျွန်ခံရတဲ့ဘဝ ရောက်သွားတယ်။ မျက်စိဖောက်ထုတ်ခံထားရလို့ ဘာမှ မမြင်ရပေမဲ့ ဖိလိတိတွေရဲ့ လှောင်ရယ်သံတွေ၊ ဟားတိုက်သံတွေ ကြားနေရတယ်။ ဖိလိတိတွေက ရှံဆုန်ကိုသာမက ရှံဆုန်ရဲ့ ဘုရား ယေဟောဝါကိုပါ ဟားတိုက်လှောင်ရယ်နေကြတာ။ ကိုယ့်မိုက်ပြစ်ကြောင့်ပဲဆိုတာ ရှံဆုန် သိတယ်။ တစ်ချိန်က ခွန်အားကြီးသူ ဖြစ်ခဲ့ပေမဲ့ အခုတော့ အားအင်ချည့်နဲ့သူ ဖြစ်နေပြီ။ အရင်လို ခွန်အားမျိုး ပြန်ရနိုင်ပါဦးမလား။
ရှံဆုန်ဟာ တရားသူကြီးအဖြစ် အစ္စရေးတွေကို အနှစ် ၂၀ စီရင်အုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့ ဗာရက်၊ ဂိဒေါင်၊ ယေဖသတို့လို တရားသူကြီးတွေနဲ့ မတူတာ ရှိတယ်။ အဲဒီတရားသူကြီးတွေက ရန်သူတွေကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့ကြတယ်။ ရှံဆုန်ကတော့ စစ်တပ်ကို ဦးဆောင်စရာ မလိုဘူး။ ကိုယ်တိုင်ဟာ စစ်တပ် ဖြစ်နေလို့ပဲ။ ဖိလိတိ အများကြီးကို တိုက်ခိုက်ချေမှုန်းဖို့ ရှံဆုန်ကို ယေဟောဝါ သုံးတယ်။ တစ်ယောက်တည်းအားနဲ့ လူအများကြီးကို ရှံဆုန် ဘယ်လိုလုပ်ပြီး တိုက်ခိုက်ချေမှုန်းနိုင်တာလဲ။ ဇာတ်လမ်းအစကို ပြန်ကြည့်ရအောင်။
ရှံဆုန်ရဲ့ မိဘတွေဆီ ကောင်းကင်တမန် ရောက်လာပြီး သားလေး မွေးလာမယ်၊ အဲဒီသားလေးဟာ ရာသက်ပန် ဘုရားသခင်ရဲ့ နာဇရိလူ ဖြစ်မယ်လို့ ပြောတယ်။ နာဇရိလူတွေ လိုက်နာရမယ့် တောင်းဆိုချက်တွေ ရှိတယ်။ တစ်ချက်အနေနဲ့ ဆံပင် မရိတ်ရဘူး။ ဒါကြောင့် ရှံဆုန် ဆံပင် လုံးဝ မရိတ်ဘူး။ နာဇရိလူ တောင်းဆိုချက်တွေကို လိုက်နာသရွေ့ ရှံဆုန်ကို ယေဟောဝါ ထူးခြားတဲ့ခွန်အား ပေးတယ်။ တစ်ခေါက်တုန်းကဆိုရင် ခြင်္သေ့တစ်ကောင်ကို ရှံဆုန် လက်နဲ့ပဲ နှစ်ပိုင်းဆွဲဖြတ်လိုက်တာ။ ဒါ့အပြင် အစ္စရေးတွေအပေါ် ဖိနှိပ်စိုးမိုးနေတဲ့ ဖိလိတိတွေကို ဘုရားပေးခွန်အား သုံးပြီး တိုက်ခိုက်ခဲ့တယ်။
တစ်ခေါက်တော့ ဖိလိတိလူ အများကြီးကို ရှံဆုန် သတ်လိုက်တယ်။ ဖိလိတိတွေ လက်စားချေလာမှာကို အစ္စရေးတွေ ကြောက်လို့ ရှံဆုန်ကို ကြိုးနဲ့ ချည်ပြီး ဖိလိတိတွေလက်ထဲ အပ်လိုက်တယ်။ ဒါပေမဲ့ ချည်ထားတဲ့ ကြိုးတွေကို ရှံဆုန် ဖြတ်လိုက်လို့ ချည်မျှင်တွေလို ပြတ်ထွက်ကုန်တယ်။ အဲဒီနောက် မြည်းမေးရိုးတစ်ချောင်းကိုပဲ သုံးပြီး ဖိလိတိလူ ၁,၀၀၀ ကို ရိုက်သတ်ပစ်တယ်။ နောက်တော့ ဂါဇာမြို့မှာ ရှံဆုန် ရောက်နေချိန် “မနက်ကျရင် သူ့ကို သတ်ပစ်မယ်” ဆိုပြီး မြို့တံခါးမှာ ရန်သူတွေ တစ်ညလုံး ချောင်းမြောင်းစောင့်နေကြတယ်။ ဒါပေမဲ့ သန်းခေါင်ရောက်တော့ ရှံဆုန် ထသွားပြီး မြို့တံခါးကို တံခါးတိုင်ရော ကန့်လန့်ကျင်ပါမကျန် ဆွဲနုတ်လိုက်တယ်။ အဲဒီနောက် ၃၇ မိုင် (ကီလိုမီတာ ၆၀) လောက် ဝေးတဲ့ ဟေဗြုန်မြို့နဲ့ မျက်နှာချင်းဆိုင် တောင်ထိပ်ပေါ်ကို ထမ်းသွားတယ်။
ဖိလိတိတွေကို ရှံဆုန် ထပ်ခါထပ်ခါ အနိုင်ယူနိုင်ခဲ့တယ်။ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တစ်ယောက်ကို အနိုင်တိုက်ဖို့ ဒါဂုန်လိုမျိုး ဘုရားတွေက အစွမ်းမပေးနိုင်ဘူးဆိုတာ ဖိလိတိတွေကို သက်သေပြလိုက်တာပဲ။ ဒါပေမဲ့ ရှံဆုန်ကို အနိုင်တိုက်ဖို့ သိပ်စွမ်းတဲ့ လက်နက်ကို ဖိလိတိတွေ တွေ့သွားတယ်။ အဲဒါကတော့ ဒေလိလဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဒေလိလကို ရှံဆုန် ချစ်သွားတယ်။ ဒေလိလကတော့ သစ္စာမရှိဘူး။ ရှံဆုန် ခွန်အားကြီးရတဲ့ အကြောင်းရင်းကို အစ်အောက်မေးဖို့ ဖိလိတိတွေဆီက ငွေလက်ခံထားတယ်။ အဲဒီနောက်တော့ လျှို့ဝှက်ချက် ထုတ်မပြောမချင်း တကျည်ကျည် မေးတော့တာပဲ။ ရှံဆုန်လည်း သေချင်စိတ်ပေါက်တဲ့အထိ စိတ်ညစ်လာတဲ့အတွက် ဆံပင်ရိတ်လိုက်ရင် ခွန်အားလျော့သွားမယ့်အကြောင်း ဖွင့်ပြောလိုက်ပါလေရော။ ဒါနဲ့ ဒေလိလက ရှံဆုန် အိပ်ပျော်သွားတဲ့အထိ စောင့်၊ လူတစ်ယောက် ခေါ်ပြီး ဆံပင်တွေ ညှပ်ခိုင်းတယ်။ ရှံဆုန် ခွန်အား မရှိတော့ဘူး။ “သူ့ကို ယေဟောဝါ စွန့်သွား” တယ်ဆိုပြီး ကျမ်းစာမှာ ဖတ်ရတယ်။ ရှံဆုန်ကို ဖိလိတိတွေ ဝင်ဖမ်း၊ မျက်စိဖောက်ထုတ်ပြီး ဂါဇာမြို့မှာ ထောင်ချလိုက်တယ်။
ထောင်ထဲမှာ ကောက်နှံကြိတ်တဲ့အလုပ် ရှံဆုန် လုပ်ရတယ်။ ကောက်နှံကြိတ်တဲ့အလုပ်ဆိုတာ တကယ့်အလုပ်ကြမ်း။ လူသန်ကြီး ရှံဆုန် ခြေကျဉ်းတန်းလန်းနဲ့ ကျွန်ခံနေရတာကို ကြည့်ပြီး ဖိလိတိတွေ ပျော်မြူးနေကြတယ်။ “ငါတို့ဘုရားက ရန်သူရှံဆုန်ကို ငါတို့လက်ထဲ အပ်ပြီ” ဆိုပြီး ဒါဂုန်ဘုရားကို ဂုဏ်ပြုတဲ့အနေနဲ့ ယဇ်ပူဇော်ပွဲကြီး လုပ်ဖို့ စီစဉ်ကြတယ်။ ယဇ်ပူဇော်ပွဲနေ့ ရောက်တော့ ဒါဂုန်ရဲ့ ဗိမာန်ဆီ ဖိလိတိလူ အများကြီး လာကြတယ်။ ဗိမာန်အမိုးပေါ်မှာတင် လူ ၃,၀၀၀ လောက် ရှိတယ်။ ဖိလိတိတွေက သူတို့ကို ဖျော်ဖြေဖို့ ရှံဆုန်ကို ထောင်ထဲကနေ ခေါ်ထုတ်လာပြီး တိုင်တွေကြားမှာ ရပ်ခိုင်းတယ်။ အဲဒီအချိန်မှာ ရှံဆုန် ဆံပင်ပြန်ရှည်နေပြီ။
ရှံဆုန် အမှားလုပ်မိလို့ အချုပ်အနှောင်ခံဘဝ ရောက်သွား။ ဒါပေမဲ့ ယေဟောဝါအတွက် ခွန်အား အသုံးပြုဖို့ နောက်ဆုံး အခွင့်အရေးကို အမိအရ ယူ
ကိုယ့်မိုက်ပြစ်အတွက် နောင်တရနေပြီ ဖြစ်တဲ့ ရှံဆုန်ဟာ တိုင်မကြီးတွေကို ကိုင်ရင်း “ကျွန်တော့်ကို သတိရလှည့်ပါ။ ဒီတစ်ခါပဲ ခွန်အားပေးလှည့်ပါ” လို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ “ဖိလိတိလူတွေနဲ့အတူ ကျွန်တော် သေပါရစေ” လို့ အော်ပြောပြီးနောက် တိုင်မကြီးတွေကို အားကုန်သုံးပြီး တွန်းလိုက်တယ်။ ဖိလိတိတွေ တားချိန်တောင် မရလိုက်ခင်မှာပဲ တိုင်မကြီးတွေ လဲပြီး ဗိမာန်တစ်ခုလုံး သူတို့အပေါ် ပြိုကျသွားတယ်။ ဘုရားပေးခွန်အားကို ရှံဆုန် နောက်ဆုံးအကြိမ် သုံးသွားတာပဲ။ ကိုယ်တိုင်အသေခံပြီး သတ်လိုက်တဲ့ လူအရေအတွက်ဟာ ဘဝတစ်လျှောက် သတ်ခဲ့တာထက် ပိုများတယ်။
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် တမန်တော် ပေါလု ဖော်ပြတဲ့ ယုံကြည်ခြင်း စံနမူနာရှင်စာရင်းထဲမှာ ရှံဆုန် ပါတယ်။ ‘အားနည်းရာကနေ အားကြီးလာသူတွေ’ အကြောင်း ပြောတဲ့အချိန်မှာ ခွန်အားကြီးတဲ့ ဒီတရားသူကြီးအကြောင်း ပေါလု တွေးနေမှာ သေချာတယ်။—ဟီ. ၁၁:၃၂-၃၄။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ရှံဆုန် ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ လူသေကောင်တွေ ထိမိလျက်နဲ့ ရှံဆုန်ဟာ ဘာကြောင့် နာဇရိလူ ဆက်ဖြစ်နိုင်သလဲ။ (က၀၅ ၁/၁၅ ၃၀ ပိုဒ်. ၁–၃၁ ပိုဒ်. ၁)
၂။ ဂါဇာမြို့ကနေ ဟေဗြုန်မြို့ကို မြို့တံခါးတွေ၊ တံခါးတိုင်တွေ ရှံဆုန် ထမ်းသွားဖို့ သန့်ရှင်းသော စွမ်းအားတော် လိုအပ်ကြောင်း ဘာက ဖော်ပြသလဲ။ (က၀၄ ၁၀/၁၅ ၁၅ ပိုဒ်. ၇-၈) ရုပ်ပုံ က
ရုပ်ပုံ က
၃။ ဒေလိလဟာ အစ္စရေးလူမျိုး ဖြစ်မယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (က၀၅ ၃/၁၅ ၂၈ ပိုဒ်. ၃)
၄။ ဘာကြောင့် “မျက်လုံးတစ်လုံးစာအတွက်” ပဲ ရှံဆုန် လက်စားချေခွင့် တောင်းသလဲ။ (သူကြီး. ၁၆:၂၈။ it “ရှံဆုန်” ပိုဒ်. ၁၀-wcgr)
တွေးတောစရာ သင်ခန်းစာ
ဒေလိလ တကျည်ကျည် မေးလို့ ရှံဆုန် လျှို့ဝှက်ချက် ဖွင့်ပြောလိုက်တယ်။ ဒီကနေ အကြီးအကဲတွေ၊ အကြီးအကဲဇနီးတွေ ဘာသင်ယူနိုင်သလဲ။ ရုပ်ပုံ ခ
ရုပ်ပုံ ခ
ရှံဆုန် အမှားကြီး လုပ်ခဲ့ပေမဲ့ အံ့ဩစရာကောင်းတဲ့နည်းနဲ့ နောက်ပိုင်းမှာ သူ့ကို ယေဟောဝါ ပြန်သုံးတယ်။ ဒီနေ့အချိန်မှာ ခရစ်ယာန်တစ်ယောက် အမှားလုပ်မိရင် မထူးဇာတ် မခင်းမိဖို့ ရှံဆုန်ရဲ့ စံနမူနာက ဘယ်လို ကူညီပေးနိုင်သလဲ။
ရှံဆုန်ရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ရှံဆုန် အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
ရှံဆုန်ဟာ အသက်ရှင်ခဲ့သမျှမှာ ခွန်အားအကြီးဆုံးသူတွေထဲက တစ်ယောက် ဘာကြောင့် ဖြစ်တယ်ဆိုတာ သားသမီးတွေကို သင်ပေးပါ။
“သန့်ရှင်းသောစွမ်းအားတော်က ရှံဆုန်ကို ခွန်အားပေး” (ijwis ဆောင်းပါး ၁၄)
ရှံဆုန်ဆီကနေ နောက်ထပ် ဘာသင်ယူနိုင်သလဲ။