ကျမ်းစာခေတ်က ငယ်ရွယ်သော ကျေးကျွန်များ
ဘု ရားအမှုတော်ထမ်းခြင်းကို အလေးအနက်သဘောထားသည့်အတွက် ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရသည့် ရည်မွန်သောလူငယ်အမြောက်အမြားအကြောင်း သမ္မာကျမ်းစာဖော်ပြထားသည်။ ဤကျမ်းစာပုံသက်သေကောင်းများသည် ငယ်မျစ်နုပျိုသူနှင့်သက်ကြီးရွယ်အိုများအတွက် များစွာအားပေးတိုက်တွန်းမှုဖြစ်ပါလိမ့်မည်။
အီဂျစ်ပြည်တွင်ကျွန်အဖြစ်သို့ ယောသပ်ရောင်းစားခံရချိန်တွင် ၁၇ နှစ်မျှသာရှိသေးသည်။ မိသားစုနှင့်ဝေးလံသောထိုအရပ်၊ အသိမိတ်ဆွေများမျက်ကွယ်တွင် သမာဓိရှိသူဖြစ်ကြောင်း ယောသပ်သက်သေထူခဲ့သည်။ ပေါတိဖာ၏ဇနီးသည် ယောသပ်အားသွေးဆောင်ရန်ကြိုးစားခဲ့သောအခါ သူက “အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကိုအဘယ်သို့ပြစ်မှားနိုင်သနည်း” ဟုဆိုသည်။ ထိုခေတ်ကတန်ခိုးအကြီးမားဆုံးသောဖာရောမင်းရှေ့၌ပင် ဖာရော၏အိပ်မက်များ၏အနက်အဓိပ္ပာယ်ကို ဘုရားသခင်ရှင်းပြပေးနိုင်ကြောင်း ယောသပ်အခွင့်အရေးယူပြောဆိုခဲ့သည်။ သို့နှင့်သူကြွယ်ဝစွာကောင်းချီးခံစားခဲ့ရသည်။ အငတ်ဘေးမှအီဂျစ်လူမျိုးနှင့်သူ၏မိသားစုပါလွတ်မြောက်စေရန် သူ့အားဘုရားသခင်အသုံးပြုခဲ့သည်။ ဖခင်ယာကုပ်နှင့်သူ၏အိမ်ထောင်စုကိုလည်း အီဂျစ်သို့ သူ့အားဖြင့်ရောက်ရှိလာစေသည်။—ကမ္ဘာဦး ၃၇:၂။ ၃၉:၇-၉။ ၄၁:၁၅၊ ၁၆၊ ၃၂။
ငယ်စဉ်တောင်ကျေးဘဝတွင် သစ္စာရှိသောမောရှေနှင့်အခြားသူများ
မောရှေအား ဖာရောမင်း၏သမီးတော်မွေးစားခဲ့သော်လည်း မောရှေ၏မိခင်နှင့်ဖခင်တို့သည် စစ်မှန်သောဘုရားသခင်အကြောင်း သူ့အားသွန်သင်ပေးနိုင်ခဲ့သည်။ လူကြီးအဖြစ်သို့ရောက်လာသောအခါ မောရှေသည် “ကာမဂုဏ်ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရခြင်းကိုသာ၍အလိုရှိသဖြင့် . . . ဖာရောဘုရင်သမီး၏သားဟူ၍ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်” ခဲ့ကြောင်းကျမ်းစာဆိုသည်။ လူမျိုးတော်ကိုအီဂျစ်မှခေါ်ဆောင်လာရန်၊ သိနာတောင်၌ ပညတ်တရားကိုလက်ခံယူရန်နှင့် သမ္မာကျမ်းစာစောင်၏အဓိကအပိုင်းကို မှတ်တမ်းတင်ရေးသားစေရန် မောရှေအားဘုရားသခင်အသုံးပြုတော်မူခဲ့သည်။ သင့်အသက်အရွယ်မည်မျှပင်ရှိစေကာမူ မောရှေနည်းတူ ဘုရားသခင်၏အမှုတော်ထမ်းရန်ဆုံးဖြတ်ချက်ကို သင်ပျိုးထောင်ပေးနေပါသလော။—ဟေဗြဲ ၁၁:၂၃-၂၉။ ထွက်မြောက်ရာ ၂:၁-၁၀။
ဣသရေလလူမျိုးအားဘုရားသခင့်ပညတ်တရားကိုဖတ်ပြချိန်တွင် ကြားနာသူများတွင် သူငယ်များပါဝင်ကြောင်းကျမ်းစာဆိုသည်။ (တရားဟောရာ ၃၁:၁၀-၁၃) နေဟမိခေတ်တွင်လည်း “နံနက်အချိန်မှမွန်းတည့်အချိန်တိုင်အောင်” “နားထောင်နားလည်နိုင်သမျှသောပရိသတ်” သည်ရပ်၍ပညတ္တိကျမ်းကိုနားထောင်ကြသည်။ (နေဟမိ ၈:၁-၈) ဖတ်ပြသမျှကိုသူငယ်များအကုန်အစင်နားမလည်နိုင်ကြသော်လည်း သူတို့သည်ယေဟောဝါဘုရားသခင်ကိုချစ်ရမည်၊ ဝတ်ပြုကိုးကွယ်ရမည်၊ နာခံရမည်အကြောင်း သဘောပေါက်ထားကြ၏။ သင်မည်သည့်အရွယ်ရှိစေကာမူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဆွေးနွေးတင်ပြသည့် စည်းဝေးပွဲကြီးများကိုတက်ရောက်ဖူးသလော။ ထိုဣသရေလလူငယ်များနည်းတူ ကိုယ်တော့်စကားနားထောင်ခြင်းသည် အရေးကြီးကြောင်း သဘောပေါက်နားလည်ပြီလော။
ဒါဝိဒ်၊ ယောရှိနှင့်ယေရမိ
ညီအစ်ကိုရှစ်ဦးအနက်အငယ်ဆုံးဖြစ်သူဒါဝိဒ်ကို အထူးလုပ်ငန်းတော်အတွက်ဘုရားသခင်ရွေးချယ်ပြီးဤသို့ဆိုသည်။ “စိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကိုငါတွေ့ရပြီ” ဟုဆိုသည်။ သူ့အားမိမိလူမျိုးတော်၏ “သိုးထိန်း” အဖြစ်ဘုရားသခင်ရွေးချယ်သည့်အလျောက် ယေဟောဝါကိုချစ်မြတ်နိုးကြောင်း နှစ်ချီတင်ပြခဲ့သည်။ ဆာလံကျမ်း ၇၀ ကျော်ကိုသူရေးသားခဲ့ပြီး ယေရှုခရစ်၏ဘိုးဘေးတစ်ဦးလည်းဖြစ်ခဲ့သည်။ ကြီးသည်ငယ်သည်ဖြစ်စေ ဘုရားသခင့်လမ်းစဉ်များကိုသင်လေးမြတ်ပြီး ဒါဝိဒ်နည်းတူ ကိုယ်တော်နှစ်သက်ရာတို့ကိုပြုမူပါသလော။—တမန်တော် ၁၃:၂၂။ ဆာလံ ၇၈:၇၀၊ ၇၁။ ၁ ဓမ္မရာဇဝင် ၁၆:၁၀၊ ၁၁။ လုကာ ၃:၂၃၊ ၃၁။
ယောရှိဘုရင်ဖြစ်ချိန်တွင် အသက်ရှစ်နှစ်သာရှိသေးသည်။ ၁၅ နှစ်အရွယ် “အသက်တော်ငယ်စဉ် အဘဒါဝိဒ်၏ဘုရားသခင်ကိုဆည်းကပ်စပြု၏။” အသက် ၂၀ မရှိမီမှားယွင်းသောဝတ်ပြုမှုကို စတင်တိုက်လှန်ဖျက်ဆီးလေသည်။ နောင်တွင်ဗိမာန်တော်ကိုသူပြုပြင်ပြီး တစ်ပြည်လုံးတွင် စစ်မှန်သောဝတ်ပြုရေးကို ပြန်တည်ထောင်ခဲ့ရာ ဤသို့ဖတ်ရှုရ၏။ “လက်ထက်တော်ကာလပတ်လုံး သူတို့သည်မဖောက်ပြန်၊ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နောက်တော်သို့လိုက်လျက်နေကြ၏။” ကျွန်ုပ်တို့အားလုံးယောရှုကဲ့သို့ဘုရင်တစ်ပါး မဖြစ်နိုင်ကြသော်လည်း မည်သည့်အသက်အရွယ်ရှိစေကာမူ မှန်သောဝတ်ပြုရေးဘက်ရပ်တည်ကာ ဘုရားသခင့်အမှုတော်ထမ်းနိုင်ကြပါသည်။—၂ ရာဇဝင်ချုပ် ၃၄:၃၊ ၈၊ ၃၃။
အနန္တတန်ခိုးရှင်ဘုရားသခင်က ယေရမိအားဤသို့မိန့်တော်မူ၏။ “သင့်ကိုအမိဝမ်းထဲ၌ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီ။ မဖွားမီကပင် သင့်ကိုငါသန့်ရှင်းစေ၍ လူအမျိုးမျိုးတို့အဖို့ ပရောဖက်အရာ၌ခန့်ထားပြီ။” ပရောဖက်တစ်ဦးဖြစ်ဖို့ရန် မိမိငယ်လွန်းပါသည်ဟု ယေရမိကန့်ကွက်ပြီး ဤသို့ဆို၏။ “အိုအရှင်ထာဝရဘုရား [အချုပ်အခြာအရှင်ယေဟောဝါ၊ ကဘ ] အကျွန်ုပ်သည်မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏။” သို့နှင့်ယေဟောဝါက “‘အကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏’ ဟုမပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကိုငါမှာထား၏။ ထိုစကားကိုသင်ဆင့်ဆိုရမည်” ဟုမိန့်တော်မူသည်။ အနှစ် ၄၀ မကယေရမိထိုသို့ပြုခဲ့ရာ မဟောဘဲနေလိုခဲ့ချိန်တွင်ပင် မရပ်မနားနိုင်ပါ။ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် “အရိုးတို့၌ချုပ်ထား၍လောင်သောမီးကဲ့သို့” သူ့အဖို့ မဟောဘဲမနေနိုင်ဖြစ်ခဲ့ရသည်။ သင့်အသက်အရွယ်မည်မျှဖြစ်စေကာမူ ယေရမိ၏ယုံကြည်ခြင်းမျိုးကိုမွေးမြူပေးပြီး ဘုရားသခင့်လုပ်ငန်းတော်တွင် သူ့နည်းတူတိုးတက်နေပါသလော။—ယေရမိ ၁:၄-၈။ ၂၀:၉။
ဒံယေလ၊ ယေရှုနှင့်တိမောသေ
ဒံယေလအကြောင်းကြားဖူးပါသလော။ တန်ခိုးကြီးသူဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းတော်သို့ သုံ့ပန်းများအဖြစ်အခြား “လူပျို” တို့နှင့်အတူခေါ်ဆောင်သွားခံရချိန်တွင် သူသည်ဆယ်ကျော်သက်မျှသာရှိပေဦးမည်။ ငယ်ရွယ်သေးသော်လည်း ဘုရားသခင့်စကားနားထောင်ရန် ဒံယေလစိတ်ဆုံးဖြတ်ထားသည်။ ဘုရားပညတ်ကိုချိုးဖောက်သည့်၊ သို့မဟုတ် တိတ္ထိထုံးတမ်းစဉ်လာဖြင့်ညစ်ညူးနေသည့်အစာများကြောင့် မသန့်ရှင်းသူများမဖြစ်စေရန် ဒံယေလနှင့်သူ၏အဖော်များဂရုစိုက်ကြသည်။ ဆုတောင်းခြင်းဖြင့်ခြင်္သေ့တွင်းထဲပစ်ချခံရမည်ဟုသိလျက်ပင် ဘုရားသခင်ကိုဆုမတောင်းဘဲမနေ နှစ်ပေါင်း ၈၀ ကျော်တစ်သဝေမတိမ်းသစ္စာတည်ကြည်ခဲ့သည်။ ဘုရားသခင့်လုပ်ငန်းထမ်းဆောင်ရခွင့်နှင့်သင့်ဆုတောင်းခြင်းကို သင်ထိုမျှအလေးအနက်သဘောထားပါသလော။ အမှန်ထားသင့်သည်။—ဒံယေလ ၁:၃၊ ၄၊ ၈။ ၆:၁၀၊ ၁၆၊ ၂၂။
၁၂ နှစ်အရွယ်တွင် ယေရုရှလင်မြို့ရှိဗိမာန်တော်၌ ဘာသာရေးခေါင်းဆောင်များအလယ်ယေရှုထိုင်၍ “ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို . . . တွေ့ကြ၏။ သူ [လူငယ်ယေရှု] ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်းအံ့သြကြ၏။” ဗိမာန်တော်တွင် အသက်ကြီးသူများ၏ကျမ်းစာဆွေးနွေးခြင်းသည် ယေရှုအဖို့စိတ်ဝင်စားစရာဖြစ်ခဲ့သည်နည်းတူ သင့်အတွက်ထပ်တူဖြစ်မည်လော။ နားလည်သဘောပေါက်စွာဖြင့်သင်ဖြေဆိုပြောကြားသည့်အတွက် အခြားသူတို့သင့်ကိုပါအံ့သြသွားမည်လော။ ယနေ့ကျမ်းစာလေ့လာပြီး ခရစ်ယာန်စည်းဝေးများတွင် ဂရုစိုက်နားထောင်၍ပါဝင်သူငယ်ရွယ်သောသက်သေခံများစွာတို့သည် အသက်ကြီးသူများအံ့သြသွားလောက်အောင် ကျမ်းစာအသိပညာရှိကြသည်။—လုကာ ၂:၄၂၊ ၄၆၊ ၄၇။
“ဓမ္မကျမ်းစာ” ကိုငယ်စဉ်ကပင်သွန်သင်ခံရသောတိမောသေကဲ့သို့သောလူငယ်တစ်ဦး သင်ဖြစ်ပါသလော။ လုလင်တိမောသေသည် အနည်းဆုံးအသင်းတော်နှစ်ခုမှ “ညီအစ်ကိုတို့တွင်အသရေရှိသောသူ” အဖြစ်ချီးမွမ်းခံခဲ့ရသည်။ သယ်ယူပို့ဆောင်ပေးသူအဖြစ်သာမဟုတ် သူတစ်ပါးကိုသွန်သင်ပေးရာတွင် မိမိအားအကူအညီပေးရန်အတွက် ခရီးဖော်အဖြစ်တိမောသေအား တမန်တော်ပေါလုရွေးချယ်ခဲ့သည်။ ဤသို့သောအခွင့်အရေးများအတွက် အသင်ရွေးချယ်ခံရမည်လော။ သင့်အသင်းတော်၌သာမက အခြားအသင်းတော်များတွင်လည်း သင့်အား “အသရေရှိသူ” ဟုချီးမွမ်းကြပါမည်လော။—၂ တိမောသေ ၃:၁၅။ တမန်တော် ၁၆:၁-၄။
အဘယ်အနာဂတ်မျိုး သင်လိုလားသနည်း
ယနေ့လူငယ်များလည်း ယောသပ်၊ မောရှေ၊ ဒါဝိဒ်နှင့်အခြားသူတို့နည်းတူ သစ္စာရှိနိုင်သလော။ ရှိနိုင်ပါသည်။ လူငယ်များစွာ ပျော်ဖို့ပါးဖို့အတွက်သာစိတ်ဝင်စားတတ်ကြသည်မှန်သော်လည်း အချို့လူငယ်များမူ ဘုရားသခင်နှင့်မိမိတို့အတွက် ကိုယ်တော်၏အလိုတော်ကိုသိရှိရန် မိမိတို့၏ငယ်စဉ်တောင်ကျေးဘဝကို ပညာရှိရှိအသုံးပြုနေကြပါသည်။ ဤသူတို့သည် “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် . . . ကြည်ညိုသောစေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သောဆီးနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်” ဟူသောကျမ်းစာပရောဖက်ပြုချက်ကိုပြည့်စုံစေကြသည်။—ဆာလံ ၁၁၀:၃။
ဤလူငယ်များ၏ မျက်မှောက်အသက်တာတွင် အောင်မြင်မှုနှင့် လာလတံ့သောကမ္ဘာသစ်တွင် ဂုဏ်ကျက်သရေရှိသောအနာဂတ်ကိုရရှိရန် ဘုရားသခင်ကူညီပေးနိုင်သည့်အတွက် သူတို့အသက်နှင့်မလိုက်ဖက်အောင် ဉာဏ်ပညာရှိကြောင်း ဤလူငယ်များတင်ပြနေကြသည်။—၁ တိမောသေ ၄:၈။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လူငယ်မောရှေသည် အီဂျစ်ပြည်၏စည်းစိမ်ကြောင့်ဖြားယောင်းမခံရ
ငယ်ရွယ်သူဒါဝိဒ်သည် ယေဟောဝါနှလုံးတော်နှင့်တွေ့ခံရသူဖြစ်
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
မိမိမှာ “သူငယ်သာ” ဖြစ်သည်ဟု ယေရမိခံစားရသော်လည်း လူအများ မကြိုက်သောသတင်းတရားကို သူရဲရင့်စွာဟောခဲ့သည်
၁၂ နှစ်အရွယ်တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယေရှုနားလည်ပုံကြောင့် လူကြီးများအံ့အားသင့်ခဲ့ရ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဣသရေလနိုင်ငံတွင် ဘုရားသခင့်ပညတ်တရားကို ဖတ်ပြချိန်၌ ကလေးငယ်များပင်နားထောင်ခဲ့ကြသည်။ အသင်ကော