ရွှေစင်ထက်မက တန်ဖိုးရှိသည့်ရတနာကို သင်ရှာတွေ့နိုင်
ကျ မ်းစာပါသမ္မာတရားကို ရွှေ၊ ငွေနှင့်အခြားဝှက်ထားသည့်ရတနာများနှင့်နှိုင်းယှဉ်နိုင်သည်။ အသင်ကိုယ်တိုင် တစ်ခါမျှရွှေငွေမတူးဖော်ဖူးသော်လည်း ယင်းကိုရှာဖွေရာတွင် ဇွဲနှင့်ခွန်အားစိုက်ထုတ်ရသည်ကို သင်သဘောပေါက်ပေလိမ့်မည်။ ရတနာရှာဖွေသူသည်လည်း အများအားဖြင့်စိတ်ပျက်အကျိုးနည်းရတတ်၏။
သို့ရာတွင် သမ္မာကျမ်းစာရှိ ဝှက်ထားသောရတနာကို တူးဖော်ရှာဖွေသည့်အခါ ထိုသို့စိတ်ပျက်ရသောအဖြစ်မျိုးမကြုံတွေ့ရချေ။ ဤအားရှိစရာအာမခံချက်ကိုသတိပြုပါ။ “ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်။” (သု၊ ၂:၄၊ ၅) သို့သော် သင်အမှန်ရှာဖွေစူးစမ်းရမည်။
“ရှာဖွေရှုမှတ်လော့”
“ဂါလိလဲနယ်ထဲက မည်သည့်ပရောဖက်မျှမပေါ်ထွန်းကြောင်း ရှာဖွေရှုမှတ်လော့။” (သမ ) ဖာရိရှဲတစ်ဦးဖြစ်သောနိကောဒင်အား ပထမရာစုရှိဂျူးဖာရိရှဲအချို့ အထက်ပါအတိုင်းအကြံပြုသည်။ “ရှာဖွေရှုမှတ်လော့။” တကယ်ကောင်းသောအကြံပြုချက်ပါတကား။ ရွှေစင်ထက်မကတန်ဖိုးရှိသည့်ရတနာဖြစ်သောသမ္မာတရားကို အမှန်ရှာတွေ့နိုင်ပါသည်။
သို့သော်အဆိုပါအဖြစ်အပျက်၌မူကား သူတို့ကိုယ်တိုင် ပြောသည့်အတိုင်းမလုပ်ကိုင်ကြပါ။ မည်သို့နည်း။
ယဇ်ပုရောဟိတ်နှင့်ဖာရိရှဲတို့သည် ယေရှုခရစ်ကိုဖမ်းဆီးရန် မင်းလုလင်တို့ကိုစေလွှတ်ခဲ့သည်။ ကိုယ်တော်၏သွန်သင်ဟောပြောနည်းကို အလွန်စွဲမှတ်သွားပြီး မင်းလုလင်များသည် လက်ချည်းပြန်လာကြ၏။ ယင်းကြောင့်ဖာရိရှဲတို့က “သင်တို့ကိုပင်လှည့်ဖြားပြီလော” ဟုမေးမြန်းသည်။ ထိုအခါနိကောဒင်က “ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေ့မဆွကဆုံးဖြတ်တတ်သလော” ဟုကန့်ကွက်သည်။ ယင်းကြောင့် “ရှာဖွေရှုမှတ်လော့” ဟုအကြံပြုခဲ့ခြင်းဖြစ်သည်။—ယောဟန် ၇:၃၂၊ ၄၅-၅၂။
ပထမရာစုယဇ်ပုရောဟိတ်နှင့်ဖာရိရှဲများ မည်သို့ပျက်ကွက်ခဲ့သနည်း။ ဂါလိလဲတွင်ယေရှုကြီးပြင်းလာသော်လည်း ဗက်လင်မြို့တွင်ဖွားမြင်သူဖြစ်သည်ကို သူတို့မသိကြ၊ သို့မဟုတ်အသိအမှတ်မပြုကြပါ။ ပရောဖက်မိက္ခာကြိုတင်ဟောသည်ကား “ဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည် ငါ့အဖို့ သင် [ဗက်လင်မြို့] ၏အထဲမှာပေါ်ထွန်း” မည်ဖြစ်သည်။ (မိက္ခာ ၅:၂) ထိုဦးစီးဦးဆောင်သူများသည် ဣသရေလနိုင်ငံတွင် အုပ်စိုးရသောအခွင့်ရမည့်ပရောဖက်ဖြစ်သောယေရှု၏ထောက်ခံချက်များကို ရှာဖွေရှုမှတ်ရန်ပျက်ကွက်ခဲ့ကြသည်။ ယင်းကြောင့်ဝမ်းနည်းကြေကွဲဖွယ်ဘေးဒဏ်များသင့်ခဲ့ရလေသည်။ ထိုအဖြစ်အပျက်က ကိစ္စတစ်ခု၏အဖြစ်မှန်ကိုသိရှိရန် စူးစမ်းလေ့လာရန်အရေးကြီးကြောင်း ဖော်ပြသည်။ သို့သော် အမှန်တရားကိုများသောအားဖြင့် မည်သို့ကြည့်မှတ်ကြသနည်း။
အမှန်တရားသည်ရောနှောပေါ့ပျက်ခဲ့ပြီ
“အမှန်တရားစစ်သည် ရွှေစင်ကဲ့သို့ပင်ဖြန့်ဖြူးရန်မသင့်လျော်ပါ၊ အကြောင်းမှာလူတို့သည် မိမိကိုယ်ကိုသန့်စင်စေခြင်းထက် အမှန်တရားကိုညစ်ညမ်းစေရန် ပိုအဆင်ပြေကြောင်းရှာဖွေတွေ့ရှိခဲ့ကြပြီ” ဟု ၁၉ ရာစုစာရေးဆရာတစ်ဦးအဆိုပြုသည်။ ထိုစကားများသည် ယနေ့တိုင်ထိမိလှသည်တကား။ သမ္မာတရားကိုရောနှောပေါ့ပျက်စေသည့်မြင်ကွင်းနောက်၌ “မုသား၏အဘ” စာတန်မာရ်နတ်ရှိသည်။ (ယောဟန် ၈:၄၄။ ဗျာဒိတ် ၁၂:၉) ဘုရားသခင်ကားမည်သူနည်း၊ ကိုယ်တော်နှင့်ယေရှု၏တော်စပ်ပုံကား မည်သို့နည်း၊ ကမ္ဘာမြေကြီးနှင့်လူသား၏အနာဂတ်ကား အဘယ်နည်း အစရှိသည့်အရေးကြီးသောမေးခွန်းများ၏အဖြေမှန်ကို မပေါ်လွင်မသိရှိစေရန် အယူကွဲများနှင့်ရောနှောထားသည်။
ပထမရာစုရှိယဇ်ပုရောဟိတ်နှင့်ဖာရိရှဲများသည် အမှန်တရားကိုရှာဖွေလေ့လာပြီး တွေ့ရှိနိုင်ကြပါသည်။ ရွှေစင်ထက်မကတန်ဖိုးရှိသည့်ရတနာကို သူတို့ပိုင်ဆိုင်နိုင်သည်။ နိကောဒင်အကြံပြုသည်အတိုင်း ‘ကိုယ်တော်ထံမှထုချေချက်ကိုကြား၍ အမှုစုံကိုသိ’ ရှိခြင်းအားဖြင့် ယေရှုအကြောင်း သူတို့အကြောင်းစုံသိရှိနိုင်ပါသည်။ စိတ်ရင်းမှန်ဖြင့်ယင်းသို့ပြုကြမည်ဆိုလျှင် တပည့်တော်တို့အားကိုယ်တော်ရှင်းပြသည်နည်းတူ သူတို့အားဖော်ပြမည်အမှန်။ (မာကု ၄:၃၄) သို့သော် စစ်မှန်သောအမှန်တရားကို ယနေ့အဘယ်နေရာတွင်ရရှိနိုင်မည်နည်း။ အမှန်တရားစစ်စစ်ကို ကျွန်ုပ်တို့အောင်မြင်စွာရှာဖွေတွေ့ရှိနိုင်မည်ဟု အာမခံချက်ရှိပါသလော။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဘာသာရေးခေါင်းဆောင်များသည် ‘ကိုယ်တော်ထံမှထုချေချက်ကိုကြား၍’ ယေရှုအကြောင်းအလုံးစုံသိရှိနိုင်ကြ၏