ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁ စာ. ၁၈-၂၄
  • ယေဟောဝါကိုယ်စားလှယ်ချုပ်၊ သားတော်အား ဂုဏ်ပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကိုယ်စားလှယ်ချုပ်၊ သားတော်အား ဂုဏ်ပြုခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုအား အချို့သူများ မရိုသေသည့် အခြားနည်းလမ်းများ
  • သားတော်အား ရိုသေဂုဏ်ပြုရခြင်းအကြောင်းများ
  • ကျွန်ုပ်တို့အတွက် ကိုယ်တော်လုပ်ဆောင်ခဲ့ရာများ
  • ယေဟောဝါအားဂုဏ်ပြုခြင်း—⁠အဘယ်ကြောင့်နည်း၊ အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သူတစ်ပါးကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁ စာ. ၁၈-၂၄

ယေဟောဝါကိုယ်စားလှယ်ချုပ်၊ သားတော်အား ဂုဏ်ပြုခြင်း

“သားတော်ကိုမရိုသေသောသူသည်ကား သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။”—⁠ယောဟန် ၅:⁠၂၃။

၁။ ခရစ်ယာန်ဘောင်၏ သုံးပါးပေါင်းတစ်ဆူဘုရားယုံကြည်ချက်သည် ယေရှုအားမည်သို့မရိုမသေပြုရာရောက်သနည်း။

ယ နေ့ခရစ်ယာန်ဘောင်မှ ခရစ်ယာန်အမည်ခံအများအပြားတို့သည် ယေရှုခရစ်တော်ကို ရိုသေဂုဏ်ပြုပါသည်ဟုဆိုကြသော်လည်း စင်စစ်၌ ဆန့်ကျင်ဘက်ပြုလုပ်နေကြသည်။ အဘယ်သို့အားဖြင့်နည်း။ အများသောသူတို့က ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်း၊ အရာခပ်သိမ်းကိုဖန်ဆင်းသော ထိုဘုရားသခင်သည် ကမ္ဘာသို့ဆင်းလာကာ လူသားတစ်ဦးအဖြစ် အသက်ရှင်ပြီးနောက် သေလွန်သွားခဲ့ကြောင်း အခိုင်အမာဆိုကြသည်။ ခရစ်ယာန်ဘောင်၏အခြေခံသွန်သင်ချက်ဖြစ်သော သုံးပါးပေါင်းတစ်ဆူဘုရားအယူဝါဒ၌ ဤအဆိုကို ပီပီပြင်ပြင်ရုပ်လုံးဖော်ထားသည်။ သို့သော် သုံးပါးပေါင်းတစ်ဆူဘုရားအယူသည်မှားနေလျှင်၊ ယေရှုသည်ဘုရားသခင်ထက်စင်စစ်နိမ့်ကျပြီး လက်အောက်ခံဖြစ်နေလျှင် ဘုရားသခင်နှင့် မိမိ၏တော်စပ်ခြင်းကို ယခုကဲ့သို့ အလွဲလွဲအမှားမှားတင်ပြခြင်းကြောင့် ယေရှုစိတ်တော်မပျော်စရာဖြစ်မည်မဟုတ်လော။ အမှန်ဆိုလျှင် ထိုသို့ အလွဲလွဲအမှားအမှားတင်ပြခြင်းကို မိမိနှင့်မိမိဟောကြားသမျှကို မရိုမသေပြုသည်ဟု ကိုယ်တော်သဘောထားတော်မူမည်ဖြစ်သည်။

၂။ ယေရှုသည် ဘုရားသခင်ထက်နိမ့်ကျ၍ လက်အောက်ခံဖြစ်ကြောင်း သမ္မာကျမ်းစာက မည်သို့ရှင်းလင်းစွာပြဆိုထားသနည်း။

၂ အမှန်တရားမှာ မည်သည့်အခါမျှ မိမိဘုရားသခင်ဖြစ်သည်ဟု ယေရှုမဆိုခဲ့ဘဲ မိမိသည် “ဘုရားသခင်၏သားတော်” ဖြစ်ကြောင်းသာ ထပ်ခါတလဲမိန့်တော်မူခဲ့သည်။ ကိုယ်တော်၏ရန်သူတို့ကပင် ဤအချက်ကိုအသိအမှတ်ပြုကြသည်။ (ယောဟန် ၁၀:၃၆။ ၁၉:⁠၇) ယေရှုသည် ခမည်းတော်ကိုဂုဏ်တင်ရန်၊ ကိုယ်တော့်လက်အောက်ခံဖြစ်ရန်ကိုသာ အစဉ်စိတ်စွဲလမ်းနေတော်မူ၏။ “ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည်မြင်၍သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။ . . . အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏” ဟူ၍ ဝန်ခံခဲ့သည်အတိုင်းပင်ဖြစ်သည်။ “ထိုသူ [ဘုရားသခင်] ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏” ဟူ၍လည်းမိန့်တော်မူ၏။ (ယောဟန် ၅:၁၉၊ ၃၀၊ ၇:၂၈၊ ၂၉၊ ၈:၄၂) မိမိသည် ဘုရားသခင်ဖြစ်သည်၊ သို့မဟုတ် ကိုယ်တော်နှင့်တန်းတူဖြစ်သည်ဟူ၍ မည်သည့်အခါ၌မျှ အရိပ်အမြွက်မျှပင် ယေရှုဖော်ပြတော်မမူခဲ့ပေ။ ထို့ကြောင့် ထိုသို့သောအယူကို သင်ကြားပေးခြင်းသည် ယေရှုအားမရိုမသေပြုရာရောက်သည်။

ယေရှုအား အချို့သူများ မရိုသေသည့် အခြားနည်းလမ်းများ

၃။ (က) ခရစ်ယာန်ဘောင်မှအချို့သူများသည် ယေရှုနှင့်ပတ်သက်သည့် အဘယ်အချက်ကိုငြင်းပယ်ခြင်းအားဖြင့် ကိုယ်တော်အားဂုဏ်ဖျက်ကြသနည်း။ (ခ) လူ့ဘဝမတိုင်မီက မိမိတည်ရှိခဲ့ခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ယေရှုအဘယ်သို့သက်သေထွက်ဆိုတော်မူခဲ့သနည်း။

၃ မယုံကြည်နိုင်စရာကောင်းသည်မှာ ယနေ့ခရစ်ယာန်ဘောင်မှ အချို့သူများသည် ယေရှုလူ့ဇာတိမခံယူမီက တည်ရှိတော်မူသည်ဟူသောအချက်ကို ငြင်းပယ်ခြင်းအားဖြင့် ကိုယ်တော်အားမရိုမသေပြုနေကြသည်။ သို့ရာတွင် ယေရှုသည် ကောင်းကင်ဘုံမှမြေကြီးပေါ်သို့ စင်စစ်ကြွလာတော်မူသည်ဟူသောအချက်ကို ကျွန်ုပ်တို့မှန်ကန်စွာနားလည်သဘောပေါက်ပါမှ ကိုယ်တော်အား လျောက်ပတ်စွာချီးကျူးဂုဏ်ပြုနိုင်မည်ဖြစ်သည်။ “ကောင်းကင်ဘုံက ဆင်းလာသော လူသားမှတစ်ပါး၊ မည်သူမျှ ကောင်းကင်ဘုံသို့ တက်ဖူးသည်မဟုတ်” ဟူ၍လည်းကောင်း၊ ထို့နောက် “ငါသည်ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ . . . လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန်ကြွတက်သည်ကို မြင်ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း” ဟူ၍လည်းကောင်း မိန့်မြွက်တော်မူ၏။ တစ်ဖန် “သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ . . . ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မီ ငါဖြစ်၏” ဟူ၍လည်းမိန့်တော်မူခဲ့သည်။ (ယောဟန် ၃:၁၃။ ၆:၅၁၊ ၆၂။ ၈:၂၃၊ ၅၈) သစ္စာဖောက်အပ်နှံခြင်းခံရသောညတွင် ကောင်းကင်ခမည်းတော်ထံဆုတောင်းရာတွင် မိမိ၏လူ့ဘဝမတိုင်မီကတည်ရှိခဲ့ခြင်းအကြောင်းကိုလည်း ယေရှုရည်ညွှန်းဖော်ပြတော်မူခဲ့သည်။—⁠ယောဟန် ၁၇:⁠၅။

၄။ (က) နောက်ထပ်အဘယ်နည်းအားဖြင့် လူအများယေရှုအားဂုဏ်ဖျက်ကြသနည်း။ (ခ) ယေရှုသည်အမှန်ပင်သက်ရှိထင်ရှားတော်မူခဲ့ကြောင်း အတည်ပြုရန် အဘယ်သာဓကသည်ခိုင်လုံသနည်း။ အဘယ်ကြောင့်နည်း။

၄ ခရစ်ယာန်ဘောင်မှအချို့သူတို့က ယေရှုသည်သမိုင်းဝင်ပုဂ္ဂိုလ်မဟုတ်ကြောင်း၊ လူသားတစ်ဦးအဖြစ် မည်သည့်အခါမျှ သက်ရှိထင်ရှားခဲ့သူမဟုတ်ကြောင်း ငြင်းပယ်သည့်အထိ တစ်ဖက်လွန်ပြုမူကြသည်။ အကယ်၍ ကိုယ်တော်သည် အမှန်ပင်သက်ရှိထင်ရှားမရှိခဲ့ပါမူ ကိုယ်တော်အားအဘယ်ကြောင့်ရိုသေသင့်သည်၊ အဘယ်သို့ရိုသေအပ်သည်ဟူသောအကြောင်းကို ဆွေးနွေးစရာပင်အကြောင်းမရှိပေ။ သို့သော် သမ္မာကျမ်းစာမှ မျက်မြင်သက်သေထွက်ဆိုချက်အမြောက်အမြားသည် ယေရှုအမှန်ပင်သက်ရှိထင်ရှားခဲ့သည်ဟူသောအချက်ကို သံသယရှင်းစွာသက်သေခံရန် လုံလောက်ပေသည်။ (ယောဟန် ၂၁:၂၅) ကနဦးခရစ်ယာန်တို့သည် မိမိတို့၏အသက်ဘေးနှင့်လွတ်လပ်မှုကို ပဓာနမထားဘဲ ယေရှုအကြောင်းကိုအရဲစွန့်၍ မကြာခဏဟောပြောခဲ့ခြင်းအချက်က အထူးသဖြင့်သံသယရှင်းစေပါသည်။ (တမန်တော် ၁၂:၁-၄။ ဗျာဒိတ် ၁:⁠၉) သို့သော် ကိုယ်တော်၏နောက်တော်လိုက်များ၏ ရေးသားချက်များအပြင် ယေရှုသက်ရှိထင်ရှားခဲ့သည့် အခြားသာဓကများရှိသေးသလော။

၅၊ ၆။ သမ္မာကျမ်းစာအပြင် ယေရှုခရစ်တော်အမှန်တည်ရှိခဲ့ကြောင်းပြဆိုသည့် အဘယ်သမိုင်းဝင်အထောက်အထားများရှိသနည်း။

၅ The New Encyclopœdia Britannica (1987) ကဤသို့ဖော်ပြထားသည်။ “ခရစ်ယာန်ဘာသာကို ရန်ဘက်ပြုသူများကပင် ယေရှုသည် သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်သည်ကို မည်သည့်အခါမျှ သံသယမဖြစ်ခဲ့ကြောင်း သီးခြားမှတ်တမ်းများကထင်ရှားစေသည်။ “အဆိုပါသီးခြားမှတ်တမ်းအချို့ကား အဘယ်နည်း။ ဂျူးပညာရှင်ကလောစနာ (Joseph Klausner) အဆိုအရ ရှေးဂျူးဓမ္မသတ်ကျမ်း၌ အထောက်အထားရှိသည်။” (Jesus of Nazareth, page 20) ပထမရာစုမှ ဂျူးသမိုင်းပညာရှင် ဂျိုစီဖပ်စ်၏သက်သေခံချက်လည်းရှိသည်။ သာဓကအနေနှင့် ယာကုပ်ကိုကျောက်ခဲနှင့်ပေါက်သတ်သည့်အကြောင်းကို သူရေးသားခဲ့သည်။ ယာကုပ်ဆိုသူမှာ “ခရစ်တော်အမည်ရှိသောယေရှု၏ညီ” ဖြစ်ကြောင်းလည်း အထင်အရှားခွဲခြားဖော်ပြထားသည်။—⁠Jewish Antiquities, XX, [ix, 1].

၆ ၄င်းပြင် ရှေးရောမသမိုင်းပညာရှင်များ၏ သက်သေခံချက်လည်းရှိသေးသည်။ အထူးသဖြင့်အထူးလေးစားခြင်းခံရသော တက်စီတပ်စ်၏သက်သေခံချက်ပင်ဖြစ်သည်။ သူသည် ဒုတိယရာစုနှစ်ဆန်းပိုင်း၌ “အများပြည်သူကခရစ်ယာန်ဟုခေါ်ကြသော၊ မနှစ်မြို့ဖွယ်ရာမုန်းတီးခံရသော လူတန်းစားတစ်ရပ်အကြောင်း [ခရစ်ယာန်] ဟူသောအမည်ဆင်းသက်ပေါက်ဖွားရာ ပင်ရင်းဖြစ်သောခရစ္စတပ်စ် [ခရစ်တော်] သည် တိဗေရိစိုးစံစဉ်အတွင်း ဘုရင်ခံတစ်ပါး၏လက်တွင် အလွန်ပြင်းထန်သောအပြစ်ဒဏ်ခံခဲ့ရကြောင်း” ရေးသားခဲ့သည်။ (The Annals, XV, XLIV) ယေရှုဆိုသူသည် သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်ကြောင်း ထောက်ခံသည့်သက်သေအထောက်အထားများပြားလှသည်ကိုထောက်ရှု၍ ၁၈ ရာစုမှပြင်သစ်ဒဿနိကဗေဒဆိုင်ရာ ကိုယ်ကျင့်တရားသွန်သင်သူ ရူစိုး (Jean-Jacques Rousseau) က အောက်ပါအတိုင်းသက်သေထွက်ဆိုထားသည်။ “မည်သူမျှ စောဒကမတက်ဝံ့သော ဆိုကရေးတီးစ်၏သမိုင်းသည် ယေရှုခရစ်၏သမိုင်းလောက် အထောက်အထားခိုင်ခိုင်လုံလုံမရှိပေ။”

သားတော်အား ရိုသေဂုဏ်ပြုရခြင်းအကြောင်းများ

၇။ (က) အဘယ်ကျမ်းစာထွက်ဆိုချက်က ယေရှုခရစ်အား ကျွန်ုပ်တို့ဂုဏ်ပြုရန် တာဝန်ရှိစေသနည်း။ (ခ) သားတော်အား ယေဟောဝါမည်သို့ထပ်လောင်းဂုဏ်ပြုချီးမြှောက်တော်မူခဲ့သနည်း။

၇ ယခုယေရှုခရစ်အား ဂုဏ်ပြုခြင်းအကြောင်းကို ဆွေးနွေးပါမည်။ ကိုယ်တော်၏ နောက်တော်လိုက်များအနေဖြင့် ကိုယ်တော်အားရိုသေဂုဏ်ပြုရန် တာဝန်ရှိရသည့်အကြောင်းကို ယောဟန် ၅:၂၂၊ ၂၃ မှကိုယ်တော့်စကားများ၌တွေ့နိုင်သည်။ “လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသည်နည်းတူ သားတော်ကိုရိုသေစေမည်အကြောင်း ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည် သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။” ခရစ်တော်ရှင်ပြန်ထမြောက်ချိန်မှစ၍ ယေဟောဝါသည် သားတော်အား သာ၍ချီးမြှောက်ဂုဏ်ပြု၍ ‘အသေခံခြင်းဒုက္ခအတွက် ဘုန်းအသရေ၊ ဂုဏ်ကျက်သရေမကိုဋ်နှင့်ဆင်ယင်တော်မူ၏။’ (ဟေဗြဲ ၂:⁠၉။ ၁ ပေတရု ၃:၂၂) အခြေခံအားဖြင့် ယေရှုသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်၊ မည်သည့်အရာများပြုလုပ်ခဲ့သည် ဟူသောအချက်အပေါ်မူတည်၍ ကိုယ်တော်အား ကျွန်ုပ်တို့ရိုသေဂုဏ်ပြုစရာအကြောင်းများစွာရှိပေသည်။

၈။ ယေရှုခရစ်တော်သည် အဘယ်သီးသန့်ထူးခြားသည့်အချက်များကြောင့် ဂုဏ်ပြုခြင်းခံထိုက်သနည်း။

၈ ယေရှုခရစ်တော်သည် လိုဂေါ့စ် သို့မဟုတ် နှုတ်ကပတ်တော်အနေနှင့် ယေဟောဝါ၏ထူးကဲကောင်းမြတ်သော ဝေမျှဆက်ဆံသူဖြစ်သောကြောင့် ရိုသေဂုဏ်ပြုထိုက်ပေသည်။ သမ္မာကျမ်းစာအရ “နှုတ်ကပတ်တော်” ဟူသောအမည်ပညတ်မှာ ယေရှုကမ္ဘာမြေကြီးသို့ကြွလာတော်မမူမီနှင့် ကောင်းကင်ဘုံသို့ပြန်လည်တက်ကြွပြီးနောက် ကိုယ်တော်အားရည်ညွှန်းသည့်အမည်ဖြစ်သည်။ (ယောဟန် ၁:⁠၁။ ဗျာဒိတ် ၁၉:၁၃) ဗျာဒိတ် ၃:၁၄ ၌ ကိုယ်တော်က မိမိကိုယ်ကို “ထာဝရဘုရားဖန်ဆင်းတော်မူသောအရာအပေါင်းတို့၏ အစမူလ” ဟူ၍မိန့်တော်မူထားသည်။ ကိုယ်တော်သည် ဖန်ဆင်းခံသတ္တဝါအပေါင်းတို့တွင် “သားဦး” ဖြစ်တော်မူရုံမျှမက “တစ်ပါးတည်းသောသားတော်” အနေနှင့် ယေဟောဝါဘုရားသခင် တိုက်ရိုက်ဖန်ဆင်းခြင်းခံရသူလည်းဖြစ်တော်မူ၏။ (ကောလောသဲ ၁:၁၅၊ သက။ ယောဟန် ၃:၁၆) ထိုမျှသာမကဘဲ “အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့်ပေါ်လာ၏။ ကိုယ်တော်နှင့်ကင်း၍ ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိချေ။” (ယောဟန် ၁:၃၊ သမ) မှန်ပေသည်။ “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟူ၍ဘုရားသခင်မိန့်တော်မူသည့် ကမ္ဘာဦး ၁:၂၆ ကိုဖတ်သောအခါ ထို “ငါတို့” တွင်လိုဂေါ့စ် သို့မဟုတ် နှုတ်ကပတ်တော်ပါဝင်၏။ ယေရှုသည် လူ့ဘဝမတိုင်မီက ဖန်ဆင်းခြင်းလုပ်ငန်းတွင် ယေဟောဝါဘုရားသခင်နှင့်အတူပါဝင်ရသည့်အခွင့်ထူး ရရှိခဲ့ခြင်းကြောင့် ကိုယ်တော်သည် အထူးဂုဏ်ပြုချီးကျူးခြင်းခံထိုက်ပေသည်။

၉။ ယေရှုသည် ကောင်းကင်တမန်မင်း မိက္ခေလပင်ဖြစ်သည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်ကောက်ချက်ချသနည်း။ မိက္ခေလသည် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်သည့်ကိစ္စ၌ ယေဟောဝါအားမည်သို့ဂုဏ်ပြုတော်မူခဲ့သနည်း။

၉ ယေရှုခရစ်တော်သည် ယေဟောဝါ၏ဦးစီးကောင်းကင်တမန် သို့မဟုတ် ကောင်းကင်တမန်မင်းဖြစ်တော်မူသည့်အတွက် ထပ်ဆင့်ဂုဏ်ပြုထိုက်တော်မူ၏။ အဘယ်အခြေခံအကြောင်းကြောင့် ကျွန်ုပ်တို့ထိုသို့ဆိုရသနည်း။ “မင်း” ဟူသော နောက်ဆက်ပစ္စည်းသည် “ဦးစီး” သို့မဟုတ် “အကြီးအမှူး” အဓိပ္ပာယ်ရှိပြီး ကောင်းကင်တမန်မင်းတစ်ပါးတည်းသာရှိကြောင်း သဘောသက်ရောက်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ရှင်ပြန်ထမြောက်ပြီးသည့် သခင်ယေရှုခရစ်တော်ကိုရည်ညွှန်းလျက် ထိုကောင်းကင်တမန်မင်းအကြောင်းဆိုထားသည်။ ဤသို့ဖတ်ရသည်။ “သခင်အရှင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌သေလွန်သူတို့သည် အဦးထမြောက်ကြလိမ့်မည်။” (၁ သက်သာလောနိတ် ၄:၁၆) ယုဒ ၉ ၌ဖတ်ရသည်အတိုင်း ဤကောင်းကင်တမန်မင်း၌ အမည်နာမရှိ၏။ “ကောင်းကင်တမန်မင်း မိက္ခေလမူကား မောရှေ၏ကိုယ်ကိုအကြောင်းပြု၍ မာရ်နတ်နှင့်ငြင်းခုံသောအခါ ကဲ့ရဲ့စွာသောပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ ထာဝရဘုရား [ယေဟောဝါ၊ NW ] သည် သင့်ကိုဆုံးမတော်မူစေသတည်း” ဟူ၍သာပြောဆို၏။ ယေရှုသည် ယေဟောဝါရှေ့ ဦး၍မာရ်နတ်ကို ဝံ့ဝံ့စားစား တရားစီရင်ခြင်းမပြုဘဲနေခြင်းအားဖြင့် ကောင်းကင်ခမည်းတော်အား ဂုဏ်ပြုတော်မူ၏။

၁၀။ (က) ဘုရားသခင့်နိုင်ငံတော်အတွက်တိုက်ခိုက်ရာတွင် မိက္ခေလသည် မည်သို့ဦးဆောင်တော်မူသနည်း။ (ခ) ဣသရေလလူမျိုးနှင့်ပတ်သက်၍ မိက္ခေလသည် အဘယ်ကဏ္ဍမှပါဝင်လှုပ်ရှားတော်မူခဲ့သနည်း။

၁၀ ကောင်းကင်တမန်မင်း မိက္ခေလသည် ဘုရားသခင့်နိုင်ငံတော်အကျိုးအလို့ငှာ တိုက်ပွဲဝင်လျက် စာတန်နှင့်သူ၏နတ်ဆိုးဗိုလ်ပါတို့ကို ကောင်းကင်ဘုံမှ ရှင်းလင်းသုတ်သင်ရာတွင် ဦးဆောင်တော်မူ၏။ (ဗျာဒိတ် ၁၂:၇-၁၀) ‘ကိုယ်တော်သည် ဘုရားသခင့်လူမျိုးတော်၏အကျိုးအတွက် ရပ်နေတော်မူကြောင်း’ ပရောဖက်ဒံယေလဆိုသည်။ (ဒံယေလ ၁၂:⁠၁) ထို့ကြောင့် မိက္ခေလသည် “ဣသရေလတပ်ရှေ့မှာသွားသောဘုရားသခင်၏ ကောင်းကင်တမန်” ပင်ဖြစ်ပြီး ထိုလူမျိုးတော်အား ကတိထားရာပြည်တော်အတွင်းသို့ဆောင်ယူရာတွင် ဘုရားသခင်အသုံးပြုတော်မူသည့်အရှင်လည်းဖြစ်သည်မှာ ထင်ရှားသည်။ “ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့” ဟူ၍ဘုရားသခင်အမိန့်ပေးတော်မူ၏။ (ထွက်မြောက်ရာ ၁၄:၁၉။ ၂၃:၂၀၊ ၂၁) ယေဟောဝါ၏ကောင်းကင်တမန်မင်းသည် ဘုရားသခင့်မြင့်မြတ်သောနာမတော်ခံယူထားသည့် လူမျိုးတော်အပေါ် အထူးစိတ်ဝင်စားတော်မူခဲ့မည်မှာ သံသယမရှိပေ။ ပရောဖက်ဒံယေလအား နှစ်သိမ့်အားပေးရန် စေလွှတ်ခြင်းခံရသော ကောင်းကင်တမန်တစ်ပါးသည် လမ်းခုလတ်၌ အင်အားကြီးမားသောနတ်ဆိုးတစ်ဦး တားဆီးသည်ကိုခံရသောအခါ ကိုယ်တော်သွားရောက်ကူညီပေးသည်မှာ သင့်မြတ်လှပေသည်။ (ဒံယေလ ၁၀:၁၃) ထို့ကြောင့် သနာခရိပ်၏စစ်သည် ၁၈၅၀၀၀ ကိုသုတ်သင်ဖျက်ဆီးခဲ့သည့် ကောင်းကင်တမန်မှာ အခြားသူမဟုတ်ဘဲ ကောင်းကင်တမန်မင်းမိက္ခေလပင်ဖြစ်ကြောင်း ကောက်ချက်ချသည်မှာ ယထာဘူတကျပေသည်။—⁠ဟေရှာယ ၃၇:⁠၃၆။

၁၁။ ယေရှုသည် ကမ္ဘာပေါ်တွင် အဘယ်သို့သောအသက်တာလမ်းစဉ် ကျင့်ကြံခဲ့ခြင်းအတွက် ကျွန်ုပ်တို့၏ရိုသေဂုဏ်ပြုခြင်း ခံထိုက်တော်မူသနည်း။

၁၁ ယေရှုခရစ်တော်သည် မည်သူမည်ဝါဖြစ်သဖြင့် ရိုသေဂုဏ်ပြုထိုက်ရုံမျှမကဘဲ ကိုယ်တော်လုပ်ဆောင်ခဲ့သမျှအတွက်ကြောင့်လည်း ဂုဏ်ပြုခြင်းကိုခံထိုက်ပေသည်။ ဥပမာ၊ ကိုယ်တော်တစ်ပါးတည်းသာ စုံလင်သောလူ့အသက်ဖြင့် အသက်ရှင်တော်မူခဲ့သည်။ အာဒံနှင့်ဧဝတို့သည် စုံလင်စွာဖန်ဆင်းခံခဲ့ရသော်လည်း သူတို့၏စုံလင်ခြင်းသည် တာရှည်ခြင်းမရှိခဲ့ချေ။ သို့သော်လည်း ယေရှုခရစ်တော်မူကား စုံစမ်းခြင်းသို့မဟုတ်နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် မာရ်နတ်သက်ရောက်စေသည့် အခက်အခဲအမျိုးမျိုးကြားတွင် ‘သစ္စာစောင့်သိ၍ ရိုးဖြောင့်ဖြူစင်လျက် အပြစ်ရှိသောသူတို့နှင့် သီးခြား’ နေတော်မူခဲ့၏။ ထိုတစ်လျှောက်လုံး၌ “ထိုသခင်သည် ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။” “ငါ၌အပြစ်ရှိကြောင်းကို သင်တို့တွင်အဘယ်သူဖေါ်ပြသနည်း” ဟုကိုယ်တော်အားဆန့်ကျင်သူဘာသာရေးသမားများကို စိန်ခေါ်နိုင်တော်မူ၏။ မည်သူမျှမဖေါ်ပြနိုင်ချေ။ (ဟေဗြဲ ၇:၂၆။ ၁ ပေတရု ၂:၂၂။ ယောဟန် ၈:၄၆) အပြစ်ကင်းမဲ့စွာ သမာဓိစောင့်သိနိုင်တော်မူသဖြင့် ကောင်းကင်ခမည်းတော်သည် စကြဝဠာကိုအုပ်ချုပ်ပိုင်ထိုက်သည့် အချုပ်အခြာအာဏာရှင်ဖြစ်တော်မူကြောင်း သင်္ကာယနကင်းရှင်းစေသည်။ မာရ်နတ်သည် ယုတ်ညံ့သောမုသာကောင်သာဖြစ်ကြောင်းကိုလည်း သက်သေထူတော်မူသည်။—⁠သု၊ ၂၇:⁠၁၁။

၁၂။ (က) ယေရှုသည် အဘယ်သို့သောလူသားဖြစ်တော်မူသနည်း။ ထို့ကြောင့် သူတစ်ပါးအတွက် ကိုယ်တော်အဘယ်အကျိုးဆောင်ပေး၍ ဆင်းရဲခံတော်မူခဲ့သနည်း။ (ခ) ကိုယ်တော်၏အကျိုးဆောင်မှုနှင့်ဆင်းရဲခံမှုကြောင့် ကျွန်ုပ်တို့၏ဂုဏ်ပြုခြင်းခံထိုက်သည်ဟု သင်အဘယ်ကြောင့်ဆိုမည်နည်း။

၁၂ ယေရှုခရစ်သည် စုံလင်၍ အပြစ်ကင်းစင်သောဘဝဖြင့် အသက်ရှင်တော်မူခဲ့ရုံမျှမက သူတော်ကောင်းတစ်ပါး၊ အတ္တကင်းစင်၍ ကိုယ်ကျိုးစွန့်တော်မူသော လူသားတစ်ဦးလည်းဖြစ်သောကြောင့် ကျွန်ုပ်တို့၏ဂုဏ်ပြုရိုသေခြင်းကို ခံထိုက်တော်မူ၏။ (ရောမ ၅:၇ နှင့်နှိုင်းယှဉ်) လူသားတို့၏ဝိညာဉ်ရေးနှင့်ကာယရေးလိုအပ်ရာများအတွက် မမောနိုင်မပန်းနိုင်အကျိုးဆောင်ပေးတော်မူခဲ့သည်။ ခမည်းတော်၏အိမ်တော်အတွက် မည်မျှစိတ်အားထက်သန်တော်မူခဲ့သည်တကား။ တပည့်တော်များနှင့်ဆက်ဆံရာတွင် မည်မျှစိတ်ရှည်တော်မူခဲ့သည်တကား။ ခမည်းတော်၏အလိုတော်ကိုဆောင်ရာတွင် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ရင်ဆိုင်ရန်အသင့်ရှိတော်မူခဲ့သည်တကား။ ဂေသရှေမန်ဥယျာဉ်၌ ခံစားခဲ့ရသည့်စမ်းသပ်မှုကြီးအကြောင်းကို သမ္မာကျမ်းစာဤသို့ဆိုထားသည်။ “ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” မှန်ပါသည်၊ ကိုယ်တော်သည် ‘မျက်ရည်ကျလျက်၊ ပြင်းစွာငိုကြွေးဟစ်အော်လျက်တောင်းလျှောက်ခြင်း၊ အသနားတော်ခံခြင်းများကိုပြု’ တော်မူခဲ့သည်။ (လုကာ ၂၂:၄၄။ ဟေဗြဲ ၅:⁠၇) ကိုယ်တော်ခံရသည့် ကြီးကျယ်သောစမ်းသပ်ခြင်းအကြောင်းကို ပရောဖက်ဟေရှာယက ဟေရှာယ ၅၃:၃-၇ တွင် မည်မျှတိကျမှန်ကန်စွာ တင်ကူးဟောပြောခဲ့သည်တကား။

၁၃။ ကောင်းကင်ခမည်းတော်အား ဂုဏ်ပြုချီးကျူးရာတွင် ယေရှုသည် အဘယ်ကောင်းမြတ်သည့်စံနမူနာထားတော်မူခဲ့သနည်း။

၁၃ ကောင်းကင်ခမည်းတော်အားဂုဏ်ပြုရာတွင် ကောင်းမြတ်သောပုံသက်သေထားတော်မူသည့်အတွက်ကြောင့်လည်း ယေရှုသည် ကျွန်ုပ်တို့၏ရိုသေဂုဏ်ပြုခြင်းခံထိုက်ပေသည်။ “ငါ့ခမည်းတော်ကို ချီးမြှောက် [ဂုဏ်ပြု] ၏” ဟုကိုယ်တော်မှန်ကန်စွာမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၄၉) အခါခပ်သိမ်း၌ အပြောနှင့်အလုပ်အားဖြင့် ယေဟောဝါဘုရားသခင်အား ဂုဏ်တင်တော်မူခဲ့သည်။ သို့ဖြစ်သောကြောင့် လူတစ်ဦးကို ကိုယ်တော်ရောဂါပျောက်ကင်းအောင်ကုသပေးလိုက်သည့်အခါ လူအပေါင်းတို့သည် ယေရှုအားမချီးမွမ်းကြဘဲ “ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ” ကြောင်း သမ္မာကျမ်းစာမှတ်တမ်းကဆို၏။ (မာကု ၂:၁၂) ထို့ကြောင့် မြေကြီးဆိုင်ရာဓမ္မအမှုတော်အဆုံးပိုင်းတွင် ယေရှုကကောင်းကင်ခမည်းတော်ထံဆုတောင်းလျက် “အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကိုထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ” ဟုမှန်ကန်စွာ မြွက်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။—⁠ယောဟန် ၁၇:⁠၄။

ကျွန်ုပ်တို့အတွက် ကိုယ်တော်လုပ်ဆောင်ခဲ့ရာများ

၁၄။ ယေရှု၏သေခြင်းသည် ကျွန်ုပ်တို့အတွက် ဂုဏ်ပြုထိုက်သည့်အဘယ်အမှုကို အကောင်အထည်ဖေါ်ပေးခဲ့သနည်း။

၁၄ ကျွန်ုပ်တို့အကျိုးအလို့ငှာ လုပ်ဆောင်ပေးခဲ့သမျှအတွက် ယေရှုခရစ်တော်သည် အကြီးအကျယ်ဂုဏ်ပြုခြင်းကိုခံထိုက်လှသည်တကား။ ကျွန်ုပ်တို့ယေဟောဝါဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ရန် ကျွန်ုပ်တို့၏အပြစ်အတွက် ကိုယ်တော်အသေခံတော်မူခဲ့၏။ ယေရှုက မိမိအကြောင်းနှင့်ပတ်သက်၍ “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်” ဟူ၍မိန့်ဆိုခဲ့သည်။ (မဿဲ ၂၀:၂၈) မှန်ပေသည်၊ လူသားများအတွက် နိုင်ငံတော်ကလုပ်ဆောင်ပေးမည့်အရာခပ်သိမ်းသည် ကိုယ်တော်၏သေခြင်းအားဖြင့် အကောင်အထည်ပေါ်လာခဲ့ရသည်။ ၄င်းတို့မှာ ကိုယ်တော့်သတို့သမီးအဝင် ၁၄၄၀၀၀ အတွက် ကောင်းကင်ဘုံတွင် မသေနိုင်သောအသက်ရရှိခြင်း၊ စမ်းသပ်ခြင်းအောက်တွင် မိမိတို့၏ယုံကြည်ခြင်းနှင့်နာခံခြင်းကို သက်သေတင်ပြကြသော သန်းပေါင်းများစွာသောအခြားသူများအတွက် ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရရှိခြင်းတို့ဖြစ်သည်။—⁠ဆာလံ ၃၇:၂၉။ ဗျာဒိတ် ၁၄:၁-၃၊ ၂၁:၃၊ ၄။

၁၅။ ခမည်းတော်၏ဥပဓိရုပ်တော်ကို ကျွန်ုပ်တို့အား ယေရှုဖေါ်ပြသည့် နမူနာတစ်ရပ်ကားအဘယ်နည်း။

၁၅ ကြီးမြတ်သောဆရာအနေနှင့် ယေရှုခရစ်တော်သည် ခမည်းတော်၏အလိုတော်နှင့်ဥပဓိရုပ်တော်တို့ကို အပြည့်အဝထင်ဟပ်စေတော်မူခဲ့သည့်အတွက်ကြောင့်လည်း ရိုသေဂုဏ်ပြုအပ်ပေသည်။ ဥပမာအားဖြင့် တောင်ပေါ်ဒေသနာတော်တွင် ကောင်းသူဆိုးသူမခွဲခြားဘဲ နေထွက်စေ၊ မိုးရွာစေရာတွင် ခမည်းတော်၏စိတ်သဘောထားကြီးမားတော်မူခြင်းအကြောင်းကို ထောက်ပြပြီးနောက် “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့” ဟူ၍မှတ်ချက်ချတော်မူ၏။—⁠မဿဲ ၅:၄၄-၄၈။

၁၆။ ယေရှု၏ဂုဏ်ပြုအပ်သည့်လမ်းစဉ်အကြောင်းကို တမန်တော်ပေါလုမည်သို့အကျဉ်းချုပ်၍ တင်ပြထားသနည်း။

၁၆ တမန်တော်ပေါလုအောက်ပါအတိုင်းရေးသားစဉ်တွင် ယေရှု၏ဂုဏ်ပြုထိုက်သောလမ်းစဉ်အကြောင်းကို အကျဉ်းချုပ်၍ တင်ပြထားသည်။ “ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကိုလုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင် မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။”—⁠ဖိလိပ္ပိ ၂:၅-၈။

သားတော်အား ဂုဏ်ပြုနိုင်သည့်နည်းများ

၁၇၊ ၁၈။ ယေရှုခရစ်အား အဘယ်နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ဂုဏ်ပြုနိုင်သနည်း။

၁၇ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ဂုဏ်ပြုအပ်သောအရှင်ဖြစ်ကြောင်း သံသယရှင်းနေသဖြင့် “သားတော်အားမည်သို့ဂုဏ်ပြုနိုင်သနည်း” ဟူသောမေးခွန်းကို မေးစရာဖြစ်လာသည်။ ကိုယ်တော်၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကို ယုံကြည်ခြင်းအားဖြင့်လည်းကောင်း၊ နောင်တရခြင်း၊ ပြောင်းလဲခြင်း၊ အပ်နှံခြင်း၊ နှစ်ခြင်းခံခြင်းစသောမလှမ်းမဖြစ်သောခြေလှမ်းများကို တက်လှမ်းခြင်းဖြင့် ထိုယုံကြည်ခြင်းအတွက် သက်သေပြခြင်းအားဖြင့်လည်းကောင်း ကိုယ်တော်အားဂုဏ်ပြုနိုင်ကြသည်။ ယေရှု၏နာမတော်ကိုအမှီပြု၍ဆုတောင်းလျက် ယေဟောဝါထံချဉ်းကပ်ခြင်းအားဖြင့် ယေရှုကိုကျွန်ုပ်တို့ဂုဏ်ပြုကြ၏။ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုယ်ကိုငြင်းပယ်ရမည်။ ကိုယ် [ညှဉ်းဆဲရာနှက်တိုင်] ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်” ဟူသောကိုယ်တော့်စကားကိုနားထောင်ခြင်းအားဖြင့် ကိုယ်တော်အား ထပ်ဆင့်ဂုဏ်ပြုနိုင်ကြသည်။ (မဿဲ ၁၆:၂၄) ဘုရားသခင့်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာမပြတ်ရှာပါဟူသော ကိုယ်တော့်အမိန့်တော်ကိုနာခံသောအခါ၌လည်း ကိုယ်တော်ကိုကျွန်ုပ်တို့ဂုဏ်ပြုကြသည်။ တစ်ဖန် မိမိ၏တပည့်နောက်လိုက်အစစ်အမှန်တို့ကို သီးခြားထင်ရှားစေမည်ဟု ယေရှုမိန့်တော်မူခဲ့သည့် ညီနောင်ရင်းချာမေတ္တာကို ကျွန်ုပ်တို့ပြသသောအခါ၌လည်း ကိုယ်တော်ကိုကျွန်ုပ်တို့ဂုဏ်ပြုကြသည်။—⁠မဿဲ ၆:၃၃။ ၂၈:၁၉၊ ၂၀။ ယောဟန် ၁၃:၃၄၊ ၃၅။

၁၈ ထို့ပြင် မိမိတို့ကိုယ်ကို “ခရစ်ယာန်” ဟူ၍အမည်ခံယူလျက် ကိုယ်တော့်နာမတော်ကိုယူဆောင်ခြင်းအားဖြင့်လည်းကောင်း၊ ထိုနောက်ကျွန်ုပ်တို့၏အကျင့်ကောင်းဖြင့်ထိုအမည်နှင့်အညီ နေထိုင်ခြင်းအားဖြင့်လည်းကောင်း သားတော်အားကျွန်ုပ်တို့ဂုဏ်ပြုကြသည်။ (တမန်တော် ၁၁:၂၆။ ၁ ပေတရု ၂:၁၁၊ ၁၂) ယေရှု၏ခြေတော်ရာကို ထက်ကြပ်မကွာလိုက်သင့်ကြောင်း တမန်တော်ပေတရုကမှာကြားခဲ့သည်။ (၁ ပေတရု ၂:၂၁) ကျွန်ုပ်တို့ပြုမူကျင့်ကြံသမျှတို့၌ ကိုယ်တော်ကိုတုပခြင်းအားဖြင့်လည်း ကိုယ်တော်အားကျွန်ုပ်တို့ဂုဏ်ပြုကြသည်။ ၄င်းပြင်၊ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲတော်ကို နှစ်စဉ်ကျင်းပသည့်အခါ၌ ကိုယ်တော်အားကျွန်ုပ်တို့အထူးချီးကျူးဂုဏ်ပြုကြသည်မှာ ယုံမှားဖွယ်မရှိပေ။—⁠၁ ကောရိန္သု ၁၁:၂၃-၂၆။

၁၉၊ ၂၀။ (က) မိမိအားရိုသေဂုဏ်ပြုသူတို့အား ယခုနှင့်အနာဂတ်တွင် အဘယ်ဆုလာဘ် ယေရှုကမ်းလှမ်းထားတော်မူသနည်း။ (ခ) သားတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်စိတ်ချယုံကြည်မှုရှိနိုင်သနည်း။

၁၉ မိမိအားဂုဏ်ပြုသည့်လမ်းစဉ်ကိုလိုက်ကြခြင်းအတွက် တပည့်တော်တို့အား အဘယ်ဆုလာဘ်များကို ယေရှုကမ်းလှမ်းထားတော်မူသနည်း။ ကိုယ်တော်ဤသို့မိန့်တော်မူ၏။ “ငါအမှန်ဆိုသည်ကား အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသောအကျိုးတည်းဟူသော ယခုကာလ၌ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတံ့။”—⁠မာကု ၁၀:၂၉၊ ၃၀။

၂၀ မှန်ပေသည်၊ ယေရှုအတွက် ကျွန်ုပ်တို့စွန့်လွှတ်အနစ်နာခံလျှင် ကျွန်ုပ်တို့အားဆုချရန် ကိုယ်တော်ဂရုစိုက်ကြပ်မတ်တော်မူမည်။ “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသောငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်” ဟူ၍ယေရှုအာမခံထားတော်မူ၏။ (မဿဲ ၁၀:၃၂) ထို့ကြောင့် ကောင်းကင်ခမည်းတော်သည် မိမိအားဂုဏ်ပြုချီးကျူးသူတို့အား ဂုဏ်ပြုချီးမြှောက်သည့်နည်းတူ ခမည်းတော်ကို အရာရာ၌တုပတော်မူသည့် ယေဟောဝါ၏တစ်ပါးတည်းသောသားတော်သည်လည်း ဤကိစ္စ၌ ခမည်းတော်ကဲ့သို့ပြုတော်မူမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပေသည်။

သင်မည်သို့ဖြေမည်နည်း

▫ ခရစ်ယာန်ဘောင်မှလူအများသည် သားတော်ကိုမည်သို့မရိုမသေပြုကြသနည်း။

▫ လူသားဘဝမတိုင်မီက မိမိတည်ရှိခြင်းနှင့်ပတ်သက်၍ ယေရှုအဘယ်သက်သေခံချက် ပေးတော်မူခဲ့သနည်း။

▫ ယေရှုအားရိုသေဂုဏ်ပြုရန် အကြောင်းအချို့ကားအဘယ်နည်း။

▫ ယေရှုအားဂုဏ်ပြုနိုင်သည့် နည်းလမ်းအချို့ကားအဘယ်နည်း။

▫ ယေရှုခရစ်တော်အားရိုသေဂုဏ်ပြုရာမှ အဘယ်အကျိုးကျေးဇူးများရရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ