ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၄/၁ စာ. ၄-၈
  • သင်ထင်သည်ထက် နောက်ကျနေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ထင်သည်ထက် နောက်ကျနေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရာခပ်သိမ်းသည် “ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏”
  • “ကပ်ကမ္ဘာကုန်” ခြင်း နီးပြီ!
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ပြည့်စုံကြောင်း သင်တွေ့မြင်ခဲ့သည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်တစ်ခု
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ဘုရားသခင့်သတိပေးချက်ကို သင်ဂရုပြုမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၄/၁ စာ. ၄-၈

သင်ထင်သည်ထက် နောက်ကျနေသလော

အ သေခံတော်မမူမီ သုံးရက်အလိုတွင် ယေရှုသည်ယေရုရှလင်မြို့၌ ပိုမိုအလုပ်များသောနေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရသည်။ ယခုအသက်ရှင်နေကြသည့် ခရစ်ယာန်များအဖို့ ထိုနေ့သည် အထူးအရေးကြီးသောနေ့တစ်နေ့ဖြစ်ခဲ့သည်။ ဗိမာန်တော်တွင် ကိုယ်တော်သွန်သင်ဟောကြား၍ ကိုယ်တော်အား ထောင်ဖမ်းရန် ယုဒဘာသာရေးခေါင်းဆောင်များ ဉာဏ်ဆင်၍ထုတ်ခဲ့သည့် မလိမ့်တပတ်မေးခွန်းများစွာကို တုံ့ပြန်ဖြေဆိုတော်မူခဲ့၏။ နောက်ဆုံး၌ ကိုယ်တော်သည် ကျမ်းတတ်တို့နှင့် ဖာရိရှဲတို့ကိုရည်မှတ်လျက် သူတို့ကိုသီလကြောင်များ၊ ဂေဟင်္နာကိုလားမည့် မြွေပွေးများအဖြစ် ကင်ပွန်းတပ်ကာ မခံချိအောင်စွပ်စွဲရှုတ်ချတော်မူခဲ့သည်။—⁠မဿဲအခန်းကြီး ၂၂၊ ၂၃။

ဗိမာန်တော်နယ်မြေမှထွက်ခွာလာစဉ် တပည့်တော်တစ်ဦးက ကိုယ်တော်အား “အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကား” ဟုလျှောက်ဆို၏။ ယေရှုသည် ဘာမျှထူးခြားဟန်မပြဘဲ ထိုသူအား “ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာတစ်ခုမျှ မတည်မနေရ” ဟုမိန့်တော်မူ၏။ (မာကု ၁၃:၁၊ ၂) ထိုနောက် ယေရှုသည် နောက်ဆုံးအကြိမ်အဖြစ် ဗိမာန်တော်မှထွက်ခွာ၍ ကေဒြုန်ချိုင့်ဝှမ်းအတွင်းသို့ဆင်းလျက် ယင်းကိုဖြတ်ကျော်ကာ သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။

ချိုင့်ဝှမ်းတစ်ဖက်ရှိ မောရိတောင်ပေါ်မှ ဗိမာန်တော်ကို မျက်နှာပြုလျက် မွန်းလွဲပိုင်းနေရောင်အောက် သံလွင်တောင်ပေါ်တွင် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်အန္ဒြေတို့သည် အထံတော်သို့အခြားသူမပါဘဲချဉ်းကပ်ကြ၏။ ဗိမာန်တော်ဖြိုဖျက်ခံရမည့်အကြောင်းနှင့်ပတ်သက်၍ ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားများကြောင့် သူတို့စိတ်လေးနေကြသည်။ သူတို့က “ထိုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်ရောက်ရှိခြင်းနှင့် ဤအစီအစဉ်စနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟူ၍လျှောက်ကြ၏။ (မဿဲ ၂၄:⁠၃၊ NW ။ မာကု ၁၃:၃၊ ၄) သံလွင်တောင်ပေါ်၌ ထိုနေ့မွန်းလွဲပိုင်းတွင် သူတို့၏မေးခွန်းနှင့်ပတ်သက်၍ ကိုယ်တော်ပေးခဲ့သည့်အဖြေသည် ကျွန်ုပ်တို့အတွက် အထူးအရေးကြီးသည်။ ထိုအဖြေသည် ကျွန်ုပ်တို့အား “ဤအစီအစဉ်စနစ်၏ဆုံးခန်း” ခြင်းအကြောင်းစဉ်းစားရာ၌ ကြာရှည် စောင့်ဆိုင်းရခြင်းမှ ကာကွယ်ပေးနိုင်ပေသည်။

သူတို့၏မေးခွန်း၌ အပိုင်းနှစ်ပိုင်းပါဝင်သည်။ တစ်ပိုင်းမှာ ဗိမာန်တော်နှင့်ဂျူးစနစ်တို့၏အဆုံးနှင့်ပတ်သက်ပြီး ကျန်တစ်ပိုင်းမှာ ရှင်ဘုရင်အဖြစ် အနာဂတ်တွင်ယေရှုရောက်ရှိခြင်းနှင့် ဤအစီအစဉ်စနစ်၏ဆုံးခန်းတို့နှင့်ပတ်သက်သည်။ မဿဲ ၂၄ နှင့် ၂၅၊ မာကု ၁၃ နှင့် လုကာ ၂၁ ၌ယေရှုပေးတော်မူသည့်အဖြေတွင် အဆိုပါမေးခွန်းများကို တစ်ပေါင်းတည်းဖြေဆိုထားသည်။ (ဗျာဒိတ် ၆:၁-၈ လည်းရှု) လက်ရှိဤကပ်ကမ္ဘာသို့တည်းမဟုတ် အစီအစဉ်စနစ်၏ဆုံးခန်းနှင့်စပ်လျဉ်း၍ ကြန်အင်လက္ခဏာများစွာကို ယေရှုဖော်ပြတော်မူခဲ့သည်။ ယင်းလက္ခဏာများကို တစ်ပေါင်းတည်းစုစည်းလိုက်သော် နောက်ဆုံးသောနေ့ရက်များကို ကွဲပြားထင်ရှားစေသည့် ပေါင်းစပ်နိမိတ်ဖြစ်လာမည်။ အဆိုပါပေါင်းစပ်နိမိတ်ပြည့်စုံနေပြီလော။ ယင်းသည် ကျွန်ုပ်တို့အားသမ္မာကျမ်းစာ၌ဆိုထားသည့် နောက်ဆုံးသောနေ့ရက်များအတွင်းသို့ ရောက်ရှိသွားစေသလော။ ယင်း၏ပြည့်စုံမှုက ကျွန်ုပ်တို့ထင်သည်ထက် နောက်ကျကောင်းနောက်ကျမည်ဟု သတိပေးသလော။

ယေရှုပေးတော်မူသည့် ပေါင်းစပ်နိမိတ်မှ ကြန်အင်လက္ခဏာတစ်ရပ်မှာ “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်” ဖြစ်သည်။ (မဿဲ ၂၄:⁠၇) ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်စတင်ခဲ့သည်။ ထိုဆယ်စုနှစ်အတွင်းရှိ ယေဟောဝါသက်သေများသည် ရုတ်တရက်နိုးကြားလာကြသည်။ အဘယ်ကြောင့်နည်း။ ၃၅ နှစ်ခန့်ကြို၍ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကင်းမျှော်စင် မဂ္ဂဇင်းက သမ္မာကျမ်းစာခုနှစ်သက္ကရာဇ်စဉ်ကိုအခြေပြု၍ ၁၉၁၄ ခုနှစ်သည် လူ့သမိုင်းတွင် အချက်အချာကျသော နှစ်တစ်နှစ်ဖြစ်မည်အကြောင်းဆိုထားသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ချီ၍ ၂၈ နိုင်ငံတို့က ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲပြီး လူပေါင်း ၁၄ သန်းသေကျေခဲ့သည့် ဤစစ်ပွဲကြီးသည် ယေရှုမိန့်ကြားတော်မူခဲ့သည့် အဆုံးနှင့်ပတ်သက်သော ပေါင်းစပ်နိမိတ်ကိုပြည့်စုံစေသည့်အဖြစ်အပျက်များ၏ အစအဦးဖြစ်ခဲ့သလော။ နိမိတ်၏အခြားသော ကြန်အင်လက္ခဏာများလည်း လိုက်ပါလာမည်လော။

“ယေရှုခရစ်ဖော်ပြတော်မူသော ဗျာဒိတ်တော်” တွင်အလားတူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအကြောင်းကို ကြိုတင်ဟောပြောထားသည်။ ထိုတွင် မြင်းနီစီးသူက “ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်း” လိုက်၏။ (ဗျာဒိတ် ၁:⁠၁။ ၆:⁠၄) ၁၉၁၄ မှ ၁၉၁၈ ခုနှစ်အထိ ထိုအတိုင်းပင်မုချဖြစ်ပျက်ခဲ့သည်။ ပထမကမ္ဘာစစ်မှာ အစအဦးမျှသာဖြစ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်လိုက်ပါခဲ့သည်။ ထိုစစ်အတွင်းသို့ ငါးဆယ်ကိုးနိုင်ငံဆွဲသွင်းခံရပြီး လူပေါင်းသန်း ၅၀ မျှသေဆုံးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၄၅ နှစ်အတွင်း စစ်ပွဲ ၁၂၅ ပွဲမကဖြစ်ပွားခဲ့ပြီး လူပေါင်းသန်း ၂၀ ကျော်သေဆုံးခဲ့ရသည်။

နိမိတ်၏ကြန်အင်လက္ခဏာနောက်တစ်ရပ်မှာ “အစာခေါင်းပါးခြင်း . . . ဖြစ်လိမ့်မည်” ဖြစ်သည်။ (မဿဲ ၂၄:⁠၇) ပထမကမ္ဘာစစ်အတောအတွင်းနှင့် နောက်ပိုင်းကာလများတွင် ငတ်မွတ်ခေါင်းပါးခြင်း အနှံ့အပြားဖြစ်ပွားခဲ့သည်။ ၁၉၁၄ ခုနှစ်မှစ၍ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ၆၀ ကျော်ဖြစ်ပွား၍ လူ့အသက်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း သတင်းတစ်ရပ်၌ဖော်ပြထားသည်။ ထိုမျှမက ယခုလောလောဆယ်အချိန်၌ပင် အာဟာရချို့တဲ့မှုနှင့် ကာကွယ်၍ရသောရောဂါများကြောင့် ကလေးသူငယ် ၄၀,၀၀၀ နေ့စဉ်သေဆုံးနေရကြသည်။

“အရပ်ရပ်တို့၌ ကြီးစွာမြေလှုပ်ခြင်း။” (လုကာ ၂၁:၁၁) ပထမကမ္ဘာစစ်စတင်ပြီးနောက် ငလျင်တို့သည် ကမ္ဘာကိုတုန်ခါစေခဲ့ကြသည်။ ၁၉၁၅ ခုနှစ်တွင် အီတလီနိုင်ငံ၌ ငလျင်တစ်ခုက လူ့အသက်ပေါင်း ၃၂,၆၁၀ ခြွေယူခဲ့သည်။ ၁၉၂၀ ခုနှစ်တွင် တရုတ်ပြည်၌ ငလျင်နောက်တစ်ခုက လူပေါင်း ၂၀၀,၀၀၀ ကိုသေဆုံးစေခဲ့ပြန်သည်။ ၁၉၂၃ ခုနှစ်၌ ဂျပန်ပြည်တွင် ၉၉,၃၀၀ သေဆုံး၍ ၁၉၃၅ ခုနှစ် ယခုပါကစ္စတန်နိုင်ငံဟုခေါ်သောဒေသတွင် လူပေါင်း ၂၅,၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၃၉ ခုနှစ်တူရကီနိုင်ငံ၌ ၃၂,၇၀၀ သေကျေပျက်စီးပြီး ၁၉၇၀ ခုနှစ် ပီရူးနိုင်ငံ၌ ၆၆,၈၀၀ သေကျေခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်ပြည်၌ ၂၄၀,၀၀၀ (အချို့က ၈၀၀,၀၀၀ ဟုဆိုသည်) သေဆုံး၍ ၁၉၈၈ ခုနှစ်တွင် အမေးနီးယား၌ ၂၅,၀၀၀ အသက်ဆုံးရှုံးခဲ့ကြသည်။ ၁၉၁၄ ခုနှစ်မှစ၍ ငလျင်ကြီးများဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

“အရပ်ရပ်၌ . . . ကာလနာများပြားခြင်းဖြစ်လိမ့်မည်။” (လုကာ ၂၁:၁၁) ၁၉၁၈ နှင့် ၁၉၁၉ ခုနှစ်အတွင်း လူပေါင်း ၁,၀၀၀,၀၀၀,၀၀၀ ခန့်သည် စပိန်တုပ်ကွေးရောဂါကြောင့် ဖျားနာကြပြီး ၂၀,၀၀၀,၀၀၀ ကျော်သေဆုံးခဲ့ကြသည်။ သို့သော် အစမျှသာဖြစ်သည်။ ဖွံ့ဖြိုးဆဲကမ္ဘာတွင် ငှက်ဖျား၊ ခရုပက်ကျိရောဂါ၊ river blindness ခေါ်မျက်တွင်းတုတ်ကောင်ကြောင့် မျက်စိကွယ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ရောဂါနှင့် အခြားရောဂါများသည် သန်းပေါင်းများစွာသောလူတို့ကို ဆက်လက်၍ ကိုယ်လက်အင်္ဂါချို့တဲ့စေပြီး အသက်သေဆုံးနေစေသည်။ ၄င်းပြင်၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါတို့ကလည်း သန်းပေါင်းများစွာသောအသက်များကို ခြွေယူလျက်ရှိသည်။ လိင်ဆက်ဆံရာမှကူးစက်သောရောဂါများသည် လူသားများကို အကြီးအကျယ်ဒုက္ခပေးလျက်ရှိသည်။ ယနေ့ လူတို့ကိုထိတ်လန့်မှုဖြစ်စေသည့်အရာမှာ ကြောက်စရာကောင်းသည့် အေအိုင်ဒီအက်စ်ကပ်ရောဂါဖြစ်သည်။ တစ်မိနစ်လျှင် ရောဂါသည်တစ်ယောက်နှုန်းဖြင့် ကူးစက်နေသည်ဟု ခန့်မှန်းရသည်။ ကုသပျောက်ကင်းနိုင်သည့် အလားအလာမတွေ့ရသေးပေ။

“မတရားသောအမှုတို့သည် . . . များပြားလိမ့်မည်။” (မဿဲ ၂၄:၁၂) မတရားသောအမှုတို့သည် ၁၉၁၄ ခုနှစ်မှစ၍ ထိန်းမနိုင်သိမ်းမရဖြစ်လာရာ ယနေ့ဆိုလျှင် ပေါက်ကွဲသည့်အခြေအနေသို့ရောက်ရှိနေသည်။ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ရာဇဝတ်ဂိုဏ်းနှိမ်နင်းရေးစစ်ပွဲများတို့သည် သတင်းစာ၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့တွင် သတင်းထူးများအဖြစ် အသားပေးဖော်ပြခြင်းခံနေရသည်။ အကြောင်းမဲ့အဓမ္မပြုခြင်းမှာလည်း ပရမ်းပတာဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုတွင် သေနတ်သမားတစ်ယောက်သည် ကျောင်းသားကလေးလူအုပ်အတွင်းသို့ အပေါ့စားမောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် ကျည်ဆန်အတောင့်တစ်ရာ ပစ်သွင်းလိုက်ရာ ၅ ယောက်သေဆုံး၍ ၂၉ ယောက်ဒဏ်ရာရရှိသွားသည်။ အင်္ဂလန်နိုင်ငံ၌ စိတ်မနှံ့သူတစ်ဦးက အေကေ ၄၇ အပေါ့စားမောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် လူ ၁၆ ယောက်ကိုသတ်ဖြတ်ခဲ့သည်။ ကနေဒါနိုင်ငံတွင် အမျိုးသမီးများကိုမုန်းတီးသော အမျိုးသားတစ်ယောက်သည် မွန်ထရီယယ်တက္ကသိုလ်သို့သွားကာ အမျိုးသမီး ၁၄ ယောက်ကိုပစ်သတ်ခဲ့သည်။ ထိုသို့သောလူတို့သည် ထောင်ဖမ်း၍သတ်ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် ဝံပုလွေ၊ ခြင်္သေ့၊ အသိဉာဏ်ကင်းမဲ့သောသားရိုင်းတိရစ္ဆာန်များနှင့်တူသည်။ —⁠ယေဇကျေလ ၂၂:၂၇။ ဇေဖနိ ၃:⁠၃။ ၂ ပေတရု ၂:၁၂ နှင့်နှိုင်းယှဉ်။

“ဤလောကတွင် နောင်အဖြစ်အပျက်ကို မြော်မြင်ကြောက်ရွံ့၍ မူးမော်ကြလတံ့။” (လုကာ ၂၁:၂၆၊ သမ) ပထမအဏုမြူဗုံးပေါက်ကွဲပြီးနောက်မကြာမီ အဏုမြူသိပ္ပံပညာရှင် ယူရေး (Harold C. Urey) ကအနာဂတ်နှင့်ပတ်သက်၍ ဤသို့ဆို၏။ “ကျွန်ုပ်တို့ဟာ ကြောက်ကြောက်နဲ့စား၊ ကြောက်ကြောက်နဲ့အိပ်၊ ကြောက်ကြောက်နဲ့နေပြီး ကြောက်ကြောက်နဲ့ပဲသေရကြပါလိမ့်မယ်။” နျူကလီးယားစစ်ပွဲအတွက် ကြောက်ရွံ့ရခြင်းအပြင် ရာဇဝတ်မှု၊ ငတ်မွတ်ခေါင်းပါးခြင်း၊ စီးပွားရေးမတည်ငြိမ်ခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ မိသားစုပြိုကွဲခြင်း၊ ကမ္ဘာ့ညစ်ညမ်းခြင်းတို့အတွက်ပါ စိုးရိမ်နေရကြသည်။ စင်စစ်အားဖြင့် နေ့စဉ်သတင်းစာများနှင့် ရုပ်မြင်သံကြားသတင်းတို့အားဖြင့် ကျွန်ုပ်တို့ရှေ့တွင် ဟန်ရေးတပြင်ပြင်နှင့်ဖြတ်သန်းသွားနေသည့် ခေတ်ဆိုးခေတ်ကျပ်ကြီးကလည်း နေရာတိုင်း၌ကြောက်ရွံ့စိုးရိမ်ခြင်းကို ပျံ့နှံ့စေလျက်ရှိသည်။

ဤအစီအစဉ်စနစ်၏ နောက်ဆုံးသောနေ့ရက်များအတွင်း နှံ့ပြားနေမည့်အခြေအနေများအကြောင်းကို တမန်တော်ပေါလုလည်းရေးသားခဲ့သည်။ သူ့စာကိုဖတ်ရသည်မှာ နေ့စဉ်သတင်းကိုဖတ်နေရသည့်ပမာဖြစ်သည်။ ဤသို့ရေးသားခဲ့သည်။ “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား လူတို့သည် ကိုယ့်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစာခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်းခိုကိုငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။”—⁠၂ တိမောသေ ၃:၁-၅။

အရာခပ်သိမ်းသည် “ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏”

တမန်တော်ပေတရုက နောက်ဆုံးသောနေ့ရက်များ၏ ကြန်အင်လက္ခဏာ နောက်တစ်ရပ်ကို အောက်ပါအတိုင်း တင်ကူးဖော်ပြခဲ့သည်။ “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။”—⁠၂ ပေတရု ၃:၃၊ ၄။

ယနေ့၊ နောက်ဆုံးသောနေ့ရက်များအကြောင်းပြောဆိုကြသည့်အခါ လူအများက “အိုး၊ ဒီအရာတွေအားလုံးဟာ အရင်ကလည်းဖြစ်ခဲ့ဖူးတာပဲ။ ဒါကသမိုင်းတစ်ပတ်လည်တာလောက်ပါပဲ” ဟူ၍ပြောင်လှောင်ပြောဆိုကြခြင်းအားဖြင့် ပေတရု၏အနာဂတ္တိစကားများကို ပြည့်စုံစေကြသည်။ ဤသို့ဖြင့် သူတို့သည်သတိပေးချက်များကို အမှုမထားဘဲ “မိမိတို့၏တပ်မက်ခြင်းအတိုင်း” ဆက်၍ကျင့်နေကြသည်။ နောက်ဆုံးသောနေ့ရက်များကို ကွဲကွဲပြားပြားထင်ရှားစေသည့် ပရောဖက်ပြုချက်များ မျက်ဝါးထင်ထင်ပြည့်စုံနေသည်ကို သူတို့ ‘တမင်သက်သက်’ အရေးမစိုက်ဘဲနေကြသည်။—⁠၂ ပေတရု ၃:⁠၅။

သို့ပင်ငြားလည်း ယေရှုကြိုတင်ဟောပြောတော်မူခဲ့သည့် ပေါင်းစပ်နိမိတ်မှ ကြန်အင်လက္ခဏာအသီးသီးတို့သည် ဤမျှတိုတောင်းသည့်ကာလအတွင်း၌ ဤမျှအရှိန်အဟုန်ပြင်းထန်ပြီး ဤမျှတာသွားသည့်အကျိုးဆက်များနှင့် တစ်ကြိမ်တစ်ခါမျှပြည့်စုံခြင်းမရှိခဲ့ဘူးပေ။ (ဥပမာအဖြစ် မဿဲ ၂၄:၃-၁၂။ မာကု ၁၃:၃-၈။ လုကာ ၂၁:၁၀၊ ၁၁၊ ၂၅၊ ၂၆ တို့ကိုပြန်လည်သုံးသပ်ပါ။) ၄င်းပြင် ဗျာဒိတ်ကျမ်း၌ဖော်ပြထားသည့် နောက်ဆုံးသောနေ့ရက်များနှင့်ဆိုင်သည့် ကြန်အင်လက္ခဏာ နောက်တစ်ရပ်ကိုလည်း အထူးအာရုံပြုစေလိုပါသည်။

ဗျာဒိတ် ၁၁:၁၈ ကိုဖွင့်ကြည့်ကြပါစို့။ ထိုတွင် ဘုရားသခင့်နိုင်ငံတော်စတင်အုပ်စိုးသည့်အခါ တိုင်းနိုင်ငံတို့သည်အမျက်ထွက်မည်၊ တရားစီရင်ခြင်းအချိန်ရောက်လာမည်၊ ထိုနောက် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ထာဝရဘုရား [ယေဟောဝါ၊ NW] ဖျက်ဆီးတော်မူ” မည်အကြောင်းဆိုထားသည်။ ညစ်ညမ်းမှုက ပတ်ဝန်းကျင်ကို ယနေ့ဖျက်ဆီးလျက်ရှိသည်မဟုတ်လော။ လူတို့သည် မိမိတို့ကုံလုံကြွယ်ဝရေးအတွက် ကမ္ဘာ့သယံဇာတအရင်းအမြစ်များကို အစဉ်တစိုက်ထုတ်ယူသုံးစွဲခဲ့ကြသည်မှာမှန်သော်လည်း ထိုသို့ထုတ်ယူရာတွင် ကမ္ဘာကိုပျက်စီးစေလောက်သည့် အခြေအနေအထိ မည်သည့်အခါမျှမရောက်ရှိခဲ့ဘူးပေ။ ယခုအခါ၌၊ ၁၉၁၄ ခုနှစ်မှစ၍ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် သိပ္ပံနည်းပညာကြောင့် လူတို့သည် ထိုသို့လုပ်နိုင်သောအစွမ်း ရှိလာသည့်ပြင် ချမ်းသာကြွယ်ဝလာသော လောဘရမ္မက်ကြောင့် ကမ္ဘာကိုအမှန်ပင်ဖျက်ဆီးနေကြသည်၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်လုပ်နေကြသည်၊ သက်ရှိများကို ကမ္ဘာကထောက်ပံ့နေသည့်စွမ်းရည်ကိုပင် အန္တရာယ်ပြုလျက်ရှိကြသည်။

ဥစ္စာဓန တပ်မက်မောလွန်းသော ရုပ်ဝါဒဆန်သည့် လူ့အဖွဲ့အစည်းကြီးသည် ယခုအခါ ထိတ်လန့်ဖွယ်ကောင်းသောနှုန်းဖြင့် ထိုသို့ပြုလုပ်နေကြသည်။ အောက်ပါတို့မှာ ကြောက်ခမန်းလိလိဖြစ်သောရလဒ်အချို့ဖြစ်သည်။ အက်စစ်မိုး၊ ကမ္ဘာချီ၍ပူနွေးလာခြင်း၊ အိုဇုန်းအလွှာတွင် အပေါက်များဖြစ်ပေါ်ခြင်း၊ အမှိုက်သရိုက်ပုံကြီးများ၊ အဆိပ်အတောက်အမှိုက်ပုံများ၊ အန္တရာယ်ရှိသော ပေါင်းသတ်ဆေးများနှင့်ဖျက်ကောင်သတ်ဆေးများ၊ နျူကလီးယားစွန့်ပစ္စည်းများ၊ ရေနံယိုဖိတ်မှုများ၊ မိလ္လာကန်ကြီးများ၊ တိရစ္ဆာန်မျိုးပြုန်းသည့်အန္တရာယ်၊ သက်မဲ့ရေကန်များ၊ ညစ်ညမ်းသောမြေအောက်ရေ၊ ပြုန်းတီးနေသည့် သစ်တောများ၊ ညစ်ညမ်းသည့် မြေဆီလွှာများ၊ အပေါ်ယံမြေဆီလွှာဆုံးရှုံးမှု၊ သစ်ပင်နှင့်ကောက်ပဲသီးနှံသာမက လူသားတို့၏ကျန်းမာရေးကိုပါ ထိခိုက်နစ်နာစေသည့် မီးခိုးနှင့်လုံးနေသည့်နှင်းမြူတို့ဖြစ်သည်။

“ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းစေမှုကို ဤအတိုင်းဆက်၍လွှတ်ထားလျှင် ကမ္ဘာဂြိုဟ်ဟ်သည် လူသားများနေထိုင်၍မရသော ဂြိုဟ်ဟ်ဖြစ်လာမည်ကို ကျွန်ုပ်ယုံကြည်သည်။ . . . အခက်အခဲပြဿနာမှာ သိပ္ပံအသိပညာခေါင်းပါးခြင်းကြောင့်မဟုတ်ဘဲ လူတို့၏ဝိသမလောဘကြောင့်သာဖြစ်သည်” ဟုပါမောက္ခကွန်မနာ (Barry Commoner) ကဆိုသည်။ State of the World 1987 စာအုပ်စာမျက်နှာ ၅ တွင်ဤသို့ဆိုထားသည်။ “လူသားတို့၏လုပ်ကိုင်ဆောင်ရွက်မှု အတိုင်းအတာပမာဏသည် ကမ္ဘာကြီး၏တည်ရှိခြင်းကိုယ်နှိုက်ကို စတင်ခြိမ်းခြောက်လာလေပြီ။” အမေရိကန်ပြည်ထောင်စုတွင် ၁၉၉၀ ပြည့်နှစ်အတွင်း အများပြည်သူတို့ကြည့်ရှုရန် ရုပ်မြင်သံကြားမှလွှင့်ထုတ်ခဲ့သည့် အဓိကအခန်းဆက်တစ်ခုကို “ကမ္ဘာဂြိုဟ်ဟ်ကိုကယ်တင်ဖို့အမြန်ပြေးလော့” ဟူ၍အမည်ပေးထားသည်။

လူသားတို့သည် ဤညစ်ညမ်းမှုကို မည်သည့်အခါမျှ ရပ်တန့်စေမည်မဟုတ်ပေ။ မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသောအခါ၌ ညစ်ညမ်းခြင်းကိုရပ်တန့်အောင် ဘုရားသခင်ပြုတော်မူမည်။ ဘုရားသခင်နှင့်ကောင်းကင်စစ်သေနာပတိချုပ်ဖြစ်သော ခရစ်တော်ယေရှုတို့သည် နောက်ဆုံးစစ်ပွဲ အာမဂေဒုန်၌ ရုပ်ဝါဒနှင့်ဆိုင်သောတိုင်းနိုင်ငံများအပေါ် တရားစီရင်တော်မူခြင်းအားဖြင့် ထိုသို့ပြုတော်မူလတံ့။—⁠ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ၁၉:၁၁-၂၁။

နောက်ဆုံးအနေနှင့် နောက်ဆုံးသောနေ့ရက်များနှင့်ဆိုင်သော ယေရှု၏ပရောဖက်ပြုချက်မှ အောက်ပါထူးခြားထင်ရှားသည့် ကြန်အင်လက္ခဏာကိုသတိပြုပါ။ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံးနှံ့ ဟောရလိမ့်မည်။” (မဿဲ ၂၄:၁၄၊ NW) ဤသတင်းကောင်းအရ ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်ဘုံတွင် ယခုအုပ်ချုပ်လျက်ရှိကြောင်း၊ များမကြာမီ ဤဆိုးယုတ်သောစနစ်ကိုဖျက်ဆီး၍ ကမ္ဘာပေါ်တွင် ပရဒိသုပြန်လည်တည်ထောင်ပေးမည်ဖြစ်ကြောင်းသိရသည်။ သတင်းကောင်းကို ယခင်ကလည်းဟောခဲ့သော်လည်း လူနေရာမြေတစ်ပြင်လုံးမနှံ့ခဲ့ပေ။ သို့သော်လည်း ၁၉၁၄ ခုနှစ်မှစ၍ ယေဟောဝါသက်သေများသည် ယေရှုကြိုတင်မိန့်တော်မူသည့် နှိပ်စက်ညှဉ်းပန်းခြင်းတည်းဟူသော ပိတ်ပင်ခြင်း၊ အကြမ်းဖက်ရမ်းကားခြင်း၊ ထောင်ချခြင်း၊ ညှဉ်းဆဲခြင်းနှင့်သေခြင်းတို့ကိုမမှုဘဲ ဟောပြောခြင်းကိုလုပ်ဆောင်လာခဲ့ကြသည်။

၁၉၁၉ ခုနှစ်၌ ဤသတင်းကောင်းဟောပြောသည့် ယေဟောဝါသက်သေခံ ၄,၀၀၀ ရှိခဲ့သည်။ သူတို့၏အရေအတွက်သည် ဆက်လက်၍တိုးပွားလာခဲ့ရာ လွန်ခဲ့သောနှစ်၌ နိုင်ငံပေါင်း ၂၁၂ နိုင်ငံတွင် ၄,၀၀၀,၀၀၀ ကျော် ဟောပြောနေကြသည်။ ဘာသာစကား ၂၀၀ ခန့်ဖြင့် သမ္မာကျမ်းစာအုပ်၊ စာအုပ်ကြီးနှင့်မဂ္ဂဇင်း သန်းရာပေါင်းများစွာဝေငှ၍ လူတို့၏နေအိမ်များ၌ ကျမ်းစာသင်အံမှု သန်းပေါင်းများစွာပြုလုပ်သည့်အပြင် ကမ္ဘာ့ဒေသအားလုံး၌ အားကစားကွင်းကြီးများတွင် စည်းဝေးပွဲကြီးများကို ကျင်းပခဲ့ကြသည်။ ၁၉၁၄ ခုနှစ်မတိုင်မီက ဤမျှကြီးမားကျယ်ပြန့်စွာ သတင်းကောင်းဟောပြောခြင်းမျိုး မည်သည့်အခါမျှမရှိခဲ့ပေ။ ဤမျှအတိုင်းအတာအထိ ပေါက်မြောက်အောင်မြင်ရေးအတွက် ကျွန်ုပ်တို့ခေတ်၌သာရရှိနိုင်သည့် အမြန်နှုန်းမြင့်မားသောပုံနှိပ်စက်ကြီးများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ကွန်ပျူတာများ၊ ဖက်စ် (fax) စက်ယန္တရားမှစ၍ ကုန်တင်ကုန်ချနှင့်ဆက်သွယ်ရေးကိရိယာများ၏ ပံ့ပိုးကူညီမှုများကိုရယူခဲ့ရသည်။

ယေရမိလက်ထက်၌ ယေရုရှလင်မြို့ပျက်စီးမည့်အကြောင်းကို သတိပေးခဲ့သည်။ မြို့သားများက သရော်ကြသည်။ သို့သော် သူတို့ထင်သည်ထက် နောက်ကျပြီးမှဖြစ်ပျက်ခဲ့သည်။ ယနေ့အာမဂေဒုန်ဖျက်ဆီးခြင်းနှင့်ဆိုင်သော သာ၍ကြီးမားသည့်သတိပေးချက်ကို သက်သေအထောက်အထားအများအပြားနှင့်အတူ သတိပေးလျက်ရှိသည်။ (ဗျာဒိတ် ၁၄:၆၊ ၇၊ ၁၇-၂၀) သန်းပေါင်းများစွာသောသူတို့က ကျွဲပါးစောင်းတီးသလိုသဘောထားကြသည်။ သို့သော် အချိန်တစ်စတစ်စကုန်လွန်လျက်ရှိနေသည်။ သူတို့ထင်သည်ထက် နောက်ကျနေသည်။ သင်ထင်သည်ထက်ကော နောက်ကျနေပါသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ