ယေရှု၏ ဘဝနှင့် ဓမ္မအမှု
နောက်ဆုံးကိုယ်ယောင်ထင်ရှားပြခြင်းနှင့် ပင်တေကုတ္တေ ၃၃ စီအီး
တစ်နေရာတွင် ယေရှုသည်မိမိ၏တမန်တော် ၁၁ ပါးစလုံး ဂါလိလဲရှိတောင်တစ်ခုတွင် ကိုယ်တော်အားတွေ့ဆုံရန် အစီအစဉ်များပြုလုပ်ခဲ့သည်။ အခြားတပည့်တော်များကိုလည်း တွေ့ဆုံမှုအကြောင်းပြောပြပုံရပြီးလူ ၅၀၀ ကျော်စုရုံးလေသည်။ ယေရှုပေါ်လာပြီး သူတို့အားစတင်သွန်သင်သောအခါ မည်မျှပျော်ရွှင်ဖွယ် စည်းဝေးပွဲကြီးပါတကား။
အခြားအကြောင်းများနှင့်အတူ၊ ယေရှုကလူအုပ်ကြီးအား ဘုရားရှင်သည်မိမိအား ကောင်းကင်နှင့်မြေကြီးတွင် ရှိသမျှအာဏာကို ပေးအပ်ပြီးကြောင်း ရှင်းပြလေသည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့” ဟုကိုယ်တော် တိုက်တွန်းခဲ့သည်။
စဉ်းစားကြည့်ပါ။ ယောက်ျား၊ မိန်းမနှင့်ကလေးအားလုံးသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ရန်ဤတူညီသောတာဝန်ကို ရရှိကြသည်။ ဆန့်ကျင်သူများသည် သူတို့၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းကို ရပ်တန့်စေရန်ကြိုးစားကြမည်။ သို့သော်ယေရှုက သူတို့အား “ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဟုအားပေးသည်။ ယေရှုသည် မိမိ၏နောက်လိုက်များနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အတူရှိလေသည်။ သူတို့အားသူတို့၏ အမှုဆောင်ခြင်းတွင် ထောက်ကူပေးရန်ဖြစ်သည်။
ယေရှုသည်ထမြောက်ပြီးနောက် မိမိ၏တပည့်များအား မိမိအသက်ရှင်ကြောင်း စုစုပေါင်းရက် ၄၀ ပြသခဲ့သည်။ ဤသို့သောကိုယ်ယောင်ထင်ရှားမှုတွင် ကိုယ်တော်ကသူတို့အား ဘုရားနိုင်ငံတော်အကြောင်း ညွှန်ကြားခဲ့ပြီး၊ ကိုယ်တော်၏တပည့်များအနေနှင့် သူတို့တာဝန်ဘာဖြစ်သည်ကို အလေးပေးမိန့်ဆိုခဲ့သည်။ တစ်နေရာတွင် ကိုယ်တော်သည်မိမိ၏မိတူဖကွဲညီယာကုပ်အား ကိုယ်ယောင်ထင်ရှားပြပြီး၊ တစ်ခါကဤမယုံကြည်သူအားမိမိသည်အမှန်ပင် ခရစ်တော်ဖြစ်ကြောင်း စိတ်ချစေခဲ့သည်။
တမန်တော်များသည် ဂါလိလဲတွင်ရှိစဉ် ယေရှုကသူတို့အား ယေရုရှလင်သို့ပြန်ရန် ညွှန်ကြားကြောင်းထင်ရှားသည်။ ထိုတွင်သူတို့နှင့်တွေ့ဆုံစဉ် သူတို့အားကိုယ်တော် မိန့်ဆိုခဲ့သည်။ “ယေရုရှလင်မြို့မှ မထွက်မသွားဘဲ ခမည်းတော်၏ကတိတော်ကိုငံ့နေမည်အကြောင်း. . . ငါဟောပြောသောစကားကို သင်တို့သည်ကြားသိရကြပြီ။ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည်မကြာမမြင့်မီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်။”
နောက်ပိုင်းတွင်ယေရှုသည် မိမိ၏တပည့်တော်များနှင့် တစ်ဖန်တွေ့ဆုံပြီး၊ မြို့တွင်းမှခေါ်ထုတ်သွားကာ၊ သံလွင်တောင်အရှေ့ဘက်ဆင်ခြေလျောရှိ ဗေသနိရွာအထိခေါ်ဆောင်သွားသည်။ အံ့သြဖွယ်ကား၊ ကိုယ်တော်သည်မကြာမီ ကောင်းကင်သို့တက်ကြွတော့မည့်အကြောင်း အကုန်အစင်ပြောပြီးသော်လည်း ကိုယ်တော်၏နိုင်ငံတော်သည် မြေကြီးပေါ်တွင်တည်ထောင်မည်ဟု သူတို့ယုံကြည်ဆဲဖြစ်သည်။ ထို့ကြောင့်သူတို့က “သခင်. . .ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော” မေးကြ၏။
သူတို့၏တလွဲနားလည်မှုကို ပြုပြင်မည့်အစား ယေရှုက “ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ” ဟုသာဖြေကြားခဲ့သည်။ ထို့နောက်၊ သူတို့လုပ်ရမည့်အလုပ်ကို တစ်ဖန်အလေးအနက်ဆိုပြန်သည်။ “သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည်တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။”
သူတို့ကြည့်ရှုစဉ်၊ ယေရှုသည်ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည်ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။ မိမိ၏သွေးသားခန္ဓာကို ပြောင်းလဲကာ နာမ်ဝိညာဉ်အဖြစ် ကိုယ်တော်သည်ကောင်းကင်သို့ ကြွတော်မူ၏။ ၁၁ ဦးသည်ကောင်းကင်သို့ ကြည့်မျှော်နေစဉ် ဖြူစင်သောအဝတ်နှင့်လူနှစ်ယောက်သည် သူတို့အနားတွင်ပေါ်လာသည်။ ဤလူ့ခန္ဓာပြောင်းထားသော ကောင်းကင်တမန်များက “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည့်နည်းတူ တစ်ဖန်ကြွလာတော်မူလတံ့။”
ယေရှုမြေကြီးမှ ထွက်ခွာစဉ် လူထုပြပွဲကြီးနှင့်မဟုတ်ဘဲ ကိုယ်တော်၏သစ္စာရှိနောက်လိုက်များသာ ကြည့်ရှုနေစဉ်ဖြစ်သည်။ ထိုသို့အလားတူပင်၊ ကိုယ်တော်ပြန်ကြွလာမည်။ လူထုပြပွဲနှင့်မဟုတ်ဘဲ ကိုယ်တော်သည်ပြန်ကြွလာ၍ ဘုရားသခင့်နိုင်ငံတော်တန်ခိုးနှင့် မိမိ၏ရောက်ရှိခြင်း အစပြုပြီဖြစ်ကြောင်း ကိုယ်တော်၏သစ္စာရှိနောက်လိုက်များသာ ပိုင်းခြားသိမြင်မည်။
ယခုတွင်တမန်တော်များသည် သံလွင်တောင်မှဆင်းကာ၊ ကေဒြုန်ချိုင့်ကိုဖြတ်လျက် ယေရုရှလင်သို့ တစ်ဖန်ဝင်ကြ၏။ သူတို့သည် ယေရှု၏အမိန့်ကိုနာခံလျက် ထိုတွင်ရှိနေကြသည်။ ဆယ်ရက်ကြာပြီးနောက်၊ ၃၃ စီအီး ဂျူးပွဲတော် ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်ရှိအိမ်အထက်ခန်းတွင်တပည့်တော် ၁၂၀ စုဝေးစဉ် လေပြင်းကဲ့သို့အသံသည် တစ်ခဏခြင်းတွင် အိမ်တစ်ခုလုံးကို ဖြည့်လေ၏။ မီးကဲ့သို့သောလျှာများ ပေါ်လာပြီး၊ ရောက်ရှိနေသူတိုင်းအပေါ်၌ တည်နေကာ တပည့်တော်အားလုံးသည် သီးခြားဘာသာစကားဖြင့် စတင်ပြောဆိုကြ၏။ ယင်းသည်ယေရှုကတိပြုခဲ့သော သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းပါတကား။ မဿဲ ၂၈:၁၆–၂၀။ လုကာ ၂၄:၄၉–၅၂။ ၁ ကောရိန္သု ၁၅:၅–၇။ တမန်တော် ၁:၃–၁၅၊ ၂:၁–၄။
◆ ယေရှုသည် ဂါလိလဲရှိတောင်တွင် မည်သူတို့အား ခွဲခွါခါနီးသွန်သင်ချက်ပေးခဲ့သနည်း။ ယင်းသွန်သင်ချက်များကား အဘယ်နည်း။
◆ ယေရှုသည်မိမိ၏နောက်လိုက်များအား မည်သည့်နှစ်သိမ့်မှုပေးခဲ့ပြီး၊ ကိုယ်တော်သည်သူတို့နှင့်မည်သို့အတူရှိမည်နည်း။
◆ ယေရှုသည်ထမြောက်ပြီးနောက် မည်မျှကြာကြာမိမိ၏တပည့်တော်များအား ကိုယ်ယောင်ထင်ရှားပြသနည်း။ သူတို့အားဘာသွန်သင်ပေးသနည်း။
◆ တပည့်တော်မဖြစ်သေးသောမည်သူအား ယေရှုကိုယ်ယောင်ထင်ရှားပြခဲ့သနည်း။
◆ ယေရှုသည်မိမိနောက်လိုက်များအား မည်သည့်နောက်ဆုံးစုဝေးမှုနှစ်ခုပြုခဲ့သနည်း။ ထိုချိန်ခါတွင် ဘာဖြစ်ပျက်ခဲ့သနည်း။
◆ ယေရှုသည်မိမိ ထွက်ခွာသွားသည့်အတိုင်း မည်သို့ပြန်လာမည်နည်း။
◆ ၃၃ စီအီးပင်တေကုတ္တေပွဲနေ့တွင် ဘာဖြစ်သနည်း။