စိတ်ရှည်ခြင်းစံပြများကို ဆင်ခြင်သုံးသပ်ခြင်း
“ဘုရားသခင်သည် . . . ပျက်စီးခြင်းအဖို့ပြင်ဆင်သောအမျက်ခံရာအိုးများကို အလွန်ရှည်သောစိတ်နှင့် သည်းခံတော်မူသည်။”—ရောမ ၉:၂၂၊ သမ္မ။
၁။ (က) ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့အကျိုးကိုမည်သို့ဆောင်ရွက်သနည်း။ (ခ) ယင်းနှင့်ပတ်သက်၍ ဤတွင်စိတ်ရှည်ခြင်းအရည်အချင်းကို အဘယ်ကြောင့်သုံးသပ်ခြင်းဖြစ်သနည်း။
ကျွန်ုပ်တို့၏ဖန်ဆင်းတော်မူရှင် ယေဟောဝါဘုရားသခင်သည် မိမိ၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်တည်းဟူသော သမ္မာကျမ်းစာတော်ကို ကျွန်ုပ်တို့အားပေးတော်မူ၏။ ‘ကျွန်ုပ်တို့၏ခြေရှေ့မှာမီးခွက်ကဲ့သို့ လမ်းခရီးမှာအလင်းကဲ့သို့’ ထွန်းလင်းရန်အတွက်ဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၅) ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ‘ကျွန်ုပ်တို့အား ကောင်းမှုအမျိုးမျိုးအသင့်ပြင်ဆင်’ ထားရန်အတွက်အထောက်အကူပေးသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ကျွန်ုပ်တို့အားအသင့်ပြင်ဆင်ပေးသည့်နည်းမှာ စိတ်ရှည်ခြင်းစံပြကောင်းများအကြောင်း ဖော်ပြပေးခြင်းအားဖြင့်ဖြစ်သည်။ ဤအရည်အချင်းသည် ဘုရားသခင့်ဝိညာဉ်တော်အသီးတစ်လုံးဖြစ်ပြီး ကိုယ်တော့်စိတ်တော်တွေ့အောင်ကြိုးစားရာတွင်လည်းကောင်း၊ လူလူချင်းစည်းလုံးညီညွတ်စွာနေထိုင်ရာတွင်လည်းကောင်း မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃။
၂။ “စိတ်ရှည်ခြင်း” ဟူ၍ပြန်ဆိုသည့်ဂရိစာလုံး၏အဓိပ္ပာယ်ကားအဘယ်နည်း။ ဤအရည်အချင်းတင်ပြရာတွင် မည်သူသည် ထိပ်ဆုံးမှပါဝင်သနည်း။
၂ “စိတ်ရှည်ခြင်း” ဟူ၍ဘာသာပြန်ဆိုသည့်ဂရိစာလုံးမှာ စာသားအတိုင်းဆိုလျှင် “စိတ်ဓာတ်ရှည်ခြင်း” အဓိပ္ပာယ်ရသည်။ စိတ်ရှည်ခြင်းကို “အမျက်နှိုးဆော်ခြင်းခံရချိန်တွင် စိတ်လိုက်မာန်ပါလက်တုံ့ပြန်ခြင်း၊ အလျင်စလိုအပြစ်ဒဏ်ပေးခြင်းမပြုဘဲ ကိုယ့်ကိုယ်ကိုချုပ်တည်းနေသည့်အရည်အချင်း” အဖြစ်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ (Vine’s Expository Dictionary of Old and New Testament Words by W. E. Vine၊ အတွဲ ၃၊ စာမျက်နှာ ၁၂) စိတ်ရှည်ခြင်းဆိုသည်မှာ စိတ်ချုပ်တည်းခြင်းနှင့်အမျက်ထွက်နှေးခြင်းအဓိပ္ပာယ်ရသည်။ စိတ်ရှည်၍အမျက်ထွက်နှေးသူတို့တွင် ထိပ်ဆုံးမှမည်သူပါဝင်သနည်း။ ယေဟောဝါဘုရားသခင်အပြင် မည်သူမျှမရှိ။ ထို့ကြောင့် ထွက်မြောက်ရာ ၃၄:၆ တွင်ယေဟောဝါသည် “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း [အမျက်ထွက်နှေးခြင်း၊ NW ] ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူထသော” ဘုရားသခင်ဖြစ်ကြောင်းဖတ်ရသည်။ စင်စစ်ဆိုလျှင် ကျမ်းစာ၌ယေဟောဝါသည် “အမျက်ထွက်နှေး” ကြောင်း နောက်ထပ်ရှစ်နေရာတွင်ဖော်ပြထားသည်။—တောလည်ရာ ၁၄:၁၈။ နေဟမိ ၉:၁၇။ ဆာလံ ၈၆:၁၅။ ၁၀၃:၈။ ၁၄၅:၈။ ယောလ ၂:၁၃။ ယောန ၄:၂။ နာဟုံ ၁:၃၊ NW။
၃။ ယေဟောဝါစိတ်ရှည်တော်မူခြင်းမှာ အဘယ်ဂုဏ်ရည်တော်များကြောင့်ဖြစ်သနည်း။
၃ စိတ်ရှည်ခြင်းသို့မဟုတ် အမျက်ထွက်နှေးခြင်းဆိုသည်မှာ ယေဟောဝါဘုရားသခင်ထံတော်မှ ကျွန်ုပ်တို့မျှော်လင့်နိုင်သောအရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည်တန်ခိုးတော်နှင့် ဉာဏ်တော်အနန္တနှင့်ပြည့်စုံ၍ အကြွင်းမဲ့တရားမျှတတော်မူသည့်ပြင် မေတ္တာတော်၏ပကတိပြယုဂ်လည်းဖြစ်တော်မူသောကြောင့်တည်း။ (တရားဟောရာ ၃၂:၄။ ယောဘ ၁၂:၁၃။ ဟေရှာယ ၄၀:၂၆။ ၁ ယောဟန် ၄:၈) ကိုယ်တော်သည်မိမိ၏ဂုဏ်ရည်တော်များကို အခါခပ်သိမ်းတသမတ်တည်း အကြွင်းမဲ့ဖြစ်နေစေရန် ထိန်းသိမ်းထားတော်မူ၏။ မစုံလင်သောလူသားများအပေါ် ကိုယ်တော်အဘယ်ကြောင့်နှင့် အဘယ်သို့စိတ်ရှည်ခြင်းပြသတော်မူခဲ့ကြောင်းနှင့်စပ်လျဉ်း၍ ကိုယ်တော့်နှုတ်ကပါဌ်တော်က မည်သည့်အရာများဖေါ်ပြထားသနည်း။
နာမတော်ကိုထောက်၍ စိတ်ရှည်တော်မူခြင်း
၄။ အဘယ်ကောင်းမြတ်သောအကြောင်းရင်းများကြောင့် အပြစ်သားများအပေါ် ဘုရားသခင်စိတ်ရှည်တော်မူခြင်းဖြစ်သနည်း။
၄ ယေဟောဝါအဘယ်ကြောင့် စိတ်ရှည်တော်မူသနည်း။ အပြစ်သားများကို အဘယ်ကြောင့်ချက်ချင်းအပြစ်ပေးတော်မမူသနည်း။ စိတ်မဝင်စားသောကြောင့်မဟုတ်ပါ။ ဖြောင့်မတ်ခြင်းတရားအတွက် စိတ်ဇောထက်သန်မှုမရှိသောကြောင့်လည်းမဟုတ်ပါ။ ကောင်းမြတ်သောအကြောင်းများစွာရှိ၍ ယေဟောဝါအမျက်တော်ထွက်ရန်နှေးကွေးနေခြင်း၊ လူတို့ကိုအလျင်စလိုအပြစ်ဒဏ်ပေးတော်မမူဘဲနေခြင်းဖြစ်သည်။ အကြောင်းတစ်ခုမှာ ကိုယ်တော့်နာမတော်ကျော်ကြားစေရန်အတွက်ဖြစ်သည်။ အခြားအကြောင်းတစ်ခုမှာ ဧဒင်ဥယျာဉ်၌ပုန်ကန်မှုကြောင့် ပေါ်ပေါက်ခဲ့သည့်ပြဿနာများဖြစ်သော ဘုရားသခင့်အချုပ်အခြာအာဏာတော်နှင့် လူသားတို့၏သမာဓိသစ္စာနှင့်ပတ်သက်သော ပြဿနာများကိုဖြေရှင်းရန်အတွက် အချိန်လိုအပ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်စိတ်ရှည်တော်မူသည့်နောက်ထပ်အကြောင်းတစ်ခုမှာ ပြစ်မှားသူတို့အား မိမိတို့၏လမ်းစဉ်ကို ပြုပြင်ရန်အခွင့်အရေးပေးရန်ပင်ဖြစ်သည်။
၅၊ ၆။ လူ့ပုန်ကန်မှုနှင့်စပ်လျဉ်း၍ ယေဟောဝါအဘယ်ကြောင့်စိတ်ရှည်ခြင်းပြသတော်မူခဲ့သနည်း။
၅ ယေဟောဝါသည်ဧဒင်ဥယျာဉ်တွင် ကနဦးလူသားမောင်နှံတို့နှင့်ဆက်ဆံရာတွင် စိတ်ရှည်တော်မူခဲ့၏။ ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကိုမစားရ ဟူသောဘုရားသခင့်ပညတ်တော်ကို သူတို့ချိုးဖောက်ခဲ့ချိန်၌ သူတို့နှင့်တကွဧဝအားလှည့်ဖြားခဲ့သည့် ဖောက်ပြန်သည့်ကောင်းကင်တမန်တို့ကို ကိုယ်တော်ချက်ချင်းအဆုံးစီရင်ပစ်နိုင်သည်။ ယေဟောဝါ၏ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းသဘောသည် အလွန်အမင်းစော်ကားခံရသဖြင့် ထိုသူပုန်သုံးဦးအပေါ် အမျက်တော်စူးရှတော်မူခဲ့သည်မှာ သံသယရှင်းပါသည်။ သူတို့ကိုချက်ချင်းအဆုံးစီရင်ခဲ့လျှင်ပင် အကြွင်းမဲ့မှန်ကန်ပါသည်။ “ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင်အမှန်သေရမည်” ဟုပထမလူအာဒံကို ဘုရားသခင်သတိပေးခဲ့ပြီးဖြစ်သည်။ (ကမ္ဘဦး ၂:၁၇၊ သမ္မ) အာဒံပြစ်မှားသည့်နေ့၌ပင် ဘုရားသခင်သည် အပြစ်ကျူးလွန်သူတို့ကို စစ်ကြော၍သေဒဏ်စီရင်ချက်ချမှတ်တော်မူသည်။ တရားဥပဒေအရ အာဒံနှင့်ဧဝတို့သည် ထိုနေ့၌ပင်သေဆုံးသည်။ သို့သော်စိတ်ရှည်တော်မူသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အာဒံအားနှစ်ပေါင်း ၉၃၀ ဆက်လက်အသက်ရှင်စေတော်မူ၏။—ကမ္ဘာဦး ၅:၅။
၆ ဤကိစ္စတွင် ဘုရားသခင်အနေဖြင့်စိတ်ရှည်ရန်၊ အမျက်ထွက်နှေးရန်အတွက် ကောင်းမြတ်သောအကြောင်းရှိသည်။ ထိုသူပုန်တို့ကို ချက်ချင်းသာသုတ်သင်ပစ်ခဲ့ပါက ယေဟောဝါဘုရားသခင်သည် ကိုးကွယ်ခြင်းမခံထိုက်ကြောင်း၊ မည်သို့သောအခြေအနေ၌မဆို ကိုယ်တော်အပေါ်အစဉ်သစ္စာစောင့်သိမည့် လူသားအစေခံများရှိနိုင်မည်မဟုတ်ကြောင်း မာရ်နတ်မသိမသာကဲ့ရဲ့ပြစ်တင်ထားသည့် အချက်အတွက်ဖြေရှင်းချက်ရရှိနိုင်မည်မဟုတ်ပေ။ ထိုမျှမက၊ အောက်ပါကဲ့သို့သော မေးခွန်းများသည်လည်း အဖြေမရဘဲကျန်နေပေမည်။ အာဒံနှင့်ဧဝအပြစ်ကျူးလွန်ခြင်းသည် မည်သူ့အပြစ်နည်း။ ယေဟောဝါသည်ရှေးဦးစွာသူတို့ကို စာရိတ္တမဏ္ဍိုင်ချိနဲ့စွာဖန်ဆင်းခဲ့သဖြင့် သူတို့သည်သွေးဆောင်မှုကို မတွန်းလှန်နိုင်ဘဲဖြစ်သည့်အခါ ကိုယ်တော်ကဤသို့ဖြစ်ရကောင်းလားဟူ၍ သူတို့ကိုအပြစ်ဒဏ်ပေးခဲ့ခြင်းလော။ ယောဘဝတ္တုအခန်းကြီး ၁ နှင့်၂ မှတ်တမ်းမှ ဤအချက်အားလုံးကို အထင်အရှားတွေ့ရသည်။ လူသားမျိုးနွယ်ကို ဆက်လက်တိုးပွားစေခြင်းအားဖြင့် ယေဟောဝါသည်စာတန်၏စွပ်စွဲချက်များအခြေအမြစ်မရှိကြောင်းသက်သေပြရန် လူသားတို့အားအခွင့်အရေးပေးတော်မူ၏။
၇။ ဖာရောမင်းကိုတစ်ခါတည်း ယေဟောဝါအဘယ်ကြောင့်သေဒဏ်စီရင်ခြင်းမပြုခဲ့သနည်း။
၇ မိမိလူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးကို အီဂျစ်လူမျိုး၏အချုပ်အနှောင်မှလွတ်မြောက်ရန် ကယ်နှုတ်တော်မူခါနီးအချိန်၌ ယေဟောဝါသည်စိတ်ရှည်တော်မူကြောင်း ထပ်မံပြသတော်မူခဲ့သည်။ ဖာရောမင်းနှင့်တကွ သူ၏စစ်သည်ဗိုလ်ခြေတို့ကို ယေဟောဝါတစ်ခါတည်း ဖျက်ဆီးပစ်လိုက်နိုင်သည်။ သို့သော်ထိုသို့ပြုတော်မမူဘဲ သူတို့ကိုအတန်ကြာသည်းခံတော်မူ၏။ အဘယ်ကောင်းမြတ်သောအကြောင်းများကြောင့်နည်း။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဖာရောမင်းသည် ဣသရေလလူမျိုးအား ယေဟောဝါ၏လွတ်လပ်သောလူမျိုးအဖြစ် အီဂျစ်ပြည်မှထွက်ခွာခွင့်မပေးဘဲ ငြင်းဆန်ရာတွင် ပို၍ခေါင်းမာလာသည်။ ဤသို့ဖြင့်သူသည် ယေဟောဝါကိုအန်တုသည့်အတွက် ဖျက်ဆီးခံထိုက်သော ‘အမျက်ခံရာအိုး’ ဖြစ်ကြောင်းပြသလိုက်သည်။ (ရောမ ၉:၁၄-၂၄) သို့သော်ဤကိစ္စ၌ ဘုရားသခင်စိတ်ရှည်တော်မူသည့် သာ၍အရေးပါသောအကြောင်းတစ်ခုရှိသည်။ မောရှေမှတစ်ဆင့်ဖာရောမင်းအားအောက်ပါအတိုင်း ကိုယ်တော်မိန့်တော်မူခဲ့သည်။ “သင့်အားငါ့တန်ခိုးကိုပြခြင်းငှာလည်းကောင်း၊ ငါ့နာမကိုမြေတစ်ပြင်လုံးအနှံ့ကြေညာခြင်းကိုလည်းကောင်း သင့်ကိုတည်နေခွင့်ငါပေးခဲ့ပြီ။ သို့မဟုတ်လျှင်၊ လက်တော်ကိုဆန့်၍ သင်နှင့်ပြည်သူပြည်သားတို့ပါသင့်စေသောကပ်ဘေး မြေကြီးပေါ်မှကွယ်ပျောက်စေခဲ့ပြီ။”—ထွက်မြောက်ရာ ၉:၁၅၊ ၁၆၊ သမ။
၈။ တောကန္တာရအတွင်း၌ ပုန်ကန်သောဣသရေလလူမျိုးကို ဘုရားသခင်အဘယ်အကြောင်းကြောင့် သေဒဏ်မစီရင်ခဲ့သနည်း။
၈ ဣသရေလလူမျိုး တောကန္တာရအတွင်းရောက်နေစဉ်၌လည်းယေဟောဝါသည် ကောင်းမြတ်သောအကြောင်းများကြောင့် စိတ်ရှည်ခြင်းကိုပြသတော်မူခဲ့သည်။ သူတို့သည်ရွှေနွားရုပ်ကိုကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း၊ သူလျှိုဆယ်ယောက်မကောင်းသောသတင်းဖြင့် ပြန်လာကြသောအခါ၌ ယုံကြည်ခြင်းဆက်၍မပြဘဲနေခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်၏ခန္တီတော်ကိုအဘယ်မျှလောက် စုံစမ်းခဲ့ကြသည်တကား။ ဘုရားသခင်သည်မိမိနာမတော်နှင့် ဂုဏ်အသရေတော်ပတ်သက်နေသောကြောင့် သူတို့ကိုမိမိလူမျိုးတော်အဖြစ်မှ ပယ်ရှားတော်မမူခဲ့ချေ။ မှန်ပေသည်၊ ယေဟောဝါသည် မိမိ၏နာမတော်ကိုထောက်၍ စိတ်ရှည်ခြင်းကိုပြသတော်မူခဲ့သည်။—ထွက်မြောက်ရာ ၃၂:၁၀-၁၄။ တောလည်ရာ ၁၄:၁၁-၂၀။
လူသားတို့၏အကျိုးကိုထောက်၍ စိတ်ရှည်တော်မူခြင်း
၉။ နောဧလက်ထက်၌ ယေဟောဝါအဘယ်ကြောင့်စိတ်ရှည်ခြင်းပြသတော်မူခဲ့သနည်း။
၉ အာဒံ၏နောင်လာနောက်သားများ၏အကျိုးကို အာဒံအပြစ်ပြုလုပ်ခြင်းဖြင့် နစ်နာခဲ့သည့်အချိန်မှစ၍ ယေဟောဝါသည်လူသားများ၏အကျိုးကိုထောက်၍ တစ်လျှောက်လုံးစိတ်ရှည်တော်မူလာခဲ့သည်။ ဘုရားသခင်၏စိတ်ရှည်တော်မူခြင်းကြောင့် ထိုနစ်နာမှုပြန်၍ကောင်းလာနိုင်သည့်ပြင် နောင်တတရားရသောလူသားများကို ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ရန် အချိန်ရရှိစေသည်။ (ရောမ ၅:၈-၁၀) နောဧလက်ထက်မှလူသားများအပေါ်၌လည်း ယေဟောဝါဘုရားသခင်စိတ်ရှည်တော်မူခဲ့သည်။ ထိုခေတ်၌ “မြေကြီးပေါ်မှာလူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို [ယေဟောဝါ] မြင်တော်မူ” ၏။ (ကမ္ဘာဦး ၆:၅) ထိုအခြေအနေကိုဘုရားသခင်တွေ့လျှင်တွေ့ခြင်း လူသားမျိုးနွယ်တစ်ရပ်လုံးကို ပယ်ရှင်းပစ်နိုင်ခဲ့သော်ငြားလည်း ထိုအခြေအနေကိုနှစ်ပေါင်း ၁၂၀ အတွင်းအဆုံးသတ်ပစ်မည့်အကြောင်း ကိုယ်တော်အမိန့်တော်ချမှတ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၃) ဤသို့စိတ်ရှည်တော်မူခြင်းကြောင့် နောဧအဖို့သားသုံးယောက်ရရှိရန်အတွက်လည်းကောင်း၊ ထိုသားသုံးယောက်ကြီးပြင်း၍ အိမ်ထောင်ပြုရန်အတွက်လည်းကောင်း၊ ထိုမိသားစုဝင်တို့၏အသက်ကိုကယ်တင်ရန်နှင့် တိရစ္ဆာန်များမပျက်ပြုန်းစေရန် သင်္ဘောဆောက်ရန်အတွက်လည်းကောင်း အချိန်ရရှိခဲ့ကြသည်။ ဤနည်းအားဖြင့် မြေကြီးနှင့်ပတ်သက်သော ဘုရားသခင်မူလရည်ရွယ်ချက်အကောင်အထည်ပေါ်လာရန် အခွင့်အလမ်းရှိလာသည်။
၁၀၊ ၁၁။ ဣသရေလလူမျိုးအပေါ် ယေဟောဝါအဘယ်ကြောင့်ဤမျှစိတ်ရှည်တော်မူရသနည်း။
၁၀ စိတ်ရှည်ခြင်း၏အနက်ဖွင့်ဆိုချက်နောက်တစ်မျိုးသည် လူမျိုးတော်နှင့်ဘုရားသခင်၏ ဆက်ဆံပုံနှင့်အထူးသက်ဆိုင်၏။ ၄င်းမှာ “ပြစ်မှားခြင်းသို့မဟုတ်အမျက်နှိုးဆော်ခြင်းကို ကြိတ်မှိတ်၍သည်းခံလျက်အဖုအထစ်ဖြစ်နေသော ဆက်ဆံရေးတိုးတက်ကောင်းမွန်လာမည်ဟူသော မျှော်လင့်ချက်ကို လက်မလျှော့ဘဲနေခြင်း” ဖြစ်သည်။ (Insight on the Scriptures) ဤအချက်က ဣသရေလလူမျိုးအပေါ် ဘုရားသခင်စိတ်ရှည်ရသည့်အကြောင်းနောက်တစ်ခုကိုညွှန်ပြသည်။ သူတို့သည်ကြိမ်ဖန်များစွာ ယေဟောဝါကိုကျောခိုင်းစွန့်ခွာပြီး လူမျိုးခြားတို့၏ကျွန်ဖြစ်ခဲ့ကြသည်။ သို့နှင့်ပင်ကိုယ်တော်သည် ဣသရေလလူမျိုးကို ကယ်တင်၍သူတို့အား နောင်တရခြင်းအခွင့်ပေးတော်မူခြင်းအားဖြင့် စိတ်ရှည်ခြင်းကိုပြသတော်မူခဲ့သည်။—တရားသူကြီး ၂:၁၆-၂၀။
၁၁ ဣသရေလရှင်ဘုရင်အများသည် မိမိတို့၏တိုင်းသူပြည်သားတို့ကို မှောက်မှားသောကိုးကွယ်မှုပြုရန် ဦးဆောင်ခဲ့ကြသည်။ ထိုလူမျိုးကိုဘုရားသခင်တစ်ခါတည်းစွန့်ပစ်တော်မူခဲ့သလော။ မစွန့်ပစ်ခဲ့ပါ။ အဖုအထစ်ဖြစ်နေသောဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာမည်ဟူသောမျှော်လင့်ချက်ကို ကိုယ်တော်လွယ်လွယ်နှင့်အလျှော့ပေးတော်မမူခဲ့ချေ။ ထိုသို့ပေးမည့်အစား ယေဟောဝါသည်အမျက်ထွက်ရန် နှေးကွေးတော်မူခဲ့သည်။ စိတ်ရှည်ရှည်ထား၍ သူတို့အားနောင်တရခွင့်အဖန်ဖန်ပေးတော်မူခဲ့သည်။ ၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆ (သမ္မ) တွင်ဤသို့ဖတ်ရသည်။ “ဘိုးဘေးတို့၏ဘုရားသခင် [ယေဟောဝါ] သည်မိမိလူမျိုးနှင့် မိမိနေတော်မူရာဌာနကိုနှမြောသောကြောင့်၊ စောစောထ၍တမန်တို့ကို သူတို့ထံသို့အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ ဘုရားသခင်၏တမန်တို့ကိုသရော်၍၊ စကားတော်ကိုမထီမဲ့မြင်ပြုလျက် ပရောဖက်တို့ကိုပြောင်လှောင်သောကြောင့်၊ [ယေဟောဝါ] ၏အမျက်တော်မငြိမ်းနိုင်အောင်၊ မိမိလူမျိုးတော်အပေါ်သို့ရောက်” လေ၏။
၁၂။ ယေဟောဝါစိတ်ရှည်တော်မူရခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်ဂရိကျမ်းပိုင်း၌ အဘယ်သက်သေခံချက်ပေးထားသနည်း။
၁၂ ခရစ်ယာန်ဂရိကျမ်းပိုင်း၌လည်း ပြစ်မှားသောမိမိလူမျိုးကို ကူညီမစရန်အတွက် ယေဟောဝါစိတ်ရှည်ခြင်း ပြသသည့်သာဓကများဖေါ်ပြထားသည်။ ဥပမာဆိုသော်၊ တမန်တော်ပေါလုကလွန်ကျူးသောခရစ်ယာန်များအားဤသို့မေးခွန်းထုတ်ခဲ့သည်။ “ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကိုနောင်တလမ်းသို့သွေးဆောင်သည်ကိုမသိမမှတ်ဘဲ ကြွယ်ဝစွာကျေးဇူးပြုခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။” (ရောမ ၂:၄) ပေတရု၏အောက်စကားများမှာလည်း ထိုသဘောအတိုင်းပင်ဖြစ်သည်။ “လူအချို့တို့သည် နှေးခြင်းကိုမှတ်သည်အတိုင်း ထာဝရဘုရားသည်ကတိတော်အရာမှာနှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ၍ ငါတို့ကိုသည်းခံတော်မူ၏။” (၂ ပေတရု ၃:၉) ထို့ကြောင့် “ငါတို့သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်းဖြစ်သည်ဟု မှတ်ကြလော့” ဟူ၍ကျွန်ုပ်တို့ မှာကြားခံရသည်မှာ အထူးဆီလျော်လှပေသည်။ (၂ ပေတရု ၃:၁၅) သို့ဖြစ်သောကြောင့် ယေဟောဝါသည်အစွဲအလမ်းကြီးခြင်း သို့မဟုတ် လျော့ပေါ့ခြင်းကြောင့်မဟုတ်ဘဲ မိမိ၏နာမတော်နှင့်ရည်ရွယ်တော်မူချက်များ အကျုံးဝင်ပတ်သက်ခြင်းကြောင့်သော်လည်းကောင်း၊ ကရုဏာတော်နှင့်မေတ္တာတော်ကြီးမားသောကြောင့်သော်လည်းကောင်း စိတ်ရှည်တော်မူခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရသည်။
ယေရှု၏စိတ်ရှည်ခြင်းပုံသက်သေ
၁၃။ ယေရှုခရစ်တော်သည် စိတ်ရှည်တော်မူကြောင်း အဘယ်ကျမ်းစာသာဓကများရှိသနည်း။
၁၃ စိတ်ရှည်ခြင်းဘက်တွင် ဘုရားသခင်ပြသတော်မူသည့်ပုံသက်သေပြီးလျှင် သားတော်မေရှိယ၊ ယေရှုခရစ်တော်၏ပုံသက်သေမှာ ဒုတိယဖြစ်သည်။ ကိုယ်တော်သည်အမျက်နှိုးဆွခံရစေကာမူ အလျင်စလိုလက်တုံ့ပြန်ခြင်းမပြုဘဲ ကိုယ့်ကိုယ်ကိုချုပ်တည်းနှိမ်နင်းခြင်းဘက်တွင် အထူးပြောင်မြောက်သော ပုံသက်သေဖြစ်သည်။ aဟေရှာယ၏အောက်ပါပရောဖက်စကားများ၌ မေရှိယသည်စိတ်ရှည်တော်မူမည်အကြောင်း တင်ကူးဟောပြောထားသည်။ “ထိုသူသည်ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသည်အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏။” (ဟေရှာယ ၅၃:၇) အောက်ပါပေတရု၏စကားကလည်း ဤအမှန်တရားကိုထောက်ခံထားသည်။ “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုယ်ကိုအပ်နှံတော်မူ၏။” (၁ ပေတရု၂:၂၃) ယေရှု၏တပည့်တော်များသည် မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း အကြိမ်ကြိမ်ငြင်းခုံခြင်းအားဖြင့် ယေရှုကိုအဘယ်မျှလောက် စုံစမ်းခဲ့ကြသည်တကား။ သို့သော်သူတို့အပေါ် ကိုယ်တော်မည်မျှစိတ်ရှည်သည်းခံခဲ့သည်တကား။—မာကု ၉:၃၄။ လုကာ ၉:၄၆။ ၂၂:၂၄။
၁၄။ စိတ်ရှည်ခြင်းဆိုင်ရာ ယေရှု၏ပုံသက်သေက ကျွန်ုပ်တို့အားအဘယ်အရာပြုလုပ်ရန် စေ့ဆော်ပေးသင့်သနည်း။
၁၄ စိတ်ရှည်ရာတွင်ယေရှုထားတော်မူသည့် ပုံသက်သေကိုကျွန်ုပ်တို့လိုက်သင့်သည်။ အောက်ပါအတိုင်းပေါလုရေးသားခဲ့သည်။ “ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက်ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်းကိုခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။”—ဟေဗြဲ ၁၂:၁-၃။
၁၅။ ယေရှုသည် စိတ်ရှည်၍စုံစမ်းခြင်းများကို စိတ်လိုကိုယ်လျောက်ခံယူရန် အသင့်ရှိကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
၁၅ ယေရှုစိတ်ရှည်တော်မူကြောင်း၊ စုံစမ်းခြင်းကိုစိတ်လိုကိုယ်လျောက်ခံယူကြောင်းကို အဖမ်းခံရချိန်၌ပြသတော်မူခဲ့သော ကိုယ်တော့်စိတ်သဘောထားမှ တွေ့မြင်နိုင်သည်။ မိမိအရှင်သခင်ကိုကာကွယ်ရန် ဓားကိုစွဲကိုင်ခြင်းအတွက် ပေတရုကိုပြစ်တင်ဆုံးမပြီးနောက် ယေရှုဤသို့မိန့်တော်မူ၏။ “ယခုပင်ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင်ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့စေလွှတ်တော်မူမည်ကိုလည်းကောင်း သင်သည်မထင်သလော။ သို့ဖြစ်လျှင် ဤသို့သောအမှုအရာတို့သည်ဖြစ်ရမည်ဟူသောကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံအံ့နည်း။”—မဿဲ ၂၆:၅၁-၅၄။ ယောဟန် ၁၈:၁၀၊ ၁၁။
ဟေဗြဲကျမ်းပိုင်းမှစိတ်ရှည်ခြင်းပုံသက်သေများ
၁၆။ ယာကုပ်၏သားယောသပ်သည် စိတ်ရှည်သူဖြစ်ကြောင်း ကျမ်းစာကမည်သို့ဖော်ပြထားသနည်း။
၁၆ မစုံလင်သော၊ အပြစ်ရှိသောလူသားများပင်လျှင် စိတ်ရှည်ခြင်းတင်ပြနိုင်ကြသည်။ ဟေဗြဲကျမ်းပိုင်းတွင် မစုံလင်သောသူများပြစ်မှားခံရခြင်းကို စိတ်ရှည်သည်းခံခဲ့သည့်ပုံသက်သေများပါရှိသည်။ ဥပမာအားဖြင့်၊ ဟေဗြဲဘိုးဘေးယာကုပ်၏သားယောသပ်ကိုကြည့်ပါ။ ဖတူမိကွဲအစ်ကိုများနှင့် ပေါတိဖာ၏မယားတို့ကသက်ရောက်စေသည့် မတရားမှုများကို ကြိတ်မှိတ်၍ခံခဲ့ရရှာသည်။ (ကမ္ဘာဦး ၃၇:၁၈-၂၈၊ ၃၉:၁-၂၀) ယောသပ်သည် ထိုစုံစမ်းခြင်းများကြောင့် မခံချိမခံသာဖြစ်ခဲ့ပေမည်။ “သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ” ဟူ၍အစ်ကိုဖြစ်သူတို့အားပြောဆိုရာတွင် ထိုသို့မခံချိမခံသာမဖြစ်ခဲ့ကြောင်း သိသာထင်ရှားသည်။ (ကမ္ဘာဦး ၄၅:၄၊ ၅) ယောသပ်သည် စိတ်ရှည်ခြင်းဘက်တွင် အလွန်ကောင်းသည့်ပုံသက်သေထားခဲ့သည်တကား။
၁၇၊ ၁၈။ ဒါဝိဒ်ကိစ္စ၌ အဘယ်စိတ်ရှည်သည့်သာဓကများ ကျွန်ုပ်တို့၌ရှိသနည်း။
၁၇ ဒါဝိဒ်သည်ပြစ်မှားခြင်းကို စိတ်ရှည်ရှည်နှင့်ကြိတ်မှိတ်သည်းခံရာတွင် ပုံသက်သေပြခဲ့သော ယေဟောဝါ၏သစ္စာရှိအစေခံနောက်တစ်ယောက်ဖြစ်သည်။ အမဲလိုက်သကဲ့သို့ ရှောလု၏လိုက်လံဖမ်းဆီးခြင်းခံနေရချိန်အတွင်း ဒါဝိဒ်သည်ရှောလုကိုသတ်၍ လက်စားချေနိုင်ခွင့်နှစ်ကြိမ်ရရှိခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၄:၁-၂၂၊ ၂၆:၁-၂၅) သို့သော် ဒါဝိဒ်သည် ဘုရားသခင်ကိုစောင့်ဆိုင်းခဲ့၏။ အဘိရှဲကိုပြောခဲ့သည့် အောက်ပါစကားများမှ ထိုသဘောကိုတွေ့နိုင်သည်။ “[ယေဟောဝါ] အသက်ရှင်တော်မူသည်အတိုင်း [ရှောလုကို] ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။ [ယေဟောဝါ] ပေးတော်မူသောဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း [ယေဟောဝါ] ဆီးတားတော်မူပါစေသော။” (၁ ဓမ္မရာဇဝင် ၂၆:၁၀၊ ၁၁) မှန်ပါသည်၊ ဒါဝိဒ်သည်ရှောလု၏လိုက်လံဖမ်းဆီးခံနေရသော မိမိ၏ဝရမ်းပြေးဘဝကို အဆုံးသတ်နိုင်သည့်အခွင့်အရေးရရှိပါလျက်နှင့် စိတ်ရှည်ခြင်းကိုသာရွေးချယ်ခဲ့သည်။
၁၈ သစ္စာမဲ့သောသားတော် အဗရှလုံ၏ရန်မှ ရှင်ဘုရင်ဒါဝိဒ်ထွက်ပြေးတိမ်းရှောင်နေရချိန်က အဖြစ်အပျက်ကိုလည်းဆင်ခြင်သုံးသပ်ကြည့်ပါ။ ရှောလု၏အဆွေအမျိုး ဗင်ယာမိန်အနွယ်ဝင်ဖြစ်သော ရှိမိသည် ဒါဝိဒ်ကိုကျောက်ခဲနှင့်ပေါက်၍ “သွားဟဲ့၊ သွားဟဲ့၊ လူအသက်ကိုသတ်သောအဓမ္မလူ” ဟုကျိန်ဆဲ၏။ အဘိရှဲက ရှိမိကိုသတ်ပစ်ချင်သော်လည်း ဒါဝိဒ်ကလက်စားချေရန်မလိုလားခဲ့ပေ။ လက်စားချေမည့်အစား စိတ်ရှည်ခြင်းအရည်အချင်းကို ထပ်မံ၍ပြသခဲ့လေသည်။—၂ ဓမ္မရာဇဝင် ၁၆:၅-၁၃။
ပေါလု၏ပုံသက်သေကိုဆင်ခြင်သုံးသပ်ပါ
၁၉၊ ၂၀။ တမန်တော်ပေါလုက မိမိစိတ်ရှည်ကြောင်း မည်သို့ပြသခဲ့သနည်း။
၁၉ ခရစ်ယာန်ဂရိကျမ်းပိုင်း၌ မစုံလင်သောလူသားတစ်ဦး စိတ်ရှည်ခြင်းပုံသက်သေကောင်း နောက်တစ်ခုကိုတွေ့ရသည်။ ထိုသူမှာ တမန်တော်ပေါလုဖြစ်သည်။ သူသည် ဘာသာရေးရန်သူများနှင့်ရော၊ ခရစ်ယာန်အမည်ခံပုဂ္ဂိုလ်အချို့နှင့်ပါ စိတ်ရှည်ရှည်ထား၍ ကြိတ်မှိတ်သည်းခံဆက်ဆံခဲ့သည်။ ကောရိန္သုအသင်းတော်မှအချို့သူတို့က “ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကိုပြောသောသူဖြစ်သည်” ဟုပြောခဲ့ကြသော်လည်း ပေါလုသည်စိတ်ရှည်ခြင်းကိုပြသခဲ့သည်။—၂ ကောရိန္သု ၁၀:၁၀။ ၁၁:၅၊ ၆၊ ၂၂-၃၃။
၂၀ ထို့ကြောင့် ကောရိန္သုမြို့သားများအား အောက်ပါအတိုင်းပေါလုပြောခဲ့သည်မှာ ခိုင်လုံသောအကြောင်းရှိပေသည်။ “[ငါတို့သည်] ဘုရားသခင့်အမှုတော်ဆောင်များအဖြစ် အနည်းနည်းအားဖြင့် ကိုယ်ကိုထောက်ခံကြသည်မှာ ဖိစီးခြင်း၊ ညှဉ်းပန်းခြင်း၊ ရုန်းရင်းခတ်ပြုခြင်း၊ ပင်ပန်းခြင်း၊ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်းကိုခံရာ၌ လွန်ကဲစွာတည်ကြည်ခြင်းအားဖြင့်လည်းကောင်း၊ စင်ကြယ်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာပြခြင်းများဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၊ အယောင်မဆောင်သောမေတ္တ၁ . . . အားဖြင့်လည်းကောင်း ကိုယ်ကိုထောက်ခံကြသတည်း။” (၂ ကောရိန္သု ၆:၄-၆၊ သမ) အလားတူသဘောမျိုးဖြင့် တမန်တော်ပေါလုသည် လုပ်ဖော်ကိုင်ဖက်ချင်း တိမောသေထံ ဤသို့ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။ “သင်မူကား၊ ငါ၏သြဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းများကိုလည်းကောင်း၊ . . . ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းများကိုလည်းကောင်း လိုက်နာ၍နားလည်ခဲ့ရပြီ။ ထိုအမှုရှိသမျှမှလည်း အရှင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူ၏။” (၂ တိမောသေ ၃:၁၀၊ ၁၁၊ သမ္မ) စိတ်ရှည်ခြင်းဘက်တွင် တမန်တော်ပေါလုသည် ကျွန်ုပ်တို့အတွက် မည်မျှကောင်းသောပုံသက်သေထားခဲ့သည်တကား။
၂၁။ လာမည့်ဆောင်းပါးက ကျွန်ုပ်တို့အား အဘယ်အရာပြုလုပ်ရန် ကူညီပေးမည်နည်း။
၂၁ သမ္မာကျမ်းစာစောင်များတွင် စိတ်ရှည်ခြင်းဆိုင်ရာပုံသက်သေကောင်းများစွာရှိနေသည်မှာထင်ရှားပါသည်။ ယေဟောဝါနှင့်ကိုယ်တော်ချစ်လှစွာသောသားတော်တို့သည် အမွန်မြတ်ဆုံးပုံသက်သေများဖြစ်တော်မူကြသည်။ သို့သော် ယောသပ်၊ ဒါဝိဒ်နှင့်တမန်တော်ပေါလုတို့ကဲ့သို့သော မစုံလင်သည့်လူသားများလည်း ဤအရည်အချင်းကိုတင်ပြနိုင်ကြောင်းသိရသည်မှာ မည်မျှအားရဖွယ်ရာပါတကား။ လာမည့်ဆောင်းပါးက ထိုပုံသက်သေကောင်းများကို အတုယူရန် ကျွန်ုပ်တို့အားအထောက်အကူပြုပေမည်။
[အောက်ခြေမှတ်ချက်များ]
a စိတ်ရှည်ခြင်းဆိုသည်မှာ ကြာရှည်အောင့်အည်းသည်းခံခြင်းမျှလောက်သာဆိုလိုသည်မဟုတ်ပါ။ အကယ်၍ကြာမြင့်စွာ အောင့်အည်းသည်းခံနေရသူတစ်ယောက်သည် လက်စားချေတုံ့ပြန်ရန်မတတ်နိုင်သောကြောင့် စိတ်ပျက်နေပါက ထိုသူသည်စိတ်ရှည်သူမဟုတ်ပေ။
သင်မည်သို့ဖြေမည်နည်း
▫ စိတ်ရှည်ခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်ရှိသနည်း။
▫ ယေဟောဝါသည် အဓိကအဘယ်အကြောင်းများကြောင့် စိတ်ရှည်တော်မူခြင်းဖြစ်သနည်း။
▫ ယေရှုသည် စိတ်ရှည်တော်မူကြောင်း အဘယ်နည်းများဖြင့်ပြသတော်မူသနည်း။
▫ မစုံလင်သောလူသားများလည်း စိတ်ရှည်ခြင်းပြသနိုင်ကြောင်း အဘယ်ကျမ်းစာသာဓကများရှိသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယောသပ်၊ ယေရှု၊ ဒါဝိဒ်၊ ပေါလုနှင့်ယောဘတို့သည် စိတ်ရှည်ခြင်းစံပြများဖြစ်ကြသည်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
တပည့်တော်များအပေါ် ယေရှုစိတ်ရှည်တော်မူခဲ့၏