ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိကြလော့
“ညီအစ်ကိုတို့၊ စည်းကမ်းမရှိဘဲပြုတတ်သောသူတို့ကို သတိပေးကြလော့။စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့။”—၁ သက်သာလောနိတ် ၅:၁၄၊ သမ္မ။
၁။ အဘယ်နေရာများနှင့် အခြေအနေများ၌ ယေဟောဝါသက်သေများသည် စိတ်ရှည်ခြင်းပြသခဲ့ကြသနည်း။
မျက်မှောက်ခေတ်ယေဟောဝါသက်သေများသည် စိတ်ရှည်ခြင်းဘက်တွင် မည်မျှကောင်းမြတ်သည့်ပုံသက်သေပြခဲ့ကြပြီတကား။ ယခင်က နာဇီနှင့်ဖက်ဆစ်နိုင်ငံများနှင့်မျက်မှောက်အချိန်အထိ မာလာဝီကဲ့သို့သောတိုင်းနိုင်ငံများတွင် ဆင်းရဲဒုက္ခနှင့်နှိပ်စက်ညှင်းပမ်းခြင်းများစွာကို သူတို့ကြံ့ကြံ့ခံခဲ့ကြသည်။ ဘာသာရေးကွဲပြားနေသည့် အိမ်ထောင်၌နေထိုင်သူတို့လည်း စိတ်ရှည်ရကြသည်။
၂။ ယေဟောဝါ၏လူမျိုးတော်မွေ့ပျော်နေသည့် ဝိညာဏပရဒိသုသည် အဘယ်အကြောင်းနှစ်ချက်ကြောင့်ဖြစ်ပေါ်လာသနည်း။
၂ နှိပ်စက်ညှင်းပမ်းခြင်းနှင့်ဒုက္ခဆင်းရဲများကိုတွေ့ကြုံခံစားနေရစေကာမူ ယေဟောဝါ၏သစ္စာနှံလူမျိုးတော်တို့သည် ဝိညာဏပရဒိသု၏ကောင်းကြီးမင်္ဂလာများကိုခံစားမွေ့လျော်နေရကြသည်။ စင်စစ်ဆိုလျှင် ဘိသိတ်ခံခရစ်ယာန်တို့သည် ထိုကောင်းကြီးမင်္ဂလာများကို ၁၉၁၉ ခုနှစ်မှစတင်ခံစားနေရကြောင်း ဖြစ်ရပ်မှန်များကပြဆိုနေသည်။ ဤဝိညာဏပရဒိသုသည် မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာသနည်း။ ဦးဆုံးအနေနှင့် ယေဟောဝါ၏လူမျိုးတော်ဘောင်တွင် ဤပရဒိသုကဲ့သို့သောအခြေအနေများတည်ရှိနေရခြင်းမှာ ဘုရားသခင်သည် မိမိ၏ဘိသိတ်ခံအစေခံများကိုစင်ကြယ်သောကိုးကွယ်မှုဆိုင်ရာ “ပြည်တော်” သို့မဟုတ် အခြေအနေသို့ ပြန်လည်နေရာချပေးတော်မူခြင်းကြောင့်ဖြစ်သည်။ (ဟေရှာယ ၆၆:၇၊ ၈) ဝိညာဏပရဒိသုစိုပြေသာယာနေခြင်းမှာ ဝိညာဏပရဒိသုတွင်ရောက်ရှိနေသူအားလုံးတို့သည် ဘုရားသခင့်ဝိညာဉ်တော်အသီးများကိုပြသသောကြောင့်လည်းဖြစ်သည်။ စိတ်ရှည်ခြင်းသည် ၎င်းအသီးများအနက်မှတစ်လုံးဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ကျွန်ုပ်တို့၏ဝိညာဏပရဒိသုနှင့်စပ်လျဉ်း၍ ဤအရည်အချင်း၏အရေးပါမှုကို ပညာရှင်ဘားကလေး (William Barclay) ၏အောက်ပါဖော်ပြချက်၌တွေ့မြင်နိုင်သည်။ “မာကရိုသူးမီးယား [makrothumia ၊ စိတ်ရှည်ခြင်း] မရှိလျှင် ခရစ်ယာန်ပေါင်းဖော်ခြင်းကဲ့သို့သောအရာရှိနိုင်မည်မဟုတ်။ . . .ထိုသို့ဖြစ်ရသည့်အကြောင်းရင်းမှာ မာကရိုသူးမီးယား သည်ဘုရားသခင်၏ကြီးမားသောထူးခြားသည့်ဂုဏ်ရည်တော်ဖြစ်တော်မူသည်။” (ရောမ ၂:၄။ ၉:၂၂) (A New Testament Wordbook ၊စာမျက်နှာ ၈၄) မှန်ပါသည်။ စိတ်ရှည်ခြင်းသည် ထိုမျှပင်အရေးကြီးပေသည်။
ကျွန်ုပ်တို့ညီအစ်ကိုများအပေါ် စိတ်ရှည်ခြင်း
၃။ စိတ်ရှည်ခြင်းနှင့်ပတ်သက်သော အဘယ်သင်ခန်းစာကို ပေတရုအား ယေရှုပေးတော်မူခဲ့သနည်း။
၃ တမန်တော်ပေတရုသည် စိတ်ရှည်ခြင်းပြသရာတွင် အခက်အခဲအချို့ရှိနေပုံရသည်။ အဘယ်ကြောင်းဆိုသော် သူကယေရှုအား၊ “သခင်၊ ညီအစ်ကိုသည်အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရပါအံ့လော” ဟုမေးလျှောက်ခဲ့သောကြောင့်ဖြစ်သည်။ ယေရှုက “ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။ အကြိမ်ခုနှစ်ဆယ်ခုနှစ်လီမြောက်အောင် လွှတ်ရမည်” ဟုဆုံးမသြဝါဒပေးတော်မူ၏။ (မဿဲ ၁၈:၂၁၊ ၂၂) တစ်နည်းအားဖြင့်ဆိုရသော် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သည်းခံရာတွင်လည်းကောင်း၊ ကျွန်ုပ်တို့ကိုပြစ်မှားသူ အားအပြစ်လွှတ်ရာတွင်လည်းကောင်း အကြိမ်မည်၍မည်မျှ ကန့်သတ်ချက်မရှိပေ။ ၎င်းပြင်အကြိမ်ပေါင်း ၇၇ ကြိမ်အထိရေတွက်မှတ်သားမည့်သူကို ကျွန်ုပ်တို့စိတ်ကူးကြည့်၍ပင်ရနိုင်မည်မဟုတ်ပေ။ သို့သော် ခွင့်လွှတ်နိုင်ဖို့ဆိုသည်မှာ စိတ်ရှည်မှုမုချရှိဖို့လိုအပ်သည်။
၄။ အထူးသဖြင့်အကြီးအကဲများသည် အဘယ်ကြောင့်စိတ်ရှည်ဖို့လိုသနည်း။
၄ ဝိညာဏညီအစ်ကိုများအပေါ် စိတ်ရှည်ခြင်းပြသည့်ကိစ္စတွင် အသင်းတော်အကြီးအကဲများအနေဖြင့် ပုံသက်သေဖြစ်ဖို့လိုသည်မှာ စောဒကတက်စရာအကြောင်းမရှိပေ။ ယုံကြည်သူခြင်းအချို့က အရေးမစိုက်၊ စိတ်မဝင်စားဘဲနေကောင်းနေမည်ဖြစ်သောကြောင့် အကြီးအကဲတို့၏သည်းခံခြင်းသည် စမ်းသပ်ခံရဖွယ်ရှိသည်။ အချို့ကျပြန်လျှင် မကောင်းသည့်အကျင့်များကိုပဲ့ပြင်ပေးသောအခါ အင်တင်တင်လုပ်ကောင်းလုပ်မည်။ အကြီးအကဲများအနေဖြင့် ခရစ်ယာန်ညီအစ်ကိုညီအစ်မများ၏အားနည်းမှုကြောင့် လွယ်လွယ်နှင့်စိတ်အနှောင့်အယှက်ဖြစ်ခြင်း သို့မဟုတ် ဗွေယူခြင်းမဖြစ်ရအောင်သတိထားရန်လိုသည်။ ထိုသို့ဖြစ်မည့်အစား ဝိညာဏသိုးထိန်းများအနေဖြင့် အောက်ပါသြဝါဒစကားကိုသတိရဖို့လိုသည်။ “သို့ဖြစ်၍ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက် အားနည်းသောသူတို့၏အားနည်းခြင်းကို သည်းခံကြရမည်။”—ရောမ ၁၅:၁။
၅။ ကျွန်ုပ်တို့စိတ်ရှည်မည်ဆိုပါက အဘယ်အရာကိုသည်းညည်းခံနိုင်မည်နည်း။
၅ ၎င်းပြင် လူ့အားနည်းမှုနှင့်ချို့တဲ့မှုတို့ကြောင့်လည်း ပုဂ္ဂိုလ်ရေးသဘောကွဲလွဲမှုများဖြစ်ပေါ်လာနိုင်သည်။ ချွတ်ယွင်းပျက်ကွက်ခြင်းကြောင့်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးစီ၌ရှိသော ထူးခြားသည့်သဘာဝနှင့်အပြုအမူများကြောင့်လည်းကောင်း ကျွန်ုပ်တို့သည် ညီအစ်ကိုများကိုမကျေမနပ်ဖြစ်စေနိုင်သကဲ့သို့ သူတို့လည်းကျွန်ုတို့ကိုထိုသို့ပြုမိနိုင်သည်။ ထို့ကြောင့် အောက်ပါဆုံးမသြဝါဒစကားသည် မည်မျှသင့်လျော်လှသည်တကား။ “တစ်ယောက်၌တစ်ယောက်အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ [ယေဟောဝါ] သည်သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။”(ကောလောသဲ ၃:၁၃) “အချင်းချင်းသည်းခံကြ” ဆိုရာမှာ တစ်စုံတစ်ယောက်အပေါ်မကျေမနပ်စရာအကြောင်း အခိုင်အလုံရှိသည့်တိုင်အောင် စိတ်ရှည်ရှည်ထားခြင်းဟူ၍ အဓိပ္ပါယ်သက်ရောက်သည်။ ကျွန်ုပ်တို့၏ညီအစ်ကိုကို လက်တုံ့ပြန်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကိုမဆိုထားနှင့် သူ့အားမကျေမနပ်ညည်းညူခြင်းပင်မပြုသင့်ပေ။—ယာကုပ် ၅:၉။
၆။ စိတ်ရှည်ခြင်းသည် အဘယ်ကြောင့်ဉာဏ်အမြော်အမြင်ရှိသောလမ်းစဉ်ဖြစ်သနည်း။
၆ ရောမ ၁၂:၁၉ ၌ ထိုသဘောထားအတိုင်း ဆုံးမထားသည်ကိုတွေ့ရသည်။ “ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား ‘ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်’ ဟု [ယေဟောဝါ] မိန့်တော်မူ၏။” ‘အမျက်တော်ကိုအခွင့်ပေးကြလော့’ ဆိုရာမှာ အမျက်ထွက်နှေးပါ သို့မဟုတ် စိတ်ရှည်ပါဟူသောအဓိပ္ပါယ်ဖြစ်သည်။ ဤအရည်အချင်းကိုပြသခြင်းသည် ဉာဏ်ပညာရှိသောလမ်းစဉ်ဖြစ်သည်။ အကြောင်းမှာ မိမိကိုယ်တိုင်နှင့်တကွ အခြားသူတို့ပါ အကျိုးကျေးဇူးရရှိစေနိုင်သောကြောင့်ဖြစ်သည်။ ပြဿနာပေါ်ပေါက်လာလျှင် စိတ်ရှည်ရှည်ထားခြင်းအားဖြင့် အခြေအနေကိုပိုဆိုးအောင်မလုပ်မိသည့်အတွက် ကျွန်ုပ်တို့စိတ်ဖြေနိုင်ကြသည်။ တစ်ဖက်သားကိုကျွန်ုပ်အပြစ်ဒဏ်မပေးဘဲနေသောကြောင့်၊ တစ်နည်းနည်းဖြင့်လက်တုံ့မပြန်ဘဲနေသောကြောင့် ကျွန်ုပ်တို့စိတ်ရှည်ခြင်းပြသခံရသူလည်း စိတ်သက်သာရာရနိုင်ပေသည်။ ခရစ်ယာန်ချင်းတို့အား “စိတ်ငယ်သောသူတို့ကိုအားပေးကြလော့။ အားနည်းသောသူတို့ကိုထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့” ဟူ၍ ပေါလုနှိုးဆော်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။—၁ သက်သာလောနိတ် ၅:၁၄၊ သမ္မ။
မိသားစုအသိုင်းအဝိုင်းအတွင်း၌
၇။ အိမ်ထောင်သည်များအနေဖြင့် အဘယ်ကြောင့်စိတ်ရှည်ဖို့လိုအပ်သနည်း။
၇ ပျော်ရွှင်သောအိမ်ထောင်မင်္ဂလာဆိုသည်မှာ ခွင့်လွှတ်တတ်သူနှစ်ဦးစုံဖက်ခြင်းဖြစ်သည်ဟူ၍ လျောက်ပတ်စွာဆိုကြသည်။ အဘယ်အဓိပ္ပါယ်ရှိသနည်း။ ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင်သည်တို့သည် တစ်ယောက်ကိုတစ်ယောက် စိတ်ရှည်ရှည်နှင့်ဆက်ဆံကြသည်ဟူ၍ဖြစ်သည်။ တစ်ဦးစီအနေနှင့် ဆန့်ကျင်ဘက်ဖြစ်သောစရိုက်လက္ခဏာများကြောင့် တစ်ယောက်ကိုတစ်ယောက် စွဲလမ်းမှုဖြစ်စေတတ်သည်။ သို့သော် ထိုခြားနားချက်များသည် နားလည်ရခက်ပြီး အိမ်ထောင်သည်ခရစ်ယာန်များ၌ ‘ကာယဒုက္ခ’ ကိုဖြစ်စေသော စိတ်ဆင်းရဲခြင်းနှင့်ပူပင်သောကများကို တိုးပွားစေသည့်စိတ်ဝမ်းကွဲပြားမှုကိုလည်းဖြစ်စေတတ်ပေသည်။ (၁ ကောရိန္သု ၇:၂၈) ဥပမာဆိုသော် ခင်ပွန်းဖြစ်သူသည်စေ့စပ်မှုမရှိ၊ ပစ်စလက်ခတ်နှင့်ညစ်ညစ်ပေပေနေမည်ဆိုပါက ဇနီးဖြစ်သူအဖို့ အတော်စိတ်ဆိုးစရာဖြစ်ပေမည်။ သို့သော်ကြင်နာစွာအကြံပေးခြင်းဖြင့် မအောင်မြင်ပါက သူမအနေဖြင့် စိတ်ရှည်ခြင်းအားဖြင့် ခင်ပွန်း၏အားနည်းချက်များကို သည်းခံရုံသာရှိတော့သည်။
၈။ ခင်ပွန်းဖြစ်သူတို့အနေဖြင့် အဘယ်ကြောင့်စိတ်ရှည်ဖို့လိုကောင်းလိုအပ်မည်နည်း။
၈ အခြားတစ်ဖက်၌ ဇနီးဖြစ်သူသည် ဇီဇာချဲ့လွန်းသူ၊ ခင်ပွန်းဖြစ်သူကို မြည်တွန်တောက်တီးတတ်သူဖြစ်လျှင်ဖြစ်နိုင်သည်။ သို့ဖြစ်လျှင် “မြည်တွန်တောက်တီးတတ်သောမယားနှင့်အတူ ကျယ်သောအိမ်၌နေသည်ထက် အိမ်မိုးပေါ်၊ ထောင့်ထဲမှာနေသော် သာ၍ကောင်း၏” ဟူသောကျမ်းချက်ကိုနှလုံးသွင်းလျှင်ကောင်းမည်။ (သု၊ ၂၅:၂၄၊ သမ္မ) ဤသို့သောအခြေအနေ၌ ပေါလု၏အောက်ပါအကြံပေးချက်ကိုလိုက်နာနိုင်ရန် စိတ်ရှည်ဖို့လိုအပ်ပေသည်။ “အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ကြမ်းတမ်းစွာမပြုကြနှင့်။” (ကောလောသဲ ၃:၁၉) ခင်ပွန်းဖြစ်သူများအနေဖြင့် တမန်တော်ပေတရု၏အောက်ပါအကြံပေးချက်ကိုလိုက်နာနိုင်ရန် စိတ်ရှည်ဖို့လိုအပ်သည်။ “ထိုနည်းတူ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။” (၁ ပေတရု ၃:၇) ဇနီးဖြစ်သူ၏အားနည်းချက်များသည် ခင်ပွန်းဖြစ်သူအတွက် တစ်ခါတစ်ရံစုံစမ်းခြင်းဖြစ်တတ်သော်လည်း စိတ်ရှည်လျှင် သူမကိုသည်းညည်းခံနိုင်ဖို့ အထောက်အကူပြုပေမည်။
၉။ မိဘဖြစ်သူတို့ဘက်က အဘယ်ကြောင့်စိတ်ရှည်ဖို့လိုသနည်း။
၉ မိဘတို့အနေဖြင့် သားသမီးများကိုမွေးမြူရာတွင် အောင်မြင်လိုပါက စိတ်ရှည်ခြင်းရှိဖို့လိုသည်။ ကလေးတို့သည် အမှားတစ်ခုကိုထပ်ခါထပ်ခါပြုလုပ်ကောင်းပြုလုပ်ကြမည်။ သူတို့သည် ခေါင်းမာသည်၊ ဉာဏ်ထုံသည်၊ မိဘတို့အတွက်တစ်ချိန်လုံးစိတ်အနှောင့်အယှက်ဖြစ်သည်ဟု ထင်ကောင်းထင်စရာဖြစ်မည်။ ထိုသို့သောအခြေအနေမျိုး၌ ခရစ်ယာန်မိဘတို့အနေဖြင့် ထစ်ကနဲဒေါသမထွက်ရန်၊ စိတ်လိုက်မာန်ပါမလုပ်ရန် အရေးကြီးသည်။ ဖြောင့်မတ်သောမူများအတွက် ခိုင်မာပြတ်သားရမည်ဖြစ်သော်လည်း စိတ်တည်ငြိမ်အေးဆေးဖို့လည်းလိုသည်။ ဖခင်ဖြစ်သူတို့အနေဖြင့် မိမိတို့လည်း ငယ်ရာမှကြီးလာကြသူများဖြစ်ကြောင်း၊ အမှားများပြုလုပ်မိခဲ့ကြောင်းကိုသတိရသင့်ပေသည်။ “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှါမပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည်အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” ဟူသော ပေါလု၏ဆုံးမစကားကိုလိုက်နာဖို့လိုသည်။—ကောလောသဲ ၃:၂၁။
ပြင်ပလူတို့နှင့်
၁၀။ အဘယ်တွေ့ကြုံမှုကိုထောက်၍ လုပ်ငန်းခွင်တွင် ကျွန်ုပ်တို့မည်သို့ပြုမူအပ်သနည်း။
၁၀ လူ့မစုံလင်မှုနှင့်တစ်ကိုယ်ကောင်းစိတ်ကြောင့် ခရစ်ယာန်တစ်ဦး၏အလုပ်ခွင်တွင် မနှစ်သက်ဖွယ်ရာအခြေအနေပေါ်ပေါက်လာနိုင်ပေသည်။ လိမ္မာပါးနပ်မှုရှိ၍ ငြိမ်သက်ခြင်းအကျိုးကိုထောက်၍ ပြစ်မှားမှုကိုသည်းခံခြင်းမှာ ဉာဏ်ပညာရှိသောလမ်းစဉ်ဖြစ်သည်။ ဤလမ်းစဉ်သည် မည်မျှပညာရှိသောလမ်းစဉ်ဖြစ်ကြောင်းထင်ရှားစေသည့်သာဓကတစ်ခုမှာ မနာလိုသောလုပ်ဖော်ကိုင်ဖက်တစ်ဦးကြောင့်အထင်အမြင်လွဲမှားခံနေရသော တွေ့ကြုံမှုဖြစ်သည်။ ညီအစ်ကိုဖြစ်သူသည် ဤအတွက်ပြဿနာမလုပ်ဘဲ စိတ်ရှည်ရှည်ထားခဲ့သောကြောင့် အချိန်ကြာလာသောအခါ မိမိအားဒုက္ခပေးခဲ့သော ထိုအလုပ်သမားနှင့်ကျမ်းစာသင်အံမှုစနိုင်ခဲ့သည်။
၁၁။ မည်သည့်နေရာတွင် ကျွန်ုပ်တို့အထူးသဖြင့်စိတ်ရှည်ဖို့လိုသနည်း။ အဘယ်ကြောင့်နည်း။
၁၁ ယေဟောဝါ၏လူမျိုးတော်အနေဖြင့် ခရစ်ယာန်အသင်းတော်အပြင်၌ရှိသူများကို သက်သေခံသောအခါ အထူးသဖြင့်စိတ်ရှည်ဖို့လိုအပ်ပါသည်။ မကြာခဏဆိုသလို ခရစ်ယာန်တို့သည် ရိုင်းစိုင်းခက်ထန်သောတုံ့ပြန်မှုများနှင့်ရင်ဆိုင်ကြရသည်။ ထိုအတိုင်းပြန်၍တုံ့ပြန်လျှင် သင့်တော်မည်လော၊ ပညာရှိရာကျမည်လော။ ထိုသို့ပြုလျှင် စိတ်ရှည်ရာရောက်မည်မဟုတ်ပေ။ ဉာဏ်ပညာရှိသောလမ်းစဉ်မှာ အောက်ပါပညာရှိစကားကိုသတိရ၍ လိုက်နာခြင်းပင်ဖြစ်သည်။ “ဖြည်းညှင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏။”—သု၊ ၁၅:၁။
ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းက စိတ်ရှည်ရန်ကူညီပေး
၁၂၊ ၁၃။ ကျွန်ုပ်တို့စိတ်ရှည်ရန် အဘယ်အရည်အချင်းများကကူညီပေးမည်နည်း။
၁၂ ကျွန်ုပ်တို့စိတ်ရှည်အောင်၊ ခက်ခဲကြမ်းတမ်းသောအခြေအနေများကိုသည်းခံနိုင်အောင် ဘာကကူညီပေးနိုင်သနည်း။ တစ်ခုမှာ ဘုရားသခင့်ကတိတော်များကိုယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင် ကတိတည်တော်မူမည်ကိုယုံကြည်ရမည်။ ကိုယ်တော် ဤသို့ကတိပြုထားတော်မူ၏။ “လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည်ခံနိုင်အကြောင်း စုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တစ်ကွ ထွက်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်။” (၁ ကောရိန္သု ၁၀:၁၃) တစ်နည်းအားဖြင့်ဆိုသော် ရှေးမီနောက်မီတစ်ဦးပြောသည့်အတိုင်း “ဘုရားသခင်သာအခွင့်ပြုလျှင် ကျွန်တော်ခံယူနိုင်သည်။” မှန်ပါသည်။ ကျွန်ုပ်တို့သည် စိတ်ရှည်ခြင်းအားဖြင့်ခံယူနိုင်ပါသည်။
၁၃ ယုံကြည်ခြင်းနှင့်အနီးကပ်ဆက်နွယ်နေသောအရာမှာ ဘုရားသခင့်နိုင်ငံတော်ကိုမျှော်လင့်ခြင်းဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော် ကမ္ဘာကိုအုပ်ချုပ်သည့်အခါ စိတ်ဆင်းရဲမှုဖြစ်စေသောအခြေအနေဆိုးများသည် ပယ်ရှားခံရမည်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဆာလံဆရာဒါဝိဒ်ကဤသို့ဆိုခဲ့သည်။ “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရလိမ့်မည်။ [ယေဟောဝါ] ကိုမျှော်လင့်သောသူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်။” (ဆာလံ ၃၇:၈၊ ၉) ဆင်းရဲဒုက္ခဖြစ်စေသော ဤအခြေအနေအားလုံးကို ဘုရားသခင်မကြာမီပယ်ရှားတော့မည်ဟူသော စိတ်ချရသည့် ဤမျှော်လင့်ချက်က ကျွန်ုပ်တို့စိတ်ရှည်အောင်ကူညီပေးသည်။
၁၄။ မယုံကြည်သောအိမ်ထောင်ဖက်အပေါ် စိတ်ရှည်အပ်ကြောင်း အဘယ်တွေ့ကြုံမှုကပြသနည်း။
၁၄ မယုံကြည်သောအိမ်ထောင်ဖက်ဖြစ်သူက စိတ်ဆင်းရဲအောင်ပြုလုပ်လျှင် ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။ ကူညီမစမှုရရန်ဘုရားသခင်ကိုမပြတ်မျှော်ကိုးပါ၊ အတိုက်အခံပြုသူသည် ယေဟောဝါကိုကိုးကွယ်သူဖြစ်လာမည်ကို အစဉ်မပြတ်မျှော်လင့်လျှက်နေပါ။ ခရစ်ယာန်တစ်ဦး၏ဇနီးဖြစ်သူသည် တစ်ခါတစ်ရံ သူ့အတွက်ထမင်းချက်မပေး၊ အဝတ်လျှော်မပေးဘဲနေခဲ့သည်။ ညစ်ညမ်းသောစကားပြောသည်။ ရက်ပေါင်းများစွာ သူ့ကိုစကားမပြောဘဲနေသည်။ သူ့ကိုပြုစားဖို့ပင်ကြိုးစားခဲ့သည်။ သူဤသို့ပြောပြသည်။ “သို့သော်လည်း အခါတိုင်းကျွန်တော်ယေဟောဝါထံ ဆုတောင်းလျက်ချဉ်းကပ်သည်။ ကျွန်တော့်ခရစ်ယာန်ဟန်ချက်ပျက်မသွားရအောင် စိတ်ရှည်ခြင်းတည်းဟူသော ကောင်းမြတ်သည့်အရည်အချင်းမွေးမြူနိုင်ရန် မစတော်မူမည်ကိုကျွန်တော်ယုံကြည်ကိုးစားသည်။ တစ်နေ့သောအခါ ကျွန်တော့်ဇနီး၏စိတ်နေစိတ်ထား ပြောင်းလဲလာမည်ကိုလည်း ကျွန်တော်မျှော်လင့်ခဲ့သည်။” ထိုသို့သောဆက်ဆံမှုမျိုးကို အနှစ် ၂၀ ကြာခံပြီးနောက် သူ့ဇနီးပြောင်းလဲလာခဲ့သည်။ သူဤသို့ဆက်လက်ပြောပြသည်။ “စိတ်ရှည်ခြင်းဖြစ်သော ဝိညာဉ်အသီးကိုမွေးမြူနိုင်ဖို့ ကျွန်တော့်ကိုကူညီပေးသည့်အတွက် ယေဟောဝါကို ကျွန်တော်သိပ်ကျေးဇူးတင်တယ်။ အဘယ်ကြောင့်ဆိုသော် စိတ်ရှည်ခြင်းအကျိုးကို ကျွန်တော်မျက်ဝါးထင်ထင်မြင်နေရပြီ။ ကျွန်တော့်ဇနီးသည် အသက်လမ်းပေါ်တွင် စတင်လျှောက်လှမ်းနေပြီဖြစ်သည်။”
ဆုတောင်းခြင်း။ နှိချခြင်းနှင့်မေတ္တာ ကူညီပေး
၁၅။ ဆုတောင်းခြင်းက ကျွန်ုပ်တို့စိတ်ရှည်ရန် အဘယ်ကြောင့်ကူညီပေးနိုင်သနည်း။
၁၅ စိတ်ရှည်ခြင်းပြသရန်အတွက် ကြီးစွာအကူအညီပေးသည့်အရာနောက်တစ်ခုမှာ ဆုတောင်းခြင်းဖြစ်သည်။ ပေါလုဤသို့တိုက်တွန်းနှိုးဆော်ခဲ့သည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္တနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) အောက်ပါသတိပေးစကားကို နားထောင်ရန်လည်းသတိရပါ။ “ထမ်းရွက်ရသောဝန်ကို [ယေဟောဝါ] ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။”—ဆာလံ ၅၅:၂၂။
၁၆။ စိတ်ရှည်နိုင်ရန် နှိမ့်ချခြင်းက အဘယ်သို့ကူညီပေးနိုင်သနည်း။
၁၆ စိတ်ရှည်ခြင်းဖြစ်သောဝိညာဉ်တော်အသီးကို မွေးမြူရာတွင်အထောက်အကူပြုသည့် ကြီးမားသောအကူအညီနောက်ထပ်တစ်ခုမှာ နှိမ့်ချခြင်းဖြစ်သည်။ မာနကြီးသူသည်စိတ်မရှည်သူဖြစ်သည်။ လွယ်လွယ်နှင့်ဗွေယူတတ်သူဖြစ်သည်။ အခန့်မသင့်လျှင် ထစ်ကနဲဒေါသထွက်တတ်သည့်အပြင် မည်သည့်အလိုမကျဖြစ်ခြင်းကိုမျှ သည်းညည်းခံတတ်သူမဟုတ်ပေ။ ဤစိတ်သဘောတို့သည် စိတ်ရှည်ခြင်းနှင့်ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည်။ သို့သော်လည်း စိတ်နှိမ့်ချသူသည် အထိမခံကြွေပန်းကန်ပမာဆတ်ဆတ်ခါ နာတတ်သူဖြစ်မည်မဟုတ်ဘဲ ရှောလုမင်းလိုက်လံဖမ်းဆီးစဉ်နှင့် ဗင်္ယာမိန်အနွယ်ဝင် ရှိမိ၏စော်ကားမှုကိုခံရစဉ်၌ ဒါဝိဒ်ပြုခဲ့သကဲ့သို့ သူသည် ယေဟောဝါကိုစောင့်မျှော်မည်ဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၄:၄-၆။ ၂ ဓမ္မရာဇဝင် ၁၆:၅-၁၃) သို့ဖြင့် ကျွန်ုပ်တို့သည် “အရာရာ၌စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့် မေတ္တာစိတ်နှင့်တစ်ယောက်ကိုတစ်ယောက်သည်းခံခြင်း” စိတ်ဓါတ်မွေးမြူအပ်သည်။ (ဧဖက် ၄:၂) ထိုမျှမက “ယေဟောဝါရှေ့တော်၌ ကိုယ်ကိုယ်ကိုနှိမ့်ချ’ အပ်သည်။—ယာကုပ် ၄:၁၀။
၁၇။ ကျွန်ုပ်တို့စိတ်ရှည်ရန် မေတ္တာက အဘယ်ကြောင့်ကူညီပေးနိုင်သနည်း။
၁၇ ကျွန်ုပ်တို့စိတ်ရှည်နိုင်ရန် ကိုယ်ကျိုးမဖက်သည့်မေတ္တာက အထူးသဖြင့်အကူအညီပေးသည်။ စင်စစ်ဆိုလျှင် “မေတ္တာသည်စိတ်ရှည်တတ်၏။” မေတ္တာကကျွန်ုပ်တို့အားသူတစ်ပါး၏ခံစားမှုကိုခွဲဝေခံစားတတ်စေသည်။ တစ်နည်းအားဖြင့် သူတစ်ထူး၏နေရာ၌ အစားဝင်ကြည့်တတ်စေသည်။ ထို့ပြင်မေတ္တာသည် ကျွန်ုပ်တို့ကိုစိတ်ရှည်အောင်ကူညီပေးသည်။ အဘယ်ကြောင့်ဆိုသော် မေတ္တာသည် “ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။ မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏။” (၁ ကောရိန္သု ၁၃:၇၊ ၈) မှန်ပေသည်။ ယေဟောဝါအားချီးမွမ်းကျူးဧခြင်း စာအုပ်မှ နိုင်ငံတော်သီချင်းနံပါတ် ၂၀၀ ၌အောက်ပါအတိုင်းဖွဲ့ဆိုထားသည်။
“ကောင်းကျိုးသာရှုရာ မေတ္တာ
ညီအစ်ကိုဘဝ တည်ဆောက်ရာ
လေလွင့်အား ကြင်နာမေတ္တာ
ကောင်းကျိုးပြုရာ ကိုဖွေရှာ”
ဝမ်းမြောက်စိတ်နှင့် စိတ်ရှည်ရမည်လော
၁၈။ ဝမ်းမြောက်သောစိတ်နှင့် အဘယ်သို့စိတ်ရှည်နိုင်သနည်း။
၁၈ ပေါလုသည် ကောလောသဲမြို့မှ မိမိ၏ယုံကြည်သူခြင်းတို့အနေဖြင့် ယေဟောဝါနှင့်ထိုက်လျောက်စွာကျင့်၍ အရာရာ၌နှစ်သက်တော်မူစေခြင်းငှါလည်းကောင်း၊ ကောင်းမှုအမျိုးမျိုး၌အသီးသီးခြင်းငှါလည်းကောင်း ဘုရားသခင်အလိုတော်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာနှင့်ပြည့်ဝကြရန် ဆုတောင်းပေးခဲ့သည်။ ဤသို့အားဖြင့် သူတို့သည် “ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလို့ငှါ၊ ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အားနှင့်ပြည့်စုံ” ကြမည်ဖြစ်သည်။ (ကောလောသဲ ၁:၉-၁၁) သို့သော်ငြားလည်း လူတစ်ဦးသည် မည်သို့ ‘ဝမ်းမြောက်သောစိတ်နှင့်စိတ်ရှည်’ နိုင်မည်နည်း။ ၎င်းသည်ဆန့်ကျင်ဖီလာမဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ဖော်ပြထားသည့် ဝမ်းမြောက်ခြင်းရှိသည်ဆိုရာ၌ ကြောင့်ကြမှုကင်းသည်၊ ရွှင်လန်းပျော်မြူးသည်လောက်သာမဟုတ်ပေ။ ဝိညာဉ်တော်အသီးဖြစ်သော ဝမ်းမြောက်ခြင်းမှာ ဘုရားသခင့်ရှေ့တော်တွင် တော်မှန်ရာပြုလုပ်ခြင်းအတွက် ခံစားရသောအားရကျေနပ်မှုဖြစ်သည်။ စိတ်ရှည်ခြင်း၏အကျိုးအဖြစ် ကတိထားရာဆုလာဘ်ကိုရရှိမည်ဟူသောမျှော်လင့်ချက်မှလည်း ထိုဝမ်းမြောက်ခြင်းခံစားရသည်။ ယင်းအကြောင်းကြောင့် ယေရှုအောက်ပါအတိုင်းမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ “ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည်မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့ကပေါ်ထွန်းသောပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။”—မဿဲ ၅:၁၁၊ ၁၂။
၁၉။ တစ်ချိန်တည်း၌ စိတ်ရှည်၍ဝမ်းမြောက်နိုင်ကြောင်း အဘယ်ဥပမာကပြသနည်း။
၁၉ ယေရှု၌ထိုသို့သောဝမ်းမြောက်ခြင်းရှိတော်မူခဲ့သည်။ အမှန်ဆိုလျှင် ကိုယ်တော်သည် “မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ [ညှင်းဆဲရာနှက်တိုင်] ၌ခံ” တော်မူ၏။ (ဟေဗြဲ ၁၂:၂)ထိုဝမ်းမြောက်ခြင်းကြောင့် ယေရှုသည် စိတ်ရှည်တော်မူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ တမန်တော်များသည် ရိုက်နှက်ခံရ၍ “ယေရှု၏နာမကိုအမှီပြုလျက်မဟောမပြောမည်အကြောင်း” မြစ်တားခံရသောအခါ၌ ဘာဖြစ်ခဲ့သည်ကိုစဉ်းစားကြည့်လိုက်ပါ။ သူတို့သည် “သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည်အရှက်ကွဲခြင်းကိုခံထိုက်ကြသည်ဟုမှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။ ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက် ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တမန်တော် ၅:၄၀-၄၂) ခရစ်တော်၏နောက်တော်လိုက်များသည် ဝမ်းမြောက်သောစိတ်နှင့် စိတ်ရှည်နိုင်ကြောင်းထင်ရှားသည့် ကောင်းမြတ်သောပုံသက်သေတစ်ရပ်ပါတကား။
၂၀။ ကျွန်ုပ်တို့စိတ်ရှည်မည်ဆိုပါက အခြားသူတို့နှင့်ဆက်ဆံရေးအပေါ် အဘယ်သို့အကျိုးသက်ရောက်မှုရှိနိုင်သနည်း။
၂၀ ဘုရားသခင့်နှုတ်ကပတ်တော်က ကျွန်ုပ်တို့အားလက်တုံ့မပြန်ရန်၊ အကောင်းဆုံးကိုမျှော်လင့်လျက် အမျက်ထွက်နှေးရန်၊ စိတ်ရှည်ရန်နှိုးဆော်ရာ၌ ပညာရှိသောအကြံဉာဏ်ကိုပေးထားလေသည်။ အသင်းတော်ရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်လည်းကောင်း၊ မိသားစုအသိုင်းအဝိုင်းရှိသူတို့နှင့်လည်းကောင်း၊ အလုပ်ခွင်ရှိသူတို့နှင့်လည်းကောင်း၊ ခရစ်ယာန်ဓမ္မအမှု၌တွေ့ဆုံသမျှလူတို့နှင့်လည်းကောင်း သင့်သင့်မြတ်မြတ်ရှိရန်အတွက် မှန်မှန်ဆုတောင်းခြင်းနှင့် ဘုရားသခင့်ဝိညာဉ်တော်အသီးဖြစ်သော စိတ်ရှည်ခြင်းတို့ကို ကျွန်ုတို့လိုအပ်ပေသည်။ ကျွန်ုတို့စိတ်ရှည်ခြင်းပြသနိုင်ရန် မည်သည့်အရာများကကူညီပေးနိုင်သနည်း။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ နှိမ့်ချခြင်း၊ ဝမ်းမြောက်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ဖြစ်သည်။ မှန်ပါသည်။ ဤအရည်အချင်းများအားဖြင့် ကျွန်ုတို့သည်ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်မုချရှိနိုင်ကြပေမည်။
◻ ဝိညာဏပရဒိသုတွင်ပါဝင်ခံစားနိုင်ရန် အဘယ်ကြောင့်စိတ်ရှည်ခြင်း အရေးကြီးသနည်း။
◻ အထူးသဖြင့်အကြီးအကဲများသည် အဘယ်ကြောင့်စိတ်ရှည်ဖို့လိုသနည်း။
◻ ခင်ပွန်းနှင့်ဇနီးများအနေဖြင့် အဘယ်ကြောင့်စိတ်ရှည်ခြင်း မွေးမြူအပ်သနည်း။
◻ အခြားအဘယ်အရည်အချင်းများက ကျွန်ုပ်တို့စိတ်ရှည်အောင်ကူညီပေးမည်နည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေရှုထံမှအဘယ်ဆုံးမစကားက ပေတရုအား စိတရှည်အောင်ကူညီပေးခဲ့သနည်း။