ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၉/၁ စာ. ၁၂-၁၇
  • ယေဟောဝါနှင့်ခရစ်တော် အဓိကဆက်သွယ်သူများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနှင့်ခရစ်တော် အဓိကဆက်သွယ်သူများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကူးလူးဆက်သွယ်သူ ယေဟောဝါ
  • ကူးလူးဆက်သွယ်သူ ဘုရားသခင်၏သားတော်
  • ဆက်သွယ်ပေးသူများဖြစ်ရန် ခရစ်တော်၏တပည့်များတာဝန်ရထား
  • မိသားစုနှင့်အသင်းတော်အတွင်း ဆက်သွယ်မှုပြုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခရစ်ယာန်ဓမ္မအမှုတွင် ဆက်သွယ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆက်သွယ်ပြောဆိုသူတစ်ဦးဖြစ်ပါ!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ကျန်းခံ့သောဆက်သွယ်မှု—သာယာသောအိမ်ထောင်ရေး၏သော့ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၉/၁ စာ. ၁၂-၁၇

ယေဟောဝါနှင့်ခရစ်တော် အဓိကဆက်သွယ်သူများ

“အကယ်စင်စစ်အရှင်ထာဝရဘုရား [အချုပ်အခြာအာဏာရှင်ယေဟောဝါ၊ ] သည်မိမိကျွန်ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ။”—အာမုတ် ၃:၇။NW.

၁။ ယနေ့ အဘယ်ဆက်သွယ်ရေးနည်းများကို အသုံးပြုထားသနည်း။

မျက်မှောက်အချိန်တွင် ဆက်သွယ်ရေးသည် သန်းကုဋေချီ စီးပွားရေးတစ်ခုဖြစ်နေပါသည်။ ထုတ်ဝေနေသမျှစာပေ၊ ရက်မှန်ပုံနှိပ်သော သတင်းစာနှင့်မဂ္ဂဇင်းများ၊ ထုတ်လွှင့်သည့် ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်နှင့်တကွ ရုပ်ရှင်နှင့်ဇာတ်သဘင်အပေါင်းသည် ဆက်သွယ်မှုပြုရန်အတွက်ဖြစ်သည်။ ရေးပို့သောစာများ၊ ဖုန်းဆက်စကားပြောသမျှတို့သည်လည်း ထပ်တူပင်ဖြစ်သည်။ ယင်းတို့အားလုံးမှာ ဆက်သွယ်မှုပြုရန် ကြိုးစားခြင်းသက်သက်ဖြစ်သည်။

၂။ စက်မှုပညာအရဆက်သွယ်ရေးဘက် တိုးတက်လာသည့် လူ့ကြိုးပမ်းဆောင်ရွက်မှုအချို့ကအဘယ်နည်း။

၂ စက်မှုပညာအရဆက်သွယ်ရေးဘက် လူ့ကြိုးပမ်းဆောင်ရွက်မှုများသည် အံ့ချီးဖွယ်တိုးတက်ဖွံ့ဖြိုးနေပါသည်။ ဥပမာ၊ ကြေးနီနန်းကြိုးများထက် အဖက်ဖက်သာသော စက္ခုချည်မျှင်ကြိုးများသည် တစ်ကြိမ်တည်းတွင်ပြောဆိုသည့် တယ်လီဖုန်းဆက်သွယ်မှုသန်းပေါင်းများစွာကို ကူးလူးဆက်သွယ်ပေးနိုင်ပါသည်။ ထို့ပြင် လဟာပြင်တွင် ကမ္ဘာမြေကြီးကိုပတ်နေသော ဆက်သွယ်ရေးဂြိုဟ်တုများရှိသည်။ ၄င်းတို့တွင် တယ်လီဖုန်း၊ ကြေးနန်း၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားအချက်ပြလှိုင်းများကို တစ်ဆင့်ခံဆက်သွယ်ပေးနိုင်ပါသည်။ ဤကဲ့သို့သောဂြိုဟ်တုတစ်လုံးသည် တစ်ချိန်တည်းတွင် တယ်လီဖုန်း ၃၀,၀၀၀ ကိုအဆက်အသွယ်ပြုလုပ်ပေးနိုင်ပါသည်။

၃။ ဆက်သွယ်ရေးပြတ်တောက်မှုများရှိလျှင် မည်သို့ဖြစ်ပျက်သနည်း။

၃ သို့သော် ဤသို့သောကူးလူးဆက်သွယ်မှုနည်းမျိုးစုံရှိလျက်ပင် လူအချင်းချင်း ကူးလူးဆက်သွယ်မှုမရှိကြသောကြောင့် များစွာစိတ်ဆင်းရဲမှုရှိနေပါသည်။ သို့ဖြစ်၍ “အုပ်စိုးသူနှင့်အုပ်စိုးခံရသူများစပ်ကြား ‘ဆက်သွယ်ရေးကွာဟမှု’ သည် သာ၍ကျယ်ဝန်းလာနေပြီ” ဟုသိရ၏။ လူမျိုးဆက်ကွာဟမှုဆိုသည်မှာလည်း မိဘနှင့်သားသမီး ရင်းနှီးစွာဆက်သွယ်ခြင်းမရှိသောကြောင့်ဖြစ်သည်။ အိမ်ထောင်ရေးတွင် အကြီးမားဆုံးပြဿနာသည် လင်နှင့်မယားဆက်သွယ်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း အိမ်ထောင်ရေးအကြံပေးသူများကဆိုကြသည်။ သင့်လျော်သောဆက်သွယ်မှုမရှိခြင်းသည် လူအသက်ကိုပင်သေစေနိုင်သည်။ ၁၉၉၀ ခုနှစ်အစောပိုင်းက လူပေါင်း ၇၃ ဦးသည် လေယာဉ်ပျက်ကျ၍အသက်ဆုံးရှုံးခဲ့ကြသည်။ သို့ဖြစ်ရခြင်းကား လေယာဉ်မောင်းသူနှင့်မြေပြင်ထိန်းကွပ်ရေးစခန်းတို့စပ်ကြား ဆက်သွယ်မှုပြတ်စဲခဲ့၍ဖြစ်သည်။ သတင်းစာခေါင်းစဉ်တစ်ခုက “ဆက်သွယ်ရေးအဆင်မပြေမှုကား ကြေကွဲဖွယ်ရာဖြစ်စေသည်” ဟူ၍ကြေညာခဲ့သည်။

၄။ (က) “ဆက်သွယ်ရေး” မည်သည်အဘယ်နည်း။ (ခ) ခရစ်ယာန်ဆက်သွယ်မှု၏ပန်းတိုင်ကားအဘယ်နည်း။

၄ ခရစ်ယာန်အသိုင်းအဝိုင်းတွင် ဆက်သွယ်ရေးကားအဘယ်နည်း။ အဘိဓာန်တစ်ခုအရ “ဆက်သွယ်မှု” သည် “ကျေနပ်ဖွယ်ဖြစ်စေ၍ လက်သင့်ခံ၊ နားလည်နိုင်ဖွယ်ရှိသည်တိုင် အကြောင်းစုံကိုလည်းကောင်း၊ စိတ်နေသဘောထားကိုလည်းကောင်း၊ ခံစားချက်ကိုလည်းကောင်း ပေါ်လွင်သိရှိစေခြင်း” ဖြစ်သည်။ အခြားအဘိဓာန်ကျမ်းတစ်ခုကား “အကြံဉာဏ်များကို ထိရောက်စွာတင်ပြပြောဆိုနိုင်သည့်နည်း” ဟုရှင်းပြပါသည်။ “အကြံဉာဏ်များကို ထိရောက်စွာတင်ပြပြောဆို” ခြင်းဟုဆိုသည်ကိုသတိပြုပါ။ အထူးသဖြင့် ခရစ်ယာန်ဆက်သွယ်မှုသည် ထိရောက်ရမည်။ အကြောင်းမှာ ဆက်သွယ်မှုပြုသည့်ရည်ရွယ်ချက်ကား လူတို့၏နှလုံးသားကို ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားဖြင့်ထိမိစေရန်၊ သူတို့သင်ယူသည့်အတိုင်းပြုကျင့်ရန်မျှော်လင့်၍ဖြစ်သည်။ ယင်းသို့ပြုရခြင်းကား ကိုယ်ကျိုးမပါ မေတ္တာရှေ့ရှု၍ဖြစ်သည်ကား ထူးခြားလှပေသည်။

ကူးလူးဆက်သွယ်သူ ယေဟောဝါ

၅။ လူနှင့်ယေဟောဝါဘုရားသခင်ဆက်သွယ်သည့် ပထမနည်းလမ်းကားအဘယ်နည်း။

၅ အကြီးဆုံးကူးလူးဆက်သွယ်ရှင်ကား ယေဟောဝါဘုရားသခင်ဖြစ်သည်မှာ သံသယရှိစရာမလိုချေ။ ကျွန်ုပ်တို့ကိုကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းထားသဖြင့် ကျွန်ုပ်တို့နှင့်ကိုယ်တော်ဆက်သွယ်နိုင်ပေသည်။ ကိုယ်တော်အကြောင်းလည်း သူတစ်ပါးအားတင်ပြပြောဆိုနိုင်ကြပါသည်။ လူကိုဖန်ဆင်းစဉ်ကတည်းက မြေကြီးသတ္တဝါများနှင့် ယေဟောဝါကူးလူးဆက်သွယ်တော်မူခဲ့သည်။ ယင်းသို့ကိုယ်တော်ပြုသည့်နည်းတစ်နည်းကား မျက်မြင်ရဖန်ဆင်းခြင်းအားဖြင့်ဖြစ်သည်။ သို့ဖြစ်၍ ဆာလံဆရာဤသို့ဆိုသည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။ တစ်နေ့ကိုတစ်နေ့မြွက်ဆို၍ တစ်ညကိုတစ်ည သွန်သင်၏။” (ဆာလံ ၁၉:၁၊ ၂) “မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ထင်ရှားလျက်ရှိကြ၏” ဟုရောမ ၁:၂၀ ကဆိုသည်။ “ထင်ရှားလျက်ရှိခြင်း” ကား အမှန်ပင်ထိရောက်သောဆက်သွယ်မှုဖြစ်သည်ကိုညွှန်ပြသည်။

၆။ ဧဒင်ဥယျာဉ်တွင်ရှိစဉ် မြေကြီးသတ္တဝါများနှင့်ဆက်သွယ်၍ အဘယ်အရာကိုယေဟောဝါသိစေတော်မူသနည်း။

၆ ဘုရားသခင်နှင့်ကိုယ်တော်၏အမိန့်တော်များကို မယုံကြည်လက်မခံနိုင်သူများက လူသည် အဘယ်ကြောင့်အသက်ရှင်ရသည်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေရှာယူရမည်ဟုဆိုကြပေမည်။ သို့သော် အစကနဦးကတည်းက လူနှင့်ဘုရားသခင်ဆက်သွယ်ခဲ့ကြောင်း ဘုရားသခင်၏နှုတ်ကပါဌ်တော်၌ရှင်းလင်းစွာဖော်ပြထားသည်။ သို့ဖြစ်၍ ပထမလူယောက်ျားနှင့်မိန်းမအား မျိုးပွားရန်ပညတ်ကိုဘုရားပေးတော်မူခဲ့သည်။ “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ အသက်ရှင် . . . သောတိရစ္ဆာန်အပေါင်းတို့ကိုအုပ်စိုးကြလော့။” အပင်တစ်ပင်မှတစ်ပါး ဥယျာဉ်ရှိအပင်အားလုံး၏အသီးများကို ဝစွာစားသုံးခွင့်လည်း သူတို့အားပေးတော်မူခဲ့သည်။ သို့သော် အာဒံနှင့်ဧဝနားမထောင်ကြသောအခါ မေရှိယနှင့်ဆိုင်သော ပထမကတိတော်ကို ယေဟောဝါသိကြားစေခြင်းဖြင့် လူသားရှေ့မျှော်လင့်ချက်ရောင်ခြည်ပေါ်ပေါက်စေတော်မူသည်။ “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။”—ကမ္ဘာဦး ၁:၂၈။ ၂:၁၆၊ ၁၇။ ၃:၁၅။

၇။ ကိုယ်တော်၏ကျေးကျွန်များနှင့်ယေဟောဝါဆက်သွယ်ခြင်းအကြောင်း ကမ္ဘာဦးကျမ်းက ဘာဖော်ပြသနည်း။

၇ အာဒံ၏သား ကာဣနသည် လူအသက်သတ်ချင်စိတ်ရှိသည်တိုင် မနာလိုနေသောအခါ ယေဟောဝါသည် သူနှင့်ဆက်သွယ်၍ ‘သတိယူ။ သင်ဒုက္ခရောက်မည်’ ဟုတစ်နည်းအားဖြင့်သတိပေးတော်မူသည်။ သို့သော် ထိုသတိပေးစကားများကို ကာဣနအမှုမထားဘဲ သူ့ညီကိုသတ်ပစ်ခဲ့သည်။ (ကမ္ဘာဦး ၄:၆-၈) ထိုနောက် ကမ္ဘာသည် အဓမ္မမှု၊ ဆိုးသွမ်းမှုနှင့်ပြည့်နှက်လာသောအခါ ကမ္ဘာကိုညစ်ညူးစေသောအရာခပ်သိမ်းကို ရှင်းပစ်မည်ဟု ဖြောင့်မတ်သူနောဧမှတစ်ဆင့် ကိုယ်တော်၏ရည်ရွယ်ချက်ကိုအသိပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၁၃–၇:၅) ရေလွှမ်းမိုးဘေးပြီးနောက် သင်္ဘောအထဲက နောဧနှင့်သူ၏မိသားစုထွက်လာကြသောအခါ အသက်နှင့်အသွေး၏မြင့်မြတ်မှုနှင့်စပ်လျဉ်းသော ကိုယ်တော်၏ရည်ရွယ်ချက်ကို သူတို့အား ယေဟောဝါသိနားလည်စေတော်မူခဲ့သည်။ သက်ရှိအပေါင်းတို့ကို ရေလွှမ်းမိုးခြင်းအားဖြင့် နောက်တစ်ဖန်ဖျက်ဆီးတော့မည်မဟုတ်ကြောင်း သက်တံ့အားဖြင့်လည်း ကိုယ်တော်အာမခံတော်မူခဲ့သည်။ ရာစုနှစ်အတန်ကြာကုန်လွန်ပြီးနောက် အာဗြဟံ၏မျိုးနွယ်အားဖြင့် လူသားအပေါင်းတို့ကို ကိုယ်တော်ကောင်းချီးပေးရန်ရည်ရွယ်တော်မူကြောင်း အာဗြဟံမှတစ်ဆင့် ယေဟောဝါအကြောင်းကြားတော်မူခဲ့သည်။ (ကမ္ဘာဦး ၉:၁-၁၇။ ၁၂:၁-၃။ ၂၂:၁၁၊ ၁၂၊ ၁၆-၁၈) ညစ်ညူးသော သောဒုံနှင့်ဂေါမောရသားတို့ကို ဖျက်ဆီးတော်မူမည်အကြောင်း အာဗြဟံအားမိန့်တော်မူစဉ် “ငါပြုမည်အမှုကို အာဗြဟံအားမဖော်မပြဘဲ ဝှက်ထားရမည်လော” ဟူ၍မေတ္တာရှိစွာဆက်သွယ်တော်မူခဲ့သည်။—ကမ္ဘာဦး ၁၈:၁၇။

၈။ ကမ္ဘာပေါ်ရှိကျေးကျွန်များနှင့် အဘယ်နည်းလေးမျိုးဖြင့် ယေဟောဝါဆက်သွယ်ခဲ့သနည်း။

၈ မောရှေမှစတင်၍ ဣသရေလလူမျိုးနှင့်အဆက်အသွယ်ပြုရန် ပရောဖက်ပေါင်းများစွာကို ယေဟောဝါအဆက်မပြတ်အသုံးပြုတော်မူခဲ့သည်။ (ဟေဗြဲ ၁:၁) မောရှေအား “ဤစကားများကိုရေးထားလော့” ဟူ၍ဆင့်ဆိုသကဲ့သို့ တစ်ခါတစ်ရံ နှုတ်တိုက်ဆင့်ဆိုတော်မူသည်။ (ထွက်မြောက်ရာ ၃၄:၂၇) အာဗြဟံနှင့်ကိုယ်တော်ဆက်သွယ်ခဲ့သည့်နည်းအတိုင်းပင် မိမိကိုယ်စားလှယ်တော်များကိုရူပါရုံအားဖြင့်မကြာခဏ ယေဟောဝါဆက်သွယ်တော်မူသည်။aလူတို့နှင့်ဆက်သွယ်ရာတွင် အိပ်မက်များကိုလည်း ယေဟောဝါအသုံးပြုတော်မူ၏။ ကိုယ်တော်၏ကျေးကျွန်များကိုသာမဟုတ်ဘဲ ကျေးကျွန်တော်တို့နှင့်ဆက်ဆံရသူတို့ကိုလည်း အိပ်မက်မြင်စေတော်မူသည်။ ဥပမာ၊ ယောသပ်၏အကျဉ်းကျဖော်တို့အား အိပ်မက်မြင်စေတော်မူပြီး ယင်းကိုယောသပ်အားအနက်ဖွင့်စေသည်။ ဖာရောနှင့်နေဗုခဒ်နေဇာတို့အားလည်း အိပ်မက်မြင်စေခဲ့ပြီး ကျေးကျွန်ယောသပ်နှင့်ဒံယေလတို့ကား အနက်ဖွင့်ပြခွင့်ရရှိခဲ့သည်။ (ကမ္ဘာဦး ၄၀:၈–၄၁:၃၂။ ဒံယေလ အခန်းကြီး ၂ နှင့် ၄) ထို့ပြင် ကျေးကျွန်များနှင့်ဆက်သွယ်ရာတွင် ကောင်းကင်တမန်များကို ယေဟောဝါကြိမ်ဖန်များစွာအသုံးပြုတော်မူခဲ့သည်။—ထွက်မြောက်ရာ ၃:၂။ တရားသူကြီး ၆:၁၁။ မဿဲ ၁:၂၀။ လုကာ ၁:၂၆။

၉။ ကိုယ်တော်၏အဘယ်မိန့်တော်မူချက်များအရ ဣသရေလလူမျိုးတော်နှင့်ယေဟောဝါဆက်သွယ်ရန် ဘာကလှုံ့ဆော်ပေးခဲ့သနည်း။

၉ ပရောဖက်များမှတစ်ဆင့် ယေဟောဝါဆက်သွယ်ခဲ့ခြင်းကား ကိုယ်တော်၏ဣသရေလလူမျိုးကို ယေဟောဝါချစ်မြတ်နိုးတော်မူကြောင်း ထင်ရှားစေသည်။ ပရောဖက်ယေဇကျေလအားဖြင့် ဤသို့မိန့်တော်မူသည်။ “ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့ သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့်အသေခံလိုကြသနည်း။” (ယေဇကျေလ ၃၃:၁၁) ၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆ တင်ပြသည်အတိုင်း ယေဟောဝါရှင်သည် ပုန်ကန်သောရှေးလူမျိုးတော်အပေါ် စိတ်ရှည်စွာသည်းခံဆက်သွယ်တော်မူကြောင်း ထင်ရှားသည်။ “ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ NW] သည်မိမိလူမျိုးနှင့်မိမိနေတော်မူရာအရပ်ကိုသနားသောကြောင့် . . . အထပ်ထပ်စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း ဘုရားသခင်၏တမန်တို့ကိုပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် . . . သောကြောင့် အမျက်တော်မငြိမ်းနိုင်” ပေ။

၁၀။ ယနေ့ မိမိလူမျိုးနှင့်ယေဟောဝါမည်သို့ဆက်သွယ်သနည်း။ ကိုယ်တော်သည် အဘယ်အတိုင်းအတာထိ ကူးလူးဆက်သွယ်သောဘုရားဖြစ်သနည်း။

၁၀ ယနေ့ ကိုယ်တော်အကြောင်း၊ ရည်ရွယ်တော်မူချက်များနှင့်အလိုတော်အကြောင်း ကျွန်ုပ်တို့အားသိရှိစေရန် ကျွန်ုပ်တို့သည် ကိုယ်တော်၏မှုတ်သွင်းခံနှုတ်ကပါဌ်တော် သမ္မာကျမ်းစာကိုရရှိထားကြပြီ။ (၂ တိမောသေ ၃:၁၆၊ ၁၇) အမှန်မှာ ကြီးမြတ်တော်မူသောကူးလူးဆက်သွယ်ရှင်အဖြစ် ယေဟောဝါဤသို့မိန့်တော်မူသည်။ “အကယ်စင်စစ် အရှင်ထာဝရဘုရား [ယေဟောဝါ၊ NW] သည်မိမိကျွန်ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ။” (အာမုတ် ၃:၇) ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို ကျေးကျွန်များအား ဖော်ပြသည်။

ကူးလူးဆက်သွယ်သူ ဘုရားသခင်၏သားတော်

၁၁။ လူနှင့်ဆက်သွယ်ရာတွင် ယေဟောဝါအဓိကအသုံးပြုသူကား မည်သူနည်း။ “နှုတ်ကပါဌ်တော်” ဟူသောကိုယ်တော်၏ဘွဲ့နာမသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။

၁၁ ကိုယ်တော်၏အလိုတော်ကိုတင်ပြပေးရန် ယေဟောဝါအသုံးပြုသောကိုယ်စားလှယ်များအနက် အဓိကပုဂ္ဂိုလ်မှာ ယေရှုခရစ်ဖြစ်လာသူ နှုတ်ကပါဌ်တော်၊ လိုဂေါ့စ်ဖြစ်သည်။ နှုတ်ကပါဌ်တော် သို့မဟုတ် လိုဂေါ့စ်ဟုအမည်ရခြင်းကဘာကိုရည်ညွှန်းသနည်း။ ကိုယ်တော်သည် ယေဟောဝါ၏အဓိကပြောရေးဆိုခွင့်ရှိသူဖြစ်သောကြောင့်တည်း။ ပြောရေးဆိုခွင့်ရှိသူဆိုသည်ကား အဘယ်နည်း။ အခြားတစ်ဦး၏လိုအပ်ရာကို တင်ပြပြောဆိုသူဖြစ်သည်။ ယင်းကြောင့် လိုဂေါ့စ်သည် အသိဉာဏ်ရှိသောမြေကြီးသတ္တဝါများအား ယေဟောဝါဘုရား၏နှုတ်ကပါဌ်တော်ကို ဖော်ပြပေးသူဖြစ်လာလေသည်။ ထိုတာဝန်သည် အရေးကြီးလွန်းသဖြင့် ကိုယ်တော်အား နှုတ်ကပါဌ်တော်ဟုခေါ်ဝေါ်လေသည်။—ယောဟန် ၁:၁၊ ၂၊ ၁၄။

၁၂။ (က) အဘယ်ရည်ရွယ်ချက်ကိုဖြည့်စွက်ရန် ကမ္ဘာပေါ်သို့ယေရှုကြွလာတော်မူသနည်း။ (ခ) ထိုရည်ရွယ်ချက်ကို ကိုယ်တော်သစ္စာရှိရှိဖြည့်စွက်ခဲ့ကြောင်း အဘယ်အရာကသက်သေထူသနည်း။

၁၂ ကမ္ဘာပေါ်သို့လာရသည့် အဓိကရည်ရွယ်ချက်မှာ လူသားတို့အား သမ္မာတရားကိုတင်ပြပေးရန်အတွက်ဖြစ်ကြောင်း ပုန္တိပိလတ်အား ယေရှု ဤသို့ဆိုသည်။ “သမ္မာတရားဘက်၌သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” (ယောဟန် ၁၈:၃၇) ထိုတာဝန်ကိုမည်မျှကျေပွန်စွာဆောင်ရွက်ခဲ့ကြောင်း ခရစ်ဝင်ကျမ်းများက မှတ်တမ်းတင်ထားသည်။ ကိုယ်တော်၏တောင်ပေါ်ဒေသနာကို လူတို့အားဟောသမျှတရားတွင် အကောင်းဆုံးသောဒေသနာအဖြစ် အသိအမှတ်ပြုထားကြသည်။ ထိုဒေသနာမှတစ်ဆင့် ကိုယ်တော်ကောင်းစွာဆက်သွယ်ခဲ့သည်တကား။ “အဆုံး၌ [ကြားနာခဲ့သော] ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို လွန်စွာအံ့သြကြ၏။” (မဿဲ ၇:၂၈) အခြားတစ်ချိန်အကြောင်း ဤသို့ဖတ်ရသည်။ “လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကိုနားထောင်ကြ၏။” (မာကု ၁၂:၃၇) ယေရှုကိုဖမ်းဆီးရန် စေလွှတ်ခံရသောအရာရှိအချို့တို့သည် ကိုယ်တော်မပါဘဲ ပြန်သွားကြ၏။ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့အား သူတို့က “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ” ဟုလျှောက်ကြ၏။—ယောဟန် ၇:၄၆။

ဆက်သွယ်ပေးသူများဖြစ်ရန် ခရစ်တော်၏တပည့်များတာဝန်ရထား

၁၃။ တစ်ဦးတည်းသောဆက်သွယ်ပေးသူဖြစ်ရန် ခရစ်တော်မရည်ရွယ်ကြောင်း အဘယ်အရာကတင်ပြသနည်း။

၁၃ မိမိသာလျှင်ဆက်သွယ်ပေးသူမဖြစ်လိုသဖြင့် ယေရှုသည် ဦးစွာ တမန်တော် ၁၂ ပါး၊ ထိုနောက် ဧဝံဂေလိဟောသူ ၇၀ တို့အား နိုင်ငံတော်သတင်းကောင်းဟောပြောဖို့အတွက် စေလွှတ်တော်မူသည်။ (လုကာ ၉:၁။ ၁၀:၁) ထိုနောက် ကောင်းကင်သို့မတက်ကြွမီအချိန်တွင်ပင် အထူးတာဝန်တစ်ခုကိုဆောင်ရွက်ရန် တပည့်တော်များအားသူတာဝန်အပ်နှင်းခဲ့သည်။ အဘယ်တာဝန်နည်း။ မဿဲ ၂၈:၁၉၊ ၂၀ တွင်ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း သူတို့အားဆက်သွယ်ပေးသူများဖြစ်ကြရန် ကိုယ်တော်သွန်သင်ပေးခဲ့သည်။ ထပ်ဆင့်၍ သူတို့ကလည်း အခြားသူများအား ဆက်သွယ်ပေးသူများဖြစ်ကြရန် သွန်သင်ပေးကြရမည်ဖြစ်သည်။

၁၄။ ရှေးခေတ်ခရစ်ယာန်ဆက်သွယ်သူများ မည်မျှတိုင်ထိရောက်ခဲ့သနည်း။

၁၄ တပည့်တော်များသည် ထိရောက်စွာဆက်သွယ်ပေးခဲ့သူများလော။ အမှန်ပင်ထိရောက်သည်။ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် သူတို့၏ဟောပြောခြင်းကြောင့် တည်ထောင်ခါစခရစ်ယာန်အသင်းတော်သစ်သို့ အသင်းသား ၃၀၀၀ တိုးများလာသည်။ မကြာမီပင် အမျိုးသား ၅၀၀၀ တိုးလာပြန်သည်။ (တမန်တော် ၂:၄၁။ ၄:၄) ယင်းကြောင့်လည်း ယေရုရှလင်မြို့ကို သူတို့၏အယူဝါဒနှင့်ပြည့်စေသည်၊ နောင်တစ်ကြိမ်တွင် သူတို့ဟောပြောခြင်းဖြင့် လောကီနိုင်ငံကိုမှောက်လှန်သည်ဟု သူတို့၏ဂျူးရန်သူများ စွပ်စွဲခဲ့ကြခြင်းသည် အံ့ဩစရာမဟုတ်ပေ။—တမန်တော် ၅:၂၈။ ၁၇:၆။

၁၅။ လူတို့နှင့်ဆက်သွယ်ရန် မျက်မှောက်ခေတ်တွင် ယေဟောဝါအဘယ်လူစုကိုအသုံးပြုတော်မူသနည်း။

၁၅ မျက်မှောက်ခေတ်တွင်ကော။ မဿဲ ၂၄:၃၊ ၄၅-၄၇ တွင်ကြိုတင်ဟောထားသည့်အတိုင်းပင် သခင်ယေရှုခရစ်သည် ဘိသိက်ခံခရစ်ယာန်များဖြင့်ဖွဲ့စည်းထားသော “သစ္စာနှင့်သတိပညာရှိကျေးကျွန်” ကိုခန့်အပ်ထားပါသည်။ ဤသူတို့ကား ကိုယ်တော်ရောက်ရှိနေချိန်တွင် ကမ္ဘာပေါ်ရှိ ကိုယ်တော့်ဥစ္စာရှိသမျှတို့ကို စောင့်ရှောက်ပေးရန်တာဝန်ရှိသည်။ ထိုသစ္စာနှင့်သတိပညာရှိကျေးကျွန်ကို ယနေ့ ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့က ကိုယ်စားပြုသည်။ ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းမှာ ပြည်သူလူထုသိအပ်ရာတို့ကိုသိစေသည့်ကိုယ်စားလှယ်ဖြစ်သည်။ ထိုသစ္စာသမာဓိရှိကျေးကျွန်ကို ဘုရားသခင်၏ဆက်သွယ်ရေးလမ်းကြောင်းဟူ၍လည်း လျောက်ပတ်စွာခေါ်ဆိုထားပြီ။ ကျွန်ုပ်တို့လည်း ကောင်းစွာဆက်သွယ်ပေးသူများဖြစ်ကြရန် ယင်းကတိုက်တွန်းထားသည်။ အမှန်မှာ ဤပထမစာစောင်တွင်ပင် စာရှုသူများအားဤသို့မှာကြားထားသည်။ “သင့်အိမ်နီးချင်းသို့မဟုတ်မိတ်ဆွေတစ်ဦးသည် ဤ [မဂ္ဂဇင်းပါ] ညွှန်ကြားချက်များကြောင့် အကျိုးခံစားရမည်ဟုယူမှတ်လျှင် ယင်းကို သူတို့အားတင်ပြပါ။ ဤနည်းဖြင့် အခွင့်အရေးရတိုင်း နှုတ်ကပါဌ်တော်ကိုဟောပြောပြီး လူတို့အားအကျိုးပြုပါ။”

၁၆။ မြေကြီးပေါ်ရှိကျေးကျွန်များနှင့် ထိရောက်စွာဆက်သွယ်ရန် ကျမ်းစာဖတ်ရုံဖြင့်မလုံလောက်ကြောင်း အဘယ်အရာကတင်ပြသနည်း။

၁၆ သို့ရာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုရရှိထားပြီး ကိုယ်တိုင်ဖတ်ရှုရုံဖြင့် အသက်လမ်းပေါ်လျှောက်စေသည့် မှန်သောအသိပညာကိုရရန် လုံလောက်မည်မဟုတ်ပါ။ ဟေရှာယပရောဖက်ပြုချက်ကိုဖတ်ရှုနေသော်လည်း နားမလည်ခဲ့သော အဲသရောပိအမတ်ကိုသတိရပါ။ ဧဝံဂေလိတရားဟောသူ ဖိလိပ္ပုက ပရောဖက်ပြုချက်ကိုသူ့အားရှင်းပြခဲ့သည်။ ထိုနောက် ခရစ်တော်၏တပည့်တစ်ဦးအဖြစ် နှစ်ခြင်းယူရန် သူအသင့်ရှိနေသည်။ (တမန်တော် ၈:၂၇-၃၈) မိမိဘာသာ ကျမ်းစာကိုဖတ်ရှုရုံထက်မကလိုအပ်ကြောင်း ဧဖက် ၄:၁၁-၁၃ တင်ပြသည်။ ထိုတွင် ပေါလုပြောသည်ကား ခရစ်တော်သည် အချို့ကိုမှုတ်သွင်းခံတမန်တော်များ၊ ပရောဖက်များဖြစ်စေရုံမက ‘ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မအမှုကိုပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှာ အချို့တို့ကို ဧဝံဂေလိတရားဟောသူအရာ၊ အချို့တို့ကို သိုးထိန်းအရာ၊ ဆရာအရာ၌ခန့်တော်မူပြီ။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူအဖြစ်သို့ရောက်ကြသည်တိုင်အောင်’ အတွက်ဟုဆိုသည်။

၁၇။ လူတို့အား ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကိုကြားသိစေရန် ယေဟောဝါအသုံးပြုနေသောအဖွဲ့ကို အဘယ်နည်းဖြင့်မှတ်သားနိုင်မည်နည်း။

၁၇ ကြီးရင့်သောလူအဖြစ်သို့ရောက်ကြသည်တိုင် ခရစ်ယာန်များကိုကူညီပေးမည့်သူများအဖြစ် ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်အသုံးပြုနေတော်မူသောသူများသည် မည်သူများဖြစ်ကြောင်း မည်သို့သိနိုင်မည်နည်း။ ယေရှုပြောသည့်အမှတ်အသားတစ်ခုမှာ ဤသူတို့သည် တပည့်တော်များကိုခရစ်တော်ချစ်သကဲ့သို့အချင်းချင်းချစ်ကြလိမ့်မည်။ (ယောဟန် ၁၃:၃၄၊ ၃၅) အခြားအမှတ်အသားတစ်ခုမှာ ယေရှုသည် ဤလောကနှင့်မစပ်ဆိုင်သကဲ့သို့ သူတို့လည်း စပ်ဆိုင်လိမ့်မည်မဟုတ်ပါ။ (ယောဟန် ၁၅:၁၉။ ၁၇:၁၆) ထပ်ဆင့်အမှတ်အသားကား ယေရှုနည်းတူ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို သမ္မာတရားအဖြစ်အသိအမှတ်ပြုကာ မိမိစကားကိုထောက်ခံပေးရန် ယင်းကိုအမြဲအသုံးပြုခြင်းဖြစ်သည်။ (မဿဲ ၂၂:၂၉။ ယောဟန် ၁၇:၁၇) ယေရှုကဲ့သို့ပင် ဘုရားသခင်၏နာမတော်ကိုရှေ့ဦးထားခြင်းသည်လည်း အမှတ်အသားနောက်တစ်ခုဖြစ်သည်။ (မဿဲ ၆:၉။ ယောဟန် ၁၇:၆) ထပ်ဆင့်အမှတ်အသားတစ်ခုရှိသေးသည်ကား ယေရှုပုံသက်သေအရ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းဖြစ်သည်။ (မဿဲ ၄:၁၇။ ၂၄:၁၄) ဤလိုအပ်ချက်များကိုဖြည့်စွက်ပေးနိုင်သည့်လူစုတစ်စုတည်းသာရှိ၍ ၄င်းကား ယေဟောဝါ၏ခရစ်ယာန်သက်သေများဟုအမည်ရထားသော အပြည်ပြည်ဆိုင်ရာဆက်သွယ်ပေးသူများဖြစ်ကြသည်။

၁၈။ အဘယ်ဆက်သွယ်ရေးကဏ္ဍသုံးခုအကြောင်း နောက်ဆက်တွဲဆောင်းပါးများတွင် ဆွေးနွေးတင်ပြမည်နည်း။

၁၈ သို့ရာတွင် ဆက်သွယ်ပေးခြင်းကား သူတစ်ထူးအပေါ်တာဝန်ရှိခြင်းကိုတင်ပြသည်။ ခရစ်ယာန်များသည် မည်သူတို့ထံဆက်သွယ်ရန်တာဝန်ရှိသနည်း။ ဆက်သွယ်ရေးလမ်းကြောင်း အစဉ်ပွင့်နေရန် ခရစ်ယာန်များဂရုစိုက်ရမည့်ကဏ္ဍသုံးခုရှိသည်။ မိသားစုအတွင်း၊ ခရစ်ယာန်အသင်းတော်အတွင်းနှင့် ခရစ်ယာန်လယ်ကွင်းဓမ္မအမှုတွင်ဖြစ်သည်။ နောက်ဆက်တွဲဆောင်းပါးများက ကျွန်ုပ်တို့ဆွေးနွေးနေသော ဤကဏ္ဍများနှင့်သက်ဆိုင်လိမ့်မည်။

သင်မည်သို့ဖြေမည်နည်း

▫ ဆက်သွယ်မှုမရှိခြင်းမှ အဘယ်အန္တရာယ်ရှိနိုင်မည်နည်း။

▫ အဓိကဆက်သွယ်ပေးသူနှစ်ဦးကား မည်သူတို့နည်း။

▫ လူတို့နှင့်ဆက်သွယ်ရန် အဘယ်နည်းအမျိုးမျိုးကို ဘုရားသခင်အသုံးပြုတော်မူခဲ့သနည်း။

▫ ဆက်သွယ်သူတစ်ဦးအနေနှင့် ယေရှုမည်သို့ထူးချွန်သနည်း။

▫ ဆက်သွယ်ရေးတွင် ရှေးခရစ်ယာန်များမည်မျှထိတိုင် အောင်မြင်ခဲ့သနည်း။

[အောက်ခြေမှတ်ချက်များ]

a ကမ္ဘာဦး ၁၅:၁။ ၄၆:၂။ တောလည်ရာ ၈:၄။ ၂ ဓမ္မရာဇဝင် ၇:၁၇။ ၂ ရာဇဝင်ချုပ် ၉:၂၉။ ဟေရှာယ ၁:၁။ ယေဇကျေလ ၁၁:၂၄။ ဒံယေလ ၂:၁၉။ ဩဗဒိ ၁။ နာဟုံ ၁:၁။ တမန်တော် ၁၆:၉။ ဗျာဒိတ် ၉:၁၇ တို့ကိုရှု။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကောင်းကင်ခမည်းတော်နည်းတူ ယေရှုသည်မေတ္တာရှိသော ဆက်သွယ်ပေးသူဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ