ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၀/၁ စာ. ၃-၅
  • ကလဲ့စား ချေခြင်းသည် မှားသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလဲ့စား ချေခြင်းသည် မှားသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်တုံ့ပြန်လိုစိတ်သည် ထိခိုက်နာကျင်စေသည်
  • ဒဏ်ခတ်ခြင်း—မည်သူအားဖြင့်နည်း
  • အပြစ်ဒဏ်ပေးခြင်း—မည်သူအားဖြင့်နည်း
  • ဘုရားသခင်၏ အပြစ်ပေးရာနေ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သင်စိတ်နာကြည်းသည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကလဲ့စားချေခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၀/၁ စာ. ၃-၅

ကလဲ့စား ချေခြင်းသည် မှားသလော

အမေရိကန်ရှိလမ်းတစ်ခုတွင် ကားတစ်စီးသည် နှေးကွေးနေရာ နောက်မှကားတစ်စီးက ကျော်တက်သွားသည်။ ဒုတိယကားမှဒရိုင်ဘာသည် ကလဲ့စားချေသည့်အနေနှင့် စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုသောကားကို သေနတ်ဖြင့်ပစ်ရာ အပြစ်မဲ့သူခရီးသည်တစ်ဦးသေဆုံးခဲ့ရသည်။

ကျောင်းတစ်ကျောင်းတွင် ကစားကြရာ၌ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသည် အခြားမိန်းကလေးတစ်ဦးအား ရှုံးနိမ့်သွားခဲ့သည်။ သူမသည် ကလဲ့စားချေသည့်အနေနှင့် ထိုမိန်းကလေး၏ရည်းစားအား ထိုမိန်းကလေးသည် နောက်ကျောင်းတစ်ကျောင်းမှ ယောက်ျားလေးတစ်ယောက်နှင့်ချိန်းတွေ့ကြောင်းပြောသည်။ သို့ဖြင့်မိန်းကလေးနှင့်သူ၏ရည်းစားဆက်ဆံရေးကို ပျက်ပြားစေခဲ့သည်။

လူအများသည် မိမိတို့မတရားခံရသောအခါ ပြန်လည်ရန်တုံ့ခြင်းသည် တရားမျှတသည်ဟုခံယူကြသည်။ တစ်နည်းမဟုတ်တစ်နည်းသူတို့သည် “ဒေါသထွက်မနေနဲ့၊ ပြန်သာချလိုက်” ဟူသည့်ဆောင်ပုဒ်ကို လိုက်နာကြသည်။ ယနေ့တွင်၊ အိမ်နီးချင်းမေတ္တာသည် ကျဆင်းနေပြီး ကလဲ့စားချေလိုစိတ်သည် မြင့်တက်လျက်ရှိသည်။—မဿဲ ၂၄:၁၂။

သင်ကော၊ ကလဲ့စားချေခြင်းကို မည်သို့ရှုမြင်သနည်း။ သမ္မာကျမ်းစာကို သင်ယုံကြည်ပါက အခြေခံအားဖြင့် ကလဲ့စားချေခြင်းသည်မှားကြောင်း မူအားဖြင့် သင်ခံယူပေမည်။ သို့သော်၊ ဘုရားမဲ့လောကတွင် ကျွန်ုပ်တို့နေထိုင်စဉ် ကလဲ့စားချေခြင်း၏ဆန့်ကျင်ဘက်ဖြစ်သော ခွင့်လွှတ်ခြင်းသည် ယုတ္တိတန်လေ့မရှိကြောင်း သင်မှတ်ယူပေမည်။ သင်သည်ကလိမ်ကျ (ဝါ) လှည့်စားခံရသောအခါ မည်သို့တုံ့ပြန်မည်နည်း။ တစ်ဦးတစ်ယောက်ကသင့်ကို ဥပေက္ခာပြုသောအခါ (ဝါ) သင့်အကြောင်းအခြားသူများထံ ရှုတ်ချပြောဆိုသောအခါ သင်လက်တုံ့ပြန်ပါသလော။ သင်သည်လက်စားချေတတ်သလော၊ ခွင့်လွှတ်တတ်သလော။

လက်တုံ့ပြန်လိုစိတ်သည် ထိခိုက်နာကျင်စေသည်

စိတ်အနှောင့်အယှက်ဖြစ်စေသောအတိုင်းအတာ မတူသည်မှာမှန်သည်။ သို့သော်အခြားသူတစ်ဦးကို ပြန်လည်ရန်တုံ့လိုသောသူအများသည် လှည့်စားခံရခြင်း (ဝါ) ရာဇဝတ်မြောက်သည့် တိုက်ခိုက်ခံခဲ့ရခြင်းမဟုတ်ပေ။ ဤဆောင်းပါးအစတွင်ဖော်ပြထားသော “စိတ်အနှောင့်အယှက်” ဖြစ်စေမှုများသည် အသေးအမွှားသာဖြစ်သည်။ သို့သော်လက်တုံ့ပြန်ရန် ဆုံးဖြတ်သူစိတ်ထဲတွင်မူ ယင်းတို့သည်ကြီးကျယ်ပုံရလေသည်။

သမ္မာကျမ်းစာက ကျွန်ုပ်တို့သည်လက်စားချေလိုစိတ် မမွေးမြူသင့်ကြောင်းဆိုသည်။ သု၊ ၂၄:၂၉ က “‘သူသည်ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်’ ဟုမဆိုနှင့်” ဟုအကြံပြုသည်။ အဘယ်ကြောင့်နည်း။ တစ်ခုမှာ၊ ထိုသို့သောသဘောထားသည် စိတ်ပိုင်းနှင့်ရုပ်ပိုင်းကိုထိခိုက်သည်။ လက်စားချေလိုစိတ်သည် စိတ်၏ငြိမ်သက်မှုကိုပျောက်စေပြီး မှန်ကန်စွာစဉ်းစားမှုကို ဟန့်တားစေသည်။ ဤသတင်းကိုသုံးသပ်ပါ၊ “လယ်သမားနှစ်ဦးသည် ကားရပ်ထားသည့်နေရာတွင် သူတို့၏ကုန်တင်ထရပ်ကားလေးပေါ်မှ တစ်ဦးကိုတစ်ဦးပစ်ခတ်ကြရာ နှစ်ဦးစလုံးသေဆုံးကြကာ သူတို့ငယ်စဉ်ကစခဲ့သောအနှစ် ၄၀ ရန်စပြီးဆုံးသွားသည်။” သူတို့၏အသက်တာတစ်လျှောက်လုံးတွင် ဤလူနှစ်ဦး၏အတွေးတွင် ခံပြင်းသော၊ လက်စားချေလိုစိတ်ဖြင့် အဆိပ်သင့်နေသည်ကိုစဉ်းစားကြည့်ပါ။—သု၊ ၁၄:၂၉၊ ၃၀။

လက်တုံ့ပြန်လိုစိတ်မမွေးမြူရန် နောက်အကြောင်းတစ်ခုမှာ ပြစ်မှားသူသည် ကြီးလေးစွာပြစ်မှားသူပင်ဖြစ်စေ ပြောင်းလဲနိုင်သည်။ ဥပမာ၊ တမန်တော်ပေါလုသည် တစ်ခါကတပည့်တော်သတေဖန်နှင့် “သခင်ဘုရား၏တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှူ” ခဲ့သည်။ သို့သော်သူပြောင်းလဲခဲ့သည်။ ထိုကနဦးအချိန်က ပေါလုထံမှအသက်ဘေးကြုံတွေ့ခဲ့သောတမန်တော်ပေတရုက နှစ်အတန်ကြာသောအခါသူ့အား “ငါတို့ချစ်သောညီပေါလု” ဟုခေါ်ခဲ့သည်။ (တမန်တော် ၈:၁။ ၉:၁။ ၂ ပေတရု ၃:၁၅) ပေါလုသည်ဒမာသက်မြို့တွင် မျက်စိကွယ်လျက်စောင့်ဆိုင်းနေစဉ် ခရစ်ယာန်များသူ့ကို လက်စားချေနိုင်ခဲ့သည်။ (တမန်တော် ၉:၃-၁၅) ထိုသို့သာပြုခဲ့လျှင် မည်မျှကြေကွဲဖွယ်အမှားပါတကား။

ထို့ကြောင့်ရောမ ၁၂:၂၀ တွင်ပေါလုဤသို့သွန်သင်ပေးနိုင်ခဲ့သည်။ “သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင်သောက်စရာဖို့ပေးလော့။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ၊ ကျွန်ုပ်တို့သည်ရန်သူအပေါ်ရန်တုံ့ပြန်လျှင် သူ၏စိတ်ကိုပိုမိုမာစေပြီး ကျွန်ုပ်တို့စပ်ကြား ထာဝရရန်ငြိုးကိုဖြစ်စေသည်။ သို့သော်ကျွန်ုပ်တို့အားပြစ်မှားသူ (ဝါ) နာကြည်းစေသူအား ကောင်းမှုပြုလျှင် သူ၏သဘောထား ပျော့ပျောင်းနိုင်စရာအကြောင်းရှိပြီး ယခင်ရန်သူတစ်ဦးကို မိတ်ဆွေအဖြစ်ပြုလုပ်နိုင်သည်။

ကျွန်ုပ်တို့ကိုယ်နှိုက်အားနည်းချက်ကို အသိအမှတ်ပြုခြင်းသည်လည်း ကလဲ့စားချေလိုသည့်ဆန္ဒကို ဦးတည်စေသည့်နာကြည်းမှုကိုပြေပျောက်စေရန် ကူညီပေးနိုင်သည်။ ဆာလံဆရာက “အိုဘုရားရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည်ဒုစရိုက်အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း” ဟုမေးခဲ့သည်။ (ဆာလံ ၁၃၀:၃) ကျွန်ုပ်တို့အားလုံးသည် အခြားသူများအားထိခိုက် (ဝါ) ပြစ်မှားခဲ့ဖူးကြသည်။ သူတို့ပြန်၍လက်စားချေရန်မကြိုးစားလျှင် ကျွန်ုပ်တို့ဝမ်းမသာပေလော။ သို့ဖြစ်လျှင်ကျွန်ုပ်တို့လည်း အလားတူထိန်းချုပ်မထားသင့်ပေလော။ ယေရှုက “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုသွန်သင်ခဲ့သည်။—မဿဲ ၇:၁၂။

မှန်ပါသည်၊ သမ္မာကျမ်းစာက “မကောင်းသောအမှုကို ရွံရှာကြလော့” ဟုမိန့်ဆိုသည်။ (ဆာလံ ၉၇:၁၀။ အာမုတ် ၅:၁၅) သို့သော်အဆိုးပြုသူကို မုန်းတီးရန် ကျွန်ုပ်တို့အားမဆိုထားပါ။ ယေရှုကဤသို့ပင် မိန့်ဆိုထားသည်၊ “သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ . . . သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကိုဆုတောင်းကြလော့။” (မဿဲ ၅:၄၄) ရန်ကိုရန်နှင့်တုံ့ပြန်လျှင် ကျွန်ုပ်တို့သည်အမှားပြုသူ၏စိတ်သဘောကို တုပရာရောက်သည်။ ရှေးကျမ်းစကားက ဤသို့ဆိုသည်။ “‘ငါသည်ရန်တုံ့ပြုမည်’ ဟုမဆိုနှင့်၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုငံ့လင့်လော့။ သို့ပြုလျှင်ကယ်တင်တော်မူလိမ့်မည်။” (သု၊ ၂၀:၂၂) မည်မျှပညာရှိသော သဘောထားပါတကား။ ပြစ်မှားသူ၏သဘောထားကို တုပရန်သွေးဆောင်ခြင်းကို တွန်းလှန်ခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်ကိုအောင်နိုင်သူအဖြစ် တင်ပြခြင်းသည် မည်မျှပို၍သင့်လျော်ပါသည်တကား။—ယောဟန် ၁၆:၃၃။ ရောမ ၁၂:၁၇၊ ၂၁။

ဒဏ်ခတ်ခြင်း—မည်သူအားဖြင့်နည်း

အချို့လုပ်ရပ်များသည် ကိုယ့်အားစော်ကား (ဝါ) နာကြည်းစေခြင်းထက် ပိုမိုကြီးလေးသည်မှာမှန်သည်။ ကျွန်ုပ်တို့သည် ရာဇဝတ်မှုကျူးလွန်ခံရလျှင်ကောမည်သို့နည်း။ ယနေ့တွင်ဘုရားဥပဒေဖြစ်စေ အများအားဖြင့်လူ့ဥပဒေဖြစ်စေ ရာဇဝတ်မှုများအတွက် ကိုယ်တိုင်ကိုယ်ကျလက်တုံ့ပြန်ရန် ခွင့်မပြုချေ။ ခိုင်လုံသောအကြောင်းရှိ၍ဖြစ်သည်။ ထိုသို့သောအကြမ်းဖက်မှုသည် ထပ်ဆင့်အကြမ်းဖက်မှုကိုသာ ပေါက်ပွားစေသည်။

သို့ဖြစ်လျှင်၊ ရာဇဝတ်မှုကို ငြိမ်၍ခံနေရမည်ဟုဆိုလိုပါသလော။ မဟုတ်ပါ။ ကျွန်ုပ်တို့ (ဝါ) ပိုင်ဆိုင်ရာများကိုထိပါးလာလျှင် အကူအညီတောင်းခံရန် အာဏာပိုင်များရှိပါသည်။ သင်သည်ရဲကို အကြောင်းကြားလိုပေမည်။ အလုပ်တွင်ဖြစ်လျှင် ဦးစီးမှူးထံသွားပါ။ ကျောင်းတွင်မူ ကျောင်းအုပ်ကြီးထံ သင်သွားတွေ့လိုပေမည်။ သူတို့ထိုတွင်ရှိနေခြင်းမှာ၊ တရားမျှတမှုရှိရေးအတွက်ဖြစ်သည်။ သမ္မာကျမ်းစာက အာဏာပိုင်များအား “မကောင်းသောအကျင့်ကိုကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သောသူတည်းဟူသော ဘုရားသခင်၏အစေခံဖြစ်သတည်း” ဟုဆိုထားသည်။ (ရောမ ၁၃:၄) ပညာရှိသောလမ်းစဉ်သည် ချုပ်တည်းခြင်းဖြစ်သည်။ “မိုက်သောသူသည် မိမိအမျက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ဒေါသကိုငြိမ်းစေတတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။—သု၊ ၂၉:၁၁။

အပြစ်ဒဏ်ပေးခြင်း—မည်သူအားဖြင့်နည်း

လက်စားချေခြင်းမှ ကိုယ့်ကိုယ်ကိုထိန်းချုပ်ထားခြင်းဖြင့် မိမိတို့အပေါ်အကျိုးသက်ရောက်စေမည်။ အကယ်၍တရားမျှတစွာလုပ်ဆောင်ရန်လိုအပ်လျှင် ဘုရားသခင်သည် လျောက်ပတ်သောအချိန်တွင် လုပ်ဆောင်မည်ကိုသိရှိလျက် ကျွန်ုပ်တို့သည်စိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနိုင်ပေမည်။ အမှားလုပ်သည်ကိုလွှတ်ထားလျှင် ဆိုးယုတ်လာနိုင်ကြောင်း ယေဟောဝါသိတော်မူသည်။ (ဒေသနာ ၈:၁၁) ကိုယ်တော်သည် နှလုံးခိုင်မာဆိုးယုတ်သူများကို လူသားတို့အား ထာဝစဉ်ဖိနှိပ်ရန် ခွင့်ပြုတော်မူမည်မဟုတ်။ ထို့ကြောင့်တမန်တော်ပေါလုက “ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား ‘ငါသည်အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်ဟု ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏’” ဟုသွန်သင်ခဲ့သည်။ (ရောမ ၁၂:၁၉) အမှန်ပင်၊ သမ္မာကျမ်းစာသည် ဖန်ဆင်းရှင်ဘက်မှ အပြစ်ပေးရာနေ့အကြောင်း ဆိုထားသည်။ ဤနေ့သည် မည်ကဲ့သို့ဖြစ်မည်နည်း။ ဘုရားအပြစ်ပေးမည့်သူများကား မည်သူတို့နည်း။ ဤအကြောင်းကိုနောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

ကလဲ့စားချေလိုစိတ်ကို ထိန်းချုပ်ရန်အောက်ပါအချက်များကိုသတိရပါ

◻ ဘုရားသခင်သည် တရားမျှတမှုကိုအာရုံစိုက်သည်

◻ လက်စားချေလိုစိတ် မွေးမြူခြင်းသည် အန္တရာယ်ဖြစ်သည်

◻ ကြင်နာခြင်းသည် အခြားသူများနှင့်ပြဿနာများကို လျော့နည်းစေလေ့ရှိသည်

◻ ကျွန်ုပ်တို့ကိုယ်နှိုက်၏အပြစ်များကို လျစ်လျူရှုခံခဲ့ရသည်

◻ အပြစ်ပြုသူသည် ပြောင်းလဲနိုင်သည်

◻ လောကလမ်းစဉ်များကိုတွန်းလှန်ခြင်းဖြင့် ယင်းကိုကျွန်ုပ်တို့အောင်မြင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ