“ဒုက္ခကာလ” ကိုမည်သူ လွတ်မြောက်မည်နည်း
“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုပတ္ထနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။”—ယောလ ၂:၃၂။
၁။ ဒံယေလနှင့်မာလခိတို့အတိုင်းဆိုလျှင် လာလတ္တံ့သော “ဒုက္ခကာလ” အတွင်းကယ်တင်ခြင်းရမည့်သူများ၌ အဘယ်အရည်အချင်းများရှိသနည်း။
ပရောဖက်ဒံယေလသည် ကျွန်ုပ်တို့ခေတ်ကိုကြို၍ ဤသို့ရေးသားခဲ့သည်။ “ထိုကာလ၌ သင့်အမျိုးသားချင်းတို့ အမှုကိုစောင့်သောအရှင်ကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင် မဖြစ်စဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ရောက်ကြလိမ့်မည်။” (ဒံယေလ၊ ၁၂:၁) အမှန်နှစ်သိမ့်ဖွယ်စကားများပါတကား။ ယေဟောဝါမျက်နှာသာရလူမျိုးသည် မာလခိ ၃:၁၆၌ ကြေညာထားသကဲ့သို့ပင် မှတ်မိတော်မူခြင်းခံရမည်။ “ထိုအခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။”
၂။ ယေဟောဝါ၏နာမတော်ကိုအောက်မေ့ခြင်းမှ အဘယ်အကျိုးရလဒ်ရရှိသနည်း။
၂ ယေဟောဝါ၏နာမတော်ကိုအောက်မေ့ခြင်းအားဖြင့် ကိုယ်တော်အကြောင်း၊ ကိုယ်တော်၏ခရစ်တော်နှင့် ကိုယ်တော့်နိုင်ငံတော်နှင့်ယှဉ်သော ကြီးမြတ်တော်မူသည့်ရည်ရွယ်တော်မူချက်များအကြောင်း တိကျမှန်ကန်သောအသိပညာကို ရရှိစေသည်။ ဤနည်းဖြင့် ကိုယ်တော်၏လူမျိုးသည် ကိုယ်တော်အားရိုသေလေးမြတ်တတ်လာ၏။ ကိုယ်တော်အား သိကျွမ်းလာကာ ဆက်ကပ်အပ်နှံဆက်ဆံမှုမျိုးရရှိစေ၏။ ‘သူတို့စိတ်နှလုံးအကြွင်းမဲ့၊ သိနားလည်မှုအပြည့်အဝ၊ ခွန်အားရှိရှိသမျှနှင့်’ ကိုယ်တော်ကို ချစ်မြတ်နိုးတတ်လာသည်။ (မာကု ၁၂:၃၃။ ဗျာဒိတ် ၄:၁၁) ယေရှုခရစ်၏ယဇ်ပူဇော်သက္ကာအားဖြင့် စိတ်နှလုံးနှိမ့်ချသောလူသားများ ထာဝရအသက်ရရှိစေရန် မေတ္တာကရုဏာပါပြင်ဆင်ချက်ကို ယေဟောဝါရှင်ပြုထားတော်မူပြီ။ ထိုကြောင့် ယေရှုမွေးဖွားချိန်က ဘုရားသခင်ကိုချီးမွမ်းထောမနာပြုခဲ့သော ကောင်းကင်ဗိုလ်ခြေ၏ ဤစကားများကို သူတို့ပဲ့တင်ထပ်နိုင်ကြပေမည်။ “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း။”—လုကာ ၂:၁၄။
၃။ ကမ္ဘာပေါ်ငြိမ်သက်မှုမလာမီ ယေဟောဝါ၏အဘယ်စီရင်ချက် ဖြစ်ပျက်ရမည်နည်း။
၃ ထိုငြိမ်သက်ခြင်းရောက်ရှိလာရန်အချိန်သည် လူအများထင်သည်ထက် နီးပြီ။ သို့သော်ဖောက်ပြန်ပျက်စီးနေသောကမ္ဘာကြီးကို ယေဟောဝါတရားစီရင်ခြင်းသည် အရင်ကျရောက်ရမည်ဖြစ်သည်။ ကိုယ်တော့်ပရောဖက်ဇေဖနိ ဤသို့ကြွေးကြော်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နေ့ကြီး နီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။” ထိုနေ့ရက်ကား အဘယ်ကဲ့သို့သောနေ့ဖြစ်သနည်း။ ပရောဖက်ပြုချက်က ဤသို့ဆက်တင်ပြ၏။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နေ့သိတင်းသည် နား၌ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။ ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကိုခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ၍ ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တစ်ဖက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။ သူတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုပြစ်မှားသောကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သောသူကဲ့သို့သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့မှတ်ကြလိမ့်မည်။”—ဇေဖနိ ၁:၁၄-၁၇။ ဟဗက္ကုတ်၂:၃။ ၃:၁-၆၊ ၁၆-၁၉ကိုရှု။
၄။ ဘုရားသခင်ကိုသိကျွမ်း၍အမှုတော်ထမ်းရန်ဖိတ်ခေါ်ချက်ကို ယနေ့မည်သူတို့လက်သင့်ခံနေသနည်း။
၄ ဘုရားသခင်ကိုသိကျွမ်း၍ ကိုယ်တော်ကိုဝတ်ပြုကြရန်ဖိတ်ခေါ်ချက်ကို ယနေ့သန်းပေါင်းများစွာသောသူတို့ လက်ခံနာယူနေကြသဖြင့် ဝမ်းသာစရာဖြစ်သည်။ ပဋိညာဉ်သစ်အောက်ရောက်နေသူ ဘိသိက်ခံခရစ်ယာန်များအကြောင်း ဤသို့ပရောဖက်ပြုထားသည်။ “အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည် . . . ဟုထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” (ယေရမိ ၃၁:၃၄) ဤသူတို့သည် မျက်မှောက်ခေတ် သက်သေခံခြင်းလုပ်ငန်းကို တပ်ဦးတပ်ဖျားကဦးဆောင်ခဲ့ပြီ။ ယနေ့မြေကြီးအသက်တာဘဝကို ပြီးဆုံးကြသူ ဘိသိက်ခံအကြွင်းအကျန်အရေအတွက် တိုး၍များလာရာ၊ “အခြားသိုး” အဝင် “လူအုပ်ကြီး” ထွက်လာ၍ ကိုယ်တော်၏ဗိမာန်တော်အစီအစဉ်တွင် “ဘုရားဝတ်ကို နေ့ညဉ့်မပြတ်ပြုရကြ၏။” (ဗျာဒိတ် ၇:၉၊ ၁၅။ ယောဟန် ၁၀:၁၆) သင်သည် ဤတန်ဖိုးဖြတ်မရ အခွင့်ထူးကိုရရှိထားသူတစ်ဦး ဖြစ်ပါသလော။
“နှစ်သက်ဖွယ်သောအရာများ” မည်သို့ဝင်လာ
၅၊ ၆။ လူမျိုးအပေါင်းပျက်စီးခံရရန် လှုပ်ခြင်းမခံရမီ အဘယ်ကယ်ဆယ်ရေးလုပ်ငန်း ရှိရမည်နည်း။
၅ ယေဟောဝါ၏ဝိညာဏဝတ်ပြုရာအိမ်တော်အကြောင်း ကိုယ်တော်ပရောဖက်ပြုထားသည့် ဟဂ္ဂဲ ၂:၇ ကိုယခုဖွင့်ဖတ်ကြည့်စို့။ “လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်။” ‘လူမျိုးအပေါင်းတို့ကိုလှုပ်မည်’ ဆိုသည်မှာ လူမျိုးတို့အား ယေဟောဝါတရားစီရင်ခြင်းကိုဆိုလိုကြောင်း ကျမ်းစာပရောဖက်ပြုချက်များကတင်ပြပါသည်။ (နာဟုံ ၁:၅၊ ၆။ ဗျာဒိတ် ၆:၁၂-၁၇) သို့ဖြစ်၍၊ ဟဂ္ဂဲ ၂:၇ တွင်ပရောဖက်ပြုထားသော ယေဟောဝါ၏စီရင်ချက်သည် လူမျိုးအပေါင်းတို့လုံးဝပျက်သုဉ်းဆုံးရှုံးသွားသည်တိုင်လှုပ်ခံရခြင်းဖြင့် အထွတ်အထိပ်ရောက်လိမ့်မည်ဖြစ်သည်။ သို့သော် “လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာ” ကော။ သူတို့ရောက်လာကြရန် ထိုဖျက်ဆီးခြင်းနှင့်ဆိုင်သော လှုပ်ခြင်းကို စောင့်ဆိုင်းကြရမည်လော။ မဟုတ်ပါ။
၆ ယောလ ၂:၃၂ ကဤသို့ဆိုသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုပတ္ထနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။ အကြောင်းမူကား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဖို့ ကယ်တင်ခြင်းအခွင့်ရှိရလတ္တံ့။” သူတို့အား ယေဟောဝါခေါ်နှုတ်တော်မူ၍ ကြီးစွာသောဒုက္ခမတုန်လှုပ်မီ ယေရှု၏ယဇ်သက္ကာကိုယုံကြည်စွာဖြင့် ကိုယ်တော့်နာမတော်ကို ပတ္ထနာပြုကြသည်။ (ယောဟန် ၆:၄၄ နှိုင်းယှဉ်။ တမန်တော် ၂:၃၈၊ ၃၉) ယခုလေးသန်းကျော်နေသော ဤနှစ်သက်ဖွယ်လူအုပ်ကြီးသည် အာမဂေဒုန်၌ ကိုယ်တော် ‘လူမျိုးအပေါင်းတို့ကိုလှုပ်မည်’ ကိုစောင့်မျှော်ကာ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်ထဲ ‘ဝင်ရောက်လာ’ ကြပြီဖြစ်ရကာ အလွန်ဝမ်းသာစရာဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄။
၇။ ‘ယေဟောဝါ၏နာမကို ပတ္ထနာပြုခြင်း’ ၌အဘယ်အရာပါဝင်သနည်း။
၇ ဤကပ်ကျော်သူများသည် ယေဟောဝါ၏နာမကို မည်သို့ပတ္ထနာပြုကြသနည်း။ ယာကုပ် ၄:၈ ကဤသဲလွန်စပေးသည်။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့ သင်တို့လက်ကိုစင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။” လမ်းပြခဲ့သော ဘိသိက်ခံအကြွင်းအကျန်နည်းတူ အာမဂေဒုန်ကပ်ကျော်သူ လူအုပ်ကြီးအဝင်ဖြစ်လိုသူများသည် ပြတ်သားစွာဆုံးဖြတ်ကြရမည်။ အသင်လည်းကပ်ကျော်လိုပါက ယေဟောဝါ၏စင်ကြယ်သောနှုတ်ကပါဌ်ရေကိုသောက်သုံးရမည်။ ထိုနောက်ကိုယ်တော်၏ ဖြောင့်မတ်သောစံချိန်တို့ကို မိမိဘဝတွင် ကျင့်သုံးရမည်။ ယေဟောဝါထံ မိမိတို့ဘဝကိုဆက်ကပ်အပ်နှံဖို့ ပြတ်သားစွာဆုံးဖြတ်ပြီး ယင်းကိုရေ၌နှစ်ခြင်းယူခြင်းဖြင့် တင်ပြရမည်။ ယုံကြည်စွာဖြင့် ယေဟောဝါကိုအသင်ပတ္ထနာပြုသည်ဆိုလျှင် ကိုယ်တော်၏သက်သေဖြစ်ရမည်။ သို့ဖြစ်သောကြောင့် ရောမအခန်းကြီး ၁၀ အခန်းငယ် ၉ နှင့် ၁၀ တွင်ပေါလုဤသို့ရေးသားခဲ့သည်။ “သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။” ထိုနောက်အခန်းငယ် ၁၃ ၌ယောလပရောကဖက်ပြုချက်ကို တမန်တော်ကိုးကား၍ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့” ကိုအလေးအနက်ပေါ်လွင်စေခဲ့သည်။
‘ရှာကြလော့၊ ရှာကြလော့၊ ရှာကြလော့’
၈။ (က) ပရောဖက်ဇေဖနိအရ ကယ်တင်ခြင်းရရန် ယေဟောဝါအဘယ်အရာတောင်းဆိုသနည်း။ (ခ) ဇေဖနိ ၂:၃ ပါ “တွေ့ကောင်းတွေ့မည်” ဟူသောစကားက ကျွန်ုပ်တို့အားမည်သို့သတိပေးသနည်း။
၈ ဇေဖနိကျမ်းစာစောင် အခန်းကြီး ၂ အခန်းငယ် ၂ နှင့် ၃ ကိုဖွင့်၍ ကယ်တင်ခြင်းရရန် ယေဟောဝါ၏တောင်းဆိုချက်ကို ဖတ်ကြည့်ကြစို့။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်သို့မရောက်၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အမျက်တော်နေ့သည် သင်တို့အပေါ်သို့မရောက်မီ ကိုယ်ကိုစစ်ကြောကြလော့။ တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။” “တွေ့ကောင်းတွေ့ကြလိမ့်မည်” ဟူသောစကားကို သတိပြုပါ။ တစ်ခါကယ်တင်ခြင်းရလျှင် အမြဲကယ်တင်ခံရပြီဟူ၍ကား မဟုတ်ပါ။ ထိုနေ့ရက်တွင် ကျွန်ုပ်တို့ပုန်းရှောင်မှုရရန် ထိုအရာသုံးခုကို ဆက်၍ လုပ်နေကြရမည်။ ယေဟောဝါကိုရှာရမည်၊ ဖြောင့်မတ်ခြင်းတရားကို ရှာရမည်။ နှိမ့်ချခြင်းကို ရှာရမည်။
၉။ နှိမ့်ချခြင်းကိုရှာသူများ မည်သို့ဆုချခံရမည်နည်း။
၉ နှိမ့်ချခြင်းကိုရှာသည့်အတွက် ဆုကျေးဇူးကြီးမားလှသည်တကား။ ဆာလံ ၃၇ အခန်းငယ် ၉ မှ ၁၁ တွင်ဤသို့ဖတ်ရသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျှော်လင့်သောသူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်။ ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍ မတွေ့ရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” ဖြောင့်မတ်ခြင်းတရားကို ရှာခြင်းကော။ အငယ် ၂၉ ကဤသို့ဆိုသည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” ယေဟောဝါကိုရှာခြင်းနှင့်ပတ်သက်၍မူကား အငယ် ၃၉ နှင့် ၄၀ ကဤသို့ဆိုသည်။ “ဖြောင့်မတ်သောသူတို့၏ကယ်တင်ခြင်းအမှုကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] စီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်သူတို့ကို မစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့် မတရားသောသူတို့လက်မှ နှုတ်ယူကယ်တင်တော်မူမည်။”
၁၀။ ယေဟောဝါကိုရှာရန်၊ နှိမ့်ချခြင်းကိုရှာရန် ငြင်းဆိုနေသူများတွင် မည်သူတို့သည် ထူးခြားသနည်း။
၁၀ ခရစ်ယာန်ဘောင်အသင်းများသည် ယေဟောဝါကိုမရှာကြပါ။ သူတို့၏ဓမ္မဆရာများသည် ကိုယ်တော်၏မြင့်မြတ်လှသောနာမတော်ကိုပင် ငြင်းပယ်ကြ၍ သူတို့၏ကျမ်းစာဘာသာပြန်ဆိုချက်များမှ နာမတော်ကို ရောင့်တက်စွာဖြင့် ထုတ်ပစ်ကြ၏။ အမည်နာမ,မရှိသောသခင် သို့မဟုတ် ဘုရားကိုကိုးကွယ်လိုကြပြီး သုံးပါးတစ်ဆူကို ရိုသေလေးမြတ်လိုကြသည်။ ထို့ပြင်ခရစ်ယာန်ဘောင်သည် ဖြောင့်မတ်ခြင်းကို မရှာကြပါ။ သူမ၏တပည့်နောက်လိုက်များသည် ပေါက်လွတ်ပဲစား ဘဝပုံစံများကိုခံယူထား၏။ သို့မဟုတ် ထောက်ခံအားပေး၏။ ယေရှုနည်းတူ နှိမ့်ချခြင်းကိုရှာမည့်အစား ဥပမာအားဖြင့် ရုပ်မြင်သံကြားပေါ်တွင် လောကီစည်းစိမ်၌ဝါကြွားခြင်းနှင့် စာရိတ္တပျက်စွာနေထိုင်ခြင်းကို ရှာယူကြသည်။ ဓမ္မဆရာများသည် သူတို့၏သိုးတော်စုစရိတ်စကဖြင့် ဝဖြိုးနေကြသည်။ ယာကုပ် ၅:၅ ဆိုသည်အတိုင်းပင် “သူတို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။” ယေဟောဝါ၏နေ့ရက်နီးလာလေ “အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်” ဟူသောမှုတ်သွင်းခံစကားများသည် သူတို့နှင့်ပတ်သက်ကြောင်း အမှန်သိရှိရကြမည်။—သု၊ ၁၁:၄။
၁၁။ ဒုစရိုက်လူကား အဘယ်သူနည်း။ ကြီးမားသောသွေးပြစ်ကို သူမည်သို့ပုံခဲ့ပြီနည်း။
၁၁ သက်သာလောနိတ်ဒုတိယစောင်တွင် တမန်တော်ပေါလုတင်ပြထားသည်အတိုင်း စီအီးပထမရာစုတွင် ယေဟောဝါ၏နေ့သည် သူတို့အချိန်တွင်ပင်ရောက်လိမ့်မည်အထင်နှင့် ခရစ်ယာန်အချို့စိတ်အားတက်ကြွခဲ့သည်။ သို့သော်ဖောက်ပြန်ခြင်းသည် ဦးစွာဖြစ်ရလိမ့်မည်၊ “ဒုစရိုက်လူ” ပေါ်လာရမည်ဟု ပေါလုသတိပေးပါသည်။ (၂ သက်သာလောနိတ် ၂:၁-၃) ယခုဤ ၂၀ ရာစုတွင် ထိုဖောက်ပြန်ခြင်း မည်မျှထိတိုင်ပျံ့နှံ့နေသည်ကို ကျွန်ုပ်တို့တွေ့မြင်နေရ၍ ဘုရားသခင့်မျက်မှောက်တော်၌ ဓမ္မဆရာများသည် မည်မျှထိတိုင်ဒုစရိုက်ပြုနေပြီကို သဘောပေါက်နိုင်သည်။ ၁၉၁၄ ခုနှစ်ကတည်းက ဤနောက်ဆုံးကာလအတွင်း ဓမ္မဆရာတို့သည် ‘စစ်မှုကိုအားပေးခြင်းဖြင့်’ သွေးပြစ်ကြီးမားနေသည်။ (ယောလ ၃:၁၀) လူ့စိုလ်းမသေနိုင်၊ ငရဲကလေး၊ မီးငရဲ၌နှိပ်စက်ခံရခြင်း၊ မွေးစကလေးကို နှစ်ခြင်းပေးခြင်း၊ သုံးပါးတစ်ဆူနှင့်ဤသို့သော ဗာဗုလုန်အယူဝါဒများကို ဆက်သွန်သင်ပေးဆဲရှိသည်။ ယေဟောဝါတရားစီရင်မည့်အချိန်တွင် သူတို့အဘယ်အခြေအနေ၌ ရှိကြမည်နည်း။ သု၊ ၁၉:၅ က “မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ” ဟုဆိုသည်။
၁၂။ (က) များမကြာမီဖျက်ဆီးခံရမည့် လူ့ “ကောင်းကင်” နှင့် “မြေကြီး” ၌အဘယ်အရာများပါဝင်သနည်း။ (ခ) ဤဆိုးသွမ်းသောကမ္ဘာ၏ ဖြစ်လုဆဲဖျက်ဆီးခြင်းမှ အဘယ်သင်ခန်းစာရသနည်း။
၁၂ ၂ ပေတရု ၃:၁၀ တွင်ဤသို့ဖတ်ရ၏။ “သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။” လူသားအပေါ် ကောင်းကင်ကဲ့သို့သောလွှမ်းမိုးမှုများနှင့် မျက်မှောက်ခေတ်ပျက်စီးယိုယွင်းမှုများသည် ဘုရားသခင့်ကမ္ဘာပေါ်မှ သုတ်သင်ရှင်းလင်းခြင်းခံရလိမ့်မည်။ ပျက်စီးရာပျက်စီးကြောင်းလက်နက်များ တီထွင်သူနှင့်ရောင်းဝယ်ဖောက်ကားသူများ၊ ကလိမ်ကျသူများ၊ အရေခြုံဘာသာရေးသမားများနှင့် သူတို့၏ဓမ္မဆရာများ၊ ယုတ်ညံ့ပျက်ပြားမှုများကို မြှောက်ထိုးပင့်ကော်ပြုသူများ၊ အဓမ္မမှု၊ ရာဇဝင်မှုစသည်တို့ ပပျောက်ကုန်လိမ့်မည်။ ယေဟောဝါ၏အမျက်တော်ဖြင့် အရည်ကျိုခြင်းခံရလိမ့်မည်။ သို့သော် အငယ် ၁၁ နှင့် ၁၂ တွင်ခရစ်ယာန်များအတွက် ဤသတိပေးချက်ကို ပေတရုထပ်ဆင့်ပေးသည်။ “သို့ဖြစ်၍ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့် မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက် အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။”
မိက္ခေလ အရေးယူဆောင်ရွက်
၁၃၊ ၁၄။ ယေဟောဝါ၏အုပ်စိုးပိုင်သခွင့်ကို သင်္ကာယနကင်းရှင်းပေးသူကား မည်သူနည်း။ ၁၉၁၄ ကတည်းက သူမည်သို့တက်ကြွစွာဆောင်ရွက်နေပြီနည်း။
၁၃ ယေဟောဝါ၏ “ဒုက္ခကာလ” အတွင်းမည်သို့ကယ်တင်ခြင်းရကြမည်နည်း။ “ဘုရားသခင်နှင့် မည်သူတူသနည်း” ဟုအဓိပ္ပာယ်ရှိသော မိက္ခေလအမည်ရှိကောင်းကင်တမန်မင်းသည် ကယ်တင်ခြင်းကိုစီရင်ပေးရှင် ဘုရားသခင့်ကိုယ်စားလှယ်တော်ဖြစ်သည်။ ထိုကြောင့် ကိုယ်တော်သည် ယေဟောဝါ၏မင်းရိုက်ရာကို သင်္ကာယနကင်းရှင်းစေသူဖြစ်ရခြင်းကား ထိုက်သင့်လျော်ကန်ပေသည်။ ဤနည်းဖြင့် ယေဟောဝါသာ စစ်မှန်သောဘုရားတစ်ဆူတည်းဖြစ်ပြီး စကြဝဠာကိုပိုင်သစိုးမိုးထိုက်သူဖြစ်ကြောင်း ထင်ရှားလာရမည်။
၁၄ ၁၉၁၄ ခုနှစ်ကတည်းက “သခင်အရှင်၏နေ့ရက်” နှင့်ပတ်သက်၍ ဗျာဒိတ် အခန်းကြီး ၁၂ အငယ် ၇ မှ ၁၇ ၏ဖော်ပြချက်များသည် ထူးခြားလှသည်တကား။ (ဗျာဒိတ် ၁:၁၀) ကောင်းကင်တမန်မင်းမိက္ခေလသည် ပုန်ကန်သူစာတန်ကို ကောင်းကင်မှမြေကြီးပေါ်သို့နှင်ချလိုက်သည်။ နောင်တွင် ဗျာဒိတ် အခန်းကြီး ၁၉ အခန်းငယ် ၁၁ မှ ၁၆ ဖော်ပြသည်အတိုင်းပင် “သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိ” သူသည် “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကိုဖိနင်းတော်မူ” ၏။ ဤတန်ခိုးကြီးမားသော ကောင်းကင်စစ်သူရဲကြီးသည် “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” အမည်ရှိသည်။ နောက်ဆုံးတွင် ဗျာဒိတ်အခန်းကြီး ၂၀ အငယ် ၁ နှင့် ၂ ကတွင်းနက်ထဲသို့ စာတန်ကိုချပစ်ပြီး အနှစ်တစ်ထောင်ဖို့ချည်နှောင်ထားသော ကောင်းကင်တမန်တစ်ပါးအကြောင်း ဖော်ပြသည်။ ဤကျမ်းချက်အားလုံးတို့သည် ယေဟောဝါ၌အုပ်စိုးပိုင်ခွင့်ရှိခြင်းကို သင်္ကာယနကင်းရှင်းမည့်သူ၊ ၁၉၁၄ တွင် ဘုန်းကျက်သရေရှိ ကောင်းကင်ပလ္လင်တော်ပေါ် ယေဟောဝါနန်းတင်ခဲ့သော သခင်ယေရှုခရစ်ကို ရည်ညွှန်းနေကြောင်း ထင်ရှားလှပါသည်။
၁၅။ များမကြာမီ မိက္ခေလသည် အဘယ်ထူးခြားသောနည်းဖြင့် “ရပ်တည်” တော့မည်နည်း။
၁၅ ဒံယေလ ၁၂:၁ ၌ဆိုသည့်အတိုင်းပင် ၁၉၁၄ တွင်မင်းမြှောက်ခံရချိန်ကတည်းက မိက္ခေလသည် ယေဟောဝါလူမျိုးဘက် “ရပ်တည်” နေသည်။ သို့သော်များမကြာမီအချိန်တွင် ကမ္ဘာပေါ်မှ ဆိုးသွမ်းမှုအားလုံကို ရှင်းလင်းပစ်သော ယေဟောဝါ၏ကိုယ်စားလှယ်ချုပ်၊ ဘုရားသခင်၏ ကမ္ဘာတစ်ခွင်ရှိလူမျိုးတော်ကို ကယ်တင်သောအရှင်အဖြစ် မိက္ခေလသည် အထူးသဘောထားမျိုးဖြင့် “ရပ်တည်” ပါလိမ့်မည်။ ထို “ဒုက္ခကာလ” မည်မျှကြီးမားမည်အကြောင်း မဿဲ ၂၄:၂၁၊ ၂၂ ပါယေရှု၏စကားများက တင်ပြပါသည်။ “ကမ္ဘာဦးမှစ၍ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သောကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည် တိုလိမ့်မည်။”
၁၆။ ကြီးစွာသောဒုက္ခအတွင်း အဘယ်သူများ ကယ်တင်ခြင်းရမည်နည်း။
၁၆ ထိုအခါ လွတ်မည့်သူအနည်းငယ်ရှိမည်အတွက် ဝမ်းသာစရာပါတကား။ စီအီး ၇၀ တွင်ရောမပြည်သို့ သုံ့ပန်းများအဖြစ် အချို့ဖမ်းဆီးခံခဲ့ရသော ယေရုရှလင်မြို့၌ ကျော့မိခဲ့သည့် ပုန်ကန်သူဂျူးများကဲ့သို့မဟုတ်ပါ။ “ဆုံးခန်းကာလ” တွင် ကပ်ကျော်မည့်သူများသည် ဘုရားသခင်ကိုယ်တော်တိုင်၏လူမျိုးဖြစ်ပါလိမ့်မည်။ သူတို့ကား သန်းပေါင်းများစွာသောလူအုပ်ကြီးနှင့်အတူ ကမ္ဘာပေါ်ကျန်ကြွင်းကောင်းကျန်ကြွင်းမည့် အဘယ်ဘိသိက်ခံသူမဆိုတို့ဖြစ်ပါသည်။ (ဒံယေလ ၁၂:၄) လူအုပ်ကြီးသည် “ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်” ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား သူတို့သည် “မိမိတို့၏ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေသော” ကြောင့်ဖြစ်သည်။ သူတို့သည် ယေရှုသွန်းလောင်းသောအသွေး၏ ရွေးနှုတ်နိုင်သောတန်ခိုးကိုယုံကြည်ကြောင်း ဘုရားသခင့်အမှုတော်ကို သစ္စာရှိရှိဆောင်ရွက်ခြင်းဖြင့် တင်ပြကြသည်။ သိုးသငယ်ခရစ်တော်ယေရှုသည် သူတို့အား အသက်စမ်းရေတွင်းသို့ ယခုလမ်းပြနေစဉ်ပင်လျှင် “ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော” ယေဟောဝါသည် သူတို့အား ကာကွယ်စောင့်ရှောက်ထားတော်မူ၏။—ဗျာဒိတ် ၇:၁၄၊ ၁၅။
၁၇။ လာလတ္တံ့သောဒုက္ခကာလတွင် ပုန်းရှောင်ရာကိုတွေ့ကောင်းတွေ့ခြင်းငှာ လူအုပ်ကြီးသည် မည်သို့အထူးသဖြင့်ပြုမူရန် အားပေးခံရသနည်း။
၁၇ ယေဟောဝါရှင်ကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းနှင့်နှိမ့်ချခြင်းကိုလည်းကောင်း ရှာရာတွင်သန်းပေါင်းများစွာသောလူအုပ်ကြီးသည် သမ္မာတရားကို အစအဦး၌တန်ဖိုးထားမြတ်နိုးမှုကို အေးစက်မသွားစေနိုင်ပါ။ အသင်သည် သိုးကဲ့သို့သောသူအဝင်ဖြစ်ပါက သင်ဘာလုပ်ရမည်နည်း။ ကောလောသဲ အခန်းကြီး ၃ အငယ် ၅ မှ ၁၄ တွင်ဆိုသည်အတိုင်း “လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို [လုံးလုံး] ချွတ်ပယ်” ရမည်။ ဘုရားသခင့်အကူအညီတောင်းခံကာ ‘တိကျသောအသိပညာကိုအခြေခံသည့် လူသစ်ကိုယူတင်ဝတ်ဆောင်ရန်’ ကြိုးစားပါ။ နှိမ့်ချစွာဖြင့် ယေဟောဝါကိုချီးမွမ်းခြင်း၊ ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို သူတစ်ပါးအားသိစေခြင်းအားဖြင့် ဇွဲလုံ့လကိုတိုးပွားစေ၍ တည်တံ့စေပါ။ ဤနည်းဖြင့် “ယေဟောဝါအမျက်တော်ထွက်ရာ” “ဒုက္ခကာလ” တွင် အသင်ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ပေလိမ့်မည်။
၁၈၊ ၁၉။ ကယ်တင်ခြင်းရခြင်းငှာ ခံနိုင်ရည်ရှိဖို့ အဘယ်နည်းဖြင့် အထူးအရေးကြီးလာသနည်း။
၁၈ ထိုနေ့ရက်အလွန်နီးပြီ။ ကျွန်ုပ်တို့ထံ အလျင်အမြန်ချဉ်းကပ်လာနေသည်။ လူအုပ်ကြီးအဝင်ဖြစ်မည့်သူတို့ကို ယခုနှစ်ပေါင်း ၅၇ နှစ်တိုင်စုသိမ်းနေပါပြီ။ ဤသူတို့အဝင်အချို့တို့မှာ သေလွန်ကုန်၍ ရှင်ပြန်ထမြောက်ချိန်ကို စောင့်နေကြ၏။ သို့သော်လူအုပ်ကြီးသည် “မြေကြီးသစ်” ၏ လူ့ဘောင်သစ်အဖြစ် အုပ်စုအနေနှင့် ကြီးစွာသောဒုက္ခကို ကပ်ကျော်မည်ဟု ဗျာဒိတ်ကျမ်းပါပရောဖက်ပြုချက်က အာမခံသည်။ (ဗျာဒိတ် ၂၁:၁) ထိုတွင်အသင်ရှိမည်လော။ ထိုသို့ဖြစ်နိုင်၏။ အကြောင်းမှာ မဿဲ ၂၄:၁၃ တွင် ယေရှုက “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟူ၍ဆိုထားပါသည်။
၁၉ ဤစနစ်ဟောင်းတွင် ယေဟောဝါလူမျိုးကြုံတွေ့ရသည့် ဖိစီးမှုများသည် တိုးများလာနိုင်သည်။ ကြီးစွာသောဆင်းရဲဒုက္ခ ဆိုက်ရောက်လာသည့်အခါ အခက်အခဲများကို သင်ကြုံတွေ့ကောင်းကြုံတွေ့မည်။ သို့သော်ယေဟောဝါနှင့်လည်းကောင်း၊ ကိုယ်တော်၏အဖွဲ့အစည်းနှင့်လည်းကောင်း ဆက်၍ပူးပေါင်းနေပါ။ နိုးကြားလော့။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်ကား ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အောင် ငါ့ကိုငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင်သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကိုလောင်ရလိမ့်မည်။”—ဇေဖနိ ၃:၈။
၂၀။ အထွတ်အထိပ်ဖြစ်သော “ဒုက္ခကာလ” နီးလာလေ ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
၂၀ ကျွန်ုပ်တို့အတွက် အကာအကွယ်နှင့်အားပေးမှုဖြစ်စေရန်လည်းကောင်း၊ ‘ပခုံးချင်းယှဉ်၍ အမှုတော်ကိုထမ်းဆောင်လျက် ယေဟောဝါ၏နာမတော်ကိုပတ္ထနာပြုစေခြင်းငှာ’ လည်းကောင်း ရောက်လာလုဆဲနိုင်ငံတော်နှင့်ယှဉ်သည့် ကြီးမြတ်တော်မူသောသတင်းပါဝင်သည့် “စင်ကြယ်သောဘာသာစကား” ကိုလူမျိုးတော်အား ကရုဏာရှိရှိယေဟောဝါပေးသနားထားတော်မူပြီ။ (ဇေဖနိ ၃:၉) အထွတ်အထိပ်ဖြစ်သည့် “ဒုက္ခကာလ” အလျင်အမြန်ချဉ်းကပ်လာစဉ် အခြားနှိမ့်ချသူများပါ ကယ်တင်ခြင်းရနိုင်ရန် ‘ယေဟောဝါ၏နာမတော်ကိုပတ္ထနာပြုကြဖို့’ ဇွဲလုံ့လဖြင့် ကူညီပေးကြပါစို့။
သင်မှတ်မိသလော
▫ ကမ္ဘာပေါ်ငြိမ်သက်မှုမရှိမီ ယေဟောဝါ၏အဘယ်စီရင်ချက် ဖြစ်ပျက်ရမည်နည်း။
▫ ယောလအတိုင်းဆိုလျှင် ကယ်တင်ခြင်းရရန် ဘာလုပ်ရမည်နည်း။
▫ ဇေဖနိအတိုင်းဆိုလျှင် ယေဟောဝါ၏လောင်ကျွမ်းသောအမျက်တော်မှ နှိမ့်ချသူများ မည်သို့အကာအကွယ်ရနိုင်မည်နည်း။
▫ “ဒုစရိုက်လူ” ကားအဘယ်သူနည်း။ သွေးပြစ်ကို သူမည်သို့ကြီးမားစေခဲ့ပြီနည်း။
▫ ကယ်တင်ခြင်းကိစ္စတွင် ခံနိုင်ရည်သည် မည်မျှအရေးကြီးသနည်း။