လူသား၏အပြစ်ရှိအခြေအနေမှ လွတ်မြောက်ရာလမ်းရှိပါသလော
သူမ၏ဆယ်ကျော်သက်ကလေး လေးယောက်နှင့်အတူ ချီစာကိုသည် မိမိနေထိုင်ရာမှမိုင် ၄၀၀ အဝေးရှိမြို့တွင် ပြည်သူ့အိမ်သာများကို ဆေးကြောလေ့ရှိသည်။ ယင်းသို့လုပ်ကိုင်နေစဉ် မိမိကိုယ်တိုင်နားမလည်သောစူတြာကို သူမရွတ်ဆိုလေ့ရှိသည်။ ယင်းက ဘာသာဂိုဏ်းဂဏတိုင်း၏ အနှစ်သာရကိုရှာတွေ့ရန်ကြိုးစားသည့် ဘာသာရေးအုပ်စုတစ်စု၏ထုံးစံပင်ဖြစ်သည်။
“စည်းမျဉ်းကျပ်တည်းသောထုံးစံများကို ကျွန်မဆက်ကျင့်သုံးနေသော်လည်း ကျွန်မစိတ်ထားကို မပြုပြင်နိုင်ခဲ့ဘူး။ တကယ်ဆိုရင် သူများကို ကျွန်မခွင့်မလွှတ်နိုင်တဲ့အပြင် စိတ်ထားမှန်ဖြင့် မေတ္တာမပြနိုင်ဘူး။”
အပြစ်ရှိခြင်းကို ကျမ်းစာသွန်သင်သည်အတိုင်း မခံယူကြသည့် အရှေ့တိုင်းနိုင်ငံများမှာပင် ချီစာကိုနည်းတူ ကိုယ်ကိုယ်တိုင်၏ မမှန်မကန်သောဗီဇများကြောင့် ဩတ္တပ္ပစိတ်မကြည်လင်သူများစွာရှိကြသည်။ (ရောမ ၂:၁၄၊ ၁၅) ဝမ်းနည်းဖွယ်အခြေအနေမျိုးရှိသူတစ်ဦးအား ကြင်နာမှုမပြမိ၍ စိတ်မကောင်းခဲ့သူ၊ မပြောဆိုသင့်သောစကားကို ပြောဆိုမိ၍ နောင်တမရသူ မည်သူရှိပါသနည်း။ (ယာကုပ် ၄:၁၇) လူကြီး သို့မဟုတ် လူငယ်၌ပင်လျှင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဝန်တိုစိတ်လည်း ကိန်းအောင်းနေတတ်သည်မဟုတ်လော။
ဤကဲ့သို့မတည်ငြိမ်သောစိတ်ထားများ လူတို့တွင်အဘယ်ကြောင့်ရှိရသနည်း။ အကြောင်းမှာ၊ သူတို့အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ မှားယွင်းသည်၊ အပြစ်ရှိသည်ဟုသိစေသော အတွင်းသဘော လူတို့တွင်ရှိ၏။ ထိုကြောင့် အပြစ်တရားဆိုင်ရာ သမ္မာကျမ်းစာသွန်သင်ချက်ကို သိထားသည်ဖြစ်စေ၊ မသိဘဲနေသည်ဖြစ်စေ လူတိုင်း အပြစ်ပြုလိုသောသဘော၏ဒဏ်ကိုခံနေကြရသည်။ ယင်းအကြောင်းဆိုင်ရာပါရဂူတစ်ဦး တစ်ချိန်ကဤသို့ဆိုသည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြ၏။”—ရောမ ၃:၂၃။
အပြစ်တရားကို ရှင်းပစ်နိုင်မည်လော
ယနေ့အထူးသဖြင့်ခရစ်ယာန်ဘောင်ရှိသူများသည် သူတို့၏သြတ္တပ္ပစိတ်မှ အပြစ်တရားနှင့်အပြစ်ရှိသည်ဟူသောသဘောထားများကို ရှင်းထုတ်ပစ်ရန် ကြိုးစားအားထုတ်နေကြပါသည်။ “‘အပြစ်’ ဟူသောစကားလုံး . . . ပျောက်ကွယ်လုပြီ” ဟုဒေါက်တာကာလ် မဲင်နင်ဂါက သူ၏ Whatever Became of Sin? စာအုပ်တွင်ဆိုထားသည်။ သို့ရာတွင် “အပြစ်” ဟူသောစကားလုံးကိုရှောင်ရှားခြင်းသည် “အသက်ကြီးရင့်ခြင်း” ဟူသောစကားလုံးကို သက်ကြီးရွယ်အိုတစ်ဦး ရှောင်နေရုံနှင့် မအိုဘဲမနေသည်နည်းတူ အဘယ်အကျိုးမျှမပြုပါ။ ကျွန်ုပ်တို့အားလုံး ပြစ်မှားလိုသောစိတ်သဘောများရှိကြပြီး ဤဝမ်းနည်းဖွယ်အခြေအနေမျိုးမှ ကယ်နှုတ်ခြင်းလိုအပ်နေကြောင်းကို အသိအမှတ်ပြုကြရမည်။ သို့သော်မည်သူကယ်နှုတ်မည်နည်း။
ဤမေးခွန်းကို အပြစ်မပြုလိုသော်လည်း ပြစ်မှားမိသည့် ခရစ်ယာန်တမန်တော်ပေါလု မေးမြန်းဖူးသည်။ “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကိုအဘယ်သူကယ်လွှတ်မည်နည်း။” ဆက်၍ပင် ပေါလုဖြေဆိုသည်ကား “ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။” အဘယ်ကြောင့်နည်း။ ယေရှု၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် အပြစ်လွှတ်ခြင်းအစီအစဉ်ကို ဘုရားသခင်ပြုထားပြီဖြစ်သောကြောင့်တည်း။—ရောမ ၇:၁၄-၂၅။
သို့ရာတွင် (အမည်ခံခရစ်ယာန်များ၏ အရေအတွက်နှစ်ဆရှိ) ခရစ်ယာန်မဟုတ်သူ ၃,၅၀၀,၀၀၀,၀၀၀ မှအများစုသည် ရွေးဖိုးပေးခြင်းအကြောင်းကို နားလည်ရခက်နေသည်။ ဥပမာ၊ သမ္မာကျမ်းစာလေ့လာခဲ့ဖူးသော ဂျပန်ပြည်နေ မွတ်စလင်ဘာသာဝင်တစ်ဦးအတွက် ရွေးဖိုးအယူဝါဒသည် နားလည်ရအခက်ဆုံးဖြစ်သည်။ အရှေ့တိုင်းသားအများအဖို့ လူအများအတွက် လူတစ်ဦးအသေခံခြင်းအကြောင်းသည် ထူးခြားသောခံယူချက်ဖြစ်ပါသည်။
ခရစ်ယာန်ဘောင်ရှိသူအချို့ပင် ဤအခြေခံအယူဝါဒကို နားလည်ရခက်နေသည်ရှိရာ ယင်းသို့ဖြစ်ခြင်းသည် မထူးဆန်းပါ။ New Catholic Encyclopedia ကဤသို့ဝန်ခံသည်။ “ရွေးဖိုးဘာသာရပ်ပညာသည် တစ်နည်းအားဖြင့် မအောင်မြင်သည်ဖြစ်ရာ ဘာသာရပ်ပညာဘက်တွင် ဖြေရှင်းရခက်နေဆဲရှိသည်။”
ဘာသာတရားဆိုင်ရာစာရေးဆရာ အင်န်၊ အိပ်ချ်၊ ဘာသာ၏အောက်ပါစကားသည် ဤအယူဝါဒကိုမည်မျှနားလည်ရခက်ကြောင်း ကောင်းစွာဖော်ပြသည်။ “လူသားမိဘတစ်ဦးအနေနဲ့ ကိုယ့်သားရဲ့လွဲမှားပြုမူမှုအတွက် ယင်တစ်ကောင်၏ကိုယ်မှာ အပ်တစ်ချောင်းထိုးစိုက်ပြီး ဝေဒနာခံစေတာကို မျှတတဲ့ဖြေရှင်းချက်လို့ မယူဆသလို ယေရှုရဲ့သေခြင်းဟာ လူ့အပြစ်ဒဏ်အတွက် ပေးဆပ်ရန်မဖြစ်နိုင်ဘူး။” ရွေးဖိုးအစီအစဉ်သွန်သင်ချက်ကို ခုခံတိုက်လှန်ပေးရန် အရေးတကြီးလိုအပ်နေကြောင်း သဘောပေါက်သည့် ချားလ်စ် တီ၊ ရပ်စယ်လ် နှင့်ထိုစဉ်ကဘာဘာသည် တစ်ဖွဲ့တည်းသားဖြစ်ခဲ့သည်။ သို့သော်သူတို့နှစ်ဦး အဆက်ဖြတ်ခွဲခွာပြီးနောက် ယနေ့ကျွန်ုပ်တို့ဖတ်ရှုနေသည့် မဂ္ဂဇင်းအသစ်ကို ၁၈၇၉ ခုနှစ်တွင်ရပ်စယ်လ်ထုတ်ဝေလေသည်။ အစပထမကတည်းက ကင်းမျှော်စင်သည် ယေရှုခရစ်တော်၏ ရွေးဖိုးပူဇော်သက္ကာကို ထောက်ခံခဲ့ပါသည်။
သို့သော် “ခရစ်ယာန်” နောက်ခံမရှိသူတစ်ဦးအနေနှင့် ဤအယူဝါဒကိုလက်သင့်ခံနိုင်ပါမည်လော။ အဖြေရရှိရန် လူအများအတွက် လူသားတစ်ဦးအသေခံပေးခြင်းဆိုင်ရာ ဤသွန်သင်ချက်ကို အသေးစိတ်လေ့လာကြည့်စို့။