ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၈/၁၅ စာ. ၂၇-၃၀
  • သင်အကုန်အကျ တွက်ပြီးပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်အကုန်အကျ တွက်ပြီးပြီလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဘုယျသဘောထက်သာလွန်
  • မျှတသည့်အမြင်
  • စစ်မှန်သောဉာဏ်ပညာကာကွယ်မှုတစ်ရပ်
  • ဝိညာဉ်ရေးအဖိုးတန်ရာများ လိုက်စားခြင်းမှ အကျိုးရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဘုရားသခင်အပေါ် သင့်ယုံကြည်ကိုးစားမှု မည်မျှခိုင်မာသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • “ယေဟောဝါကိုယ်တော်တိုင်သည်ဉာဏ်ပညာကိုပေးသနားတော်မူ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၈/၁၅ စာ. ၂၇-၃၀

သင်အကုန်အကျ တွက်ပြီးပြီလော

“ဘာ၊ ဒါလောက်ကောင်းတဲ့အခွင့်အရေးကြီးကို မင်းငြင်းလိုက်တယ်၊ ဟုတ်လား။” ကြီးကြပ်သူသည် သူမကြားလိုက်ရသည့်စကားများကို မယုံနိုင်လောက်အောင်ဖြစ်နေသည်။ ကျွမ်းကျင်မှုနှင့်ကောင်းသောအကျင့်သိက္ခာကြောင့်လေးစားခံရသော သူမ၏လက်အောက်ခံအမျိုးသမီးတစ်ဦးသည် ကုမ္ပဏီကုန်ကျစရိတ်ဖြင့် နိုင်ငံခြားတွင်နှစ်နှစ်ပညာသင်သွားရန်အခွင့်အရေးကို ငြင်းဆိုလိုက်သည်။ အဘယ်ကြောင့်ထိုသို့ပြုရသနည်း။

အမျိုးသမီးကရှင်းပြသည်မှာ အခွင့်အရေးကိုလက်ခံခြင်းသည် သူမ၏ခင်ပွန်းနှင့်ကလေးနှစ်ဦးအား နှစ်နှစ်ကြာခွဲခွာရမည့်အဓိပ္ပာယ်ဖြစ်သည်။ သူတို့ကို သူမအလွန်လွမ်းနေမည်။ ထို့ထက်အရေးကြီးသည်ကား သူမ၏ဘုရားပေးတာဝန်ဖြစ်သော ဇနီးသည်နှင့်မိခင်တာဝန်ကို လျစ်လျူရှုရာလည်းရောက်လိမ့်မည်။ စိတ်ပိုင်းနှင့်ဝိညာဏပိုင်းဆိုင်ရာအတွက် အလွန်တရာနစ်နာဆုံးရှုံးမှုဖြစ်ပေမည်။ ထို့ကြောင့် အကုန်အကျကိုတွက်ပြီးနောက်ပိုင်း ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ရန်သူမဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူမ၏နေရာတွင်သင်သာရှိမည်ဆိုလျှင် မည်သို့ပြုမည်နည်း။ ဤခရစ်ယာန်အမျိုးသမီးဆုံးဖြတ်ခဲ့ပုံအတိုင်း လူတိုင်းသဘောတူမည်မဟုတ်သည်ကား သေချာသည်။ သူမ၏လုပ်ဖော်ကိုင်ဖက်များကဲ့သို့သောလူအချို့တို့က သူမသည် လုပ်ငန်းတိုးတက်မှုအတွက်မက်စရာအခွင့်ကောင်းကြီးကို အလဟဿဖြစ်စေသည်ဟု ယူမှတ်ကြပေမည်။ အချို့က နှစ်နှစ်တာသည် ခဏကလေးကုန်ဆုံးသွားမည်ဖြစ်သည့်အတွက် သူမ၏မိသားစုအနာဂတ်ရေးကို မစဉ်းစားရကောင်းလားဟုပင် သူမအား အပြစ်တင်ကြပေမည်။ သို့သော် သူများတိုက်တွန်းခံရ၍ သို့မဟုတ် စိတ်ကူးပေါက်၍ သူမဤသို့ဆုံးဖြတ်ခြင်းမဟုတ်ပါ။ သူမ၏ဆုံးဖြတ်ချက်သည် လျောက်ပတ်ခိုင်လုံသောအကြောင်းနှင့် ရေရှည်အကျိုးကိုမြော်မြင်သောမူအပေါ် အခြေပြုထားခြင်းဖြစ်သည်။ ယင်းတို့ကားအဘယ်နည်း။

ယေဘုယျသဘောထက်သာလွန်

မြေကြီးပေါ်တွင်အသက်ရှင်ခဲ့ဖူးသည့် ပညာအရှိဆုံးလူသားဖြစ်သူယေရှုခရစ်က ပုံဥပမာတစ်ခုတွင် လမ်းညွှန်မှုပေးထားသည်။ “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကိုသိခြင်းငှာ ရှေးဦးစွာထိုင်၍ ကုန်စရိတ်ကိုမချင့်တွက်ဘဲနေမည်လော။ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီးနိုင်လျှင် သိမြင်သောသူအပေါင်းတို့က ‘ဤသူသည် တည်စပြု၍အစမသတ်နိုင်’ ဟုကဲ့ရဲ့ကြလိမ့်မည်။”—လုကာ ၁၄:၂၈-၃၀။

အရေးကြီးသည့်အရာတစ်ခုကိုလုပ်ရန်မဆုံးဖြတ်မီ အကုန်အကျကိုတွက်ခြင်းသည် ပညာရှိ၍လက်တွေ့ကျကြောင်း လူတိုင်းသဘောတူပေမည်။ ဥပမာ လူတစ်ဦးသည် အိမ်တစ်အိမ်ကိုဝယ်မည်ဆိုလျှင် အိမ်တန်ဖိုးကိုမမေးမြန်း၊ ကိစ္စပြီးစီးသည့်အထိ မိမိငွေအင်အားတတ်နိုင်မတတ်နိုင်ကို မစစ်ဆေးဘဲ နှစ်ဦးသဘောတူစာချုပ်ကို အလျင်စလိုလက်မှတ်ထိုးမည်လော။ ယင်းသို့သာပြုပါက သူသည် အမှန်မိုက်မဲသူဟုယူမှတ်ခံရပေမည်။ မှန်ပါသည်။ အလုပ်တာဝန်တစ်ခုကိုစ၍မလုပ်မီ အကုန်အကျတွက်ချက်ရခြင်းသည် ယေဘုယျသဘောပင်ဖြစ်သည်။

ထိုပုံဥပမာတွင် ယေရှုအဓိကဆိုလိုသည့်အချက်ကား အဘယ်နည်း။ ထိုပုံဥပမာကိုမပြောမီကလေးတွင် ကိုယ်တော်က “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့မလိုက်၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၄:၂၇) ထို့ကြောင့် ယေရှုသည် ကျွန်ုပ်တို့၏နေ့စဉ်အလုပ်တာဝန်များဆိုင်ရာ ယေဘုယျသဘောအတွက် အကြံပြုနေခြင်းမဟုတ်ကြောင်း အထက်အောက်စကားများကဖော်ပြသည်။ သူ့တပည့်ဖြစ်လာရန်နှင့်ပတ်သက်၍ အကုန်အကျတွက်ချက်ရန် သူပြောနေခြင်းဖြစ်သည်။

မိမိ၏တပည့်ဖြစ်လာရန် ပြောင်းလဲမှုနှင့်စွန့်လွှတ်မှုများလိုအပ်ကြောင်း ဤပုံဥပမာအားဖြင့်ယေရှုထောက်ပြနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ လက်ရှိအစီအစဉ်စနစ်သည် ရုပ်ဝါဒဆန်ပြီး ကိုယ်ကျိုးကိုသာကြည့်ခြင်းများဖြင့် လှုံ့ဆော်ခံနေရသည်။ လူအများစုသည် မိမိတို့၏သွေးသားတပ်မက်မှုများကိုဖြေသိမ့်ရန်၌သာ အဓိကစိတ်ဝင်စားကြပြီး သူတို့၏ဝိညာဏရေး သို့မဟုတ် ဘုရားသခင်နှင့်မိမိတို့၏ဆက်ဆံရေးကိုမူ လုံးဝလျစ်လျူရှုကြသည်။ (၂ တိမောသေ ၃:၁-၄) ဤသဘောထား သို့မဟုတ် စိတ်ဓာတ်သည် ယေရှုခရစ်တင်ပြခဲ့သည့်အချက်နှင့် တိုက်ရိုက်ဆန့်ကျင်သည်။ ကိုယ်တော်က “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ။ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်” ဟုမိန့်တော်မူခဲ့သည်။ ရုပ်ပစ္စည်းထက်ဝိညာဏရေးရာကို အထွတ်အမြတ်ထားသည့်အနေနှင့် ဤသို့မိန့်တော်မူခဲ့သည်။ “ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်းမတတ်နိုင်။”—မဿဲ ၂၀:၂၈။ ယောဟန် ၆:၆၃။

ထို့ကြောင့် မိမိတပည့်ဖြစ်လိုသူသည် အကုန်အကျကိုတွက်ရန်ယေရှုအကြံပြုရာတွင် အရင်းခံအားဖြင့် ရုပ်ပစ္စည်းကိုမဟုတ်ဘဲ ဝိညာဏရေးရာ၏တန်ဖိုးကိုဆိုလိုနေခြင်းဖြစ်သည်။ သူတို့အတွက်ပိုအရေးကြီးသည့်အရာမှာ လောကပေးသည့်ရုပ်ပစ္စည်းအကျိုးအမြတ်လော၊ တပည့်ဖြစ်ခြင်းမှရသည့်ဝိညာဏအကျိုးအမြတ်လော။ ထို့ကြောင့် ဆက်စပ်နေသည့်ပုံဥပမာနှစ်ခုကိုပေးပြီးနောက်ပိုင်း ဤသို့နိဂုံးချုပ်တော်မူသည်။ “ထိုနည်းတူ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (လုကာ ၁၄:၃၃) တပည့်တော်ဖြစ်လာမည့်သူသည် ထိုစွန့်လွှတ်မှုမျိုးကိုပြုရန် လိုလိုလားလားနှင့်အဆင်သင့်ဖြစ်သလော၊ သို့မဟုတ် သူ့အတွက်အလွန်နစ်နာဆုံးရှုံးမှုကြီးဖြစ်သလော။

မျှတသည့်အမြင်

ရုပ်ပစ္စည်းများသည် သတိထားမိလောက်အောင် လတ်တလောချင်းနှင့်အထင်အရှားအကျိုးဖြစ်ထွန်းသည်မှန်သော်လည်း ဝိညာဏရေးရာကိုလိုက်စားခြင်းမှရရှိသည့်အကျိုးကျေးဇူးသည် ပိုမို၍ကြာရှည်တည်တံ့ပြီးရောင့်ရဲမှုဖြစ်စေသည်။ ယေရှုဤသို့သုံးသပ်ပြထားသည်။ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာဘဏ္ဍာကို မဆည်းပူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာ ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့။” (မဿဲ ၆:၁၉၊ ၂၀) ကျွန်ုပ်တို့ခေတ်တွင် ငွေကြေးဖောင်းပွခြင်း၊ စတော့ဈေးကွက်ကျဆင်းခြင်း၊ ဘဏ်များအရှုံးပေါ်ခြင်းနှင့် အခြားသောပြဿနာများသည် ရုပ်ပစ္စည်းကြွယ်ဝချမ်းသာမှုအပေါ်အကြွင်းမဲ့ယုံကြည်စိတ်ချသူတို့အား ပျက်ကိန်းဆိုက်စေသည်။ သို့သော် တမန်တော်ပေါလုက ကျွန်ုပ်တို့အား “မျက်စိဖြင့်မြင်နိုင်သောအရာများကို အာရုံမစိုက်၊ မျက်စိဖြင့်မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ [လော့]။ မျက်စိဖြင့်မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍ မျက်စိဖြင့်မမြင်နိုင်သောအရာများမူကား ထာဝစဉ်တည်သတည်း” ဟုတိုက်တွန်းထားသည်။ (၂ ကောရိန္သု ၄:၁၈၊ သက) ထိုအမြင်မျိုးကို ကျွန်ုပ်တို့မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။

ကျွန်ုပ်တို့၏စံနမူနာနှင့်ပုံသက်သေပိုင်ရှင်ယေရှုခရစ်ကိုတုပခြင်းအားဖြင့် ယင်းသို့ပြုလုပ်နိုင်သည်။ မြေကြီးပေါ်တွင် ကိုယ်တော်ရှိခဲ့စဉ်က မင်္ဂလာဧည့်ခံပွဲများ၊ စားသောက်ပွဲများကို တက်ရောက်ခဲ့ခြင်းအားဖြင့် မိမိကိုယ်ကိုအစွန်းထွက်အောင်ကြပ်မတ်ခြိုးခြံသူမဟုတ်ကြောင်း သက်သေထူတော်မူခဲ့သည်။ သို့ရာတွင် ဝိညာဏရေးရာများကို ကိုယ်တော်ရှေးဦးထားခဲ့သည်ကား ထင်ရှားသည်။ ခမည်းတော်၏အလိုတော်ပြီးပြည့်စုံစေနိုင်ရေးအတွက် လိုအပ်သည်ဟုယူဆရသောအရာများကိုပင် စွန့်လွှတ်ရန် ကိုယ်တော်ဆန္ဒရှိခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော်က “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ကျင်လည်သောငှက်တို့သည် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟုမိန့်တော်မူသည်။ (လုကာ ၉:၅၈) ခမည်းတော်၏အလိုတော်ကိုလုပ်ဆောင်ခြင်းသည် မည်မျှအရေးကြီးပြီး နှစ်သက်ဖွယ်ဖြစ်သည်ဟုကိုယ်တော်ယူဆသနည်းဟူမူ နှလုံးအရိုးခံသဘောဖြင့် ဤသို့ဖော်ပြသည့်အထိပင်ဖြစ်သည်။ “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”—ယောဟန် ၄:၃၄။

ယေရှုသည် စာတန်၏သွေးဆောင်မှုကိုငြင်းဆန်သည့်နည်းအားဖြင့် တန်ဖိုးထားတတ်သည့်သဘောကို တင်ပြတော်မူခဲ့သည်။ ယေရှုသည် မိမိ၏ဘုရားပေးတန်ခိုးကို မိမိကိုယ်ကျိုးအတွက်အသုံးချခြင်း၊ မိမိ၏ကာယလိုအပ်ချက်ကိုဖြည့်ဆည်းခြင်း၊ လောက၏အောင်မြင်ထင်ရှားမှုကိုရယူခြင်းတို့ဖြစ်အောင် စာတန်ကြိုးစားခဲ့သည်။ ဤကဲ့သို့သောစောဒကတက်ဖွယ်အကျိုးအမြတ်များသည် မိမိပေးရန်ဆန္ဒရှိသည့်ထက်သာ၍ အလွန်အမင်းနစ်နာဆုံးရှုံးမှု—ဘုရားသခင့်မျက်နှာသာဆုံးရှုံးမှု—ကိုသာဖြစ်စေကြောင်း ယေရှုကောင်းစွာသိရှိခဲ့သည်။ အကြောင်းမှာ ခမည်းတော်နှင့်မိမိ၏ကောင်းသောဆက်ဆံရေးကို အခြားအရာအားလုံးထက် ကိုယ်တော်တန်ဖိုးထားတော်မူသောကြောင့်ဖြစ်သည်။ ထို့ကြောင့် စာတန်၏ကမ်းလှမ်းချက်ကို မဆိုင်းမတွပင် ပြတ်ပြတ်သားသားကိုယ်တော်ငြင်းဆန်တော်မူခဲ့သည်။—မဿဲ ၄:၁-၁၀။

ခရစ်တော်၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့၏သခင်ကဲ့သို့ အလားတူတန်ဖိုးထားသည့်သဘောမျိုးရှိလိုကြသည်။ စာတန့်ချုပ်ကိုင်မှုအောက်ရှိလက်ရှိအစီအစဉ်စနစ်တွင် အကျိုးအမြတ်ကောင်းများအတွက်အာမခံပေးသယောင်ရှိသော်လည်း အမှန်တွင် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုပျက်စီးစေနိုင်သော အရာများစွာရှိသည်။ လောကီရေးရာလုပ်ငန်းတွင် ရာထူးတိုးသထက်တိုးအောင်ကြိုးစားခြင်း၊ ရာထူးရာခံရရှိရေးအတွက် အဆင့်မြင့်ပညာရေးကိုလိုက်စားခြင်း၊ လောကသားကိုပိုးပန်းခြင်း သို့မဟုတ် စောဒကတက်ဖွယ်ကောင်းသောစီးပွားရေးအစီအစဉ်များတွင်ပါဝင်ပတ်သက်ခြင်း စသည့်အရာများသည် ယုံကြည်ခြင်းကိုအလွယ်တကူပျက်ပြားစေနိုင်ပြီး နောက်ဆုံးတွင် ယေဟောဝါ၏မျက်နှာသာတော်ဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ယင်းကဲ့သို့သောသွေးဆောင်မှုများကိုရင်ဆိုင်ရသည်ရှိသော် ကျွန်ုပ်တို့သည် ဂရုတစိုက်ဖြင့်အကုန်အကျကိုတွက်ချက်သင့်သည်။

စစ်မှန်သောဉာဏ်ပညာကာကွယ်မှုတစ်ရပ်

လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က အရှေ့အလယ်ပိုင်းဒေသရှိမြို့တစ်မြို့တွင်နေထိုင်သူခရစ်ယာန်လူငယ်တစ်ဦးသည် နိုင်ငံခြားပညာတော်သင်သွားရန်အခွင့်အရေးကမ်းလှမ်းခံခဲ့ရသည်။ လောကပညာရေးကောင်းကောင်းရှိပြီး ဝင်ငွေကောင်းသောအလုပ်အကိုင်ရှိနေသော်လည်း ယင်းတို့နှင့်မလုံလောက်ဟုသူယူမှတ်ခဲ့သည်။ သူ့ဘဝအခြေအနေကို ဤထက်ပိုမိုမြင့်မားလိုခဲ့သည်။ သူ့ခရစ်ယာန်အပေါင်းအဖော်များက အထက်တွင်ကျွန်ုပ်တို့ဆွေးနွေးခဲ့ပြီးသောကျမ်းချက်များအရ သူနှင့်ဆင်ခြင်သုံးသပ်ရန်ကြိုးစားကြသော်လည်း ခေါင်းမာမာနှင့်သူ့အစီအစဉ်အတိုင်းဆက်၍လိုက်လျှောက်ခဲ့သည်။ အစပိုင်းတွင် သူ၏ယုံကြည်ခြင်းကိုဆက်လက်ကိုင်စွဲထားရန်ကြိုးစားသေးသော်လည်း တဖြည်းဖြည်းနှင့် ကျမ်းစာသမ္မာတရားကိုလေးမြတ်ခြင်းပျောက်ဆုံးလာကာ သံသယများစတင်ဝင်လာခဲ့သည်။ တစ်နှစ်ကျော်လောက်တွင် သူ၏ယုံကြည်ခြင်းလုံးဝပျောက်ဆုံးသွားပြီး မိမိကိုယ်ကို ဘုရားတရားမသိသူအဖြစ် ကြေညာခဲ့သည်။ လောကပညာတွင် သာ၍မြင့်မားစွာတိုးတက်အောင်မြင်မှုက သူ့အားအတော်အတန်ကျေနပ်ရောင့်ရဲစေသည်မှန်သော်လည်း ခေတ္တယာယီထင်ပေါ်မှုအတွက် ကြီးလေးစွာသူပေးဆပ်လိုက်ရသည်ကား ယုံကြည်ခြင်းသင်္ဘောပျက်ပြီး ထာဝရအသက်ဆုံးရှုံးခြင်းပါတကား။—၁ တိမောသေ ၁:၁၉။

အခြားတစ်ဖက်တွင်မူ ဘုရားသခင်နှင့်မိမိတို့၏ဆက်ဆံရေးကို ဘေးသင့်စေမည့် မည်သည့်အရာကိုမဆိုရှောင်ရှားသူများသည် ယေဟောဝါထံမှ များစွာသောကောင်းချီးများကို ဆွတ်ခူးရယူနေကြသည်။

တစ်ချိန်တည်းတွင်ဖြစ်ပျက်သည့်အဖြစ်မှာ အထက်ဖော်ပြပါမြို့တွင်ပင်နေသောလူငယ်တစ်ဦးသည် အခန်းများမွမ်းမံပြင်ဆင်ရသည့်လုပ်ငန်းလက်ဝယ်ရှိသူဖြစ်သည်။ သူသည် ယေဟောဝါသက်သေများနှင့်ကျမ်းစာစလေ့လာပြီး လအနည်းငယ်အတွင်းမှာပင် ဒေါ်လာ ၃၀,၀၀၀ ရရှိမည့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ရန် ကမ်းလှမ်းသည့်စုံစမ်းမှု ရင်ဆိုင်ရတော့သည်။ ယင်းလုပ်ငန်းတွင် မြို့ပြဆောက်လုပ်ရေးဥပဒေသများကို ရှောင်လွဲပြီး တရားမဝင်အဆောက်အအုံများကို ဆောက်လုပ်ခြင်းပါဝင်သည်။ ခရစ်ယာန်များသည် ဥပဒေကိုနာခံမှုပြုရမည်ဟုသူလေ့လာသိရှိထားရာ ထိုလုပ်ငန်းကိုလက်ခံခြင်းအားဖြင့် ဘုရားမျက်နှာသာဆုံးရှုံးနိုင်ကြောင်း သူသဘောပေါက်သည်။ (ရောမ ၁၃:၁၊ ၂) ထိုကိစ္စကိုကောင်းစွာချင့်ချိန်ပြီးနောက် အလုပ်ကိုလက်မခံခဲ့ချေ။ ရလဒ်အနေနှင့် ဤယုံကြည်ခြင်းလုပ်ရပ်အားဖြင့် သူ့ဘဝတွင် ဝိညာဏရေးရာတိုးတက်မှုအတွက် အပြောင်းအလဲကြီးတစ်ရပ်ဖြစ်ခဲ့သည်။ တစ်နှစ်အတွင်း၌ပင် ဆက်ကပ်အပ်နှံခြင်းနှင့်နှစ်ခြင်းခံသည့်အဆင့်သို့ သူတိုးတက်ခဲ့သည်။ သူ၏လုပ်ငန်းကိုရောင်းလိုက်ပြီး ဝိညာဏရေးရာများအတွက် အချိန်ပိုပေးနိုင်သည့်လုပ်ငန်းတစ်ခုကို သူရယူခဲ့သည်။ ယခုအခါ သူသည် ယေဟောဝါအား ရွှင်လန်းမှုနှင့်ဇွဲဖြင့်ဝတ်ပြုနေသည်။

ဤလူငယ်နှစ်ဦးလုံးတို့သည် အကုန်အကျကိုတွက်ချက်ခဲ့ကြသည်။ သူတို့၏ရွေးချယ်မှုများစပ်ကြား မည်သည့်ခြားနားမှုရှိသနည်း။ ဘုရားရေးရာဉာဏ်ပညာပင်ဖြစ်သည်။ မည်သို့နည်း။ ဉာဏ်ပညာဟူသည် အသိပညာကို တည်မြဲသောအကျိုးပေးနိုင်သည့်နည်းဖြင့် အသုံးပြုနိုင်သည့်အရည်အချင်းဖြစ်သည်။ လူငယ်နှစ်ဦးလုံးတွင် ကျမ်းဆိုင်ရာအသိပညာအတော်အသင့်ရှိကြသော်လည်း ယင်းကိုသူတို့အသုံးချပုံက ခြားနားသည့်အကျိုးဆက်ကိုဖြစ်စေသည်။ နယပုံပြင်ကျမ်းက “ဉာဏ်ပညာသည် သင့်နှလုံးထဲဝင်၍ အသိပညာကိုလည်း သင့်စိုးလ်ကနှစ်သက်သောအခါ စဉ်းစားတွေးတောနိုင်သည့်အရည်အချင်းသည် သင့်ကိုကာကွယ်စောင့်ထိန်းပြီး ပိုင်းခြားနားလည်တတ်ခြင်းက သင့်ကိုစောင့်ထိန်းကာ ဆိုးသောလမ်းမှ လွတ်မြောက်စေလိမ့်မည်။”—သု၊ ၂:၁၀-၁၂၊ ကဘ။

ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာသည် အရေးကြီးသောဆုံးဖြတ်စရာများအတွက် လမ်းညွှန်မှုအစဉ်အမြဲရယူနိုင်သည့် စစ်မှန်သောဉာဏ်ပညာ၏အခြေအမြစ်ဖြစ်သည်။ သင့်အမြင်အားဖြင့် ပညာရှိမဖြစ်ဘဲ အကြံဉာဏ်ကိုလိုက်လျှောက်ပါ။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု၊ ၃:၅၊ ၆) ကျွန်ုပ်တို့သည် နှိမ့်ချလျက်သွန်သင်ခံရန် လိုလိုလားလားရှိကာ ယနေ့နေရာအနှံ့တွင်ရှိနေသော လောက၏ကိုယ့်အလိုသို့သာတစ်ယူသန်လိုက်လျှောက်ခြင်းနှင့် လွတ်လပ်လိုသည့်သဘောတို့ကို ရှောင်ပါ။

မှန်ပါသည်။ ကျွန်ုပ်တို့စိုက်သည့်အရာကို ရိတ်သိမ်းရန် မရှောင်လွဲနိုင်ပါ။ ကျွန်ုပ်တို့ဆုံးဖြတ်မှုနှင့်ရွေးချယ်မှုတို့၏အကျိုးရလဒ်ကို ကျွန်ုပ်တို့ခံယူခြင်းသည်သာ တရားမျှတရာရောက်သည်။ (ဂလာတိ ၆:၇၊ ၈) ထို့ကြောင့် မည်သည့်အရာမဆိုလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုမီ အကုန်အကျကိုတွက်ပါ။ အကျိုးဖြစ်ထွန်းဟန်ရှိသည့်အရာက သင့်ဝိညာဏရေးရာ သို့မဟုတ် သင်နှင့်ယေဟောဝါ၏ဆက်ဆံရေးကို လုမယူပါစေနှင့်။ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ရန် ဉာဏ်ပညာနှင့်ကောင်းစွာပိုင်းဖြတ်နိုင်ဖို့ ဆုတောင်းပါ။ အကြောင်းမှာ ယခုသင်ပြုသောဆုံးဖြတ်ချက်သည် ထာဝရသေခြင်းနှင့်ရှင်ခြင်းတည်းဟူသောခြားနားသည့်အကျိုးများကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။—တရားဟောရာ ၃၀:၁၉၊ ၂၀ နှိုင်းယှဉ်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

သူသည်မိမိဘဝတွင် ဝိညာဏရေးရာလုပ်ဆောင်မှုများ သို့မဟုတ် လောကီလုပ်ငန်းကိုရှေးဦးထားမည်လော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ