ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁/၁ စာ. ၅-၈
  • ဖြစ်ပေါ်လာသည့် ဖန်ဆင်းရာအသစ်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖြစ်ပေါ်လာသည့် ဖန်ဆင်းရာအသစ်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကိုဖန်ဆင်းခြင်း
  • ကောင်းကင်သစ်နှင့် မြေကြီးသစ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခပ်သိမ်းသောအရာကို အသစ်ပြုလုပ်ခြင်း—တင်ကူးဟောထားသည့်အတိုင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဘုရားသခင် ကတိထားတော်မူသော ကမ္ဘာသစ်
    စောင့်နေကြလော့!
  • ကောင်းကင်ပေါ်နှင့် မြေကြီးပေါ်ရှိအရာများကို စုစည်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁/၁ စာ. ၅-၈

ဖြစ်ပေါ်လာသည့် ဖန်ဆင်းရာအသစ်များ

“နေအောက်မှာ အသစ်သောအမှုအရာမရှိ” ဟုပညာရှိရှောလမုန်မင်းကြီး ပြောခဲ့ဖူးသည်။ (ဒေသနာ ၁:၉) ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့် ရုပ်လောကနှင့်ပတ်သက်၍ ထိုစကားများမှန်ကန်သော်လည်း ယေဟောဝါ၏ဝိညာဏဖန်ဆင်းရာများနှင့်ဆိုင်သော ကျယ်ဝန်းသည့်နယ်ပယ်အတွင်းကော။ ထိုနယ်ပယ်တွင် ရှောလမုန်ထက်သာ၍ကြီးမြတ်သူမဆိုထားနှင့်၊ အသက်ရှင်ခဲ့သမျှတို့တွင် အကြီးမြတ်ဆုံးလူသားသည် ထူးခြားသည့် ဖန်ဆင်းရာအသစ်ဖြစ်လာခဲ့သည်။ ဤအမှု မည်သို့ဖြစ်လာခဲ့ပါသနည်း။

ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ် ၂၉ ခုနှစ်တွင် စုံလင်သောလူသားယေရှုသည် ယော်ဒန်မြစ်၌ ယောဟန်အားဖြင့်နှစ်ခြင်းခံယူရန် ရောက်ရှိလာပါသည်။ “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း’ ဟုကောင်းကင်ကအသံတော် ဖြစ်လေ၏။” (မဿဲ ၃:၁၆၊ ၁၇) ဤနည်းဖြင့် လူသားခရစ်တော်ယေရှုသည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ခြင်းငှာ ဘိသိက်ခံရသည့် ဖန်ဆင်းခြင်းအသစ်တွင် အစအဦးဖြစ်တော်မူသည်။ နောင်တွင် ယေရှုသည် မိမိ၏ယဇ်ပူဇော်သက္ကာသေခြင်းကြောင့် ဘုရားသခင်နှင့် လက်ရွေးစင်လူတစ်စုစပ်ကြား ဖွဲ့တော်မူခဲ့သောပဋိညာဉ်အသစ်၏ ဖျန်ဖြေစေ့စပ်ရေးမှူးလည်းဖြစ်လာတော်မူသည်။ ကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်အတူစိုးစံခွင့်ကိုမျှော်လင့်နိုင်ရန် ဘုရားသခင့်ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရပြီးနောက် ထိုသူအသီးသီးတို့သည် “ဖန်ဆင်းခြင်းအသစ်” ဖြစ်လာကြပါသည်။—၂ ကောရိန္သု ၅:၁၇။ ၁ တိမောသေ ၂:၅၊ ၆။ ဟေဗြဲ ၉:၁၅။

နှစ်ရာစုပေါင်းတစ်လျှောက် ဤဘိသိက်ခံ၊ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဖန်ဆင်းခြင်းအသစ်ပင်ဖြစ်သည့် စစ်မှန်သောခရစ်ယာန်အသင်းတော်အဖြစ် ခရစ်တော်နှင့်အတူ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ စုသိမ်းခြင်းခံခဲ့ကြရပြီ။ ရည်ရွယ်တော်မူချက်ကို ဖြည့်စွက်ပေးခြင်းအလို့ငှာ ယင်းကို ဤလောကထဲမှ ရွေးနှုတ်တော်မူကြောင်း တမန်တော်ပေတရု ဤသို့ပြောဆိုခဲ့သည်။ “သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ‘ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏။’” (၁ ပေတရု ၂:၉) ဘုရားသခင်၏အစမူလဖန်ဆင်းခြင်းအသစ်၊ ခရစ်တော်ယေရှုနည်းတူပင် နောက်ပိုင်းတွင်ဖြစ်ပေါ်လာသော ဤဖန်ဆင်းခြင်းအသစ်၌လည်း သတင်းကောင်းဟောပြောရန် အရေးပါသောတာဝန်ရှိပါသည်။ (လုကာ ၄:၁၈၊ ၁၉) နောက်ဆုံးတွင် ၁၄၄,၀၀၀ အရေအတွက်ရှိမည့် ယင်းအဖွဲ့ဝင် တစ်ဦးစီအနေနှင့် “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း [သစ္စာစောင့်သိခြင်း၊ ကဘ] ပါရမီအားဖြင့် ဘုရားသခင် [အလိုတော်နှင့်အညီ၊ ကဘ] နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” ကြရမည်။ (ဧဖက် ၄:၂၄။ ဗျာဒိတ် ၁၄:၁၊ ၃) ယင်းအတွက် သူတို့သည် ဂလာတိ ၅:၂၂၊ ၂၃ တွင်ဖော်ပြထားသော “ဝိညာဉ်အသီး” ကိုသီးပြီး သူတို့၏ဘဏ္ဍာစိုးအခွင့်အရာကို ထိန်းသိမ်းထားကြရမည်။—၁ ကောရိန္သု ၄:၂။ ၉:၁၆။

မျက်မှောက်ခေတ် ဤဖန်ဆင်းခြင်းအသစ်ကော။ သမ္မာကျမ်းစာအချိန်ဇယား တင်ပြသည့်အတိုင်းပင် ၁၉၁၄ ခုနှစ်တွင် ဗျာဒိတ် ၁၁:၁၅ ပါစကားများပြည့်စုံခဲ့ပါသည်။ “လောကီနိုင်ငံသည် ငါတို့အရှင် [ယေဟောဝါ] ၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” နန်းထိုင်စရှင်ဘုရင်အဖြစ် ခရစ်တော်၏အစအဦးဆုံးစီရင်ချက်မှာ စာတန်နှင့် သူ၏နတ်ဆိုးများကို ကောင်းကင်အရပ်မှ မြေကြီးဝန်းကျင်သို့ နှင်ချပစ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ပထမကမ္ဘာစစ်နှင့်အတူ ဒွန်တွဲပါလာသောဒုက္ခများကြောင့် “မြေကြီး . . . သည်အမင်္ဂလာ” ရှိလေသည်။—ဗျာဒိတ် ၁၂:၉၊ ၁၂၊ ၁၇။

ယင်းက “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [တည်ထောင်ပြီးသော ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုလောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူသောယေရှု၏ပရောဖက်ပြုချက် ပြည့်စုံစေခြင်းတွင် သူတို့ပါဝင်ထမ်းဆောင်ရမည်အကြောင်း ဖန်ဆင်းခြင်းအသစ်မှ ကမ္ဘာပေါ်ကျန်ကြွင်းနေသူတို့အား သတိပေးချက်လည်းဖြစ်ပါသည်။ ထို “အဆုံး” ကားအဘယ်နည်း။ ယေရှု ဤသို့ဆက်ရှင်းပြပါသည်။ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလို့ငှာ ထိုကာလသည် တိုလိမ့်မည်။”—မဿဲ ၂၄:၃-၁၄၊ ၂၁၊ ၂၂။

ဖန်ဆင်းခြင်းအသစ်မှ ဤဘိသိက်ခံများသည် ကမ္ဘာပေါ်တွင်ထမ်းဆောင်နေသော အကျယ်ပြန့်ဆုံးဟောပြောခြင်းလုပ်ငန်းတွင် အလုပ်များနေကြရန် ယေဟောဝါ၏ဝိညာဉ်တော်က သူတို့အား လှုံ့ဆော်ပေးပါသည်။ ၁၉၁၉ ခုနှစ်တွင် ဤဇွဲနပဲရှိ ဘုရားသခင့်နိုင်ငံတော်သတင်း ကြွေးကြော်သူများ၏ ထောင်ပေါင်းအနည်းငယ်သောအရေအတွက်သည် ၁၉၃၀ ပြည့်လွန်နှစ်ဝက်တိုင်လေသော် ၅၀,၀၀၀ သို့တိုးတက်လာပါသည်။ ပရောဖက်ပြုထားသည့်အတိုင်းပင် “သူတို့၏အသံသည် မြေတစ်ပြင်လုံး၌နှံ့ပြား၍ လူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီ။”—ရောမ ၁၀:၁၈။

ဖန်ဆင်းခြင်းအသစ်မှ ကျန်ကြွင်းသူများသာ ကယ်တင်ခြင်းရရန် စုသိမ်းခံရပါမည်လော။ မဟုတ်ပါ။ အကြောင်းမူကား၊ ကောင်းကင်ဦးတည်ချက်ရှိသူ ဤဝိညာဏဣသရေလူမျိုးကိုသာမက အခြားသူများဖြစ်သည့် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်း [လူအုပ်ကြီး၊ ကဘ]” ကိုစုသိမ်းခြင်း မပြီးမချင်း ဘုရားသခင့်ကောင်းကင်တမန်များသည် ကြီးစွာသောဒုက္ခ၏လေကို ကိုင်ထားမည်ဖြစ်ကြောင်း ပရောဖက်ပြုချက်က ဖော်ပြပါသည်။ ဤသူများ အဘယ်အကျိုးခံစားကြရမည်နည်း။ သူတို့သည် ထိခိုက်ဒဏ်ရာလုံးဝမရှိဘဲ “ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်” လာပြီး ပရဒိသုကမ္ဘာမြေကြီးတွင် ထာဝရအသက်ရရှိကြမည်ဖြစ်သည်။—ဗျာဒိတ် ၇:၁-၄၊ ၉၊ ၁၄။

ဝမ်းသာစရာကား၊ ၂၂၉ နိုင်ငံ မှစုသိမ်းထားသော ဤလူအုပ်ကြီး၏အရေအတွက်သည် တက်ကြွလှုပ်ရှားသောသက်သေခံပေါင်း ၄,၅၀၀,၀၀၀ နီးပါးသို့ တစ်မုဟုတ်ချင်း တိုးများလာခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ် ဧပြီလ ၁၇ ရက်တွင်ကျင်းပခဲ့သော ယေရှုသေခြင်း၏သတိရအောက်မေ့ရာပွဲတော်သို့ တက်ရောက်ခဲ့သူ ၁၁,၄၃၁,၁၇၁ ဦး တင်ပြသည်အတိုင်း မြောက်မြားစွာသောသူတို့ လာကြလိမ့်ဦးမည်။ ဤသန်းပေါင်းများစွာအနက် ဖန်ဆင်းရာအသစ်မှ မြေကြီးပေါ်ကျန်ကြွင်းသူဖြစ်သည်ဟူ၍ဆိုသူ ၈,၆၈၃ ဦး မျှသာအောက်မေ့ရာအထိမ်းအမှတ် မုန့်နှင့်စပျစ်ရည်ကို စားသုံးပါသည်။ ဤလူနည်းစုအဝင်ဖြစ်သူတို့သည် ယနေ့ဆောင်ရွက်နေသော ဟောပြောခြင်းလုပ်ငန်းကြီးကို သူတို့ချည်းသာ အဘယ်နည်းဖြင့်မျှ ထမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပါ။ ယခုသန်းပေါင်းများစွာသော လူအုပ်ကြီးအဝင်ဖြစ်သူများသည် လုပ်ငန်းပြီးစီးရေးအတွက် သူတို့နှင့်အတူ ရင်ပေါင်တန်း လုပ်ဆောင်နေကြပါသည်။ (ဇေဖနိ ၃:၉) ထို့ပြင်ယေရုရှလင်၏မြို့ရိုးများကို ပြန်လည်ပြုပြင်ဆောက်လုပ်ကြသော ယဇ်ပုရောဟိတ်များနှင့်အတူ ဣသရေလလူမျိုးမဟုတ်သည့် နက်သနင်တို့တွဲဖက်လုပ်ကိုင်ခဲ့သည့်နည်းတူ ဝိညာဏဣသရေလလူမျိုးမှ ဘိသိက်ခံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လူအုပ်ကြီးအဝင်ဖြစ်သော ကောင်းစွာလေ့ကျင့်မှုရရှိထားသူများသည် စီမံကွပ်ကဲရေးနှင့် အခြားကြီးလေးသောတာဝန်များကို ယခုထမ်းဆောင်နေကြပါသည်။—နေဟမိ ၃:၂၂-၂၆။

“ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကိုဖန်ဆင်းခြင်း

ဤစုသိမ်းခြင်းလုပ်ငန်းမှ ရွှင်လန်းမှုကြီးမားလှသည်တကား။ ယေဟောဝါမိန့်တော်မူသည်အတိုင်းပင် ဖြစ်သတည်း။ “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။ ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန်မကြားရ။” (ဟေရှာယ ၆၅:၁၇-၁၉) ယေဟောဝါ၏ဖန်ဆင်းခြင်းဆိုင်ရာ မိုးကောင်းကင်သစ်သည် နောက်ဆုံးတွင် ခရစ်တော်ယေရှုအပြင် လွန်ခဲ့သော ၁၉ ရာစုနှစ်အတွင်း လူသားတို့အထဲမှ ရွေးနှုတ်ဝယ်ယူခဲ့သော ဖန်ဆင်းခြင်းအသစ်အဝင် ရှင်ပြန်ထမြောက်ပြီးသူ ၁၄၄,၀၀၀ ဖြင့်ဖွဲ့စည်းပါလိမ့်မည်။ ယင်းသည် ပကတိယေရုရှလင်မြို့ ၌ အုပ်စိုးခဲ့သော ရှောလမုန်ခေတ်ပင်အပါအဝင် မည်သည့်မြေကြီးဆိုင်ရာအစိုးရထက်မက သာလွန်ထူးကဲသောဘုန်းကျက်သရေရှိတော်မူသည်။ ယင်းသည် ကောင်းကင်နှင့်ဆိုင်သော ယေရုရှလင်မြို့သစ်အဖြစ်ဖွဲ့စည်းထားရာ ဗျာဒိတ် အခန်းကြီး ၂၁ တွင်ယင်း၏ရောင်ခြည်ဖြာသောအလှကျက်သရေအလုံးစုံကို ဖော်ပြထားပါသည်။

ယေရုရှလင်မြို့သစ်သည် ခရစ်တော်၏ ဝိညာဏသတို့သမီး၊ ကိုယ်တော်၏ ၁၄၄,၀၀၀ သောဘိသိက်ခံတပည့်တော်များဖြစ်၍ သူတို့သေလွန်ပြီးနောက် ဝိညာဏထမြောက်ခြင်းခံရသည့်အခါ သတို့သားနှင့်အတူ ကောင်းကင်တွင် ဆုံစည်းကြမည်။ ဗျာဒိတ် ၂၁:၁-၄ တွင်သူတို့သည် “ကောင်းကင်ဘုံမှဆင်းသက်သည်” ဟူ၍ဖော်ပြထားရာ ကမ္ဘာပေါ်ရှိ လူသားများအပေါ် ကိုယ်တော်၏ညွှန်ကြားမှုအတိုင်း ကောင်းချီးများသွန်းလောင်းခြင်းငှာ သူတို့အသုံးတော်ခံကြကြောင်းကို ဆိုလိုပါသည်။ ဤနည်းဖြင့် “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟူသောပရောဖက်ပြုချက် ပြည့်စုံလာပါသည်။

ထိုမိုးကောင်းကင်သစ်ကို ဘုရားသခင်ဖန်ဆင်းပေးတော်မူသည့်အတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်ထိုက်ပါသည်တကား။ လူသားကို ကြာမြင့်စွာဖိစီးခဲ့သည့် ပျက်စီးယိုယွင်း၍တဒင်္ဂမျှတည်သော အုပ်ချုပ်ရေးများနှင့်မတူ ဘုရားသခင်၏ ဤအုပ်ချုပ်ရေးအစီအစဉ်သည် အစဉ်အမြဲတည်ရှိပါလိမ့်မည်။ ဖန်ဆင်းရာအသစ်နှင့် ယင်း၏ဝိညာဏအမျိုးအနွယ်ဖြစ်သော လူအုပ်ကြီးသည် ဘုရားသခင်ထပ်ဆင့်ပြုတော်မူသည့် ဤကတိတော်ကြောင့် အားရဝမ်းသာနိုင်ကြပါသည်။ “‘ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့၌တည်သကဲ့သို့ သင်တို့၏အမျိုးအနွယ်နှင့် သင်တို့၏နာမသည်လည်း တည်ရလိမ့်မည်’ ဟု ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။”—ဟေရှာယ ၆၆:၂၂။

“မြေကြီးသစ်” သည်ဖန်ဆင်းရာအသစ်၏ ဘိသိက်ခံသူတို့၏ ဤအမျိုးအနွယ်ဖြင့် အစပြုပါသည်။ ယင်းသည် ကမ္ဘာပေါ်ရှိ ဘုရားသခင်ကိုကြောက်ရွံ့သည့် လူ့အဖွဲ့အစည်းအသစ်ဖြစ်သည်။ ယနေ့လူ့အဖွဲ့အစည်းရှိ မုန်းတီးမှု၊ ရာဇဝတ်မှု၊ အဓမ္မမှု၊ အဂတိလိုက်စားမှု၊ စာရိတ္တပျက်ပြားမှုတို့က ကောင်းကျိုးပြုသောကောင်းကင်သစ်၏ ညွှန်ကြားမှုအောက်လှုပ်ရှားသည့် မြေကြီးအဖွဲ့သစ်တစ်ခုသို့ ပြောင်းလဲပေးရန်လိုအပ်နေကြောင်း အမှန်အလေးအနက်ဖော်ပြနေပါသည်။ ယင်းအတိုင်းပင် ယေဟောဝါရည်ရွယ်တော်မူသည်။ ကောင်းကင်သစ်ကို ကိုယ်တော်ဖန်ဆင်းသည့်နည်းတူ ငြိမ်းချမ်းသာယာသော ကမ္ဘာသစ်အဖွဲ့အစည်း၏ ဗဟိုချက်မအဖြစ် လူအုပ်ကြီးကိုစုရုံးခြင်းအားဖြင့် ဘုရားသခင်သည် မြေကြီးသစ်ကို ဖန်ဆင်းနေတော်မူသည်။ ဤအဖွဲ့အစည်းတစ်ခုတည်းသာလျှင် “ကြီးစွာသောဆင်းရဲဒုက္ခအထဲက” အရှင်လတ်လတ်ကယ်နှုတ်ခံရမည်။—ဗျာဒိတ် ၇:၁၄။

ကြီးစွာသောဒုက္ခပြီးနောက် အဘယ်အရာကိုမျှော်လင့်နိုင်သနည်း။ မြေကြီးသစ်ကိုအုပ်ချုပ်မည့် ကောင်းကင်သစ်အဝင် အဦးဆုံးသူများဖြစ်သော တမန်တော်များအား ယေရှုဤသို့ကတိပြုတော်မူခဲ့သည်။ “ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသောပလ္လင်ပေါ်မှာထိုင် . . . ရကြလတ္တံ့။” (မဿဲ ၁၉:၂၈) ဤယေရုရှလင်မြို့သစ်အဝင် ၁၄၄,၀၀၀ စလုံးသည် ယေရှုနှင့်အတူ လူသားတို့ကိုတရားစီရင်ကြလိမ့်မည်။ ထိုအခါအတ္တသဘောနှင့် မုန်းတီးခြင်းအစား ချစ်ခြင်းရှိမည်။ ယင်းချစ်ခြင်းအပေါ် လူ့အဖွဲ့အစည်း တည်ဆောက်သွားပါလိမ့်မည်။ လူမျိုးစုဆိုင်ရာ၊ မျိုးနွယ်ဆိုင်ရာနှင့် အမျိုးသားရေးပြဿနာများ ပပျောက်သွားလိမ့်မည်။ ရှင်ပြန်ထမြောက်ခြင်းအစီအစဉ်သည် ချစ်မြတ်နိုးရသူများကို တဖြည်းဖြည်းပြန်လည်ဆောင်ကြဉ်းပေးလိမ့်မည်။ သန်းကုဋေချီ သစ္စာရှိလူသားတို့သည် စည်းလုံးသောမိသားစုကြီးတစ်စုဖြစ်လာ၍ ပရဒိသုအခြေအနေသို့ပြောင်းလဲလာသည့် ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ခြင်းငှာ မြှင့်တင်ခံရလိမ့်မည်။

ယင်းကား ယူတိုးပီယား၊ သို့မဟုတ် ရှန်ဂရီလားခေါ် စိတ်ကူးယဉ် လူမှုနိုင်ငံရေးစနစ်ထက်မကဖြစ်ပါသည်။ ယင်းသည် “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ” သောအစဉ်တည်မြဲမည့် ဖန်ဆင်းခြင်းဖြစ်သည်။ (၂ ပေတရု ၃:၁၃) ဤမည်ကား အလွန်ဝမ်းသာအားရစရာမျှော်လင့်ချက် အမှန်ပင်ဖြစ်သည်။ “ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဟူ၍သာမက ယုံကြည်စိတ်ချမှုတိုးပွားစေသည့် “ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏” ဟုထပ်ဆင့်မိန့်တော်မူသောအရှင်၏ စေတနာပြန့်ပြောသည့် ကတိတော်ပင်ဖြစ်သည်။—ဗျာဒိတ် ၂၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ