ယေဟောဝါအမှုတော်ကို ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ထမ်းရွက်ခြင်း
“တစ်စုံတစ်ယောက်သည် ငါ့နောက်သို့လိုက်လိုလျှင် ကိုယ်ကိုကိုယ်စွန့်လွှတ်ရမည်။ ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့အဆက်မပြတ်လိုက်ရမည်။”—မဿဲ ၁၆:၂၄၊ ကဘ။
၁ ယေရှုသည် ရောက်ရှိလာမည့်မိမိ၏သေခြင်းအကြောင်းကို တပည့်တော်များအား မည်သို့အသိပေးသနည်း။
ဆီးနှင်းများဖုံးလွှမ်းနေသောဟေရမုန်တောင်ခြေ၌ ယေရှုသည် မိမိဘဝတွင် အရေးကြီးသောအဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရသည်။ ကိုယ်တော်အသက်ဆက်ရှင်ရန် တစ်နှစ်ပင်မကျန်တော့။ ယင်းကိုကိုယ်တော်သိတော်မူသော်လည်း တပည့်တော်များမသိကြပါ။ ယခုအခါ သူတို့သိရန်အချိန် ရောက်လာသည်။ မှန်ပါသည်။ ယေရှုသည် ရောက်ရှိလာတော့မည့်မိမိ၏သေခြင်းအကြောင်းကို အရိပ်အမြွက်ပြောပြခဲ့ဖူးသော်လည်း တိတိကျကျပြောပြခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။ (မဿဲ ၉:၁၅။ ၁၂:၄၀) မဿဲမှတ်တမ်းကို ဤသို့ဖတ်ရသည်။ “ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အားပြတော်မူ၏။”—မဿဲ ၁၆:၂၁။ မာကု ၈:၃၁၊ ၃၂။
၂။ အနာဂတ်တွင် မိမိခံရမည့်ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ ယေရှုပြောသောအခါ ပေတရုမည်သို့တုံ့ပြန်သနည်း။ ယေရှုမည်သို့ပြန်လည်တုံ့ပြန်ခဲ့သနည်း။
၂ ယေရှုသေရမည့်အချိန်နီးပြီ။ သို့တိုင် ပေတရုသည် ထိုချောက်ချားဖွယ်ဖြစ်ဟန်ရှိသောအကြောင်းကြောင့် စိတ်လိုက်မာန်ပါတုံ့ပြန်ခဲ့သည်။ မေရှိယသည် အမှန်အသတ်ခံရမည်ကို သူလက်မခံနိုင်ပါ။ ထို့ကြောင့် ပေတရုသည် သူ၏သခင်အား မြည်တွန်တောက်တီးမှုပြုဝံ့ခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးသောရည်ရွယ်ချက်၏လှုံ့ဆော်မှုအားဖြင့် “သခင်၊ မိမိကိုယ်ကိုမရက်စက်ပါနှင့်။ ကိုယ်တော်၌ ဤသို့လုံးဝမဖြစ်ရပါ” ဟုမဆင်မခြင်တိုက်တွန်းလိုက်သည်။ သို့သော် အဆိပ်ပြင်းသောမြွေ၏ခေါင်းကို ကြိတ်ဘိသကဲ့သို့ ပေတရုလွဲမှားစွာပြသော ကြင်နာမှုကို ယေရှုချက်ချင်းငြင်းဆန်တော်မူသည်။ “အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့။ အသင်သည် ငါတိုက်မိ၍လဲစရာအကြောင်းဖြစ်၏။ အသင်သည် ဘုရားသခင်၏အကြံအစည်များကို မစဉ်းစား၊ လူသားတို့၏အကြံအစည်များကိုသာ စဉ်းစားတတ်၏။”—မဿဲ ၁၆:၂၂၊ ၂၃၊ ကဘ။
၃။ (က) ပေတရုသည် မရည်ရွယ်ဘဲ မိမိကိုယ်ကိုစာတန်၏ကိုယ်စားလှယ်မည်သို့ဖြစ်စေခဲ့သနည်း။ (ခ) ပေတရုသည် ကိုယ်ကျိုးစွန့်လမ်းစဉ်အတွက် ထိမိလဲစရာမည်သို့ဖြစ်ခဲ့သနည်း။
၃ ပေတရုသည် မရည်ရွယ်ဘဲ မိမိကိုယ်ကို စာတန့်ကိုယ်စားလှယ်ဖြစ်စေခဲ့သည်။ ယေရှု၏တုံ့ပြန်မှုသည် တောထဲ၌စာတန်ကိုပြန်ပြောခဲ့သည့်အတိုင်းပင် ပြတ်ပြတ်သားသားဖြစ်သည်။ ထိုတွင် မာရ်နတ်သည် ယေရှုအား ဒုက္ခဆင်းရဲမခံရဘဲ သက်သောင့်သက်သာဘဝမျိုးဖြင့် ဘုရင်ဖြစ်ရန် သွေးဆောင်ခဲ့သည်။ (မဿဲ ၄:၁-၁၀) ယခုပေတရုက ကိုယ်တော်အား မိမိကိုယ်ကိုညှာတာရန်အားပေးခဲ့သည်။ ယင်းကား ခမည်းတော်၏အလိုတော်မဟုတ်ကြောင်း ယေရှုသိသည်။ မိမိ၏အသက်တာသည် ကိုယ်အလိုသို့လိုက်ခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစွန့်ခြင်းဖြစ်ရမည်။ (မဿဲ ၂၀:၂၈) ယင်းကိစ္စတွင် ပေတရုသည် ထိမိလဲစရာဖြစ်သွားသည်။ ရည်ရွယ်ချက်ကောင်းသောသူ၏စာနာမှုသည် ထောင်ချောက်ဖြစ်ခဲ့သည်။aသို့သော် ကိုယ်ကျိုးစွန့်ခြင်းနှင့်ကင်းကွာသည့်အသက်တာပုံစံကို လက်ခံလိုက်ပါက စာတန်၏မရဏထောက်ချောက်အတွင်းသို့ကျဆင်းသွားခြင်းအားဖြင့် ဘုရားသခင့်မျက်နှာသာတော်ဆုံးရှုံးသွားမည်ကို ယေရှုရှင်းလင်းစွာသဘောပေါက်သည်။
၄။ စည်းစိမ်ချမ်းသာကိုအလွန်အမင်းလိုက်စားခြင်းသည် ယေရှုနှင့်ကိုယ်တော့်နောက်တော်လိုက်များအတွက် အဘယ်ကြောင့်မဟုတ်သနည်း။
၄ ထို့ကြောင့် ပေတရု၏တွေးတောပုံသည် ပြုပြင်ခံရရန်လိုအပ်ခဲ့သည်။ ယေရှုအားသူပြောလိုက်သည့်စကားသည် ဘုရားသခင့်အကြံအစည်မဟုတ်ဘဲ လူ့အကြံအစည်ဖြစ်သည်။ စည်းစိမ်ချမ်းသာကိုအလွန်အမင်းလိုက်စားမှု၊ ဒုက္ခဆင်းရဲကင်းသည့် ချောမွေ့သောအသက်တာသည် ယေရှုအတွက်မဟုတ်ခဲ့ပါ။ ကိုယ်တော့်တပည့်တော်များအတွက်လည်း မဟုတ်ခဲ့ပါ။ ထိုအသက်တာမျိုးကို ယေရှုမလိုလားခဲ့သလို တပည့်တော်များအတွက်လည်း မဖြစ်စေလိုခဲ့ပါ။ အကြောင်းမှာ ပေတရုနှင့် အခြားသောတပည့်တော်များအား နောက်ထပ်ယေရှုဤသို့မိန့်တော်မူခဲ့သည်။ “တစ်စုံတစ်ယောက်သည် ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုစွန့်လွှတ်ရမည်။ ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့အဆက်မပြတ်လိုက်ရမည်။”—မဿဲ ၁၆:၂၄၊ ကဘ။
၅။ (က) ခရစ်ယာန်အသက်ရှင်နေထိုင်ခြင်း၏ စိန်ခေါ်မှုကား အဘယ်နည်း။ (ခ) ခရစ်ယာန်များသည် မည်သည့်လိုအပ်သောအချက်သုံးချက်အတွက် ပြင်ဆင်ထားရမည်နည်း။
၅ ခရစ်ယာန်အသက်တာ၏စိန်ခေါ်မှုနှင့်ပတ်သက်သော ဤအချက်အချာကျသည့်အကြောင်းကို ယေရှုထပ်ခါထပ်ခါပြန်ကောက်ခဲ့သည်။ ယေရှု၏နောက်တော်လိုက်ဖြစ်လိုသောခရစ်ယာန်များသည် သူတို့၏ခေါင်းဆောင်ကဲ့သို့ပင် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ယေဟောဝါ၏အမှုတော်ကိုဆောင်ကြရမည်။ (မဿဲ ၁၀:၃၇-၃၉) ထို့ကြောင့် ခရစ်ယာန်များပြင်ဆင်လုပ်ဆောင်ရန် လိုအပ်သည့်အချက်သုံးချက်ကို ကိုယ်တော်ဖော်ပြထားခဲ့သည်။ (၁) မိမိကိုယ်ကိုစွန့်လွှတ်ခြင်း (၂) ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်းခြင်းနှင့် (၃) နောက်တော်သို့အဆက်မပြတ်လိုက်ခြင်း တို့ဖြစ်သည်။
“တစ်စုံတစ်ယောက်သည် ငါ့နောက်သို့လိုက်လိုလျှင်”
၆။ (က) လူတစ်ဦးသည် မိမိကိုယ်ကိုမည်သို့စွန့်လွှတ်သနည်း။ (ခ) ကျွန်ုပ်တို့သည် မိမိကိုယ်ကိုထက် မည်သူအား ပို၍သဘောကျစေရမည်နည်း။
၆ လူတစ်ဦးမိမိကိုယ်ကိုစွန့်လွှတ်ရမည်ဟူသည် အဘယ်နည်း။ ကိုယ့်ကိုယ်ကိုသေစေခြင်းဖြစ်သည့် မိမိကိုယ်ကို လုံးလုံးလျားလျားငြင်းပယ်ခြင်းဖြစ်သည်။ “စွန့်လွှတ်” ဟုဘာသာပြန်ဆိုသော မူရင်းဂရိစကားလုံး၏ အခြေခံအဓိပ္ပာယ်မှာ “ငြင်းဆန်ပြောဆိုရန်” ဖြစ်သည်။ ယင်းက “လုံးလုံးလျားလျားငြင်းဆိုရန်” အဓိပ္ပာယ်သက်ရောက်သည်။ ထို့ကြောင့် ခရစ်ယာန်အသက်တာ၏စိန်ခေါ်မှုကို သင်လက်ခံပါက သင်၏ရည်ရွယ်ချက်ပန်းတိုင်များ၊ စည်းစိမ်ချမ်းသာများ၊ အလိုဆန္ဒများ၊ ပျော်ရွှင်မှုများနှင့် စိတ်တိုင်းကျမှုများကို စိတ်လိုကိုယ်လျောက်အဆုံးခံလိုက်ခြင်းဖြစ်သည်။ အချုပ်ဆိုရလျှင် သင့်ဘဝတစ်ခုလုံး၊ ယင်းနှင့်ပတ်သက်ရာအားလုံးတို့ကို ယေဟောဝါဘုရားသခင်အား အမြဲပေးအပ်လိုက်ခြင်းဖြစ်သည်။ မိမိကိုယ်ကိုစွန့်လွှတ်ခြင်းသည် တစ်ခါတစ်ရံပျော်ရွှင်မှုများကိုငြင်းပယ်ခြင်းမျှသာမကပါ။ မိမိကိုယ်မိမိပိုင်ဆိုင်မှုကို ယေဟောဝါအား လွှဲအပ်လိုက်ခြင်းဖြစ်သည်။ (၁ ကောရိန္သု ၆:၁၉၊ ၂၀) မိမိကိုယ်ကိုစွန့်လွှတ်သောသူသည် ကိုယ်သဘောကျရန်မဟုတ်ဘဲ ဘုရားသခင်သဘောတော်ကျစေရန် အသက်ရှင်သည်။ (ရောမ ၁၄:၈။ ၁၅:၃) သူ့အသက်တာ၏အချိန်တိုင်းတွင် အတ္တဆန်သည့်အလိုဆန္ဒများကိုငြင်းပယ်ပြီး ယေဟောဝါအလိုတော်နှင့်တွေ့ခြင်းဖြစ်သည်။
၇။ ခရစ်ယာန်တစ်ဦး၏ညှဉ်းဆဲခံရာနှက်တိုင်ကား အဘယ်နည်း။ ယင်းကို သူမည်သို့ထမ်းသနည်း။
၇ ထို့ကြောင့် ညှဉ်းဆဲရာနှက်တိုင်ကိုထမ်းခြင်းတွင် အရေးကြီးသည့်အချက်များစွာပါဝင်သည်။ နှက်တိုင်တစ်ခုကိုထမ်းခြင်းသည် ဝန်ထုပ်တစ်ခုနှင့် သေခြင်း၏အထိမ်းအမှတ်တစ်ခုဖြစ်သည်။ ယေရှု၏နောက်တော်သို့လိုက်သောကြောင့် ခရစ်ယာန်များသည် လိုအပ်လျှင် ဆင်းရဲဒုက္ခခံရန်၊ အရှက်ကွဲရန်၊ ညှဉ်းပန်းနှိပ်စက်ခံရရန်၊ သို့မဟုတ် အသေခံရရန်ကိုပင် ဝန်မလေးကြပါ။ ယေရှုက “မိမိ၏ညှဉ်းဆဲရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ခြင်းကို လက်မခံလိုသောမည်သူမဆို ငါနှင့်မထိုက်မတန်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၀:၃၈) ဒုက္ခဆင်းရဲခံသူတိုင်း ညှဉ်းဆဲရာနှက်တိုင်ကိုထမ်းကြသည်မဟုတ်။ မတရားသောသူသည် များစွာသော “ဒုက္ခ” ကိုခံရသော်လည်း သူတို့သည် ညှဉ်းဆဲရာနှက်တိုင်ကိုမထမ်းကြပါ။ (ဆာလံ ၃၂:၁၀) မည်သို့ဆိုစေ ခရစ်ယာန်အသက်တာသည် ယေဟောဝါအတွက် ကိုယ်ကျိုးစွန့်အမှုဆောင်ခြင်းတည်းဟူသော ညှဉ်းဆဲရာနှက်တိုင်ကို ထမ်းရသည့်အသက်တာဖြစ်သည်။
၈။ ယေရှုသည် မိမိ၏နောက်တော်လိုက်များအတွက် မည်သည့်အသက်တာပုံစံကို ချမှတ်ပေးခဲ့သနည်း။
၈ ယေရှုဖော်ပြသည့်နောက်ဆုံးအခြေအနေမှာ ကိုယ်တော့်နောက်သို့ အဆက်မပြတ်လိုက်ခြင်းဖြစ်သည်။ ယေရှုသွန်သင်ပေးသည့်အရာများကို ကျွန်ုပ်တို့ယုံကြည်လက်ခံရုံသာမက ကျွန်ုပ်တို့ဘဝအသက်တာတစ်ခုလုံးအတွက် ကိုယ်တော်ချမှတ်တော်မူခဲ့သောပုံစံကို အဆက်မပြတ်လိုက်လျှောက်နေရန် ကိုယ်တော်တောင်းဆိုတော်မူခဲ့သည်။ ကိုယ်တော့်ဘဝပုံစံတွင် ထင်ရှားသည့်အသွင်အပြင်အချို့ကား အဘယ်နည်း။ နောက်တော်လိုက်များအား နောက်ဆုံးတာဝန်ကိုပေးအပ်ချိန်က “သင်တို့သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောသွန်သင်ခဲ့သည်။ ကိုယ်တော်၏တပည့်တော်ရင်းများနှင့် ရှေးခေတ်ခရစ်ယာန်အသင်းတော်တစ်ခုလုံးလည်း ယင်းသို့ပြုလုပ်ခဲ့ကြသည်။ ဤစိတ်ဇောထက်သန်သည့်လှုပ်ရှားမှုနှင့်အတူ လောက၏အစိတ်အပိုင်းမဖြစ်ခြင်းတို့ကြောင့် သူတို့သည် လောက၏မုန်းတီးခြင်းနှင့် ဆန့်ကျင်ခြင်းကိုခံရပြီး ဤနည်းအားဖြင့် ညှဉ်းဆဲရာနှက်တိုင်ထမ်းခြင်းကိုဖြစ်စေသည်။—ယောဟန် ၁၅:၁၉၊ ၂၀။ တမန်တော် ၈:၄။
၉။ ယေရှုသည် အခြားသူများအား မည်သို့ဆက်ဆံသနည်း။ ကိုယ်တော်ကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၉ ယေရှု၏အသက်တာတွင် ထင်ရှားသောအခြားပုံစံတစ်ခုမှာ လူများနှင့်ကိုယ်တော်ဆက်ဆံသည့်နည်းလမ်းဖြစ်သည်။ ကိုယ်တော်သည် ကြင်နာမှုရှိပြီး “နူးညံ့သိမ်မွေ့နှိမ့်ချသောသဘောရှိတော်မူသည်။” ထို့ကြောင့် ကိုယ်တော်အားကြားနာသူများသည် စိတ်ကြည်လင်လန်းဆန်းပြီး ကိုယ်တော်ကိုတွေ့မြင်ရခြင်းမှ အားရှိကြသည်။ (မဿဲ ၁၁:၂၉) မိမိနောက်တော်လိုက်ရန် နိုင်လိုမင်းထက်မပြု၊ ဥပဒေအမြောက်အမြားချမှတ်ခဲ့ခြင်းလည်းမရှိ၊ မိမိတို့အပြစ်ရှိသည်ဟူသောခံစားချက်က ကိုယ်တော့်တပည့်တော်မဖြစ်မနေဖြစ်လာစေရန် ဖြားယောင်းခြင်းအားဖြင့်လည်းမဟုတ်ပါ။ သူတို့၏ကိုယ်ကျိုးစွန့်သည့်အသက်တာကြားမှပင် စစ်မှန်သောရွှင်လန်းမှုကို ပေါ်လွင်စေကြသည်။ ‘နောက်ဆုံးကာလ’ ကိုသတ်မှတ်သည့် ကိုယ့်အလိုကိုလိုက်သော လောကစိတ်သဘောနှင့် အခြားကြီးခြားပေစွတကား။—၂ တိမောသေ ၃:၁-၄။
ယေရှု၏ ကိုယ်ကျိုးစွန့်စိတ်သဘောမျိုးကို တိုးပွား၍ တည်မြဲစေ
၁၀။ (က) ဖိလိပ္ပိ ၂:၅-၈ အရ ယေရှုသည် မိမိကိုယ်ကို မည်သို့စွန့်လွှတ်ခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် ခရစ်တော်၏နောက်တော်လိုက်များဖြစ်ကြပါက မည်သည့်စိတ်နေသဘောထားမျိုးကိုတင်ပြရမည်နည်း။
၁၀ မိမိကိုယ်ကိုစွန့်လွှတ်ခြင်းတွင် ယေရှုကိုယ်တိုင် ပုံသက်သေထားတော်မူခဲ့သည်။ ခမည်းတော်၏အလိုကိုဆောင်ခြင်းအားဖြင့် ညှဉ်းဆဲရာနှက်တိုင်ကိုတင်၍ အဆက်မပြတ်ထမ်းတော်မူခဲ့သည်။ ဖိလိပ္ပိမြို့ရှိခရစ်ယာန်များအား ပေါလုစာရေးလိုက်သည်မှာ “ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။ ထိုအရှင်သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ပြည့်စုံလျက်ရှိနှင့်သော်လည်း ဘုရားသခင်နှင့်ဂုဏ်ရည်တူညီသည့်အဖြစ်ကို လုယူဖို့ရန် ထည့်မစဉ်းစား။ မိမိ၏အသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံယူတော်မူ၏။ ထိုမှတစ်ပါး လူ၏အသွင်နှင့်နေတော်မူရာ ကိုယ်ကိုနှိမ့်ချ၍ နှက်တိုင်ပေါ်၌ အသတ်ခံရသည်တိုင် နားထောင်မှုပြခဲ့၏” ဟူ၍ဖြစ်သည်။ (ဖိလိပ္ပိ ၂:၅-၈၊ ကဘ) မည်သူသည် ယင်းထက်ပိုမိုပြည့်ဝအောင် မိမိကိုယ်ကိုစွန့်လွှတ်နိုင်သနည်း။ သင်သည် ခရစ်တော်ယေရှု၏ပိုင်ဆိုင်ရာဖြစ်ပြီး ကိုယ်တော်၏နောက်တော်လိုက်တစ်ဦးဖြစ်ပါက ဤစိတ်သဘောထားမျိုးကို သင်မွေးမြူရမည်။
၁၁။ ကိုယ်ကျိုးစွန့်အသက်တာဖြင့် အသက်ရှင်ခြင်းသည် မည်သူ့အလိုအတိုင်းအသက်ရှင်ခြင်းကိုဆိုလိုသနည်း။
၁၁ အခြားသောတမန်တော်တစ်ပါးဖြစ်သည့် ပေတရုက ယေရှုသည် ကျွန်ုပ်တို့အတွက် ဆင်းရဲဒုက္ခခံပြီးအသေခံခဲ့ရာ ခရစ်ယာန်များသည် အသင့်ပြင်ဆင်ပြီးသောစစ်သားများကဲ့သို့ ခရစ်တော်၏စိတ်နေသဘောထားမျိုးကို ယူတင်ဝတ်ဆောင်ရမည်ဟု ကျွန်ုပ်တို့အားပြောခဲ့သည်။ ဤသို့သူရေးသားခဲ့သည်။ “ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့် သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက်တို့နှင့်လွတ်ငြိမ်းသည်ဖြစ်၍ နောက်တစ်ဖန် သူတို့၏တပ်မက်ခြင်းတရားကိုမကျင့်၊ ဘုရားသခင်၏အလိုတော်အတိုင်းကျင့်လျက် ကိုယ်ခန္ဓာအသက်အပိုင်းအခြားကျန်ရစ်သောကာလကို လွန်စေတတ်၏။” (၁ ပေတရု ၃:၁၈။ ၄:၁၊ ၂) ယေရှု၏ကိုယ်ကျိုးစွန့်သည့်လမ်းစဉ်က ဘုရားသခင့်အလိုတော်ကို ကိုယ်တော်မည်သို့ယူမှတ်ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ကိုယ်တော်သည် မိမိဆက်ကပ်လုပ်ဆောင်သည့်အရာ၌သာ အာရုံစွဲလမ်းပြီး အရှက်တကွဲသေရသည့်အဖြစ်ထိတိုင် မိမိအလိုထက် ခမည်းတော်၏အလိုကို ရှေ့တန်းတင်ခဲ့သည်။—မဿဲ ၆:၁၀။ လုကာ ၂၂:၄၂။
၁၂။ ကိုယ်ကျိုးစွန့်အသက်တာသည် ယေရှုအတွက် မနှစ်မြို့ဖွယ်ဖြစ်ခဲ့သလော။ ရှင်းပြပါ။
၁၂ ယေရှု၏ကိုယ်ကျိုးစွန့်အသက်တာသည် လိုက်လျှောက်ရန်ခဲယဉ်းကျဉ်းကျပ်ပြီး စိန်ခေါ်မှုဖြစ်သော်လည်း ကိုယ်တော်အတွက် မနှစ်မြို့စရာမဖြစ်ခဲ့ပါ။ ယင်းသို့ဖြစ်မည့်အစား ဘုရားသခင့်အလိုတော်ကိုလက်အောက်ခံခြင်းတွင် ကိုယ်တော်မွေ့လျော်ခဲ့သည်။ ခမည်းတော်အလိုတော်ကိုလုပ်ဆောင်ခြင်းသည် ကိုယ်တော့်အတွက် စားစရာကဲ့သို့ဖြစ်သည်။ ကောင်းသောအစားအသောက်မှ လူတစ်ဦးကျေနပ်ရောင့်ရဲမှုရသကဲ့သို့ ယင်းမှ စစ်မှန်သောကျေနပ်ရောင့်ရဲမှုကို ကိုယ်တော်ခံစားခဲ့ရသည်။ (မဿဲ ၄:၄။ ယောဟန် ၄:၃၄) ထို့ကြောင့် သင့်ဘဝသည် အမှန်ပြည့်ဝသည်ဟု ခံစားလိုပါက ယေရှု၏စိတ်နေသဘောထားမျိုးကို ပြုစုပျိုးထောင်ခြင်းအားဖြင့် ကိုယ်တော်၏ပုံသက်သေကို လိုက်လျှောက်ခြင်းထက် သာ၍ကောင်းသောအရာမရှိပါ။
၁၃။ မေတ္တာသည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကိုတွန်းအားပေးသောအရာ မည်သို့ဖြစ်သနည်း။
၁၃ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို လှုံ့ဆော်ပေးသောတွန်းအားကား အဘယ်နည်း။ မေတ္တာဖြစ်သည်။ ယေရှုက “‘သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့’ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးသောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောဒုတိယပညတ်သည် ပထမပညတ်နှင့်သဘောတူ၏” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၂:၃၇-၃၉) ခရစ်ယာန်တစ်ဦးသည် ကိုယ်ကျိုးရှာသမားတစ်ဦးမဖြစ်ရသည့်အပြင် ထိုစကားများကိုလည်း လိုက်နာရမည်။ သူ၏ပျော်ရွှင်မှုနှင့်ကောင်းကျိုးတို့သည် ယေဟောဝါကိုချစ်သောမေတ္တာနှင့် ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကိုချစ်သောမေတ္တာတို့၏ ထိန်းကွပ်မှုကို ဦးဦးဖျားဖျားခံရမည်။ ထိုသို့ပင် ယေရှုအသက်ရှင်ခဲ့ပြီး မိမိနောက်တော်လိုက်များလည်း ထိုအတိုင်းဖြစ်ရန်မျှော်လင့်တော်မူခဲ့သည်။
၁၄။ (က) ဟေဗြဲ ၁၃:၁၅၊ ၁၆ က မည်သည့်တာဝန်နှစ်မျိုးအကြောင်း ရှင်းပြထားသနည်း။ (ခ) သတင်းကောင်းကိုဇွဲဖြင့်ဟောပြောရန် မည်သည့်အရာက ကျွန်ုပ်တို့အားလှုံ့ဆော်သနည်း။
၁၄ ဤမေတ္တာပညတ်ကို တမန်တော်ပေါလုနားလည်ခဲ့သည်။ “ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့လျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏” ဟုသူရေးသားခဲ့သည်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ခရစ်ယာန်များသည် တိရစ္ဆာန်များဖြင့် ယေဟောဝါအား ယဇ်ပူဇော်ခြင်းမပြုရတော့ပါ။ ထို့ကြောင့် သူတို့၏ဝတ်ပြုရေးကို တရားဝင်စေမည့် ပကတိဗိမာန်တွင်လုပ်ဆောင်ပေးသော လူသားယဇ်ပုရောဟိတ်များလည်း မလိုအပ်တော့ပေ။ ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့၏ချီးမွမ်းခြင်းယဇ် ပူဇော်ခံရသည်။ အဓိကထိုချီးမွမ်းခြင်းယဇ်အားဖြင့် ဘုရားသခင်၏နာမတော်ကို လူအများသိအောင်ကြေညာခြင်းဖြင့် ကိုယ်တော်အားချစ်ကြောင်း ကျွန်ုပ်တို့ပြသကြသည်။ အထူးသဖြင့် တစ်ကိုယ်ကောင်းမဆန်သောစိတ်ဓာတ်အခြေပြုသည့် ကျွန်ုပ်တို့၏မေတ္တာက သတင်းကောင်းကို ဇွဲစိတ်ထက်သန်စွာဟောပြောရန်၊ ကျွန်ုပ်တို့၏နှုတ်ခမ်းအသီးကို ဘုရားသခင်အား အစဉ်အမြဲစိတ်အားထက်သန်စွာပူဇော်ရန် လှုံ့ဆော်အားပေးသည်။ ဤနည်းဖြင့် အိမ်နီးချင်းမေတ္တာကိုလည်း ကျွန်ုပ်တို့ပြသသည်။
ကိုယ်ကျိုးစွန့်ခြင်းသည် ကြွယ်ဝသောကောင်းချီးများကိုဖြစ်စေ
၁၅။ ကိုယ်ကျိုးစွန့်ခြင်းနှင့်ပတ်သက်၍ မိမိကိုယ်ကိုစစ်ဆေးသည့် မည်သည့်မေးခွန်များမေးနိုင်သနည်း။
၁၅ အောက်ပါမေးခွန်းများကို ခေတ္တရပ်၍ စဉ်းစားသုံးသပ်ကြည့်ပါ။ ကျွန်ုပ်၏လက်ရှိအသက်တာပုံစံသည် ကိုယ်ကျိုးစွန့်လမ်းစဉ်ကို တင်ပြနေပါသလော။ ကျွန်ုပ်၏ပန်းတိုင်များသည် ထိုအသက်တာမျိုးသို့ဦးတည်နေသလော။ ကျွန်ုပ်၏မိသားစုသည် ကျွန်ုပ်၏ပုံသက်သေမှ ဝိညာဏအကျိုးအမြတ်ကို ခံစားနေရပါသလော။ (၁ တိမောသေ ၅:၈ နှိုင်းယှဉ်။) မိဘမဲ့ကလေးများနှင့် မုဆိုးမများကော၊ မည်သို့နည်း။ ကျွန်ုပ်၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်မှ သူတို့လည်း အကျိုးခံစားနေရပါသလော။ (ယာကုပ် ၁:၂၇) လူများရှေ့ ချီးမွမ်းခြင်းယဇ်ကိုပူဇော်ခြင်းတွင် ကျွန်ုပ်အသုံးပြုသည့်အချိန်ကို တိုးချဲ့နိုင်ပါမည်လော။ ရှေ့ဆောင်၊ ဗေသလ၊ သို့မဟုတ် သာသနာပြုလုပ်ငန်းတို့ကို ကျွန်ုပ်တက်လှမ်းနိုင်ပါမည်လော၊ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ အထူးလိုအပ်နေသောဒေသတွင် ကျွန်ုပ်ပြောင်းရွှေ့အမှုဆောင်နိုင်ပါမည်လော။
၁၆။ ထိုးထွင်းဉာဏ်ရှိခြင်းသည် ကိုယ်ကျိုးစွန့်အသက်တာဖြင့်အသက်ရှင်ရန် မည်သို့အကူအညီဖြစ်စေနိုင်သနည်း။
၁၆ တစ်ခါတစ်ရံ ယေဟောဝါအား ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ထိထိရောက်ရောက်အမှုဆောင်နိုင်ရန် ကျွန်ုပ်တို့တွင် ကြံဆမှုအနည်းငယ်သာလိုသည်။ ဥပမာ၊ အီကွေဒေါနိုင်ငံရှိ မှန်မှန်ရှေ့ဆောင်လုပ်နေသူ ဂျဲနက်တ်သည် အပြင်အလုပ်ကို အချိန်ပြည့်လုပ်နေခဲ့သည်။ မကြာမီ သူမ၏အစီအစဉ်သည် မှန်မှန်ရှေ့ဆောင်အချိန်နာရီတောင်းဆိုချက်ကို စေတနာစိတ်ဖြင့်ပြည့်မီရန် အခက်အခဲဖြစ်လေတော့သည်။ မိမိပြဿနာကို သူမ၏အလုပ်ရှင်အားရှင်းပြပြီး အလုပ်ချိန်ကိုလျှော့ပေးဖို့တောင်းဆိုရန် သူမဆုံးဖြတ်လိုက်သည်။ အလုပ်ရှင်က သူမ၏အလုပ်ချိန်ကိုလျှော့မပေးလိုသဖြင့် နောက်တစ်ကြိမ်တွင် ရှေ့ဆောင်လုပ်နိုင်ရန် အချိန်ပိုင်းအလုပ်ရှာနေသော မာရီးယားဆိုသူကို သူမနှင့်အတူခေါ်သွားသည်။ သူတို့နှစ်ဦးသည် တစ်နေ့တာလုပ်ငန်းကို နေ့ဝက်စီခွဲဝေလုပ်ကိုင်ရန်တောင်းဆိုရာ ယင်းကို အလုပ်ရှင်က သဘောတူခဲ့သည်။ ယခု ထိုညီအစ်မနှစ်ဦးလုံးသည် မှန်မှန်ရှေ့ဆောင်များဖြစ်နေသည်။ ထိုကုမ္ပဏီ၌ အချိန်ပြည့်အလုပ်တွင်လက်ပန်းကျနေပြီး ရှေ့ဆောင်လုပ်ငန်းအတွက်အချိန်ကို အလုအယက်လုပ်ကိုင်နေရသော ကားဖားဆိုသူမိန်းကလေးသည်လည်း ထိုအံ့သြဖွယ်ရလဒ်ကိုမြင်သောအခါ မဂါးလီအမည်ရှိသောအဖော်နှင့် အလားတူတောင်းဆိုမှုပြုခဲ့သည်။ ယင်းတို့လည်း လက်ခံခြင်းခံခဲ့ရသည်။ သို့နှင့် ညီအစ်မနှစ်ဦးသည် အချိန်ပြည့်လုပ်ငန်းကိုစွန့်လွှတ်ရမည့်အစား ညီအစ်မလေးဦးလုံး ရှေ့ဆောင်လုပ်နိုင်ကြသည်။ ထိုးထွင်းဉာဏ်နှင့်ဦးဆောင်ဦးရွက်ပြုခြင်းသည် အကျိုးဖြစ်ထွန်းစေသည်။
၁၇-၂၁။ ဇနီးမောင်နှံတစ်စုံသည် မိမိတို့ဘဝရည်ရွယ်ချက်ကို မည်သို့ပြန်လည်သုံးသပ်သနည်း။ မည်သည့်ရလဒ်ရရှိသနည်း။
၁၇ လွန်ခဲ့သည့်ဆယ်နှစ်အတွင်းက အီဗောန်လိုက်လျှောက်သည့် ကိုယ်ကျိုးစွန့်လမ်းစဉ်ကိုလည်း စဉ်းစားကြည့်ပါ။ ၁၉၉၁ ခုနှစ်၊ မေလတွင် ကင်းမျှော်စင်အသင်းသို့ အောက်ပါအတိုင်းသူမ စာရေးခဲ့သည်–
၁၈ “၁၉၈၂ ခု၊ အောက်တိုဘာလမှာ ဘရွတ်ကလင်ဗေသလအိမ်ကို ကျွန်မနဲ့ကျွန်မမိသားစုတွေ သွားလည်ကြတယ်။ အဲ့ဒီရောက်တော့ အဲ့ဒီမှာ ကျွန်မလုပ်အားပေးချင်စိတ်ပေါ်လာတယ်။ လျှောက်လွှာပုံစံကို ကျွန်မဖတ်လိုက်တဲ့အခါ မှတ်သားလောက်တဲ့မေးခွန်းတစ်ခုကို သတိထားမိလိုက်တယ်။ ‘လွန်ခဲ့သည့်ခြောက်လက သင်၏ ပျမ်းမျှလယ်ကွင်းအမှုဆောင်နာရီ မည်မျှရှိသနည်း။ ပျမ်းမျှနာရီသည် တစ်ဆယ်ထက်နည်းပါက အဘယ်ကြောင့်ဖြစ်ကြောင်းရှင်းပြပါ။’ ကျွန်မဘာကြောင့်အချိန်နည်းရတာလဲဆိုတာ ခိုင်လုံတဲ့အကြောင်းပြချက် ဘယ်လိုမှစဉ်းစားလို့မရဘူး။ ဒါနဲ့ ကျွန်မပန်းတိုင်တစ်ခုချမှတ်ပြီး ငါးလတိုင် ပြည့်မီခဲ့တယ်။
၁၉ “ကျွန်မမှာ ရှေ့ဆောင်မလုပ်နိုင်တဲ့အကြောင်းပြချက်နည်းနည်းရှိပေမယ့် 1983 Yearbook of Jehovah’s Witnesses ကိုဖတ်လိုက်ရတဲ့အခါ တခြားသူတွေဟာ ရှေ့ဆောင်လုပ်နိုင်ဖို့ ကျွန်မထက်ကြီးမားတဲ့အဟန့်အတားတွေကို ကျော်ဖြတ်ခဲ့ကြတာကို ကျွန်မနားလည်လာတယ်။ ဒါကြောင့် ၁၉၈၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာ ကျွန်မရဲ့ဝင်ငွေကောင်းတဲ့အချိန်ပြည့်အလုပ်ကို စွန့်လွှတ်လိုက်ပြီး အရန်ရှေ့ဆောင်ဝင်လုပ်တယ်။ ၁၉၈၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှာ မှန်မှန်ရှေ့ဆောင်အဖြစ်ကို ကျွန်မတက်လှမ်းခဲ့တယ်။
၂၀ “၁၉၈၅ ခု၊ ဧပြီလမှာ ဓမ္မအမှုထမ်းကောင်းတစ်ဦးနဲ့ ကျွန်မလက်ထပ်ခဲ့တယ်။ နောက်သုံးနှစ်ကြာတဲ့အခါကြတော့ ရှေ့ဆောင်လုပ်ငန်းနဲ့ပတ်သက်တဲ့ ခရိုင်စည်းဝေးပွဲဟောပြောချက်တစ်ခုက ကျွန်မခင်ပွန်းကို ‘စက်တင်ဘာ ၁ ရက်နေ့ကစပြီး ကိုယ်ရှေ့ဆောင်လုပ်ဖို့ မဖြစ်နိုင်တဲ့အကြောင်းများရှိသလား’ လို့ ကျွန်မကိုတိုးတိုးမေးဖို့ လှုံ့ဆော်ပေးခဲ့တယ်။ နောက်နှစ်နှစ်အထိ ကျွန်မနဲ့အတူ သူရှေ့ဆောင်လုပ်ခဲ့တယ်။
၂၁ “ဘရွတ်ကလင်ဗေသလအိမ်မှာ ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း ကျွန်မခင်ပွန်း လုပ်အားပေးခဲ့ပြီးတော့ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးအစီအစဉ်မှာပါဝင်ဖို့ သူလျှောက်လွှာတင်ခဲ့တယ်။ ဒါနဲ့ ၁၉၈၉ ခု၊ မေလကျတော့ နိုင်ဂျီးရီးယားဌာနခွဲဆောက်လုပ်ရေးမှာ တစ်လလုပ်အားပေးဖို့ ကျွန်မတို့ထွက်သွားကြတယ်။ မနက်ဖြန် ကျွန်မတို့ ဂျာမနီနိုင်ငံကိုခရီးဆက်ကြမယ်။ အဲ့ဒီကနေ ပိုလန်နိုင်ငံကိုကျွန်မတို့ဝင်နိုင်ဖို့ နိုင်ငံကူးလက်မှတ်စီစဉ်နိုင်မယ်။ ပိုလန်မှာ ရာဇဝင်တွင်မယ့် အဆောက်အအုံဆောက်လုပ်ရေးစီမံကိန်းတွေမှာ ပါဝင်ရမယ့်အတွက်နဲ့ ဒီအချိန်ပြည့်လုပ်ငန်းပုံစံမှာပါဝင်ခွင့်ရတဲ့အတွက် ကျွန်မတို့စိတ်အားတက်ကြွခဲ့ကြတယ်။”
၂၂။ (က) ကျွန်ုပ်တို့သည် ပေတရုကဲ့သို့ မရည်ရွယ်ဘဲ မည်သို့ထိမိလဲစရာဖြစ်သွားနိုင်သနည်း။ (ခ) ယေဟောဝါအား ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့်အမှုဆောင်ခြင်းသည် မည်သည့်အရာပေါ်မူတည်ခြင်းမရှိသနည်း။
၂၂ သင်ကိုယ်တိုင်ရှေ့ဆောင်မလုပ်နိုင်ပါက အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင်ပါဝင်နေသူများအား မိမိတို့၏အခွင့်ထူးကို လက်ဆုပ်လက်ကိုင်ပြုထားရန် အားပေးနိုင်မည်လော။ ယင်းသို့ပြုနိုင်ရန်အကူအညီကိုပင် သင် ပေးနိုင်ဖွယ်ရှိသလော။ သို့မဟုတ် ယင်းသို့ပြုခြင်းအားဖြင့် မည်သို့ထိမိလဲစရာဖြစ်နိုင်သည်ကို သဘောမပေါက်ဘဲ သက်သောင့်သက်သာနှင့် ဇိမ်ကျကျနေထိုင်ရန်၊ မိမိကိုယ်ကိုသနားရန် အချိန်ပြည့်အမှုဆောင်တစ်ယောက်အား ပြောဖွယ်ရှိသည့်ပေတရုကဲ့သို့ စိတ်ရင်းစေတနာကောင်းသော မိသားစုအဝင်၊ သို့မဟုတ် မိတ်ဆွေများကဲ့သို့ ကျွန်ုပ်တို့ဖြစ်မည်လော။ ရှေ့ဆောင်တစ်ဦးသည် အလွန်အမင်းကျန်းမာရေးထိခိုက်နေသည်၊ သို့မဟုတ် ခရစ်ယာန်တာဝန်ဝတ္တရားများပျက်ကွက်နေသည်ဆိုလျှင်တော့ အချိန်ပြည့်အမှုဆောင်ခြင်းမှ ခေတ္တရပ်နားနိုင်သည်မှာ မှန်ပါသည်။ ယေဟောဝါအား ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့်အမှုဆောင်ခြင်းသည် ရှေ့ဆောင်၊ ဗေသလအိမ်သား၊ သို့မဟုတ် အခြားအခြားသောအမှတ်တံဆိပ်များအပေါ် မူမတည်ပါ။ ထို့ထက် ကျွန်ုပ်တို့ မည်သို့တွေးခေါ်ကြံစည်သည်၊ ဘာပြုလုပ်သည်၊ အခြားသူများအား မည်သို့ဆက်ဆံသည်၊ မည်သို့အသက်ရှင်နေထိုင်သည် စသော ကျွန်ုပ်တို့၏ကိုယ်ရေးအဖြစ်မှန်ပေါ်တွင်သာ မူတည်သည်။
၂၃။ (က) ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်လုပ်ဖော်ဆောင်ဖက်ဖြစ်ရခြင်းမှရသောရွှင်လန်းမှုကို မည်သို့ဆက်လက်ရရှိနိုင်မည်နည်း။ (ခ) ဟေဗြဲ ၆:၁၀-၁၂ တွင် မည်သည့်အာမခံချက်ကိုတွေ့နိုင်သနည်း။
၂၃ ကျွန်ုပ်တို့သာ ကိုယ်ကျိုးစွန့်စိတ်ဓာတ်အမှန်ရှိပါက ဘုရားသခင်နှင့်လုပ်ဖော်ဆောင်ဖက်ဖြစ်ရခြင်းကို ရွှင်လန်းကြမည်။ (၁ ကောရိန္သု ၃:၉) ကျွန်ုပ်တို့သည် ယေဟောဝါ၏ စိတ်တော်ရွှင်လန်းစေသူများဖြစ်သည် ဟူသောအသိစိတ်မှ ကျေနပ်ရောင့်ရဲမှုကိုခံစားရမည်။ (သု၊ ၂၇:၁၁) ယေဟောဝါအား ကျွန်ုပ်တို့သစ္စာရှိနေသရွေ့ ကိုယ်တော်သည် ကျွန်ုပ်တို့အား မေ့လျော့ခြင်း၊ သို့မဟုတ် စွန့်ပစ်ခြင်းရှိတော်မူမည်မဟုတ်ကြောင်း အာမခံချက်ရရှိထားကြသည်။—ဟေဗြဲ ၆:၁၀-၁၂။
[အောက်ခြေမှတ်ချက်များ]
a ဂရိဘာသာစကားတွင် “ထိမိလဲစရာ” (σκάνδαλον, skanʹda·lon) သည် မူရင်းအရ “အစာတပ်ဆင်သည့် ထောင်ချောက်အစိတ်အပိုင်း၏အမည်၊ သို့နှင့် ထောင်ချောက်၊ သို့မဟုတ် ကျော့ကွင်းကိုယ်နှိုက်ကိုဆိုလိုသည်။”—Vine’s Expository Dictionary of Old and New Testament Words.
သင့်ထင်မြင်ချက်များကား အဘယ်နည်း
◻ ပေတရုသည် မရည်ရွယ်ဘဲ ကိုယ်ကျိုးစွန့်လမ်းစဉ်အတွက် ထိမိလဲစရာ မည်သို့ဖြစ်သွားသနည်း။
◻ ‘မိမိကိုယ်ကိုစွန့်လွှတ်’ ရမည်ဟူသည် အဘယ်နည်း။
◻ ခရစ်ယာန်တစ်ဦးသည် မည်သည့်နည်းဖြင့် မိမိ၏ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်းသနည်း။
◻ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ကျွန်ုပ်တို့မည်သို့တိုးပွား၍ တည်မြဲစေနိုင်သနည်း။
◻ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တွန်းအားပေးသောအရာကား အဘယ်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သင်သည် မိမိကိုယ်ကိုစွန့်လွှတ်၊ ညှင်းဆဲခံရာနှက်တိုင်ကိုထမ်းပြီး ယေရှုနောက်သို့ အဆက်မပြတ်လိုက်ရန် ဆန္ဒရှိသလော