ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၇/၁ စာ. ၁၂-၁၇
  • ခရစ်ယာန်များနှင့် ယနေ့ လူ့အဖွဲ့အစည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်များနှင့် ယနေ့ လူ့အဖွဲ့အစည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယနေ့ခရစ်ယာန်စစ်များ
  • သီးခြားဖြစ်သော်လည်း မတိုက်ခံ
  • အုပ်ချုပ်သူလူတန်းစားများ၏အထင်လွဲခံရ
  • “အရပ်ရပ်တို့၌ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရ”
  • ခရစ်ယာန်များ၊ သုံးပါးပေါင်းတစ်ဆူဝါဒီများမဟုတ်
  • ကမ္ဘာလုံးဆိုင်ရာအသင်းတော်များဝါဒီမဟုတ်
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သူတို့သည် အမှန်တရား၌ ဆက်လျှောက်လှမ်းနေကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ရှေး ခရစ်ယာန် များနှင့် ဤလောက
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သူတို့၏ယုံကြည်ခြင်းကြောင့် အမုန်းခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၇/၁ စာ. ၁၂-၁၇

ခရစ်ယာန်များနှင့် ယနေ့ လူ့အဖွဲ့အစည်း

“ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြလိမ့်မည်။”—မဿဲ ၂၄:၉။

၁ ခရစ်ယာန်ဘာသာ၏ ထူးခြားသည့်အမှတ်လက္ခဏာကား မည်သည့်အရာဖြစ်ခဲ့ရမည်နည်း။

လောကနှင့်သီးခြားနေခြင်းသည် ရှေးခရစ်ယာန်များ၏ ထူးခြားထင်ရှားသောအမှတ်လက္ခဏာတစ်ခုဖြစ်သည်။ မိမိ၏ကောင်းကင်ခမည်းတော်ယေဟောဝါထံဆုတောင်းစဉ် ယေရှုက “ကိုယ်တော်၏နှုတ်ကပါဌ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံသောကြောင့် လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏” ဟု ဆိုခဲ့သည်။ (ယောဟန် ၁၇:၁၄) ပုန္တိပိလတ်ရှေ့ခေါ်ဆောင်သွားခြင်းခံရစဉ်က “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်” ဟုကိုယ်တော်ဖော်ပြတော်မူခဲ့သည်။ (ယောဟန် ၁၈:၃၆) ရှေးခရစ်ယာန်ဘာသာ၏ လောကနှင့်သီးခြားဖြစ်ခြင်းကို ခရစ်ယာန်ဂရိကျမ်းစာနှင့် သမိုင်းပညာရှင်များက ထောက်ခံကြသည်။

၂။ (က) အချိန်များကုန်လွန်လာသည်နှင့်အမျှ ယေရှု၏နောက်တော်လိုက်များနှင့် လောက၏ဆက်ဆံရေးသည် ပြောင်းလဲသွားရန်ဖြစ်ခဲ့သလော။ (ခ) ယေရှု၏နိုင်ငံတော်သည် လူမျိုးများပြောင်းလဲလာခြင်းအားဖြင့် ရောက်ရှိလာမည်လော။

၂ မိမိ၏နောက်တော်လိုက်များနှင့် လောကအကြားပတ်သက်ဆက်ဆံမှုသည် အပြောင်းအလဲရှိမည်အကြောင်း၊ မိမိ၏ကောင်းကင်နိုင်ငံတော်သည် လောကတစ်ခုလုံးခရစ်ယာန်ဘာသာသို့ပြောင်းလဲသွားခြင်းအားဖြင့် ဖြစ်လာမည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ယေရှုထင်ရှားဖော်ပြခဲ့သလော။ မဖော်ပြခဲ့ပါ။ ယေရှုသေလွန်ပြီးနောက်ပိုင်း အဆိုပါအကြောင်းများရေးသားရန် ကိုယ်တော့်နောက်တော်လိုက်များ မှုတ်သွင်းခံရခြင်းမရှိခဲ့ပါ။ အရိပ်အမြွက်မျှပင်ဖော်ပြခြင်းမရှိခဲ့ပါ။ (ယာကုပ် ၄:၄ [စီ၊ အီး ၆၂ မတိုင်မီကလေးတွင်ရေး]။ ၁ ယောဟန် ၂:၁၅-၁၇၊ ၅:၁၉။ [စီ၊ အီး ၉၈ ခန့်တွင်ရေး]) ယင်းတို့နှင့်ဆန့်ကျင်၍ ကျမ်းစာက ယေရှု၏ “ရောက်ရှိနေခြင်း” နှင့် နောက်ပိုင်း “အစီအစဉ်စနစ်၏အဆုံး” နှင့်အတူရောက်ရှိလာမည့် နိုင်ငံတော်တန်ခိုးအာဏာနှင့် “ကြွလာခြင်း” တို့သည် ယင်း၏ “အဆုံး” သို့မဟုတ် ဖျက်ဆီးခြင်းဖြင့် အထွတ်အထိပ်ရောက်မည်ဖြစ်သည်။ (မဿဲ ၂၄:၃၊ ၁၄၊ ၂၉၊ ၃၀။ ဒံယေလ ၂:၄၄။ ၇:၁၃၊ ၁၄) မိမိ၏နောက်လိုက်စစ်များအား ယေရှုပေးသည့် မိမိ၏ ပါရိုစီးယား သို့မဟုတ် ရောက်ရှိနေခြင်း၏နိမိတ်ထဲတွင် “ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။—မဿဲ ၂၄:၉။

ယနေ့ခရစ်ယာန်စစ်များ

၃၊ ၄။ (က) ရှေးခရစ်ယာန်များအကြောင်း ကက်သလစ်စွယ်စုံကျမ်းက မည်သို့ဖော်ပြထားသနည်း။ (ခ) မည်သည့်တူညီသောအဓိပ္ပာယ်ဖွင့်ဆိုချက်များအားဖြင့် ယေဟောဝါသက်သေများနှင့် ရှေးခရစ်ယာန်များအား ဖော်ပြထားသနည်း။

၃ ယနေ့ မည်သည့်ဘာသာရေးအုပ်စုသည် ခရစ်ယာန်ကျင့်စဉ်များကိုသစ္စာရှိရှိလိုက်လျှောက်ခြင်း၊ လောကနှင့်သီးခြားဖြစ်ခြင်းများတွင် နာမည်ကောင်းရပြီး ယင်း၏အသင်းသားများသည် မုန်းတီးခြင်းနှင့်နှိပ်စက်ညှဉ်းပန်းခြင်းခံရသနည်း။ ရှေးခရစ်ယာန်များဆိုင်ရာသမိုင်းအထောက်အထားများနှင့် ကဏ္ဍအသီးသီးတွင်ချိတ်ဆက်မိသော မည်သည့်ကမ္ဘာချီခရစ်ယာန်အဖွဲ့အစည်းရှိသနည်း။ ယင်းနှင့်ပတ်သက်၍ New Catholic Encyclopedia စွယ်စုံကျမ်းက “ရှေးကျသောခရစ်ယာန်အသိုင်းအဝိုင်းသည် ပထမတွင် ဂျူးလူမှုရေးနယ်ပယ်မှဂိုဏ်းခွဲတစ်ခုသာဖြစ်သည်ဟု ယူမှတ်ခြင်းခံရသော်လည်း ယင်း၏ဓမ္မပညာဆိုင်ရာသွန်သင်ချက်အားဖြင့် ထူးခြားကြောင်းထင်ရှားခဲ့သည်။ ‘ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်’ ခရစ်တော်၏အကြောင်းကိုသက်သေခံသော ယင်းအသင်းသားများ၏ဇွဲမှာ ပို၍ထူးခြားထင်ရှားခဲ့သည် (တမန်တော် ၁:၈)” ဟုဖော်ပြထားသည်။—အတွဲ ၃၊ စာမျက်နှာ ၆၉၄။

၄ “အခြားဂိုဏ်းခွဲတစ်ခုသာဖြစ်သည်ဟုယူမှတ်ခြင်းခံရ”၊ “ယင်း၏ဓမ္မပညာဆိုင်ရာသွန်သင်ချက်အားဖြင့်ထူးခြားထင်ရှားခဲ့”၊ “သက်သေခံသော . . . ဇွဲ” စသည့်အသုံးအနှုန်းများကိုသတိပြုပါ။ အထက်ပါစွယ်စုံကျမ်းကပင် ယေဟောဝါသက်သေများအကြောင်းဖော်ပြချက်ကို သုံးသပ်ကြည့်ပါ။ “ဂိုဏ်းတစ်ခု . . . သက်သေခံများသည် မကြာမီနှစ်များအတွင်း လောက၏အဆုံးရောက်ရှိမည်ဟု အခိုင်အမာယုံကြည်ကြသူများဖြစ်သည်။ ဤခိုင်မြဲသည့်ယုံကြည်ချက်သည် သူတို့၏မဆုတ်မနစ်သောဇွဲကို အပြင်းထန်ဆုံးတွန်းအားပေးသည့်အရာအဖြစ် ပေါ်ပေါက်လာသည် . . . အသင်းသားတစ်ယောက်စီ၏အခြေခံတာဝန်မှာ ချဉ်းကပ်လာနေသော ယေဟောဝါ၏နိုင်ငံတော်အကြောင်းကို ကြေညာခြင်းအားဖြင့် သူ့အကြောင်းကိုသက်သေခံရန်ဖြစ်သည် . . . သမ္မာကျမ်းစာကို သူတို့၏တစ်ခုတည်းသောယုံကြည်ချက်အခြေအမြစ်နှင့် ပြုမူကျင့်ကြံပုံ၏ဥပဒေသအဖြစ် ယူမှတ်ကြသည် . . . လူတစ်ဦးသည် စစ်မှန်သောသက်သေဖြစ်ရန် တစ်နည်းမဟုတ်တစ်နည်းအားဖြင့် ထိထိရောက်ရောက်ဟောပြောရမည်။”—အတွဲ ၇၊ စာမျက်နှာ ၈၆၄-၅။

၅။ (က) ယေဟောဝါသက်သေတို့၏သွန်သင်ချက်များသည် အဘယ်ကဏ္ဍများတွင် ထူးခြားသနည်း။ (ခ) ယေဟောဝါသက်သေများ၏ယုံကြည်ချက်များ ကျမ်းစာနှင့်ကိုက်ညီကြောင်းတင်ပြသော ဥပမာများကိုဖော်ပြပါ။

၅ ယေဟောဝါသက်သေများ၏သွန်သင်ချက်များသည် မည်သည့်ကဏ္ဍများတွင် ထူးခြားသနည်း။ New Catholic Encyclope­dia ဤသို့တစ်စွန်းတစ်စဖော်ပြထားသည်။ “သူတို့ [ယေဟောဝါသက်သေများ] သည် သုံးပါးပေါင်းတစ်ဆူကို တိတ္ထိအယူဝါဒအဖြစ်ပြစ်တင်သည် . . . ယေရှုသည် ယေဟောဝါ၏အကြီးမြတ်ဆုံးသောသက်သေ၊ ‘ဘုရားတစ်ပါး’ (ယောဟန် ၁:၁ ကို ထိုအတိုင်းသူတို့ဘာသာပြန်)၊ ယေဟောဝါမှလွဲလျှင် ကျန်သူအားလုံးထက်မြင့်မြတ်သူ . . . လူသားအဖြစ်သေခဲ့ရပြီး မသေနိုင်သောနာမ်ဝိညာဉ်သားတော်အဖြစ် ရှင်ပြန်ထမြောက်ခြင်းခံရသူဖြစ်သည်၊ ကိုယ်တော်ခံစားရသည့်ဝေဒနာနှင့်သေခြင်းတို့သည် မြေကြီးပေါ်တွင် လူသားများထာဝရနေထိုင်ခွင့်ရရန် ပေးသောအဖိုးအခဖြစ်သည်ဟု သူတို့ယူမှတ်ကြသည်။ စစ်မှန်သောသက်သေများမှ ‘ကြီးမားသောလူအုပ်စု’ (ဗျာ ၇:၉) သည် မြေကြီးပရဒိသုကိုမျှော်လင့်ကြသည်။ သစ္စာရှိ ၁၄၄,၀၀၀ သာလျှင် (ဗျာ ၇:၄။ ၁၄:၁၊ ၄) ကောင်းကင်ဘုန်းအသရေကို ခရစ်တော်နှင့်အတူခံစားရမည်ဖြစ်သည်။ ဆိုးသွမ်းသူများသည် လုံးလုံးလျားလျားဖျက်ဆီးခြင်းကိုခံရကြမည် . . . ရေတွင်နှစ်ခြင်းအားဖြင့် သက်သေခံများပြုလုပ်သောနှစ်ခြင်း . . . [သည်] ယေဟောဝါဘုရားသခင်၏အမှုတော်အတွက် မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံခြင်းကိုဖော်ပြသော အပြင်ပန်းဆိုင်ရာအမှတ်လက္ခဏာဖြစ်သည် . . . ယေဟောဝါသက်သေများသည် သွေးသွင်းမှုကိုငြင်းပယ်ခြင်းတွင် ဟိုးလေးတကျော်ဖြစ်သည် . . . လင်ခန်းမယားခန်းနှင့်လိင်ဆိုင်ရာ သူတို့၏စာရိတ္တစံချိန်များသည် အလွန်တိကျခိုင်မာသည်။” ဤကဏ္ဍများတွင် ယေဟောဝါသက်သေများသည် ထူးခြားမည်ဖြစ်သော်လည်း ဤအချက်အလက်အားလုံးနှင့်ဆိုင်သောသူတို့၏အနေအထားသည် သမ္မာကျမ်းစာအပေါ်တွင် အခိုင်အမာအခြေပြုထားသည်။—ဆာလံ ၃၇:၂၉။ မဿဲ ၃:၁၆။ ၆:၁၀။ တမန်တော် ၁၅:၂၈၊ ၂၉။ ရောမ ၆:၂၃။ ၁ ကောရိန္သု ၆:၉၊ ၁၀။ ၈:၆။ ဗျာဒိတ် ၁:၅။

၆။ ယေဟောဝါသက်သေများသည် မည်သည့်ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းလာခဲ့သနည်း။ အဘယ်ကြောင့်နည်း။

၆ ဤရိုမင်ကက်သလစ်စာပေက ၁၉၆၅ ခုနှစ် (ထိုဆောင်းပါးရေးသားသည့်နှစ်ဖြစ်ဖွယ်ရှိ) တွင် “သက်သေခံများသည် သူတို့နေထိုင်သောအသိုင်းအဝိုင်းအဝင်ဖြစ်သည်ဟု မိမိတို့ကိုယ်ကိုမယူမှတ်ကြချေ” ဟုဖြည့်စွက်ထားသည်။ အချိန်များကုန်လွန်လာသည်နှင့်အမျှ ယေဟောဝါသက်သေအရေအတွက်လည်း များသည်ထက်များလာသဖြင့် “ဂိုဏ်းတစ်ခုကိုဆန့်ကျင်သောချာ့ချ်တစ်ခု၏ဂုဏ်အင်္ဂါကို ပို၍ပို၍” ဆောင်လာသည်၊ သူတို့သည် ဤလောက၏အစိတ်အပိုင်းတစ်ခုဖြစ်သွားမည်ဟု စာရေးဆရာထင်မှတ်ခဲ့ပုံရသည်။ သို့သော် ယင်းသို့ဖြစ်မလာခဲ့ပါ။ ယနေ့ ၁၉၆၅ ခုနှစ်ကထက်လေးဆများသော ယေဟောဝါသက်သေများသည် ဤလောကနှင့်ပတ်သက်သော မိမိတို့၏ရပ်တည်မှုကို တစ်စိုက်မတ်မတ်ဆက်လက်ထိန်းသိမ်းလာခဲ့ကြသည်။ ယေရှုသည် “ဤလောက၏အစိတ်အပိုင်းမဟုတ်” သကဲ့သို့ “သူတို့သည် လောက၏အစိတ်အပိုင်းမဟုတ်ကြပါ။”—ယောဟန် ၁၇:၁၆။

သီးခြားဖြစ်သော်လည်း မတိုက်ခံ

၇၊ ၈။ ရှေးခရစ်ယာန်များ၌မှန်ကန်သကဲ့သို့ ယနေ့ယေဟောဝါသက်သေများ၌ မှန်ကန်သောအချက်ကား အဘယ်နည်း။

၇ ဒုတိယရာစုနှစ်ကခုခံကာကွယ်သူ ဂျတ်စ်တင်မာတာ၏ ရှေးခရစ်ယာန်များအားခုခံကာကွယ်ခြင်းကိုကိုးကား၍ ရောဘတ်အမ်ဂရန့်က သူရေးသော Early Christianity and Society စာအုပ်တွင် “ခရစ်ယာန်များသည် တော်လှန်ရေးသမားများဖြစ်ပါမူ သူတို့၏ရည်မှန်းချက်သို့ရောက်အောင် ပုန်းလျှိုးကွယ်လျှိုးနေကြမည်သာဖြစ်သည် . . . သူတို့သည် ငြိမ်းချမ်းမှုနှင့်စည်းကမ်းသေဝပ်မှုတို့တွင် မင်းဧကရာဇ်၏အကောင်းဆုံးသောမဟာမိတ်များဖြစ်ကြသည်” ဟုဖော်ပြထားသည်။ အလားတူပင် ယနေ့ယေဟောဝါသက်သေများအားလည်း ငြိမ်းချမ်းမှုမြတ်နိုးသောစည်းကမ်းသေဝပ်သည့်တိုင်းသူပြည်သားများအဖြစ် ကမ္ဘာကသိကြသည်။ ယေဟောဝါသက်သေများထံတွင် ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုမျှမရှိကြောင်းကို မည်သည့်အစိုးရမဆိုသိကြသည်။

၈ မြောက်အမေရိကရှိ ခေါင်းကြီးပိုင်းဆောင်းပါးရေးသားသူတစ်ဦးက “ယေဟောဝါသက်သေများသည် မည်သည့်နိုင်ငံရေးအုပ်ချုပ်မှုနည်းစနစ်မဆိုတို့အား တစ်နည်းနည်းဖြင့်ခြိမ်းခြောက်နေသည်ဟုယုံကြည်ခြင်းသည် တစ်ယူသန်ခြင်းနှင့် အစွန်းထွက်သောမယုံသင်္ကာမှုသာဖြစ်သည်။ သူတို့သည် ဘာသာရေးအဖွဲ့အစည်းတစ်ခု၏အနေအထားအတိုင်း အဖျက်အမှောင့်လုပ်ရပ်ကင်းပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးသူများဖြစ်ကြသည်” ဟုရေးသားခဲ့သည်။ ဂျီးန်ပီရဲကက်တလိန်းရေးသားသော L’objection de conscience (Conscientious Objection) စာအုပ်တွင် “သက်သေခံများသည် အာဏာပိုင်များကို အပြည့်အဝလက်အောက်ခံကြပြီး ယေဘုယျအားဖြင့် ဥပဒေများကိုနာခံကြသည်။ သူတို့သည် ပေးရမည့်အခွန်အတုတ်များကိုပေးကြပြီး စောဒကတက်ရန်၊ အပြောင်းအလဲလုပ်ရန်၊ အစိုးရများကိုဖြုတ်ချရန် မကြိုးစားကြချေ။ အကြောင်းမှာ မိမိတို့ကိုယ်ကို ဤလောကရေးရာများနှင့် မပတ်သက်စေကြသောကြောင့်ဖြစ်သည်” ဟုသူရေးသားထားသည်။ ဘုရားသခင်ထံအပြည့်အဝဆက်ကပ်အပ်နှံထားသော သူတို့၏အသက်များကို အစိုးရကတောင်းဆိုလာလျှင်သာ ယေဟောဝါသက်သေများနာခံရန်ငြင်းဆိုကြသည်ဟု ဆက်၍ဖော်ပြထားသည်။ သို့ပြုရာတွင် ရှေးခရစ်ယာန်များကို ထက်ကြပ်မကွာတုပခြင်းပင်ဖြစ်သည်။—မာကု ၁၂:၁၇။ တမန်တော် ၅:၂၉။

အုပ်ချုပ်သူလူတန်းစားများ၏အထင်လွဲခံရ

၉။ လောကနှင့်သီးခြားဖြစ်ခြင်းနှင့်ပတ်သက်၍ ရှေးခရစ်ယာန်များနှင့် ယနေ့ကက်သလစ်များအကြား ထင်ရှားသော မည်သည့်ကွာခြားချက်ရှိသနည်း။

၉ ရောမဧကရာဇ်အများစုသည် ရှေးခရစ်ယာန်များကို အထင်မှားခဲ့ကြပြီး သူတို့ကိုညှဉ်းပန်းခဲ့ကြသည်။ အဘယ်ကြောင့်ဖြစ်ရကြောင်းကိုဖော်ပြရာတွင် စီ၊ အီး ဒုတိယရာစုနှစ်ကရေးသည်ဟု လူအချို့ယူမှတ်ကြသော The Epistle to Diognetus စာစောင်က “ခရစ်ယာန်များသည် လောကတွင်နေထိုင်ကြသော်လည်း လောက၏အစိတ်အပိုင်း သို့မဟုတ် လောကအဝင်မဟုတ်ကြ” ဟုကြေညာထားသည်။ အခြားတစ်ဖက်တွင်မူ ဒုတိယဗာတီကန်ကောင်စီသည် ချာ့ချ်လိုက်နာရမည့်အယူဝါဒများဆိုင်ရာအခြေခံဥပဒေကို ရေးဆွဲချမှတ်ရာတွင် ကက်သလစ်တို့သည် “လက်ရှိလောကီရေးရာများတွင်ပါဝင်ခြင်း” နှင့် “လောကထဲတွင်နေရင်း လောက၏သန့်ရှင်းမြင့်မြတ်မှုအတွက် ကြိုးစားကြခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်ကိုရှာရမည်” ဟုဖော်ပြသည်။

၁၀။ (က) ရှေးခရစ်ယာန်များကို အုပ်ချုပ်သူလူတန်းစားများက မည်သို့ရှုမြင်ခဲ့ကြသနည်း။ (ခ) ယေဟောဝါသက်သေများ မည်သို့ရှုမြင်ခံရလေ့ရှိသနည်း။ သူတို့၏တုံ့ပြန်မှုကား အဘယ်နည်း။

၁၀ ရောမဧကရာဇ်တို့သည် ရှေးခရစ်ယာန်များအား “အတော်အတန်ယုတ်ညံ့သောစိတ်အားထက်သန်သူများ” ဟုယူမှတ်ကြကြောင်း သမိုင်းဆရာ အီး၊ ဂျီ၊ ဟာဒီကဖော်ပြသည်။ ပြင်သစ်သမိုင်းဆရာ အီတင်နေးထရော့က္ကမေးက “ယဉ်ကျေးသိမ်မွေ့သော ရောမနှင့်ဂရိအရာရှိများက အလွန်ထူးဆန်းသောအရှေ့တိုင်းဘာသာရေးဂိုဏ်း [ခရစ်ယာန်များ] ဟုသူတို့မြင်သည့်ဘာသာကို အထင်သေးဖွယ်အဖြစ်ယူမှတ်ခြင်း” အကြောင်းကို ပြောဆိုခဲ့သည်။ ယန်းဂါးပလင်နီ၊ ဗိသုန်ပြည်မှရောမဘုရင်ခံနှင့် ဧကရာဇ်ထရာဂျင်တို့ဆက်သွယ်ရေးသားသည့်စာများအရ အုပ်ချုပ်သူတို့သည် အများအားဖြင့် ခရစ်ယာန်ဘာသာ၏သဘောသကန်အစစ်အမှန်ကို မသိခဲ့ကြကြောင်းဖော်ပြသည်။ ထိုနည်းတူယနေ့လည်း ယေဟောဝါသက်သေများသည် အထင်လွဲခံရလေ့ရှိပြီး လောကီအုပ်ချုပ်သူလူတန်းစားများ၏ မုန်းတီးရွံရှာမှုကိုပင် ခံရကြသည်။ မည်သို့ဆိုစေ ယင်းတို့ကြောင့် သက်သေခံများအံ့အားသင့်ခြင်း သို့မဟုတ် အလွန့်အလွန် ကြောက်ရွံ့မှိုင်တွေခြင်းမဖြစ်ကြပါ။—တမန်တော် ၄:၁၃။ ၁ ပေတရု ၄:၁၂၊ ၁၃။

“အရပ်ရပ်တို့၌ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရ”

၁၁။ (က) ရှေးခရစ်ယာန်များသည် မည်သို့ပြောဆိုခံခဲ့ရကြသနည်း။ ယေဟောဝါသက်သေများလည်း မည်သို့ပြောဆိုခံလာခဲ့ရပြီနည်း။ (ခ) ယေဟောဝါသက်သေများသည် နိုင်ငံရေးရာများတွင် အဘယ်ကြောင့်မပါဝင်ကြသနည်း။

၁၁ ရှေးခရစ်ယာန်များနှင့်ပတ်သက်၍ “ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရသောဘာသာဖြစ်သည်” ဟုအဆိုရှိသည်။ (တမန်တော် ၂၈:၂၂) စီ၊ အီး ဒုတိယရာစုက ခရစ်ယာန်ဘာသာသည် လူ့အသိုင်းအဝိုင်းတွင် အညံ့ဖျင်းဆုံးသောလူများကိုသာ ဆွဲဆောင်နိုင်သည်ဟု တိတ္ထိစဲလ်စပ်စ်ကြွေးကြော်ခဲ့သည်။ အလားတူ “သူတို့အများစုက ငါတို့အသင်းကအပယ်ခံတွေကနေဖြစ်လာတာပါ” ဟု ယေဟောဝါသက်သေများအပြောခံခဲ့ကြရပြီ။ ချာ့ချ်သမိုင်းဆရာ ဩဂတ်စ်တပ်စ်နီယန်းဒါးက “ခရစ်ယာန်များသည် လောကနှင့်ပတ်သက်၍အသေဖြစ်ပြီး လူ့ဘဝကိစ္စအရပ်ရပ်တွင် အသုံးမဝင်သောသူများအဖြစ် ဖော်ပြခြင်းခံရကြသည်။ . . . လူအားလုံးသူတို့နှင့်သာတူလျှင် လူ့ဘဝသည် မည်သို့ရှိချေမည်နည်းဟူ၍ မေးကြသည်” ဟုဖော်ပြခဲ့သည်။ ယေဟောဝါသက်သေများသည် နိုင်ငံရေးတွင်ပါဝင်ခြင်းမရှိကြသဖြင့် သူတို့သည်လည်း လူ့အသိုင်းအဝိုင်းတွင်အသုံးမကျသူများဖြစ်သည်ဟု စွပ်စွဲခံရကြသည်။ သူတို့သည် နိုင်ငံရေးတွင်တက်ကြွစွာပါဝင်လျက် တစ်ချိန်တည်းတွင် လူသားများ၏တစ်ခုတည်းသောမျှော်လင့်ရာဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံအားပေးသောသူများ မည်သို့ဖြစ်နိုင်မည်နည်း။ ယေဟောဝါသက်သေများသည် “ယေရှုခရစ်၏ ကောင်းသောစစ်သူရဲအဖြစ် ဆင်းရဲဒုက္ခကိုဝေမျှခံလော့။ စစ်သူရဲ၏ပန်းတိုင်မှာ သူ့အားစာရင်းသွင်းသူကိုကျေနပ်စေရန်ဖြစ်သောကြောင့် အမှုထမ်းနေသည့်မည်သည့်စစ်သူရဲမျှ အရပ်သားများရှာဖွေလိုက်စားသည့်အရာများနှင့် ရောပြွမ်းငြိစွန်းခြင်းမပြု” ဟူသော ပေါလု၏စကားများကို နှလုံးပိုက်ထားကြသည်။—၂ တိမောသေ ၂:၃၊ ၄။ Revised Standard Version အသင်းတော်အားလုံးအတွက်တည်းဖြတ်ထုတ်ဝေသည့်ကျမ်းစာ။

၁၂။ မည်သည့်အရေးကြီးသောသီးခြားရပ်တည်မှုကဏ္ဍနှင့်ပတ်သက်၍ ယေဟောဝါသက်သေများသည် ရှေးခရစ်ယာန်များကို တုပကြသနည်း။

၁၂ A History of Christianity စာအုပ်တွင် ပါမောက္ခ ကေ၊ အက်စ်၊ လာတိုးရက်တ်က “ရှေးခရစ်ယာန်များသည် ဂရိ-ရောမတို့၏လောကနှင့် သဘောထားကွဲလွဲမှုကြောင့်ဖြစ်ပေါ်ရသည့်ပြဿနာတစ်ခုမှာ စစ်ပွဲတွင်ပါဝင်ခြင်းကိစ္စဖြစ်သည်။ ကျွန်ုပ်တို့ခေတ်အထိတည်ရှိနေသော ပထမပိုင်းသုံးရာစုနှစ်အတွင်းကခရစ်ယာန်စာပေများထဲတွင် မည်သည့်စာပေ၌မျှ ခရစ်ယာန်များစစ်ပွဲတွင်ပါဝင်ခြင်းကို ခွင့်ပြုကြောင်း မတွေ့ရပါ” ဟုရေးသားခဲ့သည်။ အက်ဒွပ်ဂစ်ဘွန်ရေးသည့် The History of the Decline and Fall of the Roman Empire စာအုပ်တွင် “ခရစ်ယာန်များသည် သာ၍မြင့်မြတ်သည့်တာဝန်ကို စွန့်လွှတ်ခြင်းမရှိဘဲ စစ်သားများ၊ တရားသူကြီးများ၊ မင်းသားမှူးမတ်များ၏လုပ်ရပ်ကို လုပ်ဆောင်ရန်မဖြစ်နိုင်ပါ” ဟုဖော်ပြထားသည်။ ထိုနည်းတူ ယေဟောဝါသက်သေများလည်း ခိုင်မြဲသည့်ကြားနေဝါဒအနေအထားကို ခံယူကျင့်သုံးကြပြီး ဟေရှာယ ၂:၂-၄ နှင့် မဿဲ ၂၆:၅၂ ပါ ကျမ်းစာမူဝါဒကို လိုက်လျှောက်ကြသည်။

၁၃။ ယေဟောဝါသက်သေများ အဘယ်စွဲချက်တင်ခံရကြသနည်း။ သို့သော် အဖြစ်မှန်များက ဘာကိုတင်ပြသနည်း။

၁၃ ယေဟောဝါသက်သေများသည် မိသားစုများကို လိုက်လံဖြိုခွဲနေကြသည်ဟု သူတို့အားဆန့်ကျင်သူများကစွပ်စွဲကြသည်။ မိသားစုတွင် တစ်ယောက် သို့မဟုတ် ယင်းထက်ပို၍ယေဟောဝါသက်သေဖြစ်သွားပါက မိသားစုကွဲပြားသည့်အခြေအနေများရှိသည်တော့မှန်ပါသည်။ ယင်းသို့ဖြစ်မည်အကြောင်း ယေရှုကြိုတင်မိန့်တော်မူခဲ့သည်။ (လုကာ ၁၂:၅၁-၅၃) သို့သော် ဤအကြောင်းကြောင့်လင်မယားကွာရှင်းခြင်းသည် ဖြစ်ခဲကြောင်း စာရင်းဇယားများကတင်ပြသည်။ ဥပမာ၊ ပြင်သစ်နိုင်ငံရှိယေဟောဝါသက်သေများထဲတွင် မောင်နှံစုံတွဲသုံးတွဲမှ တစ်တွဲသည် သက်သေခံမဟုတ်သူအိမ်ထောင်ဖက်ပါဝင်ကြောင်း တွေ့ရသည်။ သို့သော် ဤယုံကြည်ခြင်းမတူသောအိမ်ထောက်ဖက်များ၏ လင်မယားကွာရှင်းမှုနှုန်းသည် ကမ္ဘာချီကွာရှင်းမှုနှုန်းနှင့်ယှဉ်လိုက်လျှင် မပြောပလောက်အောင်ဖြစ်သွားသည်။ အဘယ်ကြောင့်နည်း။ တမန်တော်ပေါလုနှင့်ပေတရုတို့က မယုံကြည်သူများနှင့်လက်ထပ်သောခရစ်ယာန်များအား မှုတ်သွင်းခံပညာရှိသြဝါဒများကိုပေးထားရာ ယေဟောဝါသက်သေများသည် သူတို့ပေးသည့်သြဝါဒများကိုလိုက်လျှောက်ရန် ကြိုးစားကြသောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၇:၁၂-၁၆။ ၁ ပေတရု ၃:၁-၄) ယုံကြည်ခြင်းမတူသည့်မောင်နှံကွာရှင်းပါက အများစုမှာ သက်သေခံမဟုတ်သူဘက်မှစ၍ကွာရှင်းခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် မောင်နှံစုံတွဲထောင်ပေါင်းများစွာတို့သည် သူတို့၏အိမ်ထောင်ဖက်များယေဟောဝါသက်သေဖြစ်လာကြပြီး ကျမ်းစာကျင့်စဉ်များကိုစတင်ကျင့်သုံးလာကြသောကြောင့် ကွာရှင်းသည့်ဘေးမှလွတ်မြောက်ခဲ့ကြသည်။

ခရစ်ယာန်များ၊ သုံးပါးပေါင်းတစ်ဆူဝါဒီများမဟုတ်

၁၄။ ရှေးခရစ်ယာန်များမည်သည့်စွဲချက်တင်ခံခဲ့ရကြသနည်း။ ယင်းသည် အဘယ်ကြောင့် ထင်ယောင်ထင်မှားဖြစ်စေသနည်း။

၁၄ ရောမနိုင်ငံတွင် ရှေးခရစ်ယာန်များသည် ဘုရားမဲ့သူများဖြစ်သည်ဟူသောစွဲချက်တင်ခံရသည့်အကြောင်းက သူတို့အားထင်ယောင်ထင်မှားဖြစ်စေသည်။ ဒေါက်တာသြဂတ်စ္စတပ်စ်နီယန်းဒါးက “ဘုရားများကိုငြင်းပယ်သူများ၊ ဘုရားမဲ့သူများ . . . သည် လူများအလယ်တွင် ခရစ်ယာန်များသတ်မှတ်ခံရသော သမားရိုးကျအမည်ဖြစ်သည်” ဟုရေးသားခဲ့သည်။ “ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သောသစ်သားနှင့်ကျောက်” တို့ကိုကိုးကွယ်သည့် တိတ္ထိများက ဘုရားအများကိုမကိုးကွယ်ဘဲ အသက်ရှင်သောဖန်ဆင်းရှင်ကိုကိုးကွယ်သောခရစ်ယာန်များအား ဘုရားမဲ့များဟုအမည်တပ်ခြင်းမှာ မည်မျှဆန်းကျယ်ပါတကား။—ဟေရှာယ ၃၇:၁၉။

၁၅၊ ၁၆။ (က) အချို့ဘာသာရေးသမားများက ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ဘာပြောကြသနည်း။ သို့သော် မည်သည့်မေးခွန်းပေါ်ပေါက်သနည်း။ (ခ) ယေဟောဝါသက်သေများသည် ခရစ်ယာန်စစ်များဖြစ်ကြောင်း မည်သည့်အချက်ကတင်ပြသနည်း။

၁၅ အလားတူထင်ယောင်ထင်မှားဖြစ်စေသည့်အချက်မှာ ယနေ့ ခရစ်ယာန်ဘောင်မှ အာဏာပိုင်အချို့တို့က ယေဟောဝါသက်သေများသည် ခရစ်ယာန်ဖြစ်ကြောင်းကို ငြင်းဆိုသည့်အချက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သက်သေခံများသည် သုံးပါးပေါင်းတစ်ဆူအယူကိုငြင်းပယ်သောကြောင့်ဖြစ်သည်။ “ခရစ်ယာန်များသည် ခရစ်တော်ကို ဘုရားအဖြစ်လက်ခံသူများဖြစ်ကြသည်” ဟု ခရစ်ယာန်ဘောင်က လွဲချော်၍အဓိပ္ပာယ်ဖွင့်ဆိုသည်။ ယင်းနှင့်ဆန့်ကျင်၍ ခေတ်အဘိဓာန်တစ်ခုက “ခရစ်ယာန်” ဟူသောနာမ်ကို “ယေရှုခရစ်ကိုယုံကြည်ပြီး ကိုယ်တော်၏သွန်သင်ချက်များကိုလိုက်လျှောက်သူ”၊ “ခရစ်ယာန်ဘာသာ” ကို “ယေရှုခရစ်၏သွန်သင်ချက်များအပေါ်အခြေပြုပြီး ကိုယ်တော်အား ဘုရားသခင်၏သားတော်အဖြစ်ယုံကြည်သောဘာသာတစ်ခု” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မည်သည့်အုပ်စုသည် ဤဖွင့်ဆိုချက်နှင့်အကိုက်ညီဆုံးဖြစ်သနည်း။

၁၆ မိမိမည်သူဖြစ်ကြောင်း ယေရှုကိုယ်တိုင်သက်သေခံချက်များကို ယေဟောဝါသက်သေများလက်ခံကြသည်။ ကိုယ်တော်က “ငါသည် သားတော်ဘုရားဖြစ်သည်” ဟုမပြောဘဲ “ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၀:၃၆။ ယောဟန် ၂၀:၃၁ နှိုင်းယှဉ်။) ခရစ်တော်နှင့်ပတ်သက်၍ တမန်တော်ပေါလုမှုတ်သွင်းခံရသည့်ဖော်ပြချက်ကို သူတို့လက်ခံကြသည်။ “ဘုရားသခင်၏ပုံသဏ္ဌာန်ရှိ၍ ဘုရားသခင်နှင့်တူညီ၊ တန်းတူရည်တူဖြစ်ခြင်းကို လုယူရမည့်အရာအဖြစ်မယူမှတ်သူ။”a (ဖိလိပ္ပိ ၂:၆။ The New Jerusalem Bible) The Paganism in Our Christianity စာအုပ်ကဖော်ပြသည်မှာ “ယေရှုခရစ်သည် ထိုအဖြစ်ဆန်း [အားလုံးတန်းတူသုံးပါးပေါင်းတစ်ဆူ] ကို မည်သည့်အခါကမျှ မဖော်ပြခဲ့ပါ။ ဓမ္မသစ်ကျမ်းတွင် ‘သုံးပါးပေါင်းတစ်ဆူ’ ဟူသောစကားလုံးမည်သည့်နေရာတွင်မျှမရှိပါ။ ထိုအယူအဆမှာ ကျွန်ုပ်တို့သခင်သေလွန်ပြီး နှစ်ပေါင်းသုံးရာနောက်ပိုင်းကျမှသာ ချာ့ချ်တွင်ခံယူလာခြင်းဖြစ်သည်။ ထိုအယူအဆ၏ပင်ရင်းအမြစ်သည် လုံးလုံးတိတ္ထိဆန်သည်” ဟူ၍ဖြစ်သည်။ ယေဟောဝါသက်သေများသည် ခရစ်တော်နှင့်ပတ်သက်၍ ကျမ်းစာသွန်သင်သည့်အချက်များကို လက်ခံကြသည်။ သူတို့သည် ခရစ်ယာန်များဖြစ်ကြသည်။ သုံးပါးပေါင်းတစ်ဆူဝါဒီများမဟုတ်ကြ။

ကမ္ဘာလုံးဆိုင်ရာအသင်းတော်များဝါဒီမဟုတ်

၁၇။ ယေဟောဝါသက်သေများသည် ကမ္ဘာလုံးဆိုင်ရာအသင်းတော်များလှုပ်ရှားမှု သို့မဟုတ် ယုံကြည်ခြင်းရောနှောမှု၊ လှုပ်ရှားမှုများတွင် အဘယ်ကြောင့်မပါဝင်ကြသနည်း။

၁၇ ယေဟောဝါသက်သေများအား စွပ်စွဲသည့်အခြားအချက်နှစ်ချက်မှာ သူတို့သည် ကမ္ဘာလုံးဆိုင်ရာအသင်းတော်များ၏လုပ်ရှားမှုတွင်မပါဝင်ခြင်းနှင့် “အဓမ္မဘာသာသွင်းခြင်း” ဟုအဓိပ္ပာယ်ရသည့်လှုပ်ရှားမှုတွင် ပါဝင်နေကြသည်ဟူ၍ဖြစ်သည်။ ထိုကဲ့ရဲ့ရှုတ်ချမှုနှစ်ခုလုံးကို ရှေးခရစ်ယာန်များလည်း ခံခဲ့ရကြသည်။ ဩသဒေါက်စ်၊ ပရိုတက်စတင့် စသည့်အစိတ်အပိုင်းများပါဝင်သော ခရစ်ယာန်ဘောင်သည် ဤလောက၏အစိတ်အပိုင်းဖြစ်သည်မှာ မငြင်းနိုင်ပါ။ ယေဟောဝါသက်သေများသည် ယေရှုနည်းတူ ‘ဤလောက၏အစိတ်အပိုင်းမဖြစ်’ ကြပါ။ (ယောဟန် ၁၇:၁၄) ခရစ်ယာန်မဆန်သောအကျင့်အကြံနှင့် ယုံကြည်ချက်များကို ပေါက်ပွားစေသည့်ဘာသာရေးအဖွဲ့အစည်းနှင့် ယုံကြည်ခြင်းရောနှောသည့်လှုပ်ရှားမှုတွင် မိမိတို့ကိုယ်ကို မည်သို့ပါဝင်ပတ်သက်နေနိုင်မည်နည်း။

၁၈။ (က) မိမိတို့သာလျှင် မှန်သောဘာသာကိုကျင့်သုံးနေသည်ဟုဆိုသည့်အတွက် ယေဟောဝါသက်သေများအား အဘယ်ကြောင့်အပြစ်တင်ဝေဖန်ခြင်းမပြုနိုင်သနည်း။ (ခ) ရိုမင်ကက်သလစ်များက မိမိတို့သည် မှန်သောဘာသာကိုပိုင်ဆိုင်ထားကြသည်ဟုဆိုရာတွင် သူတို့မပိုင်ဆိုင်သည့်အရာကား အဘယ်နည်း။

၁၈ မိမိတို့သာလျှင် စစ်မှန်သောဘာသာကို ကျင့်ကြံလိုက်လျှောက်နေကြသည်ဟု ရှေးခရစ်ယာန်များကဲ့သို့ ယေဟောဝါသက်သေများယုံကြည်ခြင်းကို မည်သူက တော်လျော်မှန်ကန်စွာ ပြစ်တင်ဝေဖန်နိုင်သနည်း။ ကမ္ဘာလုံးဆိုင်ရာအသင်းတော်များလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ပါသည်ဟု အရေခြုံပြောဆိုသော ချာ့ချ်တစ်ခုကပင် “ဤတစ်ခုတည်းသောဘာသာမှန်သည် ‘လူမျိုးအပေါင်းတို့အား တပည့်ဖြစ်စေကြလော့’ ဟု တမန်တော်များအားမိန့်တော်မူခဲ့သောလုပ်ငန်းကို လူများတို့တွင်လုပ်ဆောင်ရန် သခင်ယေရှု၏အပ်နှင်းခြင်းခံရသော တမန်တော်များဆိုင်ရာအသင်းတော်တွင် ဆက်လက်တည်ရှိသည်” ဟုကြွေးကြော်ခဲ့သည်။ (ဗာတီကန်ကောင်စီ ၂၊ “ဘာသာရေးလွတ်လပ်မှုကိုကြေညာခြင်း”) ထိုယုံကြည်ချက်သည် သူတို့အား မဆုတ်မနစ်သောဇွဲဖြင့်သွား၍ လူမျိုးတကာကိုတပည့်ဖြစ်စေရေးအတွက် လှုံ့ဆော်နိုင်ရန်မလုံလောက်ပါ။

၁၉။ (က) ယေဟောဝါသက်သေများသည် မည်သည့်အရာကိုလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြပြီး၊ မည်သည့်ဦးတည်ချက်အားဖြင့်နည်း။ (ခ) နောက်ဆောင်းပါးတွင် မည်သည့်အကြောင်းကို သုံးသပ်ကြမည်နည်း။

၁၉ ယေဟောဝါသက်သေများသည် ထိုဇွဲမျိုးရှိကြသည်။ သူတို့အားဘုရားသခင်လုပ်စေလိုသရွေ့အထိ သူတို့သည် သက်သေခံခြင်းကိုပြုလုပ်သွားရန် စိတ်ပိုင်းဖြတ်ထားကြသည်။ (မဿဲ ၂၄:၁၄) သူတို့၏သက်သေခံခြင်းသည် စိတ်ဇောထက်သန်မှုရှိသော်လည်း အတင်းအဓမ္မသဘောကင်းပါသည်။ ယင်းသည် လူသားများကိုမုန်းတီးခြင်းအားဖြင့်မဟုတ်ဘဲ လူလူချင်းကိုချစ်သည့်မေတ္တာအားဖြင့် လှုံ့ဆော်ခံရခြင်းဖြစ်သည်။ လူသားများကယ်တင်ခြင်းရနိုင်သရွေ့ရရန် သူတို့မျှော်လင့်ကြသည်။ (၁ တိမောသေ ၄:၁၆) ရှေးခရစ်ယာန်များနည်းတူ သူတို့သည် “လူအပေါင်းတို့နှင့် အသင့်အတင့်နေ” နိုင်ရန် ကြိုးစားကြသည်။ (ရောမ ၁၂:၁၈) ယင်းသို့ဖြစ်ရန် သူတို့မည်သို့စခန်းသွားကြသည်ကို နောက်ဆောင်းပါးတွင် ဆွေးနွေးထားသည်။

[အောက်ခြေမှတ်ချက်များ]

a သုံးပါးပေါင်းတစ်ဆူအယူဝါဒနှင့်ဆက်စပ်နေသော ဤကျမ်းပိုဒ်အကြောင်းဆွေးနွေးခန်းကို The Watchtower, June 15, 1971, pages 355-6 တွင်ကြည့်ပါ။

ပြန်လည်သုံးသပ်ခြင်းအားဖြင့်

◻ ရှေးခရစ်ယာန်များအားထူးခြားထင်ရှားစေသည့်အချက်ကား အဘယ်နည်း။ ယေဟောဝါသက်သေများသည် သူတို့နှင့် မည်သို့ဆင်တူသနည်း။

◻ မိမိတို့သည် တိုင်းသူပြည်သားကောင်းများဖြစ်ကြောင်း မည်သည့်ကဏ္ဍများ၌ ယေဟောဝါသက်သေများတင်ပြကြသနည်း။

◻ ရှေးခရစ်ယာန်များကို အုပ်ချုပ်သူလူတန်းစားများက မည်သို့ရှုမြင်ကြသနည်း။ ယနေ့လည်းခြားနားမှုရှိပါသလော။

◻ မိမိတို့၌သမ္မာတရားရှိသည်ဟူသော သက်သေခံများ၏ အခိုင်အမာယုံကြည်ချက်က သူတို့အား ဘာပြုလုပ်ရန်လှုံ့ဆော်သနည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများသည် သူတို့အားဘုရားသခင်လုပ်စေလိုသရွေ့အထိ သက်သေခံခြင်းကိုဆက်လုပ်သွားရန် စိတ်ပိုင်းဖြတ်ထားကြသည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ပိလတ်က “ဤယောက်ျားကိုကြည့်ကြလော့”—လောက၏အစိတ်အပိုင်းမဟုတ်သောသူဖြစ်၏။—ယောဟန် ၁၉:၅

[Credit Line]

“Ecce Homo” by A.Ciseri: Florence, Galleria d’Arte Moderna/Alnari/Art Resource. N.Y.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ