ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၂/၁ စာ. ၈-၁၃
  • သူတို့၏ယုံကြည်ခြင်းကြောင့် အမုန်းခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့၏ယုံကြည်ခြင်းကြောင့် အမုန်းခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တပည့်ဖြစ်ခြင်း၏ “အကုန်အကျ”
  • မုန်းဖွယ်ရာနှင့် မုန်းတီးခံရ
  • ကနဦးခရစ်ယာန်များ —မည်သူတို့၏အမုန်းခံခဲ့ကြရသနည်း
  • ကနဦးခရစ်ယာန်များ—ရောမအသိုင်းအဝိုင်းတွင် အဘယ်ကြောင့်အမုန်းခံခဲ့ကြရသနည်း
  • အလျှော့ပေးလိုက်လျောရန်စိတ်မကူး!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခရစ်ယာန်များနှင့် ယနေ့ လူ့အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ရှေး ခရစ်ယာန် များနှင့် ဤလောက
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၂/၁ စာ. ၈-၁၃

သူတို့၏ယုံကြည်ခြင်းကြောင့် အမုန်းခံရ

“လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။”—မဿဲ ၁၀:၂၂။

၁၊ ၂။ သူတို့၏ဘာသာရေးယုံကြည်ချက်များကို ကျင့်သုံးခြင်းကြောင့် ယေဟောဝါသက်သေများခံရပ်ခဲ့ကြရသော ဘဝအဖြစ်မှန်တွေ့ကြုံမှုများကို သင်ပြောပြနိုင်သလော။

ခရိကျွန်းမှ ရိုးသားသောဆိုင်ရှင်တစ်ဦးသည် အကြိမ်ဒါဇင်နှင့်ချီ၍အဖမ်းခံရပြီး ဂရိတရားရုံးများတွင် အကြိမ်ကြိမ်တရားဆိုင်ခဲ့ရ၏။ ခြုံငုံကြည့်သော် သူသည် ဇနီး၊ သားသမီး ၅ ယောက်နှင့်ခွဲ၍ ထောင်ခြောက်နှစ်ကျော်ကျခဲ့သည်။ ဂျပန်နိုင်ငံတွင် ၁၇ နှစ်အရွယ်ကျောင်းသားတစ်ဦးသည် အကျင့်ကောင်းပြီး ကျောင်းသား ၄၂ ဦးရှိသောသူ့အတန်းတွင် အတော်ဆုံးဖြစ်သော်လည်း ကျောင်းထုတ်ခံခဲ့ရသည်။ ပြင်သစ်နိုင်ငံတွင် လူအတော်အတန်သည် ဝီရိယရှိပြီး အသိစိတ်ရှိရှိလုပ်ကိုင်တတ်သူများဟူသည့် မှတ်တမ်းကောင်းများရှိကြလျက်ပင် အလုပ်ထုတ်ခံခဲ့ကြသည်။ ဤဘဝအဖြစ်မှန်တွေ့ကြုံမှုများ၌ တူညီချက်ကားအဘယ်နည်း။

၂ ပါဝင်ပတ်သက်သူအားလုံးသည် ယေဟောဝါသက်သေများဖြစ်ကြသည်။ သူတို့၏ “ပြစ်မှု” ကကော။ အဓိကအားဖြင့် သူတို့၏ဘာသာရေးယုံကြည်ချက်များကို ကျင့်သုံးခြင်းဖြစ်သည်။ ယေရှုခရစ်၏သွန်သင်ချက်များကိုနာခံကာ ဆိုင်ရှင်သည် အခြားသူများအား သူ၏ယုံကြည်ခြင်းကိုဝေမျှပေးခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) သူသည် ဘာသာသွင်းခြင်းကို ရာဇဝတ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားသည့် ရှေးဂရိဥပဒေကြောင့် အဓိကအားဖြင့် စီရင်ချက်ချခံရသည်။ အဆိုပါကျောင်းသားသည် သမ္မာကျမ်းစာလေ့ကျင့်ပေးထားသည့် သူ၏ကိုယ်ကိုကိုယ်သိသောစိတ်က ခွင့်မပြုသောကြောင့် မလုပ်မနေလုပ်ရသည့် ကင်ဒို (ဂျပန်ဓားသိုင်း) သင်တန်းများတွင်မပါဝင်ခဲ့၍ ကျောင်းထုတ်ခံရခြင်းဖြစ်သည်။ (ဟေရှာယ ၂:၄) ပြင်သစ်နိုင်ငံတွင် အလုပ်ထုတ်ခံရသူတို့အား အလုပ်ထုတ်ရသည့်တစ်ခုတည်းသောအကြောင်းမှာ သူတို့သည် မိမိတို့ကိုယ်ကို ယေဟောဝါသက်သေများဟူ၍ ဖော်ပြသောကြောင့်ဖြစ်သည်ဟု အကြောင်းကြားခဲ့သည်။

၃။ အခြားသူများ၏လက်ချက်ဖြင့် ကြီးစွာသောဆင်းရဲခြင်းကို ယေဟောဝါသက်သေအများစု အဘယ်ကြောင့်ကြုံခဲကြသနည်း။

၃ ထိုသို့သောအခက်အခဲမျိုးကို နိုင်ငံအချို့ရှိ ယေဟောဝါသက်သေများ မကြာသေးမီက တွေ့ကြုံခဲ့ကြသည်။ သို့ရာတွင် အခြားသူများ၏လက်ချက်ဖြင့် ကြီးစွာသောဆင်းရဲခြင်းကို ယေဟောဝါသက်သေအများစု ကြုံခဲပါသည်။ ယေဟောဝါသက်သေများ၏ကောင်းသောအကျင့်အကြံကြောင့် မည်သူမျှ သူတို့ကိုရန်လိုစရာအကြောင်းမရှိကြောင်း ကမ္ဘာတစ်ဝန်းကသိထားကြ၏။ (၁ ပေတရု ၂:၁၁၊ ၁၂) သူတို့သည် လျှို့ဝှက်ကြံစည်မှုများ၊ ထိခိုက်နစ်နာစေမှုများမပြုကြပါ။ (၁ ပေတရု ၄:၁၅) ယင်းအစား ဦးဆုံးတွင်ဘုရားသခင်၊ ထို့နောက် လောကအစိုးရများကိုလက်အောက်ခံရမည်ဟူသော သမ္မာကျမ်းစာသွန်သင်ချက်နှင့်အညီ ကြိုးစားနေထိုင်ကြသည်။ ဥပဒေနှင့်အညီတောင်းဆိုသော အခွန်များကိုပေးဆက်ကြပြီး “လူအပေါင်းတို့နှင့်အသင့်အတင့်နေကြ” ရန်ကြိုးပမ်းကြသည်။ (ရောမ ၁၂:၁၈; ၁၃:၆၊ ၇; ၁ ပေတရု ၂:၁၃-၁၇) သူတို့၏သမ္မာကျမ်းစာပညာပေးရေးလုပ်ငန်း၌ အစိုးရဥပဒေ၊ မိသားစုတန်ဖိုးများနှင့် ကိုယ်ကျင့်တရားတို့ကိုလေးစားရန် တိုက်တွန်းကြသည်။ ဥပဒေလိုက်နာသောနိုင်ငံသားများဖြစ်ကြ၍ အစိုးရများစွာကသူတို့ကိုချီးမွမ်းခဲ့ကြပြီ။ (ရောမ ၁၃:၃) သို့တိုင် အဖွင့်စာပိုဒ်တွင်ဖော်ပြသကဲ့သို့ သူတို့သည် တစ်ခါတစ်ရံ အတိုက်အခံကြုံရကြရာ အချို့နိုင်ငံများတွင် အစိုးရ၏ပိတ်ပင်မှုကိုပင်ခံခဲ့ကြသည်။ ယင်းကို ကျွန်ုပ်တို့အံ့သြသင့်ပါသလော။

တပည့်ဖြစ်ခြင်း၏ “အကုန်အကျ”

၄။ ယေရှု၏စကားအရ ကိုယ်တော့်တပည့်ဖြစ်လာသူတစ်ဦးသည် အဘယ်အရာကို မျှော်လင့်နိုင်သနည်း။

၄ ယေရှုခရစ်သည် တပည့်ဖြစ်ခြင်း၌အဘယ်အရာပါဝင်ကြောင်း သို့လောသို့လောမဖြစ်စေခဲ့ပါ။ “ကျွန်သည် မိမိသခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်။ . . . သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်” ဟုနောက်လိုက်များအားမိန့်ဆိုခဲ့သည်။ ယေရှုသည် “အကြောင်းမရှိဘဲ” အမုန်းခံခဲ့ရသည်။ (ယောဟန် ၁၅:၁၈-၂၀၊ ၂၅; ဆာလံ ၆၉:၄; လုကာ ၂၃:၂၂) ကိုယ်တော့်တပည့်များသည်လည်း အလားတူပင် လျော်ကန်သည့်အကြောင်းပြချက်မရှိဘဲ အတိုက်အခံပြုခံရမည်ဟု မျှော်လင့်နိုင်သည်။ တစ်ကြိမ်ထက်မက ကိုယ်တော်ကဤသို့သတိပေးခဲ့သည်– “သင်တို့သည် . . . အမုန်းခံရကြလိမ့်မည်။”—မဿဲ ၁၀:၂၂၊ သတင်းကောင်း; ၂၄:၉။

၅၊ ၆။ (က) ယေရှုသည် မိမိ၏နောက်လိုက်ဖြစ်လာနိုင်ဖွယ်ရှိသူများအား “အကုန်အကျကိုတွက်” ရန်အဘယ်အကြောင်းကြောင့်တိုက်တွန်းခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် အတိုက်အခံကြုံရသောအခါ အဘယ်ကြောင့်တွေဝေမသွားသင့်သနည်း။

၅ ထို့ကြောင့် ယေရှုသည် မိမိ၏နောက်လိုက်ဖြစ်လာနိုင်ဖွယ်ရှိသူများအား တပည့်ဖြစ်ခြင်း၏ “အကုန်အကျကိုတွက်” ကြရန်တိုက်တွန်းခဲ့သည်။ (လုကာ ၁၄:၂၈၊ စံတင်ကျမ်း) အဘယ်ကြောင့်နည်း။ သူတို့သည် နောက်တော်လိုက်များဖြစ်သင့်မသင့်ကိုဆုံးဖြတ်ရန်မဟုတ်ဘဲ ပါဝင်ပတ်သက်သည့်အရာကိုကျေပွန်စေဖို့ ဆုံးဖြတ်ထားပြီးဖြစ်ရန်ဖြစ်သည်။ ထိုအခွင့်ထူးနှင့်အတူဒွန်တွဲလာသော မည်သည့်စမ်းသပ်မှု၊ မည်သည့်အခက်အခဲကိုမဆို ခံရပ်နိုင်ရန် ပြင်ဆင်ထားရမည်။ (လုကာ ၁၄:၂၇) ခရစ်တော်၏နောက်လိုက်တစ်ဦးအဖြစ် ယေဟောဝါအားဝတ်ပြုရန် ကျွန်ုပ်တို့ကိုမည်သူမျှအတင်းအကျပ်ပြု၍မရပါ။ ယင်းသည် စိတ်လိုကိုယ်လျောက်ပြုသည့်ဆုံးဖြတ်ချက်ဖြစ်၏; အသိတရားရှိရှိပြုသောဆုံးဖြတ်ချက်လည်းဖြစ်၏။ မိမိကိုယ်ကိုဘုရားသခင်ထံဆက်ကပ်အပ်နှံပြီးနောက် ရရှိသောဆက်ဆံရေးကြောင့် ခံစားရမည့်ကောင်းချီးများအပြင် “အမုန်းခံရ” လိမ့်မည်ဖြစ်ကြောင်းကိုလည်း ကြိုသိထားကြသည်။ ထို့ကြောင့် အတိုက်အခံကြုံရသောအခါ ကျွန်ုပ်တို့တွေဝေမသွားကြပါ။ “အကုန်အကျကိုတွက်ချက်” ပြီးဖြစ်၍ ယင်းကိုပေးဆက်ရန် အသင့်ရှိကြပါသည်။—၁ ပေတရု ၄:၁၂-၁၄။

၆ အစိုးရအာဏာပိုင်များအပါအဝင် လူအချို့သည် စစ်မှန်သောခရစ်ယာန်များကို အဘယ်ကြောင့်အတိုက်အခံပြုလိုကြပါသနည်း။ ယင်းအဖြေအတွက် စီ.အီး. ပထမရာစုရှိ ဘာသာရေးအုပ်စုနှစ်စုကိုဆန်းစစ်ကြည့်ခြင်းက အထောက်အကူပြုသည်။ အုပ်စုနှစ်စုစလုံးသည် မတူညီသောအကြောင်းများကြောင့် အမုန်းခံခဲ့ရသည်။

မုန်းဖွယ်ရာနှင့် မုန်းတီးခံရ

၇၊ ၈။ အဘယ်သွန်သင်ချက်များသည် တစ်ပါးအမျိုးသားများကို အထင်သေးကြောင်းထင်ရှားစေသနည်း။ ယင်းကြောင့် ဂျူးများတွင် အဘယ်သဘောထားဖြစ်ပေါ်လာခဲ့သနည်း။

၇ စီး.အီး. ပထမရာစုတွင် ဣသရေလနိုင်ငံသည် ရောမအုပ်စိုးမှုအောက်တွင်ရှိပြီး ဂျူးဘာသာရေးစနစ်ဖြစ်သည့် ယုဒဘာသာသည် များသောအားဖြင့် ဖာရိရှဲနှင့် ကျမ်းတတ်များကဲ့သို့သော ခေါင်းဆောင်များ၏ဖိနှိပ်ချုပ်ချယ်မှုကိုခံနေရသည်။ (မဿဲ ၂၃:၂-၄) ဤအယူသီးသောခေါင်းဆောင်များသည် တစ်ပါးအမျိုးသားများထံမှ သီးခြားနေခြင်းနှင့်ပတ်သက်သော မောရှေပညတ်ချက်များကိုယူပြီး ဂျူးမဟုတ်သူများကိုအထင်သေးရမည်ဟု ကလိန်ကကျစ်ပြောဆိုခဲ့ကြသည်။ ဤသို့ဖြင့် တစ်ပါးအမျိုးသားများကို မုန်းတီးသည့်ဘာသာတစ်ခုမွေးထုတ်ခဲ့ကြရာ တစ်ပါးအမျိုးသားများ၏မုန်းတီးမှုကိုတန်ပြန်ခံခဲ့ရသည်။

၈ ထိုအချိန်က ဂျူးများသည် တစ်ပါးအမျိုးသားများကို ဆိုးယုတ်သူများဟု ယူမှတ်နေကြရာ သူတို့ကိုစက်ဆုပ်ရွံရှာရန်တိုက်တွန်းပေးဖို့ ဂျူးခေါင်းဆောင်များအတွက် မခဲယဉ်းတော့ချေ။ တစ်ပါးအမျိုးသားများကို “ရမ္မက်ကြီးသူများဖြစ်သည်ဟုယူမှတ်” ထားကြ၍ ဂျူးအမျိုးသမီးတစ်ဦးသည် သူတို့နှင့်တစ်ယောက်တည်းဘယ်တော့မျှမနေရန် ဘာသာရေးခေါင်းဆောင်များကသွန်သင်ကြသည်။ “သူတို့ကို သွေးသွန်းသူများဟုယူမှတ်ထားကြရာ သူတို့နှင့်အတူ” ဂျူးအမျိုးသားတစ်ဦးသည် “တစ်ယောက်တည်းမနေ” ရချေ။ တစ်ပါးအမျိုးသားတစ်ဦးနို့ညှစ်ချိန်တွင် ဂျူးတစ်ယောက်ရှိမနေလျှင် ထိုနို့ကိုအသုံးမပြုနိုင်ချေ။ သူတို့ခေါင်းဆောင်များ၏သြဇာလွှမ်းမိုးမှုကြောင့် ဂျူးများသည် ခပ်မှန်မှန်နေတတ်လာပြီး တစ်သီးတခြားနေလေ့ရှိကြသည်။—ယောဟန် ၄:၉ နှိုင်းယှဉ်။

၉။ ဂျူးမဟုတ်သူများနှင့်ပတ်သက်သော ဂျူးဘာသာရေးခေါင်းဆောင်များသွန်သင်ချက်၏အကျိုးဆက်ကား အဘယ်နည်း။

၉ ဂျူးမဟုတ်သူများနှင့်ပတ်သက်သည့် ထိုသို့သောသွန်သင်ချက်များသည် ဂျူးများနှင့် တစ်ပါးအမျိုးသားများကြား ကောင်းသောဆက်ဆံရေးမရှိစေခဲ့ပါ။ သို့ဖြစ်၍ တစ်ပါးအမျိုးသားများက ဂျူးများအား လူသားအားလုံးကိုမုန်းတီးသူများဟု ယူမှတ်ကြလေသည်။ “သူတို့သည် အခြားလူမျိုးအပေါင်းတို့ကို ရန်သူများပမာ မုန်းတီးကြ၏” ဟုဂျူးများနှင့်ပတ်သက်၍ ရောမသမိုင်းဆရာ တက်စီတပ်စ် (စီ.အီး. ၅၆ ခန့်တွင်ဖွားမြင်) ကဆိုခဲ့သည်။ ဂျူးဘာသာဝင်များဖြစ်လာကြသော တစ်ပါးအမျိုးသားများသည်လည်း သူတို့၏နိုင်ငံကိုစွန့်ပြီး ၎င်းတို့၏မိသားစုနှင့် မိတ်ဆွေများကိုတန်ဖိုးမရှိသူများအဖြစ် သဘောထားရန် သွန်သင်ခံရ၏။ ယေဘုယျအားဖြင့် ရောမလူမျိုးသည် အတော်အတန်လူဦးရေများသည့်အတွက် ဒုက္ခပေးနိုင်သောဂျူးများကို သည်းခံနေခဲ့ကြသည်။ သို့သော် စီ.အီး. ၆၆ တွင်ဂျူးလူမျိုး၏ပုန်ကန်မှုက ရောမများအား ကြမ်းကြမ်းတမ်းတမ်းလက်တုံ့ပြန်ဖို့လှုံ့ဆော်ပေးခဲ့ရာ စီ.အီး. ၇၀ တွင်ယေရုရှလင်မြို့ဖျက်ဆီးခံခဲ့ရသည်။

၁၀၊ ၁၁။ (က) တစ်ပါးအမျိုးသားများကို မည်သို့ဆက်ဆံရန် မောရှေ၏ပညတ်က တောင်းဆိုသနည်း။ (ခ) ယုဒဘာသာ၏အဖြစ်အပျက်မှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရရှိသနည်း။

၁၀ တစ်ပါးအမျိုးသားများအပေါ် ထိုသို့သဘောထားခြင်းနှင့် မောရှေပညတ်တွင်ဖော်ပြထားသော ဝတ်ပြုမှုပုံစံသည် မည်သို့ကွာခြားခဲ့သနည်း။ ပညတ်တရားက တိုင်းတစ်ပါးသားများနှင့် သီးခြားနေရန်တိုက်တွန်းပေးခဲ့သော်လည်း ယင်းက ဣသရေလလူများ၊ အထူးသဖြင့် ၎င်းတို့၏စင်ကြယ်သောဝတ်ပြုရေးကို ကာကွယ်ရန်ဖြစ်သည်။ (ယောရှု ၂၃:၆-၈) သို့တိုင် ဣသရေလလူမျိုး၏ပညတ်များကို တစ်ပါးအမျိုးသားများတမင်မနာခံမှုမပြသ၍ သူတို့ကို တရားသဖြင့်မျှမျှတတဆက်ဆံပြီး ဧည့်ဝတ်ပြုရမည်ဟု ပညတ်တရားကတောင်းဆိုထားသည်။ (ဝတ်ပြုရာ ၂၄:၂၂) တစ်ပါးအမျိုးသားများနှင့်ပတ်သက်၍ ပညတ်တရားတွင် ထင်ရှားစွာပေါ်လွင်သော အကျိုးသင့်အကြောင်းသင့်ရှိသည့်သဘောမှ သွေဖည်ခြင်းဖြင့် ယေရှုခေတ်ရှိ ဂျူးဘာသာရေးခေါင်းဆောင်များသည် မုန်းတီးခြင်းကိုဖြစ်ပွားစေသည့် ဝတ်ပြုမှုပုံစံကိုထုတ်ဖော်ခဲ့ကြရာ အမုန်းခံခဲ့ကြရ၏။ နောက်ဆုံးတွင် ပထမရာစုဂျူးလူမျိုးသည် ယေဟောဝါ၏မျက်နှာသာကိုဆုံးရှုံးခဲ့ရသည်။—မဿဲ ၂၃:၃၈။

၁၁ ဤတွင် ကျွန်ုပ်တို့အတွက် သင်ခန်းစာရှိသလော။ ရှိ၏။ ကျွန်ုပ်တို့၏ဘာသာရေးယုံကြည်ချက်များကို လက်မခံသူများအား အထင်အမြင်သေးပြီး ကိုယ်ကိုယ်ကိုဖြောင့်မတ်သည်ဟုယူဆကာ မတူမတန်ဆက်ဆံသောသဘောထားသည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးကို လုံးဝကိုယ်စားမပြု၊ ကိုယ်တော့်စိတ်တော်နှင့်လည်းမတွေ့ချေ။ ပထမရာစုမှ သစ္စာရှိခရစ်ယာန်များကိုသုံးသပ်ကြည့်ပါ။ သူတို့သည် ခရစ်ယာန်မဟုတ်သူများကို မမုန်းခဲ့ကြပါ၊ ရောမနိုင်ငံကိုလည်း မပုန်ကန်ခဲ့ကြချေ။ သို့သော်ငြားလည်း သူတို့သည် ‘အမုန်းခံခဲ့ကြရ’ သည်။ အဘယ်ကြောင့်နည်း။ မည်သူ့ကြောင့်နည်း။

ကနဦးခရစ်ယာန်များ —မည်သူတို့၏အမုန်းခံခဲ့ကြရသနည်း

၁၂။ ယေရှုသည် နောက်တော်လိုက်များအား ခရစ်ယာန်မဟုတ်သူများအပေါ် မျှတသောအမြင်ရှိစေလိုကြောင်း ကျမ်းစာစောင်များမှ မည်သို့သိရသနည်း။

၁၂ ယေရှုသည် တပည့်တော်များအား ခရစ်ယာန်မဟုတ်သူများအပေါ် မျှတသောအမြင်ရှိစေလိုခဲ့ကြောင်း ကိုယ်တော့်သွန်သင်ချက်များက ရှင်းလင်းစွာဖော်ပြ၏။ တစ်ဖက်မှကြည့်လျှင် ကိုယ်တော်၏နောက်လိုက်များသည် ဤလောကနှင့်မစပ်ဆိုင်ဟုမိန့်ဆိုခဲ့သည်။ ဆိုလိုသည်မှာ သူတို့သည် ယေဟောဝါ၏ဖြောင့်မတ်သောလမ်းစဉ်များနှင့် ဆန့်ကျင်သည့်သဘောထားများ၊ အကျင့်အကြံများကို ရှောင်ကြရပေလိမ့်မည်။ စစ်မှုနှင့် နိုင်ငံရေးကိစ္စများတွင် ကြားနေကြရမည်။ (ယောဟန် ၁၇:၁၄၊ ၁၆) အခြားတစ်ဖက်တွင် ခရစ်ယာန်မဟုတ်သူများကို အထင်သေးရန်သွန်သင်မည့်အစား “ရန်သူတို့ကိုချစ်ကြ” ရန်မိမိ၏နောက်လိုက်များအား ယေရှုသွန်သင်ခဲ့သည်။ (မဿဲ ၅:၄၄) ခရစ်ယာန်များအား တမန်တော်ပေါလုက ဤသို့တိုက်တွန်းခဲ့သည်– “သင်၏ရန်သူသည်မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။” (ရောမ ၁၂:၂၀) “ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြ” ဟူ၍လည်း ခရစ်ယာန်များကို သူပြောခဲ့သေးသည်။—ဂလာတိ ၆:၁၀။

၁၃။ ဂျူးဘာသာရေးခေါင်းဆောင်များသည် ခရစ်တော်၏တပည့်များကို အဘယ်ကြောင့် အလွန်အတိုက်အခံပြုခဲ့ကြသနည်း။

၁၃ သို့တိုင် မိမိတို့သည်အုပ်စုသုံးစုမှ ‘အမုန်းခံခဲ့ကြရ’ ကြောင်းခရစ်တော်၏တပည့်များသည် မကြာမီတွေ့ရှိခဲ့ကြသည်။ ပထမအုပ်စုမှာ ဂျူးဘာသာရေးခေါင်းဆောင်များဖြစ်သည်။ ခရစ်ယာန်များကို သူတို့ချက်ချင်းသတိထားမိခဲ့ကြခြင်းသည် အံ့ဩစရာမဟုတ်ပေ! အကျင့်နှင့် တည်ကြည်မှုဘက်တွင် ခရစ်ယာန်များ၏စံချိန်သည်မြင့်မားပြီး မျှော်လင့်ချက်ပေးသောသတင်းကို ဇွဲရှိရှိဖြင့် ဟောပြောနေကြသည်။ ထောင်နှင့်ချီသောလူတို့သည် ယုဒဘာသာကိုစွန့်ပြီး ခရစ်ယာန်ဘာသာကိုခံယူခဲ့ကြသည်။ (တမန်တော် ၂:၄၁; ၄:၄; ၆:၇) ဂျူးဘာသာရေးခေါင်းဆောင်များအတွက်မူ ယေရှု၏ဂျူးတပည့်တော်များသည် အယူဖောက်ပြန်သူများသာဖြစ်ကြသတည်း! (တမန်တော် ၁၃:၄၅ နှိုင်းယှဉ်။) ဒေါသထွက်နေကြသော ဤခေါင်းဆောင်များက ခရစ်ယာန်ဘာသာသည် မိမိတို့၏ထုံးတမ်းစဉ်လာများကို အချည်းနှီးဖြစ်စေသည်ဟု ယူမှတ်ခဲ့ကြသည်။ ကြည့်ပါလေ၊ ယင်းဘာသာသည် တစ်ပါးအမျိုးသားများနှင့်ပတ်သက်သော သူတို့၏သဘောထားကိုပင် ငြင်းပယ်သည်တကား! စီ.အီး. ၃၆ မှစ၍ တစ်ပါးအမျိုးသားများသည် ခရစ်ယာန်များဖြစ်လာနိုင်ကြရာ ယုံကြည်ခြင်းတစ်မျိုးတည်းရှိကြပြီး ဂျူးခရစ်ယာန်များကဲ့သို့ တန်းတူအခွင့်အရေးများကိုခံစားကြရသည်။—တမန်တော် ၁၀:၃၄၊ ၃၅။

၁၄၊ ၁၅။ (က) ခရစ်ယာန်များသည် အယူမှားသောဝတ်ပြုသူများ၏မုန်းတီးမှုကို အဘယ်ကြောင့်ခံခဲ့ကြရသနည်း။ ဥပမာတစ်ခုပေးပါ။ (ခ) ကနဦးခရစ်ယာန်များသည် အဘယ်တတိယအုပ်စု၏ ‘အမုန်းခံခဲ့ကြရ’ သနည်း။

၁၄ ခရစ်ယာန်များကိုမုန်းသော ဒုတိယအုပ်စုမှာ အယူမှားသောဝတ်ပြုသူများဖြစ်သည်။ ဥပမာ၊ ရှေးဧဖက်မြို့တွင် အာတေမိနတ်သမီး၏ငွေဗိမာန်ငယ်များကိုပြုလုပ်ခြင်းသည် အကျိုးအမြတ်များသောလုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။ သို့သော် ထိုနေရာတွင် ပေါလုဟောပြောခဲ့သောအခါ ဧဖက်မြို့သားအတော်များများတုံ့ပြန်လာခဲ့ကြရာ အာတေမိဝတ်ပြုရေးကိုစွန့်လွှတ်ခဲ့ကြသည်။ သူတို့၏လုပ်ငန်းကိုထိပါးလာသဖြင့် ငွေပန်းထိမ်သမားများ ဆူပူလှုပ်ရှားခဲ့ကြသည်။ (တမန်တော် ၁၉:၂၄-၄၁) ခရစ်ယာန်ဘာသာသည် ဘီသနီယာပြည်နယ် (ယခုခေတ်တူရကီအနောက်မြောက်) အထိပျံ့နှံ့ခဲ့ပြီးနောက် အလားတူအဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့သည်။ ခရစ်ယာန်ဂရိကျမ်းစာစောင်အပြည့်အစုံကိုရေးပြီးမကြာမီတွင် အယူမှားသောဘုရားဝတ်ကျောင်းများတွင်လူမရှိ၊ ယဇ်ပူဇော်မည့်တိရစ္ဆာန်များအစာရောင်းဝယ်ခြင်းသည် အကြီးအကျယ်လျော့နည်းခဲ့ကြောင်း ဘီသနီယာဘုရင်ခံပလင်နီက အစီရင်ခံခဲ့သည်။ ခရစ်ယာန်များ၏ဝတ်ပြုမှုတွင် တိရစ္ဆာန်ယဇ်ကောင်များနှင့် ရုပ်ပုံများကိုအသုံးမပြုကြသည့်အတွက် သူတို့ကိုအပြစ်တင်ပြီး နှိပ်စက်ညှဉ်းပန်းခဲ့ကြသည်။ (ဟေဗြဲ ၁၀:၁-၉; ၁ ယောဟန် ၅:၂၁) ရှင်းနေသည်မှာ ခရစ်ယာန်ဘာသာပျံ့နှံ့မှုသည် အယူမှားသောဝတ်ပြုရေးနှင့်ဆက်စပ်သည့် အမြတ်ကြီးစားလုပ်ငန်းအချို့ကိုထိခိုက်စေခဲ့ရာ အလုပ်အကိုင်နှင့်ငွေကြေးဆုံးရှုံးခဲ့သူတို့က ယင်းကိုမကျေနပ်ကြခြင်းဖြစ်သည်။

၁၅ တတိယ၊ ခရစ်ယာန်များသည် လူမျိုးရေးစိတ်ပြင်းထန်သည့်ရောမများကြောင့် ‘အမုန်းခံခဲ့ကြရ’ သည်။ အစအဦးတွင် ခရစ်ယာန်များကို အုပ်စုငယ်တစ်ခု၊ အယူသီးသောဘာသာရေးအုပ်စုတစ်ခုအဖြစ်သာ ရောမများသိမြင်ထားကြသည်။ သို့သော် အတန်ကြာလေသော် ခရစ်ယာန်အမည်ခံယူခြင်းသည်ပင် သေဒဏ်ခံထိုက်သည့်ပြစ်မှုဖြစ်လာခဲ့သည်။ ခရစ်ယာန်တစ်ဦးအဖြစ်အသက်ရှင်နေထိုင်သော ရိုးသားသည့်နိုင်ငံသားများကို နှိပ်စက်ညှဉ်းပန်းပြီး သေဒဏ်ခံထိုက်သူများအဖြစ် အဘယ်ကြောင့်ရှုမြင်ခဲ့ကြသနည်း။

ကနဦးခရစ်ယာန်များ—ရောမအသိုင်းအဝိုင်းတွင် အဘယ်ကြောင့်အမုန်းခံခဲ့ကြရသနည်း

၁၆။ ခရစ်ယာန်များသည် အဘယ်နည်းများဖြင့် လောကမှသီးခြားနေခဲ့ကြကာ ယင်းက သူတို့အား ရောမအသိုင်းအဝိုင်းတွင် အဘယ်ကြောင့်လူအများကြိုက်မဖြစ်စေခဲ့သနည်း။

၁၆ အဓိကအားဖြင့် ခရစ်ယာန်များသည် သူတို့၏ဘာသာရေးယုံကြည်ချက်များကို ကျင့်သုံးကြခြင်းကြောင့် ရောမအသိုင်းအဝိုင်းတွင် အမုန်းခံခဲ့ရခြင်းဖြစ်သည်။ ဥပမာ၊ သူတို့သည် လောကနှင့်သီးခြားနေခဲ့ကြသည်။ (ယောဟန် ၁၅:၁၉) ထို့ကြောင့် နိုင်ငံရေးရာထူးများကို မယူကြသည့်ပြင် စစ်မှုထမ်းရန်လည်းငြင်းဆန်ခဲ့ကြသည်။ သို့ဖြစ်၍ သူတို့သည် “လောကနှင့်ပတ်သက်၍အသေဖြစ်ပြီး လူ့ဘဝကိစ္စအရပ်ရပ်တွင် အသုံးမဝင်သူများအဖြစ်ဖော်ပြခံရကြ၏” ဟုသမိုင်းဆရာ ဩဂတ်စ်တပ်စ်နီယန်းဒါးကဆိုသည်။ လောကနှင့်မစပ်ဆိုင်ခြင်းသည် ယိုယွင်းသောရောမအသိုင်းအဝိုင်း၏ ဆိုးညစ်သည့်အကျင့်များကို ရှောင်ခြင်းလည်းဖြစ်သည်။ “ခရစ်ယာန်အသိုင်းအဝိုင်းငယ်များသည် ၎င်းတို့၏ဘုရားတရားကိုင်းရှိုင်းခြင်းနှင့် အကျင့်စင်ကြယ်ခြင်းတို့ဖြင့် အပျော်မက်သောအယူမှားသည့်လောကကို စိတ်အနှောင့်အယှက်ဖြစ်စေနေသည်” ဟုသမိုင်းဆရာဝီလ်ဒူးရဲန့်ကရှင်းပြ၏။ (၁ ပေတရု ၄:၃၊ ၄) ရောမများသည် ခရစ်ယာန်များကိုနှိပ်စက်ညှဉ်းပန်းပြီး ကွပ်မျက်ခြင်းဖြင့် သူတို့၏စိတ်ကို မသိုးမသန့်ဖြစ်စေသူများအား ချေဖျက်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပေမည်။

၁၇။ ပထမရာစုခရစ်ယာန်များ၏ ဟောပြောခြင်းလုပ်ငန်းသည် ထိရောက်ခဲ့ကြောင်း အဘယ်အရာကဖော်ပြသနည်း။

၁၇ ပထမရာစုခရစ်ယာန်များသည် မလျှော့သောဇွဲဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုဟောပြောခဲ့ကြသည်။ (မဿဲ ၂၄:၁၄) စီ.အီး. ၆၀ ခန့်တွင် သတင်းကောင်းကို “ကောင်းကင်အောက်၌ရှိသမျှသော [သတ္တဝါအပေါင်း] တို့အား ဟောပြော” ခဲ့ပြီဟု ပေါလုပြောနိုင်ခဲ့သည်။ (ကောလောသဲ ၁:၂၃) ပထမရာစုအကုန်ပိုင်းတွင် ယေရှု၏နောက်လိုက်များသည် ရောမအင်ပါယာတစ်လျှောက်လုံးရှိ အာရှတိုက်၊ ဥရောပတိုက်နှင့်အာဖရိကတိုက်တို့တွင် တပည့်များဖြစ်စေခဲ့ကြပြီ! “ကဲသာဘုရင်၏နန်းတော်” သားတချို့ပင်လျှင် ခရစ်ယာန်များဖြစ်လာခဲ့ကြသည်။a (ဖိလိပ္ပိ ၄:၂၂) ဤသို့ထက်သန်စွာဟောပြောခြင်းသည် မကျေနပ်မှုကိုဖြစ်ပွားစေခဲ့၏။ နီယန်းဒါးက ဤသို့ဆိုသည်– “ခရစ်ယာန်ဘာသာသည် လူတန်းစားအသီးသီးတွင် တဖြည်းဖြည်းတိုးတက်လာခဲ့ရာ နိုင်ငံဘာသာအားဆုံးခန်းတိုင်စေမည်ကို စိုးရိမ်ခဲ့ကြသည်။”

၁၈။ ယေဟောဝါအားအကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခြင်းသည် ရောမအစိုးရနှင့် မည်သို့အဆင်မပြေဖြစ်စေခဲ့သနည်း။

၁၈ ယေရှု၏နောက်လိုက်များသည် ယေဟောဝါအားအကြွင်းမဲ့ဆည်းကပ်ဝတ်ပြုခဲ့ကြသည်။ (မဿဲ ၄:၈-၁၀) သူတို့ဝတ်ပြုရေး၏ ဤအသွင်သည် ရောမနိုင်ငံနှင့်အဆင်မပြေဆုံးဖြစ်စေဖွယ်ရှိသည်။ ရောမများသည် အခြားမည်သည့်ဘာသာကိုမဆို ဧကရာဇ်ဝတ်ပြုမှုတွင်ပါဝင်သ၍ သည်းခံနေတတ်ကြသည်။ ကနဦးခရစ်ယာန်များမှာမူ ထိုသို့သောဝတ်ပြုရေး၌လုံးဝမပါဝင်နိုင်ခဲ့ကြချေ။ မိမိတို့သည် ရောမနိုင်ငံထက် မြင့်မြတ်သည့်အခွင့်အာဏာရှင်ဖြစ်သူ ယေဟောဝါဘုရားသခင်အား စာရင်းရှင်းရန်ရှိသည်ဟုယူမှတ်ခဲ့ကြသည်။ (တမန်တော် ၅:၂၉) ယင်းကြောင့် ခရစ်ယာန်တစ်ဦးသည် အခြားကဏ္ဍအားလုံးတွင် မည်မျှပင်နိုင်ငံသားကောင်းဖြစ်စေကာမူ ထိုနိုင်ငံ၏ရန်သူတစ်ဦးအဖြစ်ယူမှတ်ခံခဲ့ရသည်။

၁၉၊ ၂၀။ (က) သစ္စာရှိခရစ်ယာန်များအကြောင်း ယုတ်မာစွာသွားပုပ်လေလွင့်ပြောဆိုမှုများ၏ အဓိကတရားခံကားမည်သူနည်း။ (ခ) ခရစ်ယာန်များကို မည်သို့မတရားစွပ်စွဲခဲ့သနည်း။

၁၉ သစ္စာရှိခရစ်ယာန်များသည် ရောမလောကတွင် ‘အမုန်းခံခဲ့ရ’ သည့်နောက်အကြောင်းတစ်ခုရှိသေးသည်– သူတို့အကြောင်း ယုတ်မာစွာသွားပုပ်လေလွင့်ပြောသောစကားကို အလွယ်တကူယုံကြည်လက်ခံခဲ့ကြ၍ဖြစ်သည်။ ယင်းစွဲချက်များ၏တရားခံသည် အဓိကအားဖြင့် ဂျူးဘာသာရေးခေါင်းဆောင်များဖြစ်ကြသည်။ (တမန်တော် ၁၇:၅-၈) စီ.အီး. ၆၀ သို့မဟုတ် ၆၁ ခန့်၌ ရောမနိုင်ငံတွင် ဧကရာဇ်နီရို၏စစ်ဆေးမှုခံယူရန် ပေါလုစောင့်ဆိုင်းနေခဲ့စဉ် ခရစ်ယာန်များအကြောင်း ဂျူးခေါင်းဆောင်များက ဤသို့ဆိုခဲ့ကြသည်– “ဤဘာသာသည်အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်။” (တမန်တော် ၂၈:၂၂) နီရိုသည် သူတို့အကြောင်းသွားပုပ်လေလွင့်စကားကို ကြားခဲ့မည်မှာမလွဲချေ။ စီ.အီး. ၆၄ တွင်ရောမမြို့ကိုမီးရှို့ခြင်းအတွက် အပြစ်ပုံချခံရသောအခါ နီရိုသည် အပုပ်ချခံထားနှင့်ပြီးသောခရစ်ယာန်များကို ဓားစာခံများအဖြစ် ရွေးချယ်ဖော်ပြခဲ့သည်။ ယင်းက ခရစ်ယာန်များကို သုတ်သင်ရှင်းလင်းပစ်ရန် အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုလှိုင်းဂယက်ကိုဖြစ်စေခဲ့သည်။

၂၀ ခရစ်ယာန်များအား မတရားစွပ်စွဲချက်များသည် ဗြောင်ကျကျလိမ်လည်မှုများဖြစ်ပြီး သူတို့၏ယုံကြည်ချက်များကိုကလိန်ကကျစ်ပြုခြင်းလည်းဖြစ်လေ့ရှိသည်။ သူတို့သည် ဘုရားတစ်ဆူတည်းကိုကိုးကွယ်ပြီး ဧကရာဇ်ကိုမကိုးကွယ်ကြသောကြောင့် ဘုရားမဲ့သူများဟု သမုတ်ခံကြရသည်။ ခရစ်ယာန်မဟုတ်သောမိသားစုဝင်အချို့သည် သူတို့၏ခရစ်ယာန်ဆွေမျိုးများကိုဆန့်ကျင်ကြသောကြောင့် ခရစ်ယာန်များသည် မိသားစုများကို ပြိုကွဲစေသူများဖြစ်သည်ဟု စွပ်စွဲခံရသည်။ (မဿဲ ၁၀:၂၁) လူသားစားသူများဖြစ်သည်ဟု စွပ်စွဲခံရခြင်းမှာလည်း သခင့်ညစာစားပွဲတွင် ယေရှုပြောခဲ့သောစကားများကို တလွဲကောက်ခြင်းကြောင့်ဖြစ်သည်ဟု အချို့ကဆိုသည်။—မဿဲ ၂၆:၂၆-၂၈။

၂၁။ အဘယ်အကြောင်းနှစ်ခုကြောင့် ခရစ်ယာန်များ ‘အမုန်းခံခဲ့ကြရ’ သနည်း။

၂၁ ထို့ကြောင့် သစ္စာရှိခရစ်ယာန်များသည် အကြောင်းရင်းနှစ်ခုကြောင့် ရောမများ၏ ‘အမုန်းခံခဲ့ကြရ’ သည်– (၁) သမ္မာကျမ်းစာအခြေခံသော သူတို့၏ယုံကြည်ချက်များနှင့် ကျင့်ထုံးများ၊ (၂) သူတို့ကိုမတရားစွပ်စွဲထားသည့်စကားများဖြစ်သည်။ မည်သည့်အကြောင်းပင်ဖြစ်စေ အတိုက်အခံပြုသူများ၌ ရည်ရွယ်ချက်တစ်ခုသာရှိသည်– ခရစ်ယာန်ဘာသာကို နှိပ်ကွပ်ရန်ဖြစ်သည်။ အမှန်မှာ၊ ခရစ်ယာန်များအားနှိပ်စက်ညှဉ်းပန်းခြင်းကို သွေးထိုးပေးသူများသည် လူထက်စွမ်းသောအတိုက်အခံပြုသူများ၊ မျက်မြင်မရနာမ်ဝိညာဉ်ဆိုးများဖြစ်သည်။—ဧဖက် ၆:၁၂။

၂၂။ (က) ယေဟောဝါသက်သေများသည် “ခပ်သိမ်းသောသူတို့အားကျေးဇူးပြု” ရန်ကြိုးစားကြကြောင်း အဘယ်ဥပမာကဖော်ပြသနည်း။ (စာမျက်နှာ ၁၁ ပါလေးထောင့်ကွက်ရှု။) (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းဆွေးနွေးကြမည်နည်း။

၂၂ ကနဦးခရစ်ယာန်များနည်းတူ မျက်မှောက်ခေတ်ယေဟောဝါသက်သေများသည် နိုင်ငံဒေသအသီးသီးတွင် ‘အမုန်းခံခဲ့ကြရ’ သည်။ သို့တိုင် သူတို့သည် သက်သေခံမဟုတ်သူများကို မမုန်းကြပါ; အစိုးရများကိုလည်း ဘယ်သောအခါမျှ မဆန့်ကျင်မပုန်ကန်ခဲ့ဖူးကြချေ။ ယင်းအစား သူတို့သည် လူမှုရေး၊ အမျိုးသားရေးနှင့် လူမျိုးစုရေးအတားအဆီးအားလုံးကိုဖြတ်ကျော်နိုင်သည့် စစ်မှန်သောမေတ္တာကိုကျင့်သုံးသူများအဖြစ် ကမ္ဘာတစ်ဝန်းကျော်ကြားကြသည်။ သို့ဆိုလျှင် သူတို့သည် အဘယ်ကြောင့်နှိပ်စက်ညှဉ်းပန်းခံရကြသနည်း။ အတိုက်အခံပြုမှုကို သူတို့မည်သို့တုံ့ပြန်ကြသနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြမည်။

[အောက်ခြေမှတ်ချက်များ]

a “ကဲသာဘုရင်၏နန်းတော်” ဟူသောစကားအသုံးအနှုန်းသည် ထိုအချိန်ကအစိုးရသော နီရိုဘုရင်၏မိသားစုကိုမဆိုလိုပါ။ ယင်းအစား ဧကရာဇ်မိသားစုနှင့် အမှုထမ်းများအတွက် ချက်ပြုတ်၊ သန့်ရှင်းပေးသည့် အိမ်မှုရေးရာများပြုလုပ်ရသော ကျေးကျွန်များနှင့်အရာရှိငယ်များကို ဆိုလိုနိုင်ပေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ယေရှုသည် မိမိ၏နောက်လိုက်ဖြစ်လာနိုင်ဖွယ်ရှိသူများအား တပည့်ဖြစ်ခြင်း၏အကုန်အကျကိုတွက်ကြရန် အဘယ်ကြောင့်တိုက်တွန်းခဲ့သနည်း။

◻ ဂျူးမဟုတ်သူများအပေါ် ခေတ်စားနေသောသဘောထားက ယုဒဘာသာအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ ယင်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရသနည်း။

◻ သစ္စာရှိကနဦးခရစ်ယာန်များသည် အဘယ်အုပ်စုသုံးခုမှအတိုက်အခံပြုမှုကို ကြုံခဲ့ကြသနည်း။

◻ ကနဦးခရစ်ယာန်များသည် အဘယ်အခြေခံအကြောင်းရင်းများကြောင့် ရောမများ၏ ‘အမုန်းခံခဲ့ကြရ’ သနည်း။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

‘ခပ်သိမ်းသောသူတို့အားကျေးဇူးပြုခြင်း’

ယေဟောဝါသက်သေများသည် “ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြ” လော့ဟူသောသမ္မာကျမ်းစာသတိပေးချက်ကို ကြိုးစားလိုက်လျှောက်ကြသည်။ (ဂလာတိ ၆:၁၀) လိုအပ်သည့်အခါများ၌ အိမ်နီးချင်းမေတ္တာက သူတို့နှင့်ဘာသာမတူသူများကို ကူညီရန်လှုံ့ဆော်ပေး၏။ ဥပမာ၊ ၁၉၉၄ ခုနှစ်၌ ရဝမ်ဒါနိုင်ငံတွင် ဘေးဆိုးကြီးကာလအတွင်း ဥရောပမှသက်သေခံများသည် ကယ်ဆယ်ရေးပစ္စည်းများဖြင့် အကူအညီပေးရန် အာဖရိကသို့သွားရောက်ခဲ့ကြသည်။ အကူအညီပေးရန် စနစ်တကျရှိသောစခန်းများနှင့် ယာယီဆေးရုံများကို အလျင်အမြန်တည်ထောင်ပေးခဲ့ကြသည်။ အစားအစာ၊ အဝတ်အစားနှင့်စောင် အမြောက်အမြားကို လေယာဉ်ဖြင့် တင်ပို့ပေးခဲ့ကြသည်။ ဤကယ်ဆယ်ရေးလုပ်ငန်းမှ အကျိုးခံစားခဲ့ကြသောဒုက္ခသည်ဦးရေသည် ထိုဒေသရှိသက်သေခံဦးရေထက် သုံးဆကျော်သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ပထမရာစုခရစ်ယာန်များသည် မလျှော့သောဇွဲဖြင့် သတင်းကောင်းဟောပြောခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ