ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁၅ စာ. ၈-၁၁
  • အလျှော့ပေးလိုက်လျောရန်စိတ်မကူး!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလျှော့ပေးလိုက်လျောရန်စိတ်မကူး!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြောင်းမဲ့မုန်းတီးခံရ
  • ရောမက အရှိန်တိုးမြှင့်ခြင်း
  • ထင်ရှားပြတ်သားလှသောခြားနားချက်များ
  • သက်သေခံခြင်း၏အကျိုးရလဒ်
  • တိုးပွားမှုက ပိုမိုညှဉ်းပန်းခြင်းကိုဖြစ်စေ
  • အကျိုးရလဒ်
  • အစောပိုင်းခရစ်ယာန်ဘာသာ နှင့် နိုင်ငံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ရှေး ခရစ်ယာန် များနှင့် ဤလောက
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သူတို့၏ယုံကြည်ခြင်းကြောင့် အမုန်းခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • အစောပိုင်း ခရစ်ယာန်ဘာသာနှင့် ရောမနတ်ဘုရားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁၅ စာ. ၈-၁၁

အလျှော့ပေးလိုက်လျောရန်စိတ်မကူး!

ယေဟောဝါ၏လက်တော်သည် ယေရှုခရစ်၏ရှေးဦးနောက်လိုက်များနှင့် အတူရှိခဲ့သည်။ (တမန်တော် ၁၁:၂၁) ဘုရားသခင်၏ကူညီမစမှုအားဖြင့်၊ သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို အလျှော့မပေးစတမ်း လိုက်လျှောက်နိုင်ခဲ့ကြသည်။ ၎င်းတို့သည် အတိုက်အခံရန်လိုမုန်းတီးမှုသာမက ညှဉ်းပန်းနှိပ်စက်ခြင်းပင်ခံခဲ့ကြကြောင်းမှာ လူသိများသောသမိုင်းဖြစ်ရပ်မှန်တစ်ခုဖြစ်သည်။

ယေရှုခရစ်၏ အဦးဆုံးသောသစ္စာရှိနောက်လိုက်များ၏ သမာဓိတည်ကြည်မှုမှာ ဥဒါန်းတွင်လာခဲ့သည်။ သူတို့သည် အသက်ပင်စွန့်ရစွန့်ရ မိမိတို့၏ယုံကြည်ချက်ကိုအလျှော့ပေးရန် ငြင်းဆိုခဲ့ကြသည်။ သို့သော် သူတို့သည် အဘယ်ကြောင့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်းခံခဲ့ကြရသနည်း။

အကြောင်းမဲ့မုန်းတီးခံရ

ယေရှုနည်းတူပင် စစ်မှန်သောခရစ်ယာန်များသည် ဤလောက၏ယုံကြည်ချက်နှင့်ရည်မှန်းချက်များကို မျှဝေဆက်ဆံခြင်းမပြုကြပါ။ (၁ ယောဟန် ၄:၄-၆) ထို့အပြင် သမိုင်းပညာရှင်အက်ဒမွန်ဒပရက်စန်စေးမှတ်ချက်ပြုသည့်အတိုင်း ခရစ်ယာန်ဘာသာ၏တိုးတက်ကျယ်ပြန့်လာမှုသည် “အလွန်လျင်မြန်ပြီး ယင်း၏အောင်မြင်မှုသည်လည်း ထူးခြားပေါ်လွင်လှသဖြင့် (ရောမအင်ပါယာ၏ဧကရာဇ်သြဇာအာဏာနှင့်) ကြောက်မက်ဖွယ်ကောင်းသော ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားရန်မှာ ရှောင်လွှဲ၍မရသောအရာဖြစ်ခဲ့” လေသည်။

တစ်ခါတွင်ယေရှုသည် ပရောဖက်ဆာလံစကားတစ်ခွန်းကို မိမိကိုယ်ကိုရည်ညွှန်းပြီး ဤသို့ ပြောသည်– “အကြောင်းမရှိဘဲငါ့ကိုမုန်းကြ၏။” (ယောဟန် ၁၅:၂၅; ဆာလံ ၆၉:၄) ဤအကြောင်းကို တပည့်တော်တို့အားမပြောပြမီ ကိုယ်တော်သတိပေးသည်မှာ “ကျွန်သည် မိမိသခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်။ . . . သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်” ဟူ၍ဖြစ်သည်။ (ယောဟန် ၁၅:၂၀) ကိုယ်တော်၏ခြေရာတော်အတိုင်းလိုက်လျှောက်ရန်မှာ လွယ်ကူမည်မဟုတ်။ အကြောင်းတစ်ခုမှာ ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှု၏ဂျူးတပည့်တော်များအား ယုဒဘာသာမှဖောက်ပြန်ခွဲထွက်သူများအဖြစ် ဆက်ဆံကြမည်ဖြစ်သည်။ သို့ ဖြစ်သော်လည်း ယေရှု၏တပည့်တော်များအနေနှင့် ကိုယ်တော်အကြောင်းထပ်မံဟောပြောခြင်းမပြုတော့ရန် တောင်းဆိုခံရကြသောအခါ သူတို့သည် မိမိတို့၏ယုံကြည်ချက်ကို အလျှော့ပေးလိုက်လျောရန် ငြင်းဆိုခဲ့ကြပေသည်။—တမန်တော် ၄:၁၇-၂၀; ၅:၂၇-၃၂။

စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲပြီးနောက် မကြာမီကလေးတွင် ဂျူးတရားရုံး၌ တင်သွင်းခဲ့သောသက်သေထွက်ဆိုချက်တွင် တပည့်တော်သတေဖန်အား ‘မောရှေနှင့်ဘုရားသခင်ကိုလွန်ကျူး၍ပြောဆိုသည်’ ဟု စွပ်စွဲထားသည်။ ထိတ်လန့်ရှက်ဖွယ်ကောင်းသော မုသားစွပ်စွဲချက်ဖြစ်သော်လည်း သတေဖန်သည် ခဲဖြင့်ပစ်သတ်စီရင်ခြင်းခံခဲ့ရလေသည်။ အကျိုးဆက်အဖြစ် “ယေရုရှလင်မြို့၌ရှိသောအသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရ” ကာ “တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား” သွားကြလေသည်။ (တမန်တော် ၆:၁၁၊ ၁၃; ၈:၁) အများအပြားမှာလည်း အကျဉ်းချခြင်းခံရလေသည်။

ဂျူးများသည် ယေရှု၏နောက်လိုက်များအား “မကြေနိုင်သောမုန်းတီးခြင်း” ဖြင့် လိုက်လံညှဉ်းဆဲကြသည်ဟု ခရစ်ယာန်ဘာသာနှင့်ရောမအင်ပါယာ ဟူသောစာအုပ်ကဆိုသည်။ မကြာခဏဆိုသလို ခရစ်ယာန်ဘာသာဝင်များအား ရောမအစိုးရကအကာအကွယ်ပေးခဲ့ခြင်းပင်ဖြစ်သည်! ဥပမာဆိုလျှင် ရောမစစ်သည်များသည် တမန်တော်ပေါလုအား ဂျူးများ၏လုပ်ကြံသတ်ဖြတ်မည့်ဘေးမှကယ်တင်ခဲ့ကြသည်။ (တမန်တော် ၂၁:၂၆-၃၆) သို့ တိုင် ခရစ်ယာန်များနှင့် ရောမလူမျိုးတို့အကြားဆက်ဆံရေးမှာ တည်ငြိမ်ခြင်းတော့မရှိခဲ့ချေ။

ရောမက အရှိန်တိုးမြှင့်ခြင်း

သတေဖန်သေပြီးကိုးနှစ်နီးပါးအကြာတွင် ရောမဘုရင်ခံပထမမြောက်ဟေရုဒ်အဂြိပ္ပသည် ဂျူးလူမျိုးများ၏အကြိုက်ကိုဆောင်သည့်အနေနှင့် တမန်တော်ယာကုပ်ကိုကွပ်မျက်ခဲ့သည်။ (တမန်တော် ၁၂:၁-၃) ထိုအချိန်တွင်၊ ခရစ်တော်ကိုယုံကြည်မှုသည် ရောမမြို့၌ ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ (တမန်တော် ၂:၁၀) စီ.အီး. ၆၄ ခုနှစ်တွင် ရောမမြို့ကြီးမီးလောင်ရာ အပျက်အစီးကြီးမားခဲ့သည်။ မီးလောင်မှုအတွက် ဘုရင်နီရို၌တာဝန်ရှိသည်ဟူသော ကောလာဟလသတင်းထွက်လျက်ရှိပြီး ယင်းကိုချေဖျက်ရန်ကြိုးစားသည့်အနေနှင့် နီရိုဘုရင်က ခရစ်ယာန်များရှို့ခြင်းဖြစ်သည်ဟုစွပ်စွဲခဲ့ပြီးနောက် ခရစ်ယာန်ဘာသာဝင်များအပေါ် ကြောက်မက်ဖွယ်ကောင်းသောညှဉ်းပန်းနှိပ်စက်ခြင်းကျရောက်ခဲ့လေတော့သည်။ ရောမမြို့ကြီးကို ပို၍ခမ်းနားကြီးကျယ်စွာပြန်လည်တည်ဆောက်ကာ မိမိအမည်ဖြင့် နီရိုပိုလစ်ဟုမှည့်ခေါ်လို၍ နီရိုဘုရင်ကိုယ်တိုင်ကရှို့ခဲ့ခြင်းလော။ သို့တည်းမဟုတ် ခရစ်ယာန်များအပေါ် မုန်းတီးစိတ်ပြင်းထန်သူဟုနာမည်ရသော သူ၏ဧကရီမိဖုရားဂျူးအမျိုးသမီးဘာသာပြောင်းလာသူ ပေါ်ပေယာ၏သြဇာလွှမ်းမိုးမှုကြောင့် ခရစ်ယာန်များအားထိုသို့စွပ်စွဲလိုက်ခြင်းလော။ သမိုင်းသုတေသီများက တိတိကျကျမပြောနိုင်ကြပါ၊ သို့သော် ထိခိုက်မှုမှာ ကြောက်ခမန်းလိလိပင်။

ရောမလူမျိုးသမိုင်းဆရာတက်စီးတပ်စ်က ဤသို့ဆိုသည်– “သေအောင်ညှဉ်းဆဲခြင်းတွင် မထီမဲ့မြင်ပြုခြင်းကိုပါ ဖြည့်စွက်ကြသည်။ ခရစ်ယာန်များအား တိရစ္ဆာန်အရေခွံများကိုဝတ်ခြုံစေပြီး ခွေးများ၏ကိုက်ဖြတ်ဆွဲဆုတ်ခြင်းကို ခံစေကြသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် တင်ရိုက်ကြသည်။ သူတို့၏ကိုယ်ပေါ်တွင် မီးစွဲလောင်နိုင်အောင်စီမံပြုလုပ်ကာ ညရောက်လျှင်အလင်းပေးရန်၊” ဧကရာဇ်နန်းတော်ဥယျာဉ်များထွန်းလင်းရန် မနုဿမီးတုတ်များအဖြစ်အသုံးပြုကြသည်။ ခရစ်ယာန်များ၏မိတ်ဆွေမဟုတ်သောတက်စီးတပ်စ်က ထပ်၍ဆိုပါသည်– “အပြစ်ရှိပြီး စံပြအပြစ်ဒဏ်ခံထိုက်သူများဖြစ်လျက်နှင့် သူတို့သည် အများပြည်သူလူထုကောင်းစားရေးအတွက်မဟုတ်ဘဲ နီရိုဟူသောတစ်ဦးတည်းသူ၏ရက်စက်မှုကြောင့် ဖျက်ဆီးခံကြရသူများအနေနှင့် သနားကရုဏာကိုနှိုးကြွစေကြသည်။”

ထင်ရှားပြတ်သားလှသောခြားနားချက်များ

ရောမမြို့ကြီးပျက်စီးမှုဖြင့် ခရစ်ယာန်များကိုစွပ်စွဲသော်လည်း နီရိုသည် ၎င်းတို့ကိုပိတ်ပင်ခြင်း၊ သို့မဟုတ် ခရစ်ဘာသာကိုနိုင်ငံတွင်းရှိမတရားအသင်းတစ်ခုအဖြစ်ကြေညာခြင်းမပြုခဲ့ပေ။ သို့ ဖြစ်လျှင် ရောမလူမျိုးများသည် ခရစ်ယာန်တို့ကို အဘယ့်ကြောင့်လိုက်၍ညှဉ်းဆဲကြသနည်း။ အကြောင်းမှာ “သေးငယ်သောခရစ်ယာန်အသိုင်းအဝိုင်းများသည် ၎င်းတို့၏ဘုရားတရားကိုင်းရှိုင်းခြင်းနှင့် အကျင့်စင်ကြယ်ခြင်းတို့ဖြင့် အပျော်မက်သောတိတ္ထိကမ္ဘာကြီးကို အနှောင့်အယှက်ပေးလျက်နေခဲ့ကြသောကြောင့်ဖြစ်သည်” ဟု သမိုင်းဆရာဝီလ်ဒူးရဲ့န်ကဆိုပါသည်။ ခရစ်ယာန်ဘာသာသည် ရောမတို့၏လူလူချင်းသွေးချောင်းစီးထိုးခုတ်သတ်ပုတ်ပြိုင်ပွဲများနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ခြားနားနေသည်။ ရောမလူမျိုးတို့အတွက် ခရစ်ယာန်များကိုရှင်းလင်းပြီး မိမိတို့ပြုချင်ရာကို စိတ်သန့်သန့်ဖြင့်ပြုနိုင်ရန်မှာ လက်မလွတ်သင့်သောအခွင့်အရေးတစ်ခုဖြစ်ခဲ့သည်။

ကမ္ဘာ့အာဏာစက်အနေနှင့် ရောမတို့သည် မိမိတို့ကို မည်သူမျှမအောင်နိုင်ဟု ယူဆကြသည်။ ၎င်းတို့၏စစ်ရည်စစ်သွေးထက်မြက်မှု၏အကြောင်းတစ်ခုမှာ ၎င်းတို့သည် ဘုရားအားလုံးကိုကိုးကွယ်သောကြောင့်ဖြစ်သည်ဟု ရောမတို့ယုံကြည်ကြသည်။ သို့ ဖြစ်ရာ ဧကရာဇ်ကိုးကွယ်မှုအပါအဝင် အခြားသောဘုရားအားလုံးကိုငြင်းပယ်သော ခရစ်ယာန်တို့၏တစ်ဆူတည်းသောဘုရားအယူဝါဒကို လက်ခံသဘောပေါက်ရန် ရောမလူမျိုးများအဖို့ များစွာခဲယဉ်းခဲ့လေသည်။ ၎င်းတို့အနေနှင့် ခရစ်ယာန်ဘာသာကို အင်ပါယာ၏အခြေခံမဏ္ဍိုင်အားချိနဲ့ယိမ်းယိုင်စေသော အဖျက်သြဇာအဖြစ်မြင်ခဲ့ကြသည်မှာ မထူးဆန်းသောအရာပင်ဖြစ်သည်။

သက်သေခံခြင်း၏အကျိုးရလဒ်

စီ.အီး. ပထမရာစုနှစ်အကုန်ပိုင်းတွင် တမန်တော်ယောဟန်သည် “ဘုရားသခင်အကြောင်းပြောဆိုမှုနှင့် ယေရှုအကြောင်းသက်သေခံခြင်းတို့ကြောင့်” ပတ်မုကျွန်းသို့ နယ်နှင်ခြင်းခံခဲ့လေသည်။ (ဗျာဒိတ် ၁:၉) ဤအမှုသည် ရောမဧကရာဇ်ဒိုမီးရှန်း၏လက်ချက်ကြောင့်ဟု ယုံကြည်ကြသည်။ မည်သို့ပင်ဖြစ်စေ ရာစုနှစ်အလှည့်အပြောင်းနှင့်အတူ ဆန့်ကျင်နှိပ်ကွပ်မှုအကြားတွင် ခရစ်ယာန်သာသနာသည် ရောမအင်ပါယာတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ မည်သို့ ဖြစ်နိုင်သနည်း။ “ခရစ်ယာန်ဘာသာဝင်တို့ကိုစည်းလုံးစေသည့်အရာမှာ ၎င်းတို့၏ဟောပြောခြင်းလုပ်ငန်းပင်ဖြစ်သည်” ဟု ရှေးဦးခရစ်ယာန်အသင်းတော်သမိုင်း ဟူသောစာအုပ်ကဆိုပါသည်။ ညှဉ်းပန်းနှိပ်စက်ခံရှေးဦးခရစ်ယာန်များသည် ယောဟန်ကဲ့သို့ပင် မိမိတို့၏ယုံကြည်ခြင်းကိုအပေးအယူမလုပ်ဘဲ ဘုရားသခင်အကြောင်းပြောဆိုခြင်းနှင့် ယေရှုအကြောင်းသက်သေခံခြင်းတို့ကို မလျော့သောဇွဲနှင့်စိတ်ဇောတို့ဖြင့်ဆောင်ရွက်ခဲ့ကြသည်။—တမန်တော် ၂၀:၂၀၊ ၂၁; ၂ တိမောသေ ၄:၂။

စီ.အီး. ၁၁၂ ခုနှစ်တွင် ဧကရာဇ်ထရာဂျန်က ပလင်နီဆိုသူအား ဘီသနီယာပြည်နယ် (ယခုခေတ်တူရကီအနောက်မြောက်) ဘုရင်ခံအဖြစ်ခန့်အပ်သည့်နောက်ပိုင်းတွင် ခရစ်ယာန်များကိုညှဉ်းဆဲမှုသည် အသွင်တစ်မျိုးသို့ပြောင်းလဲသွားသည်။ ယခင်ထိုဒေသ၏စီမံအုပ်ချုပ်မှုမှာ လျော့ရဲသဖြင့် မငြိမ်မသက်ဖြစ်မှုများပေါ်ပေါက်ခဲ့သည်။ ဘုရားဝတ်ကျောင်းများမှာ ဆိတ်သုဉ်းမတတ်ဖြစ်ခဲ့ရသည်။ ယဇ်နတ်ပူဇော်မည့်တိရစ္ဆာန်များအတွက် အစာမြက်ခြောက်ရောင်းဝယ်ခြင်းလည်း သိသိသာသာကျဆင်းသွားသည်။ တိရစ္ဆာန်ယဇ်ကောင်များနှင့်ရုပ်ပုံများမလိုသည့် ခရစ်ယာန်များ၏ လွယ်ကူရိုးရှင်းသောဝတ်ပြုပုံကြောင့်ဖြစ်သည်ဟု ကုန်သည်များကအပြစ်တင်ကြသည်။

ပလင်နီသည် နတ်ဘုရားများကိုးကွယ်မှုကိုပြန်လည်ထူထောင်ရန် အားထုတ်လုံးပန်းခဲ့သည်။ တစ်ချိန်တည်းတွင် ခရစ်ယာန်များသည် ဧကရာဇ်၏ရုပ်တုရှေ့တွင် စပျစ်ရည်နှင့်နံ့သာမွေးကိုပူဇော်ရန် ငြင်းဆန်မှုကြောင့် အသက်ပေါင်းများစွာပေးဆပ်ကြရလေသည်။ နောက်ဆုံးတွင် ရောမအာဏာပိုင်များက ခရစ်ယာန်များသည် “အထူးချွန်ဆုံးကိုယ်ကျင့်တရားထိန်းသိမ်းသူများဖြစ်ကြကြောင်း၊ သို့သော် ဘာသာရေးထုံးတမ်းစဉ်လာဟောင်းများကိုမူ အသေအလဲဆန့်ကျင်သူများဖြစ်ကြကြောင်း” ဝန်ခံလာကြသည်ဟု ပါမောက္ခ ဟင်နရီ ချတ်ဒဝစ်ခ် ကဆိုပါသည်။ ခရစ်ယာန်တစ်ဦးဖြစ်ခြင်းသည် သေဒဏ်ပေးနိုင်သောရာဇဝတ်ပြစ်မှုအဖြစ် ဆက်လက်တည်ရှိစေကာမူ ယေရှု၏နောက်လိုက်စစ်များအနေနှင့် မိမိတို့၏ယုံကြည်ချက်ကိုအလျှော့ပေးလိုက်လျောရန် ဘယ်သောအခါမျှစိတ်မကူးကြချေ။

“နတ်ဘုရားကိုးကွယ်သောမိသားစုတွင် တစ်ဦးဦးက ဘာသာပြောင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသောအနှောင့်အယှက်မှလည်း မုန်းတီးမှုပေါ်ပေါက်ခဲ့သည်” ဟု ပါမောက္ခ ဒဗလျူ. အမ်. ရမ်ဆေးကဆိုသည်။ “နတ်ဘုရားများကို အသိအမှတ်ပြုရာရောက်သည်ဟူသောအကြောင်းပြချက်ကြောင့် အရိုးဆုံးသောလူမှုရေးထုံးတမ်းတစ်ခုကိုပင် အိမ်နီးချင်းကလိုက်လျောပေးခြင်းမပြုနိုင်သည့်အခါမျိုးတွင် လူမှုဆက်ဆံရေးဘဝသည် များစွာအခက်အခဲကြုံလေ့ရှိသည်” ဟု ဒေါက်တာ ဂျေ. ဒဗလျူ. စီ. ဝါးန်ဒ် က ရေးသားဖော်ပြထားသည်။ များစွာသောသူတို့က ရှေးဦးခရစ်ယာန်များအား လူသားမျိုးနွယ်ကိုမုန်းတီးသူများ သို့မဟုတ် ဘုရားမဲ့ဝါဒီများအဖြစ် ရှုမြင်သဘောထားခဲ့ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။

တိုးပွားမှုက ပိုမိုညှဉ်းပန်းခြင်းကိုဖြစ်စေ

တမန်တော်ယောဟန်၏သင်ကြားပေးမှုကို ခံယူခဲ့သူဟုဆိုကြသော ပေါ်လီကပ်ဆိုသူသည် စမုရန (ယခု အစ်မာ) မြို့ကြီးတွင် ဂုဏ်အသရေရှိသောခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်လာသည်။ သူသည် မိမိ၏ယုံကြည်ချက်ကြောင့် စီ.အီး. ၁၅၅ ခုနှစ်တွင် နှက်တိုင်ပေါ်တင်၍ မီးရှို့ကွပ်မျက်ခံခဲ့လေသည်။ ရောမပြည်နယ်ဘုရင်ခံစတေးရှပ်ကွာဒရတပ်စ် က လူပရိသတ်ကိုစုဝေးစေသည်။ အားကစားရုံကြီးမှာ မိမိတို့၏ဘုရားများကိုးကွယ်ခြင်းကို အားနည်းစေမှုအတွက် အသက် ၈၆ ခြောက်နှစ်ရှိသောပေါ်လီကပ်အား ရွံရှာမုန်းတီးပြီးဒေါသထွက်နေသော နတ်ဘုရားကိုးကွယ်သူများဖြင့်ပြည့်လျှံလျက်ရှိသည်။ ဘာသာရေးတစ်ယူသန်စိတ်ပြင်းပြသောဂျူးများကလည်း ထိုနေ့သည် ၎င်းတို့၏ကြီးမြတ်သောဥပုသ်နေ့ ဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပေါ်လီကပ်အားမီးတင်ရှို့ရန် ထင်းများကိုလိုလိုလားလားလိုက်ကောက်ပေးကြလေသည်။

ထိုနောက်တွင်ကား ညှဉ်းပန်းနှိပ်စက်မှုလှိုင်းလုံးကြီးသည် ရောမအင်ပါယာအနှံ့ရှိခရစ်ယာန်များအပေါ် ကျရောက်သွားလေတော့သည်။ ဧကရာဇ်မားကပ်သြရဲလီယပ်၏လက်ထက်တွင် ခရစ်ယာန်များ၏သွေးသည် ပို၍ပင်ဒလဟောစီးဆင်းခဲ့လေသည်။ သူတို့သည် ရောမနိုင်ငံသားဖြစ်ကြပါက ဓားဖြင့်ကွပ်မျက်ခံကြရသည်; ရောမနိုင်ငံသားမဟုတ်သောခရစ်ယာန်များမှာမူ ဘဲဥပုံသဏ္ဌာန်လဟာပြင်ဇာတ်ရုံများထဲတွင် သားရဲများ၏ ကိုက်သတ်ခြင်းကို ခံကြရလေသည်။ ၎င်းတို့၏ပြစ်မှုကား အဘယ်နည်း။ မိမိတို့ယုံကြည်ချက်ကို အလျှော့မပေး (ဝါ) မိမိတို့၏ယုံကြည်ချက်ကို မစွန့်လွှတ်သောခရစ်ယာန်များဖြစ်ခြင်းသာတည်း။

ယခုခေတ်ပြင်သစ်နိုင်ငံရှိလီယွန်မြို့ကြီးသည် ရောမကိုလိုနီခံတပ်မြို့ဖြစ်ခဲ့သော လွတ် (ဂ်) ဒူနွန် (မ်) မှ ကြီးထွားလာကာ ရောမတို့၏သော့ချက်ကျသော အုပ်ချုပ်စီမံရေးဗဟိုချက်မဖြစ်ခဲ့ပြီး ရောမမြို့တော်နှင့်ရိုင်းမြစ်အကြားရှိ တစ်ခုတည်းသောရောမခံတပ်မြို့ပင်ဖြစ်သည်။ စီ.အီး. ၁၇၇ ခုနှစ်ရောက်လာသောအခါ ထိုနေရာတွင် ခရစ်ယာန်အသိုင်းအဝန်းကြီးထွားခိုင်မာလာပြီး ယင်းကိုမရှုစိမ့်နိုင်သော နတ်ဘုရားကိုးကွယ်သူများက ဒေါသကြီးစွာဆန့်ကျင်ရန်ဘက်ပြုသည့်အမှုဖြစ်ပွားခဲ့လေသည်။ ခရစ်ယာန်များအား အများပြည်သူနှင့်ဆိုင်သောနေရာများအသုံးပြုမှုကို တားမြစ်ပိတ်ပင်ရာမှ ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူအုပ်ကြီးက အဓိကရုဏ်းဖြစ်အောင်လှုံ့ဆော်သဖြင့် ဖြစ်ပေါ်လာသောညှဉ်းပန်းနှိပ်စက်မှုမှာ ကြီးကျယ်ဆိုးရွားလှသောကြောင့် ခရစ်ယာန်များသည် မိမိတို့အိမ်တွင်းမှအိမ်ပြင်သို့ မထွက်ဝံ့ကြတော့ပေ။ ရောမဘုရင်ခံက ခရစ်ယာန်များကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းသတ်ဖြတ်ရန် အမိန့်ပေးထားလေသည်။

အကျိုးရလဒ်

ယေရှု၏တမန်တော်များသေလွန်သွားကြခြင်းနှင့် ၎င်းတို့၏ထိန်းသိမ်းမှုသြဇာတစ်စတစ်စကွယ်ပျောက်သွားခြင်းနှင့်အတူ အမည်ခံခရစ်ယာန်များအကြားတွင် အယူဖောက်ပြန်မှုသည် ဖြစ်ပေါ်တိုးတက်လာခဲ့သည်။ (၂ သက်သာလောနိတ် ၂:၇) စီ.အီး. လေးရာစုအဆုံးပိုင်းတွင် အယူဖောက်ပြန်သောခရစ်ယာန်ဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာခဲ့သည်။ ထိုအခါမှစ၍ ခရစ်ယာန်ဘာသာသည် ပုပ်ပျက်လာခဲ့ပြီးရပ်တည်ချက်ကိုအလျှော့ပေးကာ လောကနှင့်ပူးပေါင်းရန်အဆင်သင့်ဖြစ်နေသည်—ယေရှုနှင့်ကိုယ်တော်၏ရှေးဦးတပည့်များ လုံးဝမပြုခဲ့ကြသောအမှုပင်ဖြစ်သည်။ (ယောဟန် ၁၇:၁၆) သို့သော် ထိုထက်များစွာစော၍ သမ္မာကျမ်းကကျမ်းစာစောင်များသည် ခရစ်ယာန်ယုံကြည်ချက်မှတ်တမ်းနှင့်အတူ ပြည့်စုံခြင်းသို့ရောက်ပြီးခဲ့လေပြီ။

ထောင်နှင့်ချီသောရှေးဦးခရစ်ယာန်များခံစားရသော ဒုက္ခနှင့်သေခြင်းများသည် အချည်းနှီးဖြစ်ခဲ့ပါသလော။ လုံးဝမဖြစ်ခဲ့ပါ။ သူတို့သည် မိမိတို့၏ယုံကြည်ချက်ကိုအလျှော့ပေးလိုက်လျောရန် လုံးဝစိတ်မကူးဘဲ ‘သေသည့်တိုင်အောင်သစ္စာစောင့်ခြင်းအားဖြင့် အသက်သရဖူပေးအပ်ခြင်းခံ’ ခဲ့ကြပေပြီ။ (ဗျာဒိတ် ၂:၁၀) ယေဟောဝါ၏ကျေးကျွန်များသည် ယနေ့တိုင် ညှဉ်းပန်းနှိပ်စက်မှုများကို အနည်းနှင့်အများခံစားကြရဆဲဖြစ်သည်။ သို့သော် ၎င်းတို့နှင့်ဘဝတူရှေးဦးယုံကြည်သူချင်းများ၏ယုံကြည်ခြင်းနှင့် သမာဓိတည်ကြည်မှုသည် ၎င်းတို့အတွက်ခံရပ်နိုင်စရာ ကြီးစွာသောခွန်အားအရင်းအမြစ်ဖြစ်ပေသည်။ ဤသို့ ဖြင့် ခေတ်သစ်ခရစ်ယာန်များလည်း မိမိတို့၏ယုံကြည်ခြင်းကိုအလျှော့ပေးလိုက်လျောရန် စိတ်မကူးကြချေ။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

နီရို

ဧကရာဇ်ရောမမြို့တော်ပုံစံ

စီဇာ ဝတ်ပြုရေးအတွက် သီးသန့်ထားသော ယဇ်ပလ္လင်

[Credit Lines]

Nero: Courtesy of The British Museum

Museo della Civiltà Romana, Roma ▸

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မားကပ်သြရဲလီယပ်

[Credit Line]

The Bettmann Archive

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ