ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁၅ စာ. ၂၇-၃၀
  • သုံးပါးတစ်ဆူ—ယင်းကို သမ္မာကျမ်းစာတွင် သွန်သင်ထားပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သုံးပါးတစ်ဆူ—ယင်းကို သမ္မာကျမ်းစာတွင် သွန်သင်ထားပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ပြောသည်မှာ
  • ကျမ်းစာစောင်၏ ရိုးရှင်းသောသဘော
  • “ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည်”—ယောဟန် ၁၀:၃၀။
  • “ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။”—ယောဟန် ၁၄:၂၈။
  • “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
  • “ရှိသမျှတို့အပေါ်တွင်၊ ရှိသမျှတို့အတွင်းတွင်၊ ရှိသမျှတို့ အနှံ့အပြားတွင် ရှိသမျှတို့အဘ ဘုရားသခင်တစ်ဆူတည်းရှိ၏။”—ဧဖက် ၄:၆၊ သမ။
  • သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားအလုံးစုံကို ဖော်ပြ
  • အပိုင်း ၁ - ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် သုံးပါးတစ်ဆူအယူဝါဒကို သွန်သင်ခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သောဘုရားသခင်’ ကား မည်သူနည်း
    နိုးလော့!—၂၀၀၅
  • ယင်းသည် အမှန်ပင် ကျမ်းစာသွန်သင်ချက်ဖြစ်သလော
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
  • သင် ယုံကြည်သင့်သလော
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁၅ စာ. ၂၇-၃၀

သုံးပါးတစ်ဆူ—ယင်းကို သမ္မာကျမ်းစာတွင် သွန်သင်ထားပါသလော

“ကက်သလစ်ယုံကြည်ချက်ကား ဤသို့၊ သုံးပါးတစ်ဆူအဝင် တစ်ဆူတည်းသောဘုရားကို ကျွန်ုပ်တို့ကိုးကွယ်ပြီး သုံးပါးတစ်ဆူသည် တပေါင်းတစည်းတည်းရှိသည်။ . . . ထိုကြောင့် ခမည်းတော်သည် ဘုရား၊ သားတော်သည် ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည်။ သို့နှင့်ပင် ၎င်းတို့သည် ဘုရားသုံးပါးမဟုတ်ဘဲ ဘုရားတစ်ဆူတည်းသာဖြစ်သည်။”

ဤစကားလုံးများဖြင့် ခရစ်ယာန်ဘောင်၏ အချက်အချာအယူဝါဒ—သုံးပါးတစ်ဆူ—ကို အာသန်နေစီယန်အယူဝါဒက ဖော်ပြသည်။aအသင်သည် ကက်သလစ် သို့မဟုတ် ပရိုတက်စတင့် ချာ့ချ်အသင်းဝင်တစ်ဦးဖြစ်ပါက ဤအယူဝါဒသည် အသင်ယုံကြည်ရမည့် အရေးအကြီးဆုံးအယူဖြစ်သည်ဟု ပြောကြပေမည်။ သို့သော် ယင်းအယူဝါဒကို သင်ရှင်းပြနိုင်ပါသလော။ ခရစ်ယာန်ဘောင်ရှိ အတော်အတတ်ဆုံးသူအချို့ပင်လျှင် သုံးပါးတစ်ဆူကို နားမလည်နိုင်ဟု ဝန်ခံခဲ့ပြီ။

သို့ဖြစ်လျှင် ယင်းကို သူတို့ အဘယ်ကြောင့်ယုံကြည်ကြပါသနည်း။ သမ္မာကျမ်းစာက ယင်းအယူဝါဒကို သွန်သင်ထား၍လော။ ကွယ်လွန်သူ အင်္ဂလီကန်ဂိုဏ်းအုပ် ဂျောန် ရောဘင်စန်က သူ၏အရောင်းသွက်ဆုံး ဘုရားရှေ့အမှန်တကယ်ပါ စာအုပ်တွင် ဤမေးခွန်းအတွက် စဉ်းစားဆင်ခြင်စရာအဖြေကို ဖော်ပြထားသည်။ သူရေးသားခဲ့သည်–

“ဓမ္မသစ်ကျမ်း၌ အထောက်အထားမတွေ့နိုင်သည့် ခရစ်တော်နှင့်ပတ်သက်သော သာလွန်ထူးကဲသောအမြင်မျိုးကို လူအများကြိုက် ဟောပြောသွန်သင်ချက်များက ဖော်ပြသည်။ ‘ခရစ်တော်’ နှင့် ‘ဘုရားသခင်’ ဟူသောအသုံးအနှုန်းများကို လဲလှယ်အသုံးပြုနိုင်သည့်ပမာ ယေရှုသည် ဘုရားသခင်ဖြစ်တော်မူခဲ့၏ ဟုဆိုသည်။ သို့သော် သမ္မာကျမ်းစာအသုံးအနှုန်းတွင် အဘယ်နေရာ၌မျှ ဤသို့မဆိုထားချေ။ ဓမ္မသစ်ကျမ်းက ယေရှုသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ခရစ်တော်၌တည်ခဲ့သည်၊ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟုဆိုထားသည်; သို့သော် ယေရှုသည် ဘုရားသခင်ဖြစ်တော်မူခဲ့သည်၊ ယုတ်စွအဆုံး ထိုကဲ့သို့ဖြစ်သည်ဟု ပြောမထားပေ။”

ဂျောန် ရောဘင်စန်သည် အင်္ဂလီကန်အသင်းတော်တွင် အငြင်းပွားသူတစ်ဦးဖြစ်ခဲ့သည်။ သို့ရာတွင်၊ “ဓမ္မသစ်ကျမ်း” က အဘယ်နေရာ၌မျှ “ယေရှုသည် ဘုရားသခင်ဖြစ်တော်မူခဲ့သည်၊ ယုတ်စွအဆုံး ထိုကဲ့သို့ဖြစ်သည်ဟု ပြောမထားပေ” ဟု သူပြောသည့်စကားများ မှန်ခဲ့ပါသလော။

သမ္မာကျမ်းစာ ပြောသည်မှာ

အချို့သူများက ယောဟန်ခရစ်ဝင်ကျမ်း၏ အဖွင့်အခန်းငယ်ဖြစ်သည့်–“အစအဦး၌ နှုတ်ကပါဌ်တော်ရှိခဲ့၏၊ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိခဲ့၏၊ ၎င်းပြင် နှုတ်ကပါဌ်တော်သည် ဘုရားသခင် ဖြစ်တော်မူခဲ့၏” ကို ကိုးကား၍ ထိုမေးခွန်းကို ဖြေဆိုပေမည်။ (ယောဟန် ၁:၁၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) ယင်းသည် အင်္ဂလီကန်ဂိုဏ်းအုပ်ပြောခဲ့သည့်စကားနှင့် ဆန့်ကျင်သည်မဟုတ်လော။ အမှန်မှာ မဟုတ်ပါ။ ထိုကျမ်းချက်ကို ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း ပြန်ဆိုပုံအား မျက်မှောက်ခေတ်ဘာသာပြန်သူအချို့ သဘောမတူကြကြောင်း ဂျောန် ရောဘင်စန် သိထားခဲ့သည်မှာသေချာသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ မူရင်းဂရိတွင် “နှုတ်ကပါဌ်တော်သည် ဘုရားသခင်ဖြစ်တော်ခဲ့မူ၏” ဟူသောစကားစု၌ “ဘုရားသခင်” (“God”) အတွက်အသုံးပြုသည့်စကားလုံးတွင် အညွှန်းပုဒ် (“the”) မပါချေ။ “နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိခဲ့၏” ဟူသောရှေ့စကားစုတွင်မူ “ဘုရားသခင်” အတွက်အသုံးပြုသည့်စကားလုံး၌ အညွှန်းပုဒ်ပါသည်။ ယင်းက ထိုစကားလုံးနှစ်လုံးသည် ထပ်တူအဓိပ္ပာယ်မသက်ရောက်နိုင်ကြောင်း သိသာစေသည်။

ယင်းကြောင့်၊ အချို့ဘာသာပြန်ကျမ်းများက ၎င်းတို့၏ဘာသာပြန်မှုတွင် အရည်အသွေးဆိုင်ရာအသွင်ကိုဖော်ဆောင်ကြသည်။ ဥပမာ၊ အချို့က “နှုတ်ကပါဌ်တော်သည် မြင့်မြတ်တော်မူခဲ့သည်” ဟူ၍ပြန်ဆိုပါသည်။ (အမေရိကန် ဘာသာပြန်ကျမ်း၊ စကောန်ဖီလ်ဒ်) မောဖက်က ယင်းကို “လိုဂေါ့စ်သည် မြင့်မြတ်တော်မူခဲ့သည်” ဟုပြန်ဆိုသည်။ သို့ရာတွင်၊ “မြင့်မြတ်တော်မူသည်” သည် ဤနေရာတွင် အသင့်လျော်ဆုံးပြန်ဆိုမှုဖြစ်လိမ့်မည် မဟုတ်ကြောင်းကို ညွှန်ပြလျက်၊ ဂျောန် ရောဘင်စန်နှင့် ဗြိတိသျှကျမ်းမူ တည်းဖြတ်သူ ဆာဖရက်ဒရစ်ခ် ကင်ယောန်း နှစ်ဦးစလုံးက ထိုသို့သာ ယောဟန်လေးနက်စေလိုခဲ့ပါမူ “မြင့်မြတ်တော်မူသည်” အဓိပ္ပာယ်ရှိသော ဂရိစကားလုံး သီʹအော့စ်ကို သူအသုံးပြုခဲ့လိမ့်မည် ဟု ထောက်ပြခဲ့ကြသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက “ဘုရားသခင်” ဟူသောစကားလုံးကို အညွှန်းမဲ့အဖြစ် မှန်ကန်စွာရှုမြင်သည့်အပြင် ဂရိဝါကျတည်ဆောက်ပုံက ရည်ညွှန်းသည့် အရည်အသွေးဆိုင်ရာအသွင်ကို ဖော်ဆောင်ကာ အင်္ဂလိပ်စကားတွင် အညွှန်းမဲ့ပုဒ်ကို အသုံးပြုထားသည်–“နှုတ်ကပါဌ်တော်သည် ဘုရားတစ်ဆူဖြစ်တော်မူခဲ့၏။”

ဤမှန်းဆချက်ကို အင်္ဂလိပ်ကျမ်းစာသစ် စီမံကိန်း ညွှန်ကြားရေးမှူး ပါမောက္ခ စီ. အိပ်ချ်. ဒေါ့ဒ်က ယင်းအနက်ဖွင့်ဆိုချက်ကို ဤသို့မှတ်ချက်ချသည်–“ဖြစ်နိုင်စရာရှိသည့် ဘာသာပြန်ဆိုချက် . . . မှာ ‘နှုတ်ကပါဌ်တော်သည် ဘုရားတစ်ဆူဖြစ်တော်မူခဲ့သည်’ ဖြစ်လိမ့်မည်။ စာလုံးတစ်လုံးချင်းစီ ဘာသာပြန်ဆိုရာတွင် ယင်းကို အပြစ်ရှာဝေဖန်နိုင်စရာ မရှိပါ။” သို့ရာတွင်၊ အင်္ဂလိပ်ကျမ်းစာသစ်က ယင်းအခန်းငယ်ကို ထိုသို့ မပြန်ဆိုထားပါ။ ယင်းအစား၊ ထိုဘာသာပြန်ကျမ်း၌ ယောဟန် ၁:၁ တွင် “အရာခပ်သိမ်းစတင်ခဲ့စဉ်က နှုတ်ကပါဌ်တော် ရှိနှင့်ပြီ။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၍ ဘုရားသခင်ဖြစ်တော်မူသည်အတိုင်း နှုတ်ကပါဌ်တော် ဖြစ်သည်” ဟူ၍ဖတ်ရှုရပါသည်။ နားလည်လွယ်သည့် ဘာသာပြန်ကို ဘာသာပြန်ကော်မတီက အဘယ်ကြောင့်မရွေးချယ်ခဲ့ပါသနည်း။ ပါမောက္ခဒေါ့ဒ် အဖြေပေးသည်–“ဤသို့လက်မခံနိုင်သည့်အကြောင်းမှာ ယောဟန်၏ဆိုလိုချက်မက ခရစ်ယာန်ယူဆချက်တစ်ရပ်လုံးနှင့် ဆန့်ကျင်နေ၍ဖြစ်သည်။”—ကျမ်းစာဘာသာပြန် ပညာရပ်စာတမ်း၊ အတွဲ ၂၈၊ ၁၉၇၇ ဇန်နဝါရီ။

ကျမ်းစာစောင်၏ ရိုးရှင်းသောသဘော

ယေရှုသည် ဘုရားတစ်ဆူဖြစ်တော်မူခဲ့သော်လည်း ဖန်ဆင်းရှင်ဘုရားသခင်နှင့် ထပ်တူထပ်မျှမဟုတ် ဟူသောယူဆချက်သည် ယောဟန် (တမန်တော်ယောဟန်ကိုဆိုလို) ၏ဆိုလိုချက်မက ခရစ်ယာန်ယူဆချက်တစ်ရပ်လုံးနှင့် ဆန့်ကျင်နေသည်ဟု ကျွန်ုပ်တို့ဆိုမည်လော။ ယေရှုကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ရည်ညွှန်းသည့် ကျမ်းချက်အချို့ကို ဆန်းစစ်ကာ အာသန်နေစီယန်အယူဝါဒကို မချမှတ်မီ ရှိနှင့်ခဲ့သော ဋီကာဆရာအချို့က ထိုကျမ်းချက်များနှင့်ပတ်သက်၍ မည်သို့သဘောထားခဲ့ကြောင်း သတိပြုကြစို့။

“ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည်”—ယောဟန် ၁၀:၃၀။

နိုဗာရှန် (စီ.အီး. ၂၀၀-၂၅၈ ခန့်) ဋီကာဖွင့်သည်–“ကိုယ်တော်က ‘တစ်လုံးတစ်ဝ’ (‘one’ thing,)[b]ဟူ၍ဆိုသဖြင့် ‘တစ်’ ဦး (‘one’ person) ဟူ၍မဆိုကြောင်း သဘောကွဲလွဲသူများ နားလည်ပါစေ။ တစ်လုံးတစ်ဝ (one) ကို နပုလ္လိင်အနေဖြင့် တင်ပြထားရာ ပုဂ္ဂိုလ်အဖြစ် တစ်ပေါင်းတည်းရှိခြင်းကိုမဟုတ်ဘဲ ဆက်ဆံရေးညီညွတ်ခြင်းကို ဖော်ပြပါသည်။ . . . ထို့အပြင်၊ ခမည်းတော်နှင့်သားတော်တို့သည် သဘောထားညီညွတ်ခြင်း၊ မေတ္တာနှင့် စုံမက်ခြင်းတို့တွင် တစ်လုံးတစ်ဝတည်းဖြစ်ကြသည့်အားလျော်စွာ၊ တစ်လုံးတစ်ဝ (one) ဟု ကိုယ်တော်ဆိုရာ၌၊ သဘောထားညီညွတ်ခြင်း၊ တရားစီရင်မှုတူညီခြင်းနှင့် မေတ္တာရှိစွာပေါင်းသင်းဆက်ဆံခြင်းတို့ကို ရည်ညွှန်းဖော်ပြသည်။”—သုံးပါးတစ်ဆူ ကျမ်းဋီကာ၊ အခန်း ၂၇။

“ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။”—ယောဟန် ၁၄:၂၈။

အိုင်ရီနီယပ်စ် (စီ.အီး. ၁၃၀-၂၀၀ ခန့်)–“ခမည်းတော်သည် အရာခပ်သိမ်းထက် ကြီးမြတ်တော်မူကြောင်း ကိုယ်တော် [ခရစ်တော်] အားဖြင့် ကျွန်ုပ်တို့သိရှိလာပေမည်။ အကြောင်းမူကား ‘ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏” ဟု ကိုယ်တော် မိန့်တော်မူသည်။ ထိုကြောင့်၊ ခမည်းတော်သည် အသိဉာဏ်ပညာ ထူးကဲတော်မူကြောင်း ကျွန်ုပ်တို့၏သခင်အရှင် ကြေညာထားတော်မူပြီ။”—မိစ္ဆာဒိဋ္ဌိအယူများကို ချေပခြင်း၊ စာစောင် ၂၊ အခန်း ၂၈.၈။

“ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။

အလက်ဇန္ဒြီးယားမှ ကလဲမန့်ဇ် (စီ.အီး. ၁၅၀-၂၁၅ ခန့်)–“ထာဝရအဖြစ်ကို ပေးသနားတော်မူသော ထာဝရဘုရားကို သိကျွမ်း၍၊ အသိပညာနှင့် သဘောပေါက်နားလည်ခြင်းတို့ဖြင့် အရင်းခံလည်းဖြစ်၊ အမြင့်မြတ်ဆုံးလည်းဖြစ်၊ တစ်ဆူတည်းလည်းဖြစ်သည့် ကောင်းမြတ်တော်မူသော ဘုရားသခင်ကို ရယူပိုင်ဆိုင်ရန်တည်း။ . . . ပြီးနောက် ‘စစ်မှန်သောဘဝဖြင့် အသက်ရှင်သူတို့သည် သားတော်သာ (ကိုယ်တော်ကို) မဖော်ပြလျှင် မည်သူမျှမသိနိုင်သော’ ကိုယ်တော်ရှင်ကို သိလာရန် ဦးဆုံးမိန့်မှာခံရသည်။ (မ. ၁၁:၂၇) ထပ်ဆင့်သင်ယူရမည်ကား ကိုယ်တော်ရှင်ပြီးနောက် ကယ်တင်ရှင်၏ ကြီးမြတ်တော်မူခြင်းသာတည်း။”—ကယ်တင်ခံရမည့် သူကြွယ်ကား အဘယ်သူနည်း။ ၇၊ ၈။

“ရှိသမျှတို့အပေါ်တွင်၊ ရှိသမျှတို့အတွင်းတွင်၊ ရှိသမျှတို့ အနှံ့အပြားတွင် ရှိသမျှတို့အဘ ဘုရားသခင်တစ်ဆူတည်းရှိ၏။”—ဧဖက် ၄:၆၊ သမ။

အိုင်ရီနီယပ်စ်–“ဤနည်းဖြင့် ရှိသမျှတို့အပေါ်တွင်၊ ရှိသမျှတို့အတွင်းတွင်၊ ရှိသမျှတို့ အနှံ့အပြားတွင် ရှိတော်မူသောခမည်းတော် ဘုရားသခင်တစ်ဆူတည်းကို ကြေညာခဲ့သည်။ ခမည်းတော်သည် အမှန်ပင် ရှိသမျှတို့အပေါ်ရှိတော်မူ၍ ခရစ်တော်၏ခေါင်း ဖြစ်တော်မူသည်။”—မိစ္ဆာဒိဋ္ဌိအယူများကို ချေပခြင်း၊ စာစောင် ၅၊ အခန်း ၁၈.၂။

အရာခပ်သိမ်းနှင့် ယေရှုခရစ်ပါအပါအဝင် ယောက်တိုင်းတို့အပေါ်တွင် ခမည်းတော်သည် အကြီးမြတ်ဆုံးဖြစ်တော်မူကြောင်းကို ဤအခန်းငယ်များက ဖော်ပြကြောင်း ထိုအစောပိုင်းစာရေးဆရာများ ရှင်းလင်းပြတ်သားစွာ နားလည်ထားကြပါသည်။ သူတို့ပြောဆိုသမျှတွင် သုံးပါးတစ်ဆူကို သူတို့ယုံကြည်လက်ခံသည့် အရိပ်သန်းခြင်းမျှပင် မရှိချေ။

သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားအလုံးစုံကို ဖော်ပြ

ယေရှုက မိမိကွယ်လွန်၍ ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်များကို ကူညီမစခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူမည်ဟု ကတိထားတော်မူခဲ့သည်။ ကတိတော်ကား–“သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ . . . နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။”—ယောဟန် ၁၄:၁၆၊ ၁၇; ၁၅:၂၆; ၁၆:၁၃။

ယေရှုကွယ်လွန်ပြီးနောက် ထိုကတိတော် ပြည့်စုံခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် ခရစ်ယာန်အသင်းတော်သည် အယူဝါဒအသစ်များကို မည်သို့ရရှိ၍ နားလည်ခဲ့ကြောင်း သမ္မာကျမ်းစာက မှတ်တမ်းတင်ထားပါသည်။ ဤသွန်သင်ချက်အသစ်များကို နောက်ပိုင်းတွင် ခရစ်ယာန်ဂရိကျမ်းစာစောင်များ သို့မဟုတ် “ဓမ္မသစ်ကျမ်း” ဖြစ်လာသည့် သမ္မာကျမ်းစာ၏ ဒုတိယအပိုင်းတွင် ရေးချမှတ်သားခဲ့သည်။ ဤအလင်းသစ်အလုံးအရင်းတွင် သုံးပါးတစ်ဆူအယူဖော်ပြချက် တစ်မျိုးတစ်ဖုံ ပါရှိသည်ကို တွေ့ရပါသလော။ မတွေ့ရချေ။ သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင်နှင့်ယေရှုအကြောင်းကို အလွန်ခြားနားစွာ ဖော်ပြပါသည်။

ဥပမာ၊ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့ရှိ အထက်ခန်းမ၌ စုဝေးနေသော တပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခဲ့ပြီးနောက် အပြင်ဘက်ရှိ လူအုပ်အား တမန်တော်ပေတရုက ယေရှုအကြောင်း သက်သေခံခဲ့သည်။ သုံးပါးတစ်ဆူအကြောင်း သူပြောခဲ့ပါသလော။ သူ၏တင်ပြချက်အချို့ကို သုံးသပ်ကာ ကိုယ်တိုင်ချင့်ချိန်ပါ–“ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကိုရသောသူဖြစ်” ၏။ “ထိုယေရှုကို ဘုရားသခင်ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။” “သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက် [တံစို့ထိုးသတ်၊ ကဘ] သော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌ [အရှင်သခင်အဖြစ်လည်းကောင်း၊ ခရစ်တော်အဖြစ်လည်းကောင်း၊ ကဘ] ခန့်ထားတော်မူသည်။” (တမန်တော် ၂:၂၂၊ ၃၂၊ ၃၆) သုံးပါးတစ်ဆူအယူကို လုံးဝမသွန်သင်ဘဲ၊ ဝိညာဉ်တော်-ပြည့် ပေတရု၏ ဤစကားများက ယေရှုသည် ခမည်းတော်လက်အောက်ခံဖြစ်ပြီး ဘုရားသခင်၏အလိုတော် ပြည့်စုံစေခြင်းငှာ အသုံးတော်ခံတစ်ဦးဖြစ်ကြောင်း ပေါ်လွင်စေသည်။

ထိုနောက် များမကြာမီ၊ အခြားသစ္စာရှိခရစ်ယာန်တစ်ဦးက ယေရှုအကြောင်း ပြောဆိုခဲ့သည်။ စွပ်စွဲချက်များကို ထုချေရန် သတေဖန်ကို လွှတ်တော်ရှေ့ပို့ဆောင်ခဲ့ကြသည်။ ယင်းအစား၊ သတေဖန်က မိမိကိုစွပ်စွဲသူတို့အား ပုန်ကန်သောဘိုးဘေးများနှင့်တူကြောင်း တန်ပြန်စွဲဆိုခဲ့သည်။ နောက်ဆုံးတွင် မှတ်တမ်းကဆိုသည်– “သူသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ကောင်းကင်သို့စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်းမြင်လျှင် ‘ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း ငါမြင်သည်’ ဟုဆို၏။” (တမန်တော် ၇:၅၅၊ ၅၆) သန့်ရှင်းသောဝိညာဉ်တော်က ယေရှုအား ခမည်းတော်နှင့် တန်းတူရည်တူ ဘုရားအဝင်အဖြစ်မဖော်ပြဘဲ ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည့် “လူသား” အဖြစ်သာ အဘယ်ကြောင့်ဖော်ပြရသနည်း။ သတေဖန်၌ သုံးပါးတစ်ဆူအတွေးအခေါ် လုံးဝမရှိကြောင်း ရှင်းနေပါသည်။

ကော်နေလိထံ ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို ပေတရု သယ်ဆောင်သွားချိန်၌ သုံးပါးတစ်ဆူအယူဝါဒကို ဖော်ပြရန် အခွင့်ကောင်းထပ်မံရခဲ့ပါသည်။ ဘာဖြစ်ပျက်ခဲ့သနည်း။ ပေတရုက ယေရှုသည် “အလုံးစုံတို့ကို အစိုးရတော်မူသောသခင်” ဖြစ်တော်မူကြောင်း ရှင်းပြသည်။ သို့သော် ဤအစိုးရတော်မူသောအခွင့်ကို အထက်အရပ်မှ ကိုယ်တော်လက်ခံရရှိထားကြောင်း ဆက်၍ ရှင်းပြသေးသည်။ ယေရှုသည် “အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင် ဖြစ်စေခြင်းငှာ ဘုရားသခင် ခန့်ထားတော်မူ” ခြင်းခံခဲ့ရသည်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက်၊ တပည့်နောက်လိုက်တို့အား “ထင်ရှားစွာ ပြတော်မူ” ရန် ကိုယ်တော်အား ခမည်းတော်ခွင့်ပြုတော်မူခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ကော။ စကားပြောဆိုခန်းတွင် ယင်းအကြောင်း ပါဝင်သော်လည်း သုံးပါးတစ်ဆူအဝင် တတိယပုဂ္ဂိုလ်အဖြစ် မဟုတ်ပါ။ ယင်းအစား “ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း . . . ယေရှုကို ဘိသိက်ပေးတော်မူ” ခဲ့သည်။ သို့ဖြစ်၍၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ရန် ဝေးလေစွ၊ ထိုအခန်းငယ်တွင် တင်ပြထားသည့်အတိုင်း ပုဂ္ဂိုလ်မဟုတ်၊ “တန်ခိုးတော်” ကဲ့သို့ဖြစ်သည်။ (တမန်တော် ၁၀:၃၆၊ ၃၈၊ ၄၀၊ ၄၂) ကျမ်းစာကို ဂဃနဏဆန်းစစ်ပါ၊ ဤသို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘဲ၊ လူတို့တွင် ပြည့်၍ သူတို့အားတိုက်တွန်းခြင်း၊ အလင်းဆောင်စေခြင်းနှင့် သူတို့အပေါ် သွန်းလောင်း၍ရနိုင်သည့် လှုပ်ရှားသောစွမ်းအားဖြစ်ကြောင်း ထပ်ဆင့်သာဓကများကို သင်တွေ့ရလိမ့်မည်။

နောက်ဆုံး၊ တမန်တော်ပေါလုသည် အာသင်မြို့သားတို့အား ဟောပြောခဲ့ချိန်တွင် သုံးပါးတစ်ဆူကို—စစ်မှန်သောအယူဝါဒဖြစ်ခဲ့မည်ဆိုလျှင်—ရှင်းလင်းဖော်ပြရန် အခွင့်ကောင်းရခဲ့ပါသည်။ သူ၏ဟောပြောချက်တွင်၊ “ငါတို့မသိသောဘုရားသခင်အဖို့” ဟူသည့် သူတို့၏ယဇ်ပလ္လင်ကိုညွှန်းကာ “သင်တို့သည် မသိဘဲလျက်ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏” ဟု သူပြောခဲ့သည်။ သုံးပါးတစ်ဆူအကြောင်း သူဟောပြောခဲ့ပါသလော။ မဟောခဲ့ပါ။ “လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအရှင်” ဖြစ်တော်မူသည်ဟု သူဖော်ပြခဲ့သည်။ သို့သော် ယေရှုနှင့်ပတ်သက်၍ကော။ “ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို [ဘုရားသခင်] ချိန်းချက်တော်မူပြီ။” (တမန်တော် ၁၇:၂၃၊ ၂၄၊ ၃၁) ထိုတွင် သုံးပါးတစ်ဆူ အရိပ်မသန်းပါတကား!

အမှန်မှာ၊ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ပေါလု ရှင်းပြခဲ့သည့်အချက်က ယေရှုနှင့် ကိုယ်တော်၏ခမည်းတော်သည် သုံးပါးတစ်ဆူတွင် တန်းတူရည်တူဖြစ်၍မရနိုင်ကြောင်းဖော်ပြသည်။ သူရေးခဲ့သည်– “‘ခပ်သိမ်းသောအရာတို့ကို လူသား [ယေရှု] ၏ခြေအောက်၌ ချထားတော်မူသည်’ ဟု ကျမ်းစာလာ၏။ ‘ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိ’ ကြောင်းကိုဆိုသော် ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။ ခပ်သိမ်းသောအရာတို့သည် လူသားအောက်၌ ချထားလျက်ရှိသောအခါ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ချထားတော်မူသောသူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းတည်း။” (၁ ကောရိန္သု ၁၅:၂၇၊ ၂၈) သို့ဖြစ်၍၊ ဘုရားသခင်သည် ယေရှုပါအပါအဝင် ခပ်သိမ်းသောအရာတို့၏အထက် ရှိမြဲ ရှိနေတော်မူမည်။

သို့ဖြစ်လျှင် သမ္မာကျမ်းစာတွင် သုံးပါးတစ်ဆူကို သွန်သင်ထားပါသလော။ မသွန်သင်ပါ။ ဂျောန် ရောဘင်စန် မှန်ခဲ့ပါသည်။ ယင်းသည် သမ္မာကျမ်းစာတွင် မပါ၊ “ခရစ်ယာန်သွန်သင်ချက်” အဝင်လည်း မဟုတ်ပေ။ ဤအချက်သည် သင့်ဝတ်ပြုရေးအတွက် အရေးပါသည်ဟု ယူမှတ်ပါသလော။ သင် ယူမှတ်သင့်သည်။ ယေရှုမိန့်တော်မူသည်–“ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ဘုရားသခင်အားဝတ်ပြုခြင်းကို ကျွန်ုပ်တို့အလေးအနက်ထားကြမည်ဆိုလျှင် ကိုယ်တော်အား အရှိကိုအရှိအတိုင်း၊ မိမိကိုယ်ကိုမိမိ ကိုယ်တော်တိုင်ဖော်ပြထားတော်မူသည့်အတိုင်း ကိုယ်တော်ကိုကျွန်ုပ်တို့သိရှိရန် အရေးကြီးပါသည်။ သို့ပြုမှသာလျှင် ကျွန်ုပ်တို့သည် ‘ခမည်းတော်အား ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်’ ကြသော ‘စစ်မှန်သည့်ဝတ်ပြုသူများ’ အဝင်ဖြစ်သည်ဟု အမှန်တကယ်ပြောဆိုနိုင်ကြပေမည်။—ယောဟန် ၄:၂၃။

[အောက်ခြေမှတ်ချက်များ]

a ၁၉၀၇ ခုနှစ်ထုတ် ကက်သလစ် စွယ်စုံကျမ်း၊ အတွဲ ၂၊ စာမျက်နှာ ၃၃ အရ။

b ဤအခန်းငယ်တွင် “တစ်လုံးတစ်ဝ” (“one”) ဟူသောစကားလုံးသည် နပုလ္လိင်ဖြစ်သည့်အချက်ကို နိုဗာရှန်ရည်ညွှန်းနေခြင်းဖြစ်သည်။ သို့ဖြင့် ယင်း၏ ပင်ကိုယ်အဓိပ္ပာယ်မှာ “တစ်ခု” (“one thing”) ဖြစ်သည်။ “တစ်လုံးတစ်ဝ” (“one”) အတွက်အသုံးပြုထားသော ဂရိစကားလုံးကို ထပ်တူထပ်မျှသဘောအတိုင်း အသုံးပြုထားသည့် ယောဟန် ၁၇:၂၁ နှင့်နှိုင်းယှဉ်ပါ။ နိုဗာရှန်၏ ဒီ ထြီနီတားတ် စာအုပ်တွင် “သန့်ရှင်းသောဝိညာဉ်တော်ကို မြင့်မြတ်သောပုဂ္ဂိုလ်တစ်ပါးအဖြစ် မယူမှတ်ထား” ကြောင်းကို သတိပြုစေသော်လည်း ယင်းကို ကက်သလစ် စွယ်စုံကျမ်းသစ် (၁၉၆၇ ခုနှစ်ထုတ်) က ယေဘုယျအားဖြင့် လက်ခံအတည်ပြုခြင်းသည် စိတ်ဝင်စားစရာဖြစ်သည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယရှုနှင့် ကိုယ်တော်၏ ခမည်းတော်တို့သည် ဘုရား တစ်ဆူတည်းမဟုတ်ကြောင်း ကျမ်းစာစောင်၏ ရိုးရှင်းသောသဘောက ရှင်းလင်းပြတ်သားစွာ ဖော်ပြသည်

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့ပြီးနောက် ယေရှုသည် ဘုရားသခင်ဖြစ်တော်မူခဲ့သည်ဟု သန့်ရှင်းသောဝိညာဉ်တော် အဘယ်ကြောင့်မဖော်ပြသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ