မိဘတို့၊ သင်တို့ကလေးများသည် အထူးဂရုစိုက်မှုလိုအပ်
“သားသမီးတို့သည် သင့်စားပွဲပတ်လည်၌စိုက်ပျိုးသော သံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။”—ဆာလံ ၁၂၈:၃။
၁ အပင်များကို ကြီးထွားအောင်ပြုစုပျိုးထောင်ခြင်းနှင့် ကလေးများမွေးမြူခြင်းကို မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
ကလေးများ၏ကြီးထွားခြင်းနှင့် တိုးတက်ဖွံ့ဖြိုးခြင်းသည် နည်းအမျိုးမျိုးအားဖြင့် သစ်ပင်နှင့်တူသည်။ ထိုကြောင့် သမ္မာကျမ်းစာက လူတစ်ဦး၏ဇနီးကို “များစွာအသီးသီးသောစပျစ်နွယ်ပင်” ဟုပြောဆိုထားပြီး သားသမီးများကို “[သူ၏] စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်များ” နှင့် ပုံခိုင်းထားခြင်းသည်အံ့သြစရာမဟုတ်ချေ။ (ဆာလံ ၁၂၈:၃) အပင်ငယ်တစ်ပင်ကြီးထွားလာရန် ပြုစုပျိုးထောင်ရာတွင် အထူးသဖြင့် ရာသီဥတုနှင့်မြေအခြေအနေ ကပြောင်းကပြန်ဖြစ်နေပါက ခက်ခဲကြောင်း လယ်သမားတစ်ဦး သင့်အားပြောပြပေမည်။ အလားတူပင် ဤခက်ခဲသည့် “နောက်ဆုံးသောအချိန်” တွင် သားသမီးများကို လူ့ဘောင်နှင့်အံဝင်ခွင်ကျဖြစ်သော၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူများအဖြစ် ကြီးပြင်းလာအောင်မွေးမြူရခြင်းသည် အလွန်ခက်ခဲပါသည်။—၂ တိမောသေ ၃:၁-၅၊ ကဘ။
၂။ ကောင်းသောအသီးအနှံရိတ်သိမ်းရရန် မည်သည့်အရာလိုအပ်လေ့ရှိသနည်း။
၂ ကောင်းသောအသီးအနှံကို ရိတ်သိမ်းရရန် လယ်သမားတစ်ဦးသည် မြေသြဇာကောင်းသည့်မြေ၊ နွေးထွေးသည့်နေရောင်ခြည်နှင့် ရေတို့လိုအပ်သည်။ ထွန်ယက်စိုက်ပျိုးခြင်း၊ ပေါင်းသင်ခြင်းတို့အပြင် ပိုးမွှားနှိမ်နင်းခြင်းနှင့် အခြားကာကွယ်စောင့်ရှောက်မှုများကို လုပ်ရသည်။ ရိတ်သိမ်းချိန်ရောက်သည့်အထိ ကာလတစ်လျှောက်လုံးသည် ခက်ခဲသည့်အချိန်ဖြစ်နိုင်သည်။ အသီးမကောင်းလျှင် မည်မျှဝမ်းနည်းစရာပါတကား! သို့သော် ပြုစုပျိုးထောင်သူသည် တပင်တပန်းလုပ်ဆောင်ပြီးနောက် အသီးကောင်းများကို ရိတ်သိမ်းရလျှင် သူအလွန်အားရကျေနပ်လိုက်မည်ဖြစ်ခြင်း!—ဟေရှာယ ၆၀:၂၀-၂၂; ၆၁:၃။
၃။ အရေးကြီးမှုနှင့်ပတ်သက်၍ အပင်များနှင့်ကလေးများကို မည်သို့နှိုင်းယှဉ်နိုင်ပြီး မည်သို့သောဂရုစိုက်မှုကို ကလေးများရရှိသင့်သနည်း။
၃ အောင်မြင်သော၊ အကျိုးဖြစ်ထွန်းသော လူ့ဘဝသည် လယ်သမားရိတ်သိမ်းရရှိသည့်သီးနှံကောင်းထက် သာ၍များစွာအဖိုးထိုက်တန်သည်။ ထို့ကြောင့် ကလေးတစ်ယောက်ကို အောင်မြင်စွာမွေးမြူခြင်းသည် အသီးအနှံများလှိုင်လှိုင်သီးပွင့်ရန် ပြုစုပျိုးထောင်ခြင်းထက် များစွာသာ၍ အချိန်နှင့်အားအင်စိုက်ထုတ်ရသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။ (တရားဟောရာ ၁၁:၁၈-၂၁) ဘဝပန်းဥယျာဉ်ထဲတွင် စိုက်ပျိုးခံရသည့်ကလေးငယ်တစ်ဦးကို မေတ္တာရေလောင်း၍ပြုစုစောင့်ရှောက်ပြီး အကျိုးဖြစ်ထွန်းစေသည့်စည်းရိုးများခြားထားပေးလျှင် ပျက်စီးယိုယွင်းစေသည့် စာရိတ္တစံချိန်ရှိလောက၌ပင် ဝိညာဏရေးအရ သီးပွင့်လာနိုင်သည်။ သို့သော် မတော်မလျော်ဆက်ဆံခံခဲ့ရမည် သို့မဟုတ် ဖိနှိပ်ခံခဲ့ရမည်ဆိုလျှင် ကလေးသည် အတွင်းပိုင်းတွင် ညှိုးနွမ်းပြီး ဝိညာဉ်ရေးအရသေသွားနိုင်သည်။ (ကောလောသဲ ၃:၂၁; ယေရမိ ၂:၂၁; ၁၂:၂ နှိုင်းယှဉ်။) အမှန်မှာ ကလေးအားလုံး အထူးဂရုစိုက်ခံရရန်လိုသည်။
ငယ်သောအရွယ်ကတည်းက နေ့စဉ်ဂရုစိုက်ခြင်း
၄။ ကလေးများသည် “ငယ်သောအရွယ်” မှစ၍ မည်သည့်ဂရုစိုက်မှုကို ရသင့်သနည်း။
၄ မိဘများသည် မွေးကင်းစကလေးကို မခြားမလပ်နီးပါးမျှဂရုစိုက်သွားရမည်။ သို့သော် ကလေးငယ်သည် နေ့စဉ်အခြေခံလိုအပ်ချက်များတွင် ကာယရေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာတို့၌သာ ဂရုစိုက်ရန်ဖြစ်သလော။ ဘုရားသခင့်ကျေးကျွန်တိမောသေထံ တမန်တော်ပေါလု ဤသို့စာရေးခဲ့သည်– “ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍လေ့ကျက်သည်။” (၂ တိမောသေ ၃:၁၅) ထိုကြောင့် ငယ်သောအရွယ်ကတည်းက တိမောသေရရှိခဲ့သော မိဘများ၏ဂရုစိုက်မှုတွင် ဝိညာဉ်ရေးအတွက်လည်းပါဝင်သည်။ သို့သော် ငယ်သောအရွယ်သည် မည်သည့်အချိန်တွင်စတင်သနည်း။
၅၊ ၆။ (က) မမွေးဖွားသေးသည့်ကလေးနှင့်ပတ်သက်၍ သမ္မာကျမ်းစာမည်သို့ဆိုသနည်း။ (ခ) မမွေးဖွားသေးသည့်ကလေး၏ ကောင်းကျိုးကို မိဘများအာရုံစိုက်သင့်ကြောင်း မည်သည့်အရာကညွှန်ပြသနည်း။
၅ ဤတွင် ပေါလုအသုံးပြုသော ဂရိဝေါဟာရ (ဘရဲဖော့စ်) သည် မမွေးသေးသည့်ကလေးနှင့်လည်း သက်ဆိုင်သည်။ နှစ်ခြင်းဆရာယောဟန်၏ မိခင်ဖြစ်သူ ဧလိရှဗက်က သူမ၏ဆွေမျိုးတော်သူမာရိအား ဤသို့ပြောခဲ့သည်– “သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင် အကျွန်ုပ်ဝမ်းထဲ၌သူငယ်သည် ရွှင်မြူးသောစိတ်နှင့်ခုန်၏။” (လုကာ ၁:၄၄) ထို့ကြောင့် မမွေးသေးသောကလေးပင်လျှင် ငယ်သောအရွယ်ကလေးဟုခေါ်ပြီး သားအိမ်ပြင်ပရှိလှုပ်ရှားမှုများကို သူတို့တုံ့ပြန်တတ်သည်ဟု သမ္မာကျမ်းစာကတင်ပြသည်။ ထို့ကြောင့် ယခုအချိန်တွင် မကြာခဏတိုက်တွန်းခံရသည့်အတိုင်း မိဘများ၏ဂရုစိုက်မှုတွင် မမွေးသေးသည့်ကလေးငယ်၏ ဝိညာဉ်ရေးကောင်းစားမှုကို ဂရုစိုက်ခြင်း ပါဝင်သင့်သလော။
၆ မမွေးသေးသည့်ကလေးငယ်များသည် သူတို့ကြားရသည့်အရာများမှ အကျိုးခံစားရနိုင်သည် သို့မဟုတ် အကျိုးယုတ်နိုင်သည်မှာ သက်သေထင်ရှားသဖြင့် ထိုအချက်သည် စဉ်းစားစရာဖြစ်သည်။ တေးဂီတခေါင်းဆောင်တစ်ဦးက သူလေ့ကျင့်ခဲ့သည့် ဂီတတီးလုံးများစွာတို့သည် ထူးထူးခြားခြား သူနှင့်အကျွမ်းဝင်နေဟန်ရှိသည်။ အထူးသဖြင့် တယောကြီးအပိုင်းတွင်ဖြစ်သည်။ ထိုတေးဂီတ၏အမည်ကို တယောပညာရှင်ဖြစ်သူ သူ့မိခင်အားဖော်ပြသောအခါ ယင်းသည် သူ့အားကိုယ်ဝန်ရှိစဉ်က သူမလေ့ကျင့်တီးခတ်ခဲ့သော တေးဂီတပင်ဖြစ်ကြောင်း သူ့အားပြောပြသည်။ အလားတူပင် မမွေးသေးသည့်ကလေးငယ်သည် သူတို့၏မိခင်က ရုပ်မြင်သံကြားတွင် အခန်းဆက်အချစ်ဇာတ်လမ်းများကို စွဲကြည့်လျှင် သူတို့ကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။ ထို့ကြောင့် ဆေးပညာဂျာနယ်တစ်စောင်က “ဘေးဖြစ်စေသော အချစ်ဇာတ်လမ်းစွဲခြင်း” အကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
၇။ (က) မိဘများစွာတို့သည် မမွေးဖွားသေးသည့်မိမိတို့ကလေးများ၏ ကောင်းရာကောင်းကြောင်းကို မည်သို့ဂရုစိုက်ခဲ့ကြပြီနည်း။ (ခ) ကလေးတစ်ယောက်တွင် မည်သည့်အစွမ်းသတ္တိများရှိသနည်း။
၇ ငယ်သောအရွယ်ကလေးများကို အပြုသဘောလှုံ့ဆော်မှုများ၏ အကျိုးကျေးဇူးကို သဘောပေါက်သောမိဘများစွာတို့က မိမိတို့၏ကလေးမမွေးမီကတည်းကပင် စာဖတ်ပေး၊ စကားပြောပေး၊ သီချင်းဆိုပေးကြသည်။ သင်လည်း ထို့နည်းတူပြုလုပ်နိုင်သည်။ သင့်ကလေးငယ်သည် စကားများကိုနားမလည်နိုင်သော်လည်း သင်၏ချော့မော့သည့်အသံနှင့် ယင်း၏နှစ်လိုဖွယ်သံစဉ်မှ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်ဖွယ်ရှိသည်။ မွေးပြီးနောက်တွင် ကလေးသည် သင်ထင်သည်ထက်စော၍ သင့်စကားကို နားလည်လာပေမည်။ နှစ်နှစ်သုံးနှစ်အတွင်း သူငယ်သည် သူပြောဆိုခံရသည့် ရှုပ်ထွေးသောဘာသာစကားကို သင်ယူသည်။ ကလေးငယ်သည် သမ္မာကျမ်းစာအမှန်တရား၏ “စင်ကြယ်သောဘာသာစကား” ကိုလည်း စတင်သင်ယူနိုင်ပေပြီ။—ဇေဖနိ ၃:၉။
၈။ (က) သမ္မာကျမ်းစာက တိမောသေသည် ဓမ္မကျမ်းစာကို “ငယ်သောအရွယ်” မှစ၍ လေ့ကျက်သည်ဟုပြောရာတွင် မည်သည့်အရာကိုဆိုလိုကြောင်း ထင်ရှားသနည်း။ (ခ) တိမောသေနှင့်ပတ်သက်၍ မည်သည့်အရာမှန်ကန်ကြောင်း သက်သေထင်ရှားသနည်း။
၈ တိမောသေသည် ‘ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍လေ့ကျက်သည်’ ဟုပြောရာတွင် သူဘာကိုဆိုလိုသနည်း။ တိမောသေသည် ကလေးအရွယ်မှသာမဟုတ်ဘဲ နို့စို့ကလေးအရွယ်ကတည်းက ဝိညာဏလေ့ကျင့်မှုကို ခံခဲ့ရသည်ကို သူဆိုလိုကြောင်းထင်ရှားသည်။ ယင်းသည် ယေဘုယျအားဖြင့် မွေးကင်းစကလေးကို ရည်ညွှန်းသော ဘရဲဖော့စ် ဟူသည့် ဂရိစကားလုံးအဓိပ္ပာယ်နှင့် ဆီလျော်သည်။ (လုကာ ၂:၁၂၊ ၁၆; တမန်တော် ၇:၁၉၊ ကဘ) တိမောသေသည် သူ၏မှတ်ဉာဏ်မီနိုင်ခဲ့သလောက် မိခင်ဖြစ်သူဥနိတ်နှင့် အဖွားဖြစ်သူလောဣတို့ထံမှ ဝိညာဏသွန်သင်ညွှန်ပြမှုကို ရရှိခဲ့သည်။ (၂ တိမောသေ ၁:၅) ‘အပင်ငယ်သည် ပုံသွင်းခံရသည့်အတိုင်း သစ်ပင်ကြီးဖြစ်လာသည်’ ဟူသည့်အဆိုသည် တိမောသေနှင့် အမှန်ပင်သက်ဆိုင်သည်။ သူသည် ‘သွားရမည့်လမ်း၌ ဆုံးမသွန်သင်ခံရသည်’ နှင့်အညီ ရလဒ်အနေနှင့် ဘုရားသခင်၏ကျေးကျွန်ကောင်းတစ်ယောက် ဖြစ်လာသည်။—သု. ၂၂:၆; ဖိလိပ္ပိ ၂:၁၉-၂၂။
လိုအပ်သည့်အထူးဂရုစိုက်မှု
၉။ (က) မိဘများသည် မည်သည့်အရာပြုခြင်းကို ရှောင်ရမည်ဖြစ်ပြီး အဘယ်ကြောင့်နည်း။ (ခ) ကလေးကြီးပြင်းလာသည့်နှင့်အမျှ မိဘများသည် မည်သည့်အရာကိုပြုရန်လိုအပ်ပြီး မည်သည့်ပုံသက်သေကို သူတို့လိုက်လျှောက်သင့်သနည်း။
၉ ကလေးများသည် သစ်ပင်များကဲ့သို့ပင် အားလုံးတို့သည် တူညီသောအရည်အသွေးများရှိကြသည်မဟုတ်၊ တစ်နည်းတည်းသောဂရုစိုက်မှုကိုလည်း တုံ့ပြန်ကြသည် မဟုတ်။ ပညာရှိသောမိဘများသည် ထိုခြားနားမှုကို ဂရုစိုက်ပြီး ကလေးတစ်ယောက်အား အခြားတစ်ယောက်နှင့်နှိုင်းခြင်းကို ရှောင်မည်။ (ဂလာတိ ၆:၄ နှိုင်းယှဉ်။) သင့်ကလေးများအား လူကောင်းသူကောင်းအဖြစ် ကြီးပြင်းလာစေလိုလျှင် သူတို့၏ ခြားနားသော ဥပဓိရုပ်ဆိုင်ရာ ထူးခြားသည့်အရည်အသွေးများကို ဂရုစိုက်ကြည့်ပြီး ကောင်းသောအရာကို ပြုစုပျိုးထောင်ကာ မကောင်းသောအရာကို နုတ်ပယ်ပေးရန်လိုအပ်သည်။ မရိုးသားမှု၊ ရုပ်ပစ္စည်းတပ်မက်မှု သို့မဟုတ် တစ်ကိုယ်ကောင်းဆန်မှုစသည့် အားနည်းမှု သို့မဟုတ် မတော်လျော်သောသဘောထားသို့ တိမ်းယိမ်းမှုတို့ကို သင်သတိထားမိပါက မည်သို့နည်း။ တပည့်တော်များ၏အားနည်းချက်ကို ပဲ့ပြင်တည့်မတ်ပေးသောယေရှုကဲ့သို့ ကြင်နာစွာပဲ့ပြင်ပေးပါ။ (မာကု ၉:၃၃-၃၇) အထူးသဖြင့် ကလေးတစ်ဦးစီ၏ ခွန်အားနှင့် ကောင်းမွန်ထူးခြားသည့်အရည်အသွေးတို့ကိုလိုက်၍ သူတို့အား မှန်မှန်ချီးမွမ်းပေးပါ။
၁၀။ ကလေးများသည် အထူးသဖြင့် အဘယ်အရာလိုအပ်ပြီး ယင်းကို မည်သို့ပေးနိုင်သနည်း။
၁၀ ကလေးများအထူးလိုအပ်သည်မှာ မေတ္တာပါသော ကိုယ်တိုင်ဂရုစိုက်မှုဖြစ်သည်။ ယေရှုသည် ဓမ္မအမှုတွင်အလုပ်များနေသော မိမိ၏နောက်ဆုံးနေ့ရက်များ၌ပင် ကလေးငယ်များကို ထိုကဲ့သို့သောအထူးဂရုစိုက်မှုပြုရန် အချိန်ပေးခဲ့သည်။ (မာကု ၁၀:၁၃-၁၆၊ ၃၂) မိဘတို့၊ ထိုပုံသက်သေကို အတုယူကြပါလေ! တစ်ကိုယ်ကောင်းမဆန်ဘဲ သင့်ကလေးများနှင့်အတူရှိရန် အချိန်ကိုဖန်တီးယူပါ။ သူတို့အား မေတ္တာစစ်တင်ပြရန် မရှက်ပါနှင့်။ ယေရှုပြုသကဲ့သို့ သူတို့ကိုပိုက်ဖက်ပါ။ သူတို့အား နွေးထွေးပြီးချစ်ခင်ကြင်နာမှုရှိသည့် ပွေ့ဖက်မှုနှင့်အနမ်းများကိုပေးပါ။ လူ့ဘောင်နှင့်အံဝင်ခွင်ကျ ကြီးပြင်းလာသည့် လူငယ်များ၏ မိဘများက အခြားမိဘများအား မည်သည့်အကြံဉာဏ်ကိုပေးမည်နည်းဟု တောင်းဆိုခံကြရသောအခါ သူတို့ပေးလေ့ရှိသောအဖြေအချို့မှာ– ‘မေတ္တာလှိုင်လှိုင်ပေးပါ၊’ ‘အချိန်ကို အတူတကွအသုံးပြုပါ၊’ ‘နှစ်ကိုယ်ကြားလေးစားမှုကို တိုးတက်စေပါ၊’ ‘သူတို့ပြောတာကို တကယ်နားထောင်ပါ၊’ ‘ဟောပြောချက်ပေးတာထက် လမ်းညွှန်မှုကိုပေးပါ၊’ နှင့် ‘လက်တွေ့ကျပါ’ တို့ဖြစ်သည်။
၁၁။ (က) မိမိကလေးများအား အထူးဂရုစိုက်ပေးခြင်းကို မိဘများမည်သို့ရှုမြင်သင့်သနည်း။ (ခ) မိမိတို့ကလေးများနှင့် တန်ဖိုးရှိသည့်ဖလှယ်မှုပြုလုပ်ခြင်းကို မည်သည့်အချိန်တွင် မိဘများလုပ်နိုင်ဖွယ်ရှိသနည်း။
၁၁ ယင်းသို့ အထူးအရေးစိုက်မှုပေးခြင်းသည် ရွှင်လန်းမှုကိုဖြစ်စေသည်။ အောင်မြင်သောမိဘတစ်ဦးက ဤသို့စာရေးသည်– “ကျွန်တော်တို့သားလေးနှစ်ယောက် ငယ်ငယ်တုန်းက သူတို့အိပ်ဖို့ပြင်ဆင်ပေးတာ၊ စာဖတ်ပြတာ၊ သူတို့ကိုဖက်ပြီးဆုတောင်းတာတွေဟာ တကယ့်ကိုပျော်စရာတွေပဲ။” ထိုသို့ အတူတကွနေသည့်အချိန်များသည် မိဘနှင့်သားသမီးတို့နှစ်ဦးနှစ်ဖက် အားပေးတည်ဆောက်စရာများကို ဖလှယ်နိုင်သည့်အခွင့်အရေးရစေသည်။ (ရောမ ၁:၁၁၊ ၁၂ နှိုင်းယှဉ်။) မောင်နှံတစ်စုံသည် မိမိတို့သုံးနှစ်သားကလေးက “ဝါလီ” ကိုကောင်းချီးပေးရန် ဆုတောင်းသည်ကို ကြားကြသည်။ နောက်ညများလည်း “ဝါလီ” အတွက် ဆုတောင်းပေးသည်။ ထိုအချိန်က နှိပ်စက်ညှဉ်းပန်းခံနေရသော မာလာဝီရှိညီအစ်ကိုများအတွက် သူဆိုလိုကြောင်း မိဘများသိသွားသောအခါ သူတို့အလွန်အားရှိသွားကြသည်။ အမျိုးသမီးတစ်ဦး ဤသို့ပြောသည်– ‘ကျွန်မလေးနှစ်အရွယ်ပဲရှိသေးတုန်းက ကျွန်မအမေဆေးတဲ့ပန်းကန်တွေကို ကျွန်မက ခုံပေါ်မှာရပ်ပြီးသုတ်ပေးနေတုန်း ကျမ်းချက်တွေအလွတ်ဆိုဖို့၊ နိုင်ငံတော်သီချင်းတွေဆိုဖို့ အမေကျွန်မကို ကူညီပေးခဲ့တယ်။’ သင့်ကလေးငယ်များနှင့် တန်ဖိုးရှိသောဖလှယ်မှုပြုလုပ်ရန်အချိန်ကို သင်စဉ်းစားပေးနိုင်မည်လော။
၁၂။ ခရစ်ယာန်မိဘများသည် မိမိတို့ကလေးများအား မည်သည့်အရာကို ပညာရှိရှိပေးမည်ဖြစ်ပြီး မည်သည့်နည်းစနစ်ကို သုံးနိုင်သနည်း။
၁၂ ပညာရှိမိဘများသည် မှန်မှန်လေ့လာမှုအတွက် အစီအစဉ်ဆွဲကြသည်။ ထုံးစံအတိုင်း အမေးအဖြေနည်းကိုပင် အသုံးပြုစေကာမူ အထူးသဖြင့် ငယ်ရွယ်သည့်သင့်ကလေးများအတွက် လေ့လာမှုအစီအစဉ်ကို အပြောင်းအလဲလုပ်ခြင်းအားဖြင့် ပျော်စရာကောင်းသည့် ဖလှယ်မှုများကို သင်လုပ်ပေးနိုင်မည်လော။ ကျမ်းစာပါရှုခင်းများ၏ပုံကိုဆွဲခြင်း၊ ကျမ်းစာပုံပြင်များပြောပြခြင်း၊ ကလေးအားပြင်ဆင်ထားခိုင်းသည့်အရာကို သူပြန်ပြောသောအခါ နားထောင်ခြင်းတို့ကို သင်ပါဝင်စေနိုင်သည်။ ကလေးများတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လိုလားတောင့်တသည့်သဘောဖြစ်ပေါ်လာရန် နှုတ်ကပါဌ်တော်ကို ဖြစ်နိုင်သရွေ့ ခံတွင်းတွေ့စရာဖြစ်အောင်လုပ်ပါ။ (၁ ပေတရု ၂:၂၊ ၃) ဖခင်တစ်ဦး ဤသို့ပြောသည်– ‘ကလေးတွေငယ်တုန်းက ကြမ်းပြင်ပေါ်မှာ သူတို့နဲ့အတူ ကျွန်တော်တို့တွားသွားပြီး သမ္မာကျမ်းစာမှာနာမည်ကြီးသူတွေအပါအဝင် သမိုင်းအဖြစ်အပျက်တွေမှာလို သရုပ်ဆောင်ကစားကြတယ်။ ကလေးတွေက အဲဒါကို အရမ်းသဘောကျကြတယ်။’
၁၃။ လေ့ကျင့်မှုအစီအစဉ်များ၏တန်ဖိုးကား အဘယ်နည်း။ ယင်းတို့ပြုလုပ်စဉ် မည်သည့်အရာများကို ပြင်ဆင်လေ့ကျင့်ပေးနိုင်သနည်း။
၁၃ လေ့ကျင့်မှုအစီအစဉ်များသည်လည်း တန်ဖိုးရှိဖလှယ်မှုကိုဖြစ်စေသည်။ အကြောင်းမှာ ယင်းတို့သည် လက်တွေ့ဘဝအခြေအနေများအတွက် ပြင်ဆင်နိုင်ရန် ကလေးငယ်များကို အကူအညီပေးသောကြောင့်ဖြစ်သည်။ ကူစရိုးကလေးများဖြစ်သည့် နာဇီနှိပ်စက်ညှဉ်းပန်းချိန်အတွင်း ဘုရားသခင်ကိုသစ္စာရှိခဲ့ကြသည့် အားလုံးပေါင်း ၁၁ ယောက်ရှိသောကလေးများထဲမှ တစ်ယောက်က မိမိတို့မိဘများနှင့်ပတ်သက်၍ ဤသို့ပြောပြသည်– “သူတို့က ကျွန်တော်တို့ဘယ်လိုကျင့်ကြံရမယ်၊ သမ္မာကျမ်းစာနဲ့ ကိုယ့်ကိုယ်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို ပြကြတယ်။ [၁ ပေတရု ၃:၁၅] မေးခွန်းတွေမေးပြီး အဖြေတွေပေးတဲ့ လေ့ကျင့်မှုအစီအစဉ်တွေကို ကျွန်တော်တို့မကြာခဏလုပ်ကြတယ်။” ထိုနည်းအတိုင်း လုပ်ကြည့်ပါလေ။ ဓမ္မအမှုအတွက်တင်ဆက်ပုံကို မိဘက အိမ်ရှင်အဖြစ်သရုပ်ဆောင်၍ လေ့ကျင့်ပေးနိုင်သည်။ သို့မဟုတ် လေ့ကျင့်မှုအစီအစဉ်သည် လက်တွေ့ဘဝတွင်ရင်ဆိုင်ရသည့် စုံစမ်းခြင်းများနှင့်လည်း သက်ဆိုင်နိုင်သည်။ (သု. ၁:၁၀-၁၅) “ခက်ခဲတဲ့အခြေအနေတွေအတွက် ပြင်ဆင်လေ့ကျင့်ပေးတာဟာ ကလေးတစ်ယောက်အတွက် အစွမ်းအစနဲ့ယုံကြည်စိတ်ချမှုကို တည်ဆောက်ပေးတယ်။ လေ့ကျင့်မှုအစီအစဉ်တွေထဲမှာ သင့်ကလေးကို သူ့သူငယ်ချင်းတစ်ယောက်က စီးကရက်၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးပေးတဲ့အခြေအနေအကြောင်းလဲ ပါဝင်စေသင့်တယ်” ဟု အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ ယင်းအခြေအနေများတွင် သင့်ကလေးမည်သို့တုံ့ပြန်မည်ကို သင်သိမြင်နိုင်ရန် ဤအစီအစဉ်များက အကူအညီဖြစ်စေသည်။
၁၄။ သင့်ကလေးများနှင့် မေတ္တာရှိ၍ကြင်နာသက်ဝင်သော ဆွေးနွေးခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၄ သင့်ကလေးနှင့်ဖလှယ်မှုပြုလုပ်စဉ် ဤစကားများကိုရေးသားခဲ့သူ၏ ကြင်နာသက်ဝင်သည့်သဘောမျိုးဖြင့် ဆွဲဆောင်မှုရှိစေပါ– “ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။” (သု. ၃:၁၊ ၂) နာခံမှုကိုသင်တောင်းဆိုရခြင်းမှာ သူ့အတွက် ငြိမ်ဝပ်ခြင်းနှင့် အသက်တာရှည်ခြင်း—စင်စစ် ငြိမ်းချမ်းသည့် ဘုရားသခင့်ကမ္ဘာသစ်တွင် ရရှိမည့်ထာဝရအသက်ကို ဖြစ်စေမည်အကြောင်း သူ့အား မေတ္တာပါပါရှင်းပြလျှင် သင့်ကလေး၏နှလုံးကို မထိမိပေလော။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဆင်ခြင်မှုပြုသည်နှင့်အမျှ သင့်ကလေး၏ဥပဓိရုပ်ကို ထည့်တွက်ပါ။ ယင်းကို ဆုတောင်း၍လုပ်ဆောင်လျှင် သင့်ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးမည်။ ထိုကဲ့သို့သော မေတ္တာနှင့်ကြင်နာသက်ဝင်မှုပါသည့် ကျမ်းစာအခြေပြုဆွေးနွေးခန်းများသည် ရလဒ်ကောင်းနှင့် ထာဝရအကျိုးကျေးဇူးများကို ရစေနိုင်သည်။—သု. ၂၂:၆။
၁၅။ ပြဿနာများကိုဖြေရှင်းရန် မိမိတို့၏ကလေးများအား မိဘများ မည်သို့ကူညီပေးနိုင်သနည်း။
၁၅ ထိုသို့သော ဖလှယ်မှုပြုခြင်းသည် သင်စီစဉ်ထားသည့်လေ့လာမှုအချိန်တွင် မဖြစ်စေကာမူ အခြားကိစ္စများကြောင့် သင့်အာရုံမလွဲပါစေနှင့်။ သင့်ကလေးပြောသည့်စကားကိုသာမက ယင်းတင်ပြသည့်သဘောထားကို ဂရုတစိုက်နားထောင်ပါ။ “သင့်ကလေးကိုကြည့်ပါ” ဟု ကျွမ်းကျင်သူတစ်ဦးက ဆိုခဲ့သည်။ “သူ့ကို အပြည့်အဝအာရုံစိုက်ပါ။ သူ့ကို နားထောင်ရုံမက နားလည်ဖို့ပါလိုသည်။ ထိုသို့ ပိုမိုအားထုတ်လုပ်ဆောင်သည့် မိဘများသည် မိမိတို့ကလေးများ၏အသက်တာတွင် ကြီးကျယ်သည့်ခြားနားမှုကို ဖန်တီးနိုင်သည်။” ယနေ့ကလေးများသည် ကျောင်း သို့မဟုတ် အခြားနေရာများတွင် ကြီးမားသည့်ပြဿနာများကို ရင်ဆိုင်ရလေ့ရှိသည်။ မိဘအနေနှင့် ကလေးကိုရင်ဖွင့်စေပြီး အရာရာကို ဘုရားသခင့်ရှုထောင့်မှ ရှုမြင်တတ်ရန်ကူညီပါ။ပြဿနာမည်သို့ဖြေရှင်းရမည်ကို သင်မသေချာပါက သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျေးကျွန်” ကပေးသည့် စာပေများမှ စူးစမ်းရှာဖွေပါ။ (မဿဲ ၂၄:၄၅၊ သမ) မည်သည့်နည်းဖြင့်မဆို သင့်ကလေးပြဿနာဖြေရှင်းနိုင်ရန်အတွက် လိုအပ်သည့်အထူးဂရုစိုက်မှုကို အစွမ်းကုန်ပေးပါ။
အတူရှိနေရသည့်အချိန်ကို မြတ်နိုးပါ
၁၆၊ ၁၇။ (က) အထူးသဖြင့် ယနေ့လူငယ်များသည် အဘယ်ကြောင့် အထူးဂရုစိုက်မှုနှင့် သွန်သင်ညွှန်ပြမှုလိုအပ်သနည်း။ (ခ) ကလေးများသည် မိဘများ၏ဆုံးမခံရစဉ် မည်သည့်အရာကို သိရန်လိုအပ်သနည်း။
၁၆ ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” ဖြစ်သည့် “နောက်ဆုံးအချိန်” တွင် အသက်ရှင်နေကြရသောကြောင့် ယနေ့လူငယ်များသည် တစ်ခါကနှင့်မျှမတူအောင် အထူးဂရုစိုက်မှုကို သာ၍လိုအပ်သည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ; မဿဲ ၂၄:၃-၁၄) မိဘများနှင့်ကလေးများသည် အလားတူ “ပညာရှင့်အသက်ကို ရှည်စေတတ်” သည့်ဉာဏ်ပညာအားဖြင့် ရယူနိုင်သော ကွယ်ကာမှုကို လိုအပ်ကြသည်။ (ဒေသနာ ၇:၁၂၊ သမ) ဘုရားရေးရာဉာဏ်ပညာတွင် ကျမ်းစာအခြေခံသည့်အသိပညာကို လျောက်ပတ်စွာကျင့်သုံးခြင်းပါဝင်ရာ ကလေးများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သွန်သင်ညွှန်ပြမှုကို မှန်မှန်လိုအပ်သည်။ ထို့ကြောင့် သင့်ကလေးများနှင့်အတူ ကျမ်းစာလေ့လာပါ။ သူတို့အား ယေဟောဝါအကြောင်းပြောပြပြီး ကိုယ်တော့်တောင်းဆိုချက်များကို ဂရုတစိုက်ရှင်းပြကာ ကိုယ်တော့်ထူးမြတ်သည့်ကတိတော်များကို ရွှင်လန်းမှုဖြင့်မျှော်မှန်းခြင်းကို ဖြစ်စေပါ။ အိမ်တွင်၊ ကလေးနှင့်အတူလမ်းလျှောက်စဉ်တွင်—မှန်ပါသည်၊ သင့်လျော်သည့်အချိန်တိုင်းတွင် ထိုကဲ့သို့သောအရာများကို ပြောဆိုပါ။—တရားဟောရာ ၆:၄-၇။
၁၇ တူညီသောအခြေအနေအောက်တွင် အပင်အားလုံး ရှင်သန်ကြီးထွားမှုမရှိနိုင်သည်ကို လယ်သမားများသိကြသည်။ အပင်များသည် အထူးဂရုစိုက်မှုလိုအပ်သည်။ အလားတူ ကလေးတိုင်းသည် ခြားနားမှုရှိကြပြီး အထူးဂရုစိုက်မှု၊ လမ်းညွှန်မှုနှင့် ဆုံးမသွန်သင်မှုတို့ လိုအပ်သည်။ ဥပမာ၊ မိဘ၏ မနှစ်သက်သည့်အကြည့်တစ်ချက်က ကလေးငယ်တစ်ယောက်အား မှားယွင်းသည့်လမ်းစဉ်မှရပ်တန့်စေပြီး အခြားတစ်ယောက်အတွက်မူ သာ၍ပြင်းထန်သည့်ဆုံးမမှု လိုအပ်ပေမည်။ သို့သော် စကားအချို့ သို့မဟုတ် လုပ်ရပ်အချို့ကို အဘယ်ကြောင့်သင်မနှစ်သက်ကြောင်း သင့်ကလေးတိုင်းသိရန်လိုအပ်ပြီး ဆုံးမမှုသည် တစ်သမတ်တည်းဖြစ်ရန် မိဘနှစ်ပါးစလုံး ပူးပေါင်းလုပ်ဆောင်သင့်သည်။ (ဧဖက် ၆:၄) ခရစ်ယာန်မိဘများသည် ကျမ်းစာနှင့်ညီညွတ်သည့် ရှင်းလင်းပြတ်သားသော လမ်းညွှန်မှုများကိုပေးရန် အထူးသဖြင့်အရေးကြီးလှသည်။
၁၈၊ ၁၉။ ခရစ်ယာန်မိဘများသည် မိမိတို့သားသမီးများအပေါ် မည်သည့်တာဝန်ရှိပြီး ယင်းအလုပ်ကို ကောင်းမွန်စွာလုပ်ဆောင်ပြီးစီးပါက မည်သည့်ရလဒ် ရနိုင်စရာရှိသနည်း။
၁၈ လယ်သမားတစ်ဦးသည် စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းအလုပ်ကို သင့်တော်သည့်အချိန်တွင် ပြုလုပ်ရမည်။ သူသည် အချိန်ဆွဲနေလျှင် သို့မဟုတ် ကောက်ပင်ကိုပစ်ထားလျှင် အနည်းငယ်ကိုသာရိတ်သိမ်းရမည်၊ သို့မဟုတ် ဘာကိုမျှရိတ်သိမ်းရမည်မဟုတ်ချေ။ သင့်ကလေးငယ်များသည် နောက်လ၊ နောက်နှစ်မှမဟုတ်ဘဲ ယခုပင် အထူးဂရုစိုက်မှုလိုအပ်သည့် ကြီးထွားဖွံ့ဖြိုးနေသော “အပင်များ” ဖြစ်ကြသည်။ သူတို့၏ဝိညာဏကြီးထွားမှုကို ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီ မြေတောင်မြှောက်ပေးရန်နှင့် သူတို့အား ဝိညာဉ်ရေးအရ ညှိုးနွမ်းပြီးသေစေနိုင်သည့် လောကီအတွေးအခေါ်ပေါင်းပင်များကို ရှင်းလင်းသုတ်သင်ပေးရန် တန်ဖိုးရှိအခွင့်အရေးများကို လက်မလွတ်ပါစေနှင့်။ သင့်ကလေးနှင့်အတူ အသုံးပြုလိုက်ရသည့် အချိန်နာရီနှင့်နေ့ရက်များကို လိုလားမြတ်နိုးမှုရှိပါ။ အကြောင်းမှာ ထိုအချိန်များသည် ကုန်ဆုံးလွယ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များအဖြစ် ပျော်ရွှင်သောအသက်တာကိုရရန် လိုအပ်သည့် ဘုရားရေးရာအရည်အချင်းများကို သင့်ရင်နှစ်သည်းချာ၌ ပြုစုပျိုးထောင်ပေးရန် ကြိုးစားအားထုတ်ပါ။ (ဂလာတိ ၅:၂၂၊ ၂၃; ကောလောသဲ ၃:၁၂-၁၄) ယင်းသည် အခြားသူလုပ်ရမည့်အလုပ်မဟုတ်; သင်လုပ်ရမည့်အလုပ်ဖြစ်ပြီး ယင်းကိုလုပ်နိုင်ရန် ဘုရားသခင်သင့်ကိုကူညီနိုင်သည်။
၁၉ သင့်ကလေးကို ကြွယ်ဝသည့်ဝိညာဏအမွေပေးပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သူတို့နှင့်အတူတကွ လေ့လာမှုပြုပြီး အကျိုးဖြစ်ထွန်းသည့် အပန်းဖြေမှုများတွင် သူတို့နှင့်အတူတကွပါဝင်ပါ။ သင့်ကလေးငယ်များကို ခရစ်ယာန်အစည်းအဝေးများသို့ ခေါ်သွားပြီး ဘုရားနိုင်ငံတော်ဟောပြောရာတွင် သင့်အနား၌ရှိနေစေပါ။ သင်ချစ်ရသော ရင်နှစ်သည်းချာကလေးများ၏အထဲတွင် ယေဟောဝါ၏အလိုတော်နှင့်တွေ့သော ဥပဓိရုပ်မျိုးကို တည်ဆောက်ပေးလျှင် နောက်ပိုင်းအသက်တာတွင် သင့်အားကြီးမားသည့်ရွှင်လန်းမှု ဖြစ်စေကြမည်မှာ သေချာသလောက်ဖြစ်သည်။ မှန်ပါသည်၊ “ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကို ဖွားစေသောသူသည် ထိုသား၌အားရဝမ်းမြောက်လိမ့်မည်။ သင်၏မိဘတို့သည် ဝမ်းမြောက်၍ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။”—သု. ၂၃:၂၄၊ ၂၅။
ကြွယ်ဝသည့်ဆု
၂၀။ ဆယ်ကျော်သက်များ၏ အောင်မြင်သောမိဘဖြစ်ရန် သော့ချက်ကားအဘယ်နည်း။
၂၀ သားသမီးမွေးမြူခြင်းသည် အစိတ်အပိုင်းများစွာပါဝင်၍ ရေရှည်တာဝန်ဖြစ်သည်။ ‘သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်ပျိုကလေးများ’ သည် ဘုရားသခင်ကိုကြောက်ရွံ့သည့် နိုင်ငံတော်အသီးသီးသူများအဖြစ် ကြီးပြင်းလာရန် မွေးမြူခြင်းကို အနှစ် ၂၀ စီမံကိန်းဟုခေါ်ခဲ့ကြသည်။ (ဆာလံ ၁၂၈:၃; ယောဟန် ၁၅:၈) ကလေးများသည် သူတို့အပေါ် ဖိစီးမှုများတိုးများလာလေ့ရှိသည့် ဆယ်ကျော်သက်အရွယ်သို့ ရောက်လာကြပြီး မိဘများလည်း မိမိတို့၏ကြိုးစားအားထုတ်မှုကို အရှိန်အဟုန်တိုးမြှင့်ရန် လိုအပ်သည်ကို သိမြင်လာသောအချိန်တွင် ဤစီမံကိန်းသည် ပိုမိုခက်ခဲလာလေ့ရှိသည်။ သို့သော် အောင်မြင်ရန်သော့ချက်ကား မပြောင်းလဲချေ—ဂရုတစိုက်ရှိပါ၊ နွေးထွေးပါ၊ နားလည်မှုရှိပါ။ သင့်ကလေးသည် ကိုယ်တိုင်ကိုယ်ကြပ်ဂရုစိုက်မှု အမှန်လိုအပ်သည်ကို သတိရပါ။ သူတို့၏ကောင်းကျိုးကို စစ်မှန်သည့်မေတ္တာနှင့်အာရုံစိုက်ခြင်းအားဖြင့် သူတို့အား ထိုကဲ့သို့သောဂရုစိုက်မှုကို ပေးနိုင်သည်။ သူတို့အားကူညီရန် သူတို့အမှန်တကယ်လိုအပ်သည့် အချိန်၊ မေတ္တာ နှင့် အာရုံစိုက်မှု ကိုပေးခြင်းအားဖြင့် သင့်ကိုယ်ကိုအနစ်နာခံရမည်။
၂၁။ ကလေးများကို အထူးဂရုစိုက်ခြင်းက မည်သည့်ဆုလာဘ်ကိုရရှိစေနိုင်သနည်း။
၂၁ သင့်အား ယေဟောဝါအပ်နှင်းထားသော တန်ဖိုးရှိအသီးများကို စောင့်ရှောက်ရန် သင်အားထုတ်သည့်အတွက် ရရှိသောဆုလာဘ်သည် လယ်သမားလှိုင်လှိုင်ရိတ်သိမ်းရသည့် မည်သည့်အသီးထက်မဆို များစွာသာ၍ ကျေနပ်မှုကို ဖြစ်စေနိုင်သည်။ (ဆာလံ ၁၂၇:၃-၅) ထို့ကြောင့် မိဘတို့၊ သင့်ကလေးများအား အထူးဂရုစိုက်မှုကို ဆက်ပေးပါ။ သူတို့၏ကောင်းကျိုးအတွက်နှင့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါ၏ ဘုန်းတော်ထင်ရှားရေးအတွက် ယင်းကိုပြုလုပ်ကြပါလေ။
သင်မည်သို့ဖြေဆိုမည်နည်း
◻ အပင်ကြီးထွားအောင်ပြုစုပျိုးထောင်ခြင်းနှင့် ကလေးများမွေးမြူခြင်းကို မည်သို့နှိုင်းယှဉ်နိုင်သနည်း။
◻ ကလေးတစ်ယောက်သည် ငယ်သောအရွယ်ကတည်းကစ၍ မည်သည့်ဂရုစိုက်မှုကို နေ့စဉ်ခံရသင့်သနည်း။
◻ ကလေးများသည် မည်သည့်အထူးစောင့်ရှောက်မှုကို လိုအပ်ပြီး ယင်းကို မည်သည့်နည်းဖြင့် ပေးနိုင်သနည်း။
◻ သင့်ကလေးများကို အဘယ်ကြောင့် အထူးဂရုစိုက်မှုပေးရသနည်း။