အခွင့်အာဏာအပေါ် ခရစ်ယာန်အမြင်
“ဘုရားသခင်၏အခွင့်မရှိလျှင် အခွင့်အာဏာမရှိ။”—ရောမ ၁၃:၁၊ ကဘ။
၁။ “အခွင့်အာဏာ” ဟူသောစကားလုံးသည် အဘယ်အရာနှင့် ကွင်းဆက်နေသနည်း။ သို့ဖြစ်၍ ယေဟောဝါသည် အာဏာပိုင်ချုပ်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
အခွင့်အာဏာသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်နေပါသည်။ “အခွင့်အာဏာ” (authority) ဟူသောစကားလုံးသည် “စတင်ဖန်တီးသူ၊ ပြုလုပ်သူ၊ ဖြစ်ပေါ်စေသူ” အဓိပ္ပာယ်ရှိသော “စတင်စီရင်သူ” (author) ဟူသည့်စကားလုံးနှင့် ဆက်စပ်သည်။ သက်ရှိနှင့်သက်မဲ့ဖြစ်သော ဖန်ဆင်းရာရှိရှိသမျှတို့ကို တည်ရှိစေတော်မူသော အရှင်ချုပ်သည် ယေဟောဝါဘုရားသခင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် အာဏာပိုင်ချုပ်ဖြစ်တော်မူသည်ကား မလွဲဧကန်ပင်။ ဤကဲ့သို့ကြွေးကြော်ခဲ့သော ကောင်းကင်သတ္တဝါ၏စိတ်ထားမျိုး ခရစ်ယာန်စစ်များတွင်ရှိသည်– “အိုယေဟောဝါဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”—ဗျာဒိတ် ၄:၁၁၊ ကဘ။
၂။ အစောပိုင်းလူသားအုပ်စိုးရှင်များစွာတို့သည် လူလူချင်းအပေါ် အုပ်ချုပ်ခွင့်ကို ပင်ကိုယ်ရှိရင်းစွဲအခွင့်အဖြစ် မိမိတို့မရထားကြောင်း တစ်နည်းအားဖြင့် မည်သို့ဝန်ခံသနည်း။ ပုန္တိပိလတ်မင်းအား ယေရှုဘာပြောသနည်း။
၂ အစောဆုံးသောလူသားအုပ်စိုးသူများစွာတို့သည် မိမိတို့၏ အခွင့်အာဏာကို တရားဝင်ဖြစ်စေရန် မိမိတို့သည် ဘုရားများဖြစ်ကြသည် သို့မဟုတ် ဘုရားတစ်ဆူကို ကိုယ်စားပြုကြသည်ဟု ဆိုခြင်းကိုယ်နှိုက်က လူလူချင်းအပေါ် အုပ်ချုပ်ခွင့်သည် ပင်ကိုယ်ရှိရင်းစွဲအခွင့်အဖြစ် မည်သူ၌မျှမရှိကြောင်း နှုတ်ဖြင့်မပြောဘဲ အသိအမှတ်ပြုခြင်းဖြစ်သည်။a (ယေရမိ ၁၀:၂၃) အာဏာစက်ရှိရှိသမျှ၏ တစ်ခုတည်းသော တရားဝင်အရင်းအမြစ်သည် ယေဟောဝါဘုရားသခင် ဖြစ်တော်မူသည်။ ယုဒပြည်နယ်၏ ရောမမင်းကြီး ပုန္တိပိလတ်အား ခရစ်တော် ဤသို့မိန့်ဆိုတော်မူသည်– “အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သို့မျှ မပြုပိုင်။”—ယောဟန် ၁၉:၁၁။
“ဘုရားသခင်၏အခွင့်မရှိလျှင် အခွင့်အာဏာမရှိ”
၃။ “အထက်အာဏာပိုင်” နှင့်စပ်လျဉ်း၍ တမန်တော်ပေါလု အဘယ်သို့ဆိုသနည်း။ ယေရှုနှင့်ပေါလုတို့၏စကားများက အဘယ်မေးခွန်းများကို ပေါ်ပေါက်စေသနည်း။
၃ ရောမအင်ပါယာအစိုးရလက်အောက်ရှိ ခရစ်ယာန်များထံ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “အထက်အာဏာပိုင်များ၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား ဘုရားသခင်၏အခွင့်မရှိလျှင် အခွင့်အာဏာမရှိ။ တည်ရှိနေသောအာဏာပိုင်များသည် ဘုရားသခင်အားဖြင့် သူတို့စပ်ဆိုင်သောနေရာများ၌ရပ်တည်လျက်ရှိကြသည်။” (ရောမ ၁၃:၁၊ ကဘ) ပိလတ်သည် “အထက်အရပ်မှ” အခွင့်အာဏာရရှိသည်ဟု ယေရှုမိန့်တော်မူရာတွင် ကိုယ်တော်ဘာကိုဆိုလိုသနည်း။ မိမိခေတ်ရှိ အာဏာပိုင်တို့ကို အဘယ်နည်းဖြင့် ဘုရားသခင်အားဖြင့် သူတို့၏စပ်ဆိုင်သောနေရာများ၌ ရပ်တည်လျက်ရှိကြသည်ဟု ပေါလုယူမှတ်ခဲ့သနည်း။ ကမ္ဘာပေါ်ရှိ အုပ်စိုးရှင် တစ်ပါးချင်းစီကို ယေဟောဝါကိုယ်တော်တိုင် ခန့်ထားတော်မူသည်ဟု ဆိုလိုနေသလော။
၄။ ယေရှုနှင့်ပေါလုတို့သည် စာတန်အား အဘယ်အမည်ဖြင့် ခေါ်သနည်း။ စာတန်ပြောသည့် အဘယ်စကားကို ယေရှုမငြင်းဆိုသနည်း။
၄ စာတန်အား “လောကကို အစိုးရသောမင်း” ဟုယေရှုခေါ်ခဲ့၍ တမန်တော်ပေါလုကလည်း သူ့အား “ဤလောကကိုအစိုးရသောဘုရား” ဟုခေါ်ထားသည့်အတွက် ထိုအမှုသည် မည်သို့ဖြစ်နိုင်မည်နည်း။ (ယောဟန် ၁၂:၃၁; ၁၆:၁၁; ၂ ကောရိန္သု ၄:၄) ထို့အပြင် ယေရှုကိုစုံစမ်းစဉ် စာတန်သည် ကိုယ်တော်အား “ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့” ကိုပြညွှန်၍ သူ၌အပ်ပေးထားသည်ဟုဆိုသော “ဘုန်းတန်ခိုးအာနုဘော်” ကိုပေးမည်ဟုပြောသည်။ သူပေးလိုသည့်ဘုန်းကို ယေရှုငြင်းပယ်ခဲ့သော်လည်း ထိုသို့သောဘုန်းတန်ခိုးကို စာတန်မပိုင်ဆိုင်ပါဟူ၍ ကိုယ်တော်မငြင်းဆိုပါ။—လုကာ ၄:၅-၈။
၅။ (က) လူသားအခွင့်အာဏာနှင့်စပ်လျဉ်းသည့် ယေရှုနှင့်ပေါလုတို့၏စကားများကို ကျွန်ုပ်တို့မည်သို့နားလည်ရမည်နည်း။ (ခ) မင်းအာဏာစက်တို့သည် အဘယ်သဘောဖြင့် “ဘုရားသခင်အားဖြင့်သူတို့၏စပ်ဆိုင်သောနေရာများ၌ရပ်တည်လျက်ရှိကြသနည်း။”
၅ စာတန်ပုန်ကန်၍ အာဒံနှင့်ဧဝကို သွေးဆောင်ပြီး ဘုရားသခင်၏ အုပ်စိုးပိုင်သခွင့်ကို တော်လှန်ပုန်ကန်မှုဖြစ်ခဲ့ပြီးနောက်တွင် စာတန်အား ဆက်အသက်ရှင်စေတော်မူခြင်းအားဖြင့် ဤလောကကိုအစိုးရသောအခွင့်ကို ယေဟောဝါ သူ့အားပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆; ထွက်မြောက်ရာ ၉:၁၅၊ ၁၆ နှိုင်းယှဉ်။) ထို့ကြောင့် ဧဒင်အရပ်တွင် ပထမလူမောင်နှံစုံသည် သီအိုကရေစီ သို့မဟုတ် ဘုရားအုပ်ချုပ်ရေးကို ငြင်းပယ်ပြီးနောက် လူတို့သည် စည်းကမ်းဘောင်တစ်ခုအတွင်းရှိနေစေရန် အခွင့်အာဏာရှိ အဖွဲ့အစည်းများကို မိတ်သဟာယပြတ်စဲသော လူသားတို့အား ဖန်တီးခွင့်ပြုခဲ့ကြောင်း ယေရှုနှင့် ပေါလုတို့၏စကားများက ဆိုလိုနေခြင်းဖြစ်ရမည်။ တစ်ခါတစ်ရံ ယေဟောဝါသည် ရည်ရွယ်တော်မူချက်ကို ပြီးမြောက်စေရန် အုပ်ချုပ်ရှင်များ သို့မဟုတ် အုပ်ချုပ်ရေးအချို့ကို ကျဆုံးစေတော်မူခဲ့ပြီ။ (ဒံယေလ ၂:၁၉-၂၁) အခြားတို့ကိုမူ အာဏာစက်အဖြစ် ဆက်တည်ရှိစေတော်မူသည်။ ယေဟောဝါ သည်းခံပြီး ဆက်လက်တည်ရှိခွင့်ပေးတော်မူသော မင်းများနှင့်စပ်လျဉ်း၍ သူတို့သည် ဘုရားသခင် “ခန့်ထားတော်မူ၍ လျောက်ပတ်သောနေရာများ၌ရှိကြသတည်း” ဟုဆိုနိုင်ပါသည်။
အစောပိုင်းခရစ်ယာန်များနှင့် ရောမအာဏာပိုင်များ
၆။ ရောမအာဏာပိုင်များကို အစောပိုင်းခရစ်ယာန်များ မည်သို့ယူမှတ်သနည်း။ အဘယ်ကြောင့်နည်း။
၆ အစောပိုင်းခရစ်ယာန်များသည် အစ္စရေးကို သိမ်းပိုက်ထားသော ရောမလူမျိုးအား တိုက်ခိုက်ရန် ကြံစည်သူ ဂျူးဂိုဏ်းဂဏများနှင့် မပူးပေါင်းခဲ့ချေ။ ကိုဓဥပဒေအဖြစ် စီစဉ်ထားသည့် တရားဝင်ဥပဒေဖြင့် ရောမအာဏာပိုင်များသည် ကုန်းပေါ်ရေပေါ် တရားဥပဒေဆက်လက်စိုးမိုးမှု ရှိစေခြင်း; အသုံးဝင် ရေသွယ်မြောင်းများ၊ လမ်းများ၊ တံတားများ ဆောက်ပေးခြင်း; ယေဘုယျအားဖြင့် အများအကျိုးဆောင်ခြင်းပြုနေသ၍ကာလပတ်လုံး သူတို့၏ ‘အကျိုးဆောင် ဘုရားသခင့်အစေခံ [သို့မဟုတ် “ကျေးကျွန်၊”၊ ကဘ၊ အောက်ခြေမှတ်ချက်] ဖြစ်သည်’ ဟုခရစ်ယာန်များ ယူမှတ်ထားကြပါသည်။ (ရောမ ၁၃:၃၊ ၄) ငြိမ်ဝပ်ပိပြားမှုရှိခြင်းက ခရစ်ယာန်များသည် ယေရှုမိန့်မှာခဲ့သည့်အတိုင်း သတင်းကောင်းကို နေရာအနှံ့အပြား ဟောပြောနိုင်ရန် ပတ်ဝန်းကျင်အခြေအနေတစ်ခုကိုဖြစ်ပေါ်စေပါသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ရောမနိုင်ငံစည်းကြပ်သောအခွန်တော်ငွေမှ အချို့ကို ဘုရားသခင်အလိုတော်နှင့်မတွေ့သောအမှုများအတွက် အသုံးပြုလျှင်ပင် ဩတ္တပ္ပစိတ်ကြည်လင်စွာဖြင့် သူတို့အခွန်ပေးဆက်နိုင်ကြပါသည်။—ရောမ ၁၃:၅-၇။
၇၊ ၈။ (က) ရောမ ၁၃:၁-၇ ကိုအသေအချာဖတ်ရှုကြည့်ရာ အဘယ်အရာပေါ်လွင်သနည်း။ ရှေ့နောက်ကျမ်းစကားက အဘယ်အရာကို ပြသနည်း။ (ခ) အဘယ်အခြေအနေမျိုးအောက်တွင် ရောမအာဏာပိုင်များသည် “ဘုရားသခင်၏အစေခံ” မဖြစ်တော့သနည်း။ ထိုအခြေအနေတွင် အစောပိုင်းခရစ်ယာန်များသည် အဘယ်သဘောထားကို ပိုက်ခဲ့သနည်း။
၇ အစိုးရသော “မင်းအာဏာစက်” သည် ကောင်းသောအကျင့်ကိုကျင့်သောသူအား ချီးမွမ်း၍ မကောင်းသောအကျင့်ကိုကျင့်သူတို့ကို အပြစ်စီရင်ရန် “ဘုရားသခင်၏အစေခံ” ဖြစ်ကြောင်း ရောမသြဝါဒစာ အခန်းကြီး ၁၃ ၏ပထမအခန်းငယ်ခုနစ်ခုကို အသေအချာဖတ်ရှုခြင်းမှ သိရှိရသည်။ အမှန်မှာ မင်းအာဏာစက်မဟုတ်ဘဲ ဘုရားသခင်သာ အကောင်းအဆိုးကို စီရင်ဆုံးဖြတ်ကြောင်း ကျမ်းချက်၏ရှေ့နောက်စကားက ဖော်ပြပါသည်။ ထို့ကြောင့် ရောမဧကရာဇ်မင်းဖြစ်စေ၊ အခြားမည်သည့်အာဏာပိုင်မဆိုဖြစ်စေ ဘုရားသခင်တားမြစ်ထားရာကို တောင်းဆိုသည်ရှိသော်၊ သို့မဟုတ် ပြောင်းပြန်အနေဖြင့် ဘုရားသခင်တောင်းဆိုသည့်အရာကို တားမြစ်သည်ရှိသော် အာဏာပိုင်သည် ဘုရားသခင်၏အစေခံ မဖြစ်နိုင်တော့ချေ။ ယေရှုက ဤသို့မိန့်တော်မူသည်– “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့။” (မဿဲ ၂၂:၂၁) ရောမနိုင်ငံသည် ဘုရားသခင်နှင့်ဆိုင်သောအရာဖြစ်သည့် ဝတ်ပြုမှု၊ သို့မဟုတ် တစ်ဦးတစ်ယောက်၏ အသက်ကို တောင်းဆိုပါက ခရစ်ယာန်စစ်များသည် တမန်တော်များ၏ ဤသြဝါဒကို လိုက်နာကြသည်– “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်” ရမည်။—တမန်တော် ၅:၂၉။
၈ အစောပိုင်းခရစ်ယာန်များသည် ဧကရာဇ်မင်းနှင့် ရုပ်ပုံကို မကိုးကွယ်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို မစွန့်လွှတ်ခြင်း၊ သတင်းကောင်းဟောပြောခြင်းကို မရပ်စဲခြင်းတို့ကြောင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရသည်။ တမန်တော်ပေါလုသည် ဧကရာဇ်မင်းနီရို၏အမိန့်အရ အသတ်ခံခဲ့ရသည်ဟု အများယူဆသည်။ အခြားဧကရာဇ်မင်းများအနက် ဒိုမီလျှံ၊ မားကပ်စ် ဩရီလျပ်စ်၊ စက်ပ်တီမီယပ်စ်၊ စဝါရပ်စ်၊ ဒီစီယပ်စ်နှင့် ဒိုင်အိုကလီလျှံတို့သည်လည်း အစောပိုင်းခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ကျော်ကြားသည်။ ဤဧကရာဇ်မင်းများနှင့် သူတို့လက်အောက်ငယ်သား အာဏာစက်များသည် ခရစ်ယာန်များကို နှိပ်စက်ကြသောအခါ သူတို့သည် “ဘုရားသခင်၏အစေခံ” အဖြစ်အမှန်ပင် မပြုမူနေကြောင်း ထင်ရှားသည်။
၉။ (က) အထက်အာဏာပိုင်များနှင့်ပတ်သက်သော အဘယ်အမှန်တရားရှိသနည်း။ သားရဲသည် မည်သူ့ထံမှ မိမိတန်ခိုးနှင့် အာဏာစက်ကို ရရှိထားသနည်း။ (ခ) ကျိုးကြောင်းဆက်စပ်ကြည့်သော် အထက်အာဏာပိုင်တို့ကို ခရစ်ယာန်များလက်အောက်ခံခြင်းသည် မည်သို့ဖြစ်ကြောင်း ပြောနိုင်သနည်း။
၉ လူတို့တွင် ငြိမ်ဝပ်မှုရှိစေရန် မင်းအာဏာစက်သည် “ဘုရားသခင်စီရင်တော်မူရာ” အဖြစ် တစ်နည်းတစ်ဖုံဆောင်ရွက်သည်မှန်သော်လည်း သူတို့သည် စာတန် ဘုရားဖြစ်သည့် လောကီအစီအစဉ်စနစ်အဝင်သာဖြစ်ကြောင်း အထက်ပါအကြောင်းစုံက ဖော်ပြပါသည်။ (၁ ယောဟန် ၅:၁၉) သူတို့သည် ဗျာဒိတ် ၁၃:၁၊ ၂ ပါ “သားရဲ” ပုံဆောင်သည့် ကမ္ဘာချီနိုင်ငံရေးအဖွဲ့အစည်းကြီးအဝင်ဖြစ်ကြသည်။ ထိုသားရဲသည် မာရ်နတ်စာတန် “နဂါးကြီး” ထံမှ ယင်း၏တန်ခိုးနှင့် အခွင့်အာဏာကို ရရှိထားပါသည်။ (ဗျာဒိတ် ၁၂:၉) ထို့ကြောင့် ကျိုးကြောင်းဆက်စပ်ကြည့်သော် ဤအာဏာပိုင်တို့ကို ခရစ်ယာန်များ လက်အောက်ခံခြင်းသည် အကြွင်းမဲ့မဟုတ်ဘဲ ခြွင်းချက်ထား၍သာဖြစ်သည်။—ဒံယေလ ၃:၁၆-၁၈ နှိုင်းယှဉ်။
အခွင့်အာဏာကို ထိုက်သင့်လျော်ကန်စွာ ရိုသေလေးစားခြင်း
၁၀၊ ၁၁။ (က) အခွင့်အာဏာရရှိထားသူတို့ကို လေးလေးစားစား ဆက်ဆံသင့်ကြောင်း ပေါလု မည်သို့ဖော်ပြသနည်း။ (ခ) အဘယ်နည်းနှင့် အဘယ်ကြောင့် “ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့” အတွက်ဆုတောင်းနိုင်သနည်း။
၁၀ သို့ရာတွင် နိုင်ငံရေးမင်းအာဏာစက်ကို ခရစ်ယာန်များသည် မျက်နှာပြောင်တိုက်၍ မလေးမခန့်ပြုသင့်သည်ဟု မဆိုလိုပါ။ မှန်ပါသည်။ ဤသူတို့အနက် အများစုမှာ သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စတွင်မက အများနှင့်ပတ်သက်သောကိစ္စတွင်ပင် လေးစားခံထိုက်သူများ မဟုတ်ကြပါ။ သို့ဖြစ်၍ပင် တမန်တော်များသည် မိမိတို့၏ပုံသက်သေဖြင့်ဖြစ်စေ၊ မိမိတို့၏သြဝါဒစကားအားဖြင့်ဖြစ်စေ အာဏာပိုင်များကို လေးလေးစားစား ဆက်ဆံသင့်ကြောင်း ဖော်ပြခဲ့သည်။ သွေးသားနီးစပ်သူကိုယူထားသော ဟေရုဒ်အဂြိပ္ပမင်း ၂ ရှေ့ ပေါလုဝင်ရောက်ခစားခဲ့သောအခါ ထိုက်သင့်လျော်ကန်သော လေးစားသည့်စကားများကို အသုံးပြုခဲ့သည်။—တမန်တော် ၂၆:၂၊ ၃၊ ၂၅။
၁၁ ကျွန်ုပ်တို့ဆုတောင်းရာတွင် လောကီအာဏာပိုင်တို့အတွက် ထည့်တောင်းဆိုသင့်သည်ဟူ၍ပင် ပေါလုပြောခဲ့သည်။ အထူးသဖြင့် ကျွန်ုပ်တို့၏ဘဝအသက်တာမက ခရစ်ယာန်လုပ်ရပ်များနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်များကို ပြုလုပ်ရန် သူတို့အား အကူအညီတောင်းဆိုသည့်အခါ ဆုတောင်းပေးသင့်သည်။ သူဤသို့ရေး၍ဖော်ပြခဲ့သည်– “ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်း အမျိုးမျိုးကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေးဦးစွာပြုစေခြင်းငှာ ငါတိုက်တွန်းသွေးဆောင်၏။ အကြောင်းမူကား ထိုသို့သောအမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်နှစ်သက်တော်မူသောအမှုလည်းဖြစ်၏။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။” (၁ တိမောသေ ၂:၁-၄) ဤသို့သော်အာဏာပိုင်တို့ကို ကျွန်ုပ်တို့လေးစားစွာ ဆက်ဆံခြင်းအားဖြင့် “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်” စေခြင်းငှာ ကျွန်ုပ်တို့ဆောင်ရွက်နေသောလုပ်ငန်းကို ပိုမိုလွတ်လပ်စွာဆောင်ရွက်ရန် အခွင့်ရရှိနိုင်စေသည်။
၁၂၊ ၁၃။ (က) အာဏာပိုင်နှင့်စပ်လျဉ်း၍ အဘယ်ဟန်ချက်ညီသော ဩဝါဒစကားကို ပေတရုပေးသနည်း။ (ခ) ယေဟောဝါသက်သေများအား ငဲ့ကွက်မှုကိုဖြစ်စေသည့် “လူမိုက်တို့၏ မိုက်မဲသောစကား” ကို ချေစေခြင်းငှာ မည်သို့ဖြေရှင်းနိုင်သနည်း။
၁၂ တမန်တော်ပေတရုက ဤသို့ရေးသားသည်– “သခင်ဘုရား၏မျက်နှာတော်ကိုထောက်လျက် အထွတ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်းငှာလည်းကောင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှာလည်းကောင်း ရှင်ဘုရင်ခန့်ထားသောဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား သင်တို့သည် ကောင်းသောအကျင့်ကိုကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှာ ဘုရားသခင်သည် ထိုသို့သောအလိုတော်ရှိ၏။ လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့မကျင့်၊ ဘုရားသခင်၏ကျွန်ကဲ့သို့ ကျင့်နေကြလော့။ ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်း ရှိကြလော့။” (၁ ပေတရု ၂:၁၃-၁၇) ဟန်ချက်ညီလှသော ဩဝါဒစကားပါတကား! ဘုရားသခင့်ကျေးကျွန်များအဖြစ် ကိုယ်တော်အား ခြွင်းချက်မရှိ လက်အောက်ခံရန် ကျွန်ုပ်တို့၌တာဝန်ရှိသည်။ လူဆိုးတို့ကို အပြစ်စီရင်ရန် ခန့်အပ်ထားသော အာဏာပိုင်များကို ခြွင်းချက်နှင့် လေးလေးစားစား လက်အောက်ခံကြရမည်။
၁၃ လောကီအာဏာပိုင်များစွာတို့သည် ယေဟောဝါသက်သေများကို တစ်ဖက်စောင်းနင်း အထင်လွဲမှားတတ်ကြောင်း သိရှိခဲ့ကြရပြီ။ ယင်းသို့ဖြစ်ရခြင်းမှာ များသောအားဖြင့် ဘုရားသခင့်လူများကို ရန်လိုမုန်းထားသောရန်သူတို့က အထင်လွဲမှားစေရန် မဟုတ်မမှန်စကားများ ပြောဆိုထားသောကြောင့်ဖြစ်သည်။ သို့မဟုတ် ကျွန်ုပ်တို့အကြောင်း သူတို့ကြားသိထားသမျှသည် ဘက်လိုက်၍ သတင်းယူတတ်သည့် လူထုဆက်သွယ်ရေးများမှတစ်ဆင့်ဖြစ်ပေမည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ရိုသေလေးစားသောသဘောက ဤစိတ်စွန်းကွက်မှုကို ဖြေရှင်းချေပပေးနိုင်သည်။ ဖြစ်နိုင်သည့်နေရာတွင် ယေဟောဝါသက်သေများ၏ လုပ်ငန်းနှင့် ယုံကြည်ချက်များကို အာဏာပိုင်တို့အား အတိအလင်းတင်ပြခြင်းသည် ပြေလည်မှုရရှိစေသည်။ အလုပ်မအားနိုင်သော အရာရှိများအတွက်ဆိုလျှင် နှစ်ဆယ်ရာစု ယေဟောဝါသက်သေများဘရိုရှာက အတိုချုပ်ရှင်းလင်းချက်ကို ပေးပါသည်။ အသေးစိတ်သိရှိစေလိုပါက ဒေသန္တရနှင့် ပြည်သူ့စာကြည့်တိုက်များ၏ စာအုပ်စင်များတွင်ရှိထိုက်သော ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကို ကြွေးကြော်သူများ ဟူသည့် အလွန်ကောင်းသောစာအုပ်ကို ပေးနိုင်ပါသည်။
ခရစ်ယာန်အိမ်တွင်းရှိ အခွင့်အာဏာ
၁၄၊ ၁၅။ (က) ခရစ်ယာန်အိမ်ထောင်စုအတွင်းရှိ အခွင့်အာဏာ၏အခြေခံကား အဘယ်နည်း။ (ခ) ခရစ်ယာန်ဇနီးသည်များ လင်ယောက်ျားများအပေါ် အဘယ်စိတ်ထား ရှိသင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၄ လောကီအာဏာပိုင်တို့ကို ထိုက်သင့်လျော်ကန်စွာ ရိုသေလေးစားမှုပြရန် ခရစ်ယာန်များအား ဘုရားသခင်မိန့်မှာထားတော်မူလျှင် ခရစ်ယာန်အိမ်ထောင်စုများအတွင်းတွင် ဘုရားသခင်စီမံထားသည့် အခွင့်အာဏာအစီအစဉ်ကိုလည်း အလားတူလေးစားသင့်ကြောင်းထင်ရှားပါသည်။ ယေဟောဝါ၏လူများ၌ရှိသော ဦးစီးခြင်းမူကို တမန်တော်ပေါလုသည် လိုရင်းတိုရှင်း ဤသို့အကြမ်းဖျင်းဖော်ပြထားသည်– “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။” (၁ ကောရိန္သု ၁၁:၃) ယင်းကား သီအိုကရေစီ သို့မဟုတ် ဘုရားအုပ်ချုပ်ရေးမူဖြစ်သည်။ ဤတွင် အဘယ်အရာပါဝင်သနည်း။
၁၅ သီအိုကရေစီကို ရိုသေလေးစားခြင်းသည် အိမ်တွင်းမှ စတင်သည်။ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် လင်ယောက်ျား—သူသည် ယုံကြည်သူချင်းဖြစ်စေ၊ မယုံကြည်သူဖြစ်စေ—၏အခွင့်အာဏာကို ထိုက်သင့်လျော်ကန်စွာ မလေးစားပါက သီအိုကရက်တစ်မဖြစ်ပါ။ ခရစ်ယာန်များကို ပေါလုဤသို့ဆုံးမခဲ့သည်– “ခရစ်တော်ကို ခန့်ညားသောအားဖြင့် အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချလျက်နေကြလော့။ အချင်းမိန်းမတို့ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။” (ဧဖက် ၅:၂၁-၂၄) ခရစ်ယာန်အမျိုးသားများသည် ခရစ်တော်၏ဦးစီးမှုကို ဝန်ခံရသကဲ့သို့ ခရစ်ယာန်အမျိုးသမီးများသည် သူတို့၏လင်ယောက်ျားများအား ဘုရားသခင်အပ်နှင်းထားသည့် အခွင့်အာဏာကို လက်အောက်ခံခြင်းသည် ဉာဏ်ပညာရှိကြောင်း အသိအမှတ်ပြုသင့်သည်။ ယင်းသို့ပြုခြင်းက သူတို့အား မဖော်ပြနိုင်လောက်အောင် ကျေနပ်မှုများစွာရှိစေမည်။ ထိုထက်အရေးကြီးသည်ကား ယေဟောဝါ၏ကောင်းချီးကို ခံစားစေမည်။
၁၆၊ ၁၇။ (က) ခရစ်ယာန်မိသားစုတွင် ကြီးပြင်းလာသောကလေးများသည် ယနေ့လူငယ်များနှင့် မည်သို့ကွာခြားသနည်း။ အဘယ်စေ့ဆော်မှုကို သူတို့ရထားသနည်း။ (ခ) ယေရှုသည် ခေတ်လူငယ်အတွက် ပုံသက်သေကောင်း မည်သို့ဖြစ်သနည်း။ သူတို့အား မည်သို့တိုက်တွန်းထားသနည်း။
၁၆ သီအိုကရက်တစ်ကလေးများသည် သူတို့မိဘများအား သင့်လျော်သောလေးစားမှုတင်ပြခြင်းကိုပျော်ပိုက်သည်။ နောက်ဆုံးကာလတွင် ငယ်ရွယ်သောလူမျိုးဆက်နှင့်စပ်လျဉ်း၍ “မိဘစကားကို နားမထောင်သောသူ” ဖြစ်ကြလိမ့်မည်ဟု ကြိုတင်ဟောထားသည်။ (၂ တိမောသေ ၃:၁၊ ၂) သို့သော် ခရစ်ယာန်ကလေးများအား ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်က ဤသို့မှာကြားသည်– “သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏။” (ကောလောသဲ ၃:၂၀) မိဘ၏အခွင့်အာဏာကို လေးစားခြင်းသည် ယေဟောဝါ၏အလိုတော်နှင့်အညီဖြစ်၍ ကိုယ်တော်၏ကောင်းချီး ခံစားရရန်အကြောင်း ဖြစ်သတည်း။
၁၇ ယင်းကို ယေရှု၏အဖြစ်အပျက်က ဖော်ပြပါသည်။ လုကာ၏မှတ်တမ်းက ဤသို့ဆိုသည်– “ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက်နေလေ၏။ . . . ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။” (လုကာ ၂:၅၁၊ ၅၂) ထိုစဉ်က ယေရှုသည် ၁၂ သားရှိ၍ ဤတွင်အသုံးပြုထားသော ဂရိကြိယာ၏ပုံစံက သူသည် မိဘတို့၏ “စကားကို နားထောင်လျက်နေ” ကြောင်းကို အလေးအနက်ပေါ်လွင်စေသည်။ ထို့ကြောင့် ကိုယ်တော်သည် ဆယ်ကျော်သက်ဝင်သောအခါ သူ၏နာခံမှု ရပ်စဲခဲ့သည်မဟုတ်ပါ။ အသင်လူငယ်များလည်း ဝိညာဉ်ရေးတွင်တိုးတက်လိုမည်၊ ဘုရားသခင်ရှေ့၊ ဘုရားကိုင်းရှိုင်းသောလူတို့ရှေ့တွင် မျက်နှာသာရလိုမည်ဆိုလျှင် သင့်အိမ်တွင်းအိမ်ပြင်ရှိ အခွင့်အာဏာကို လေးစားမည်။
အသင်းတော်အတွင်း အခွင့်အာဏာ
၁၈။ ခရစ်ယာန်အသင်းတော်၏ခေါင်းကား မည်သူနည်း။ ကိုယ်တော်သည် မည်သူ့အား အခွင့်အာဏာလွှဲအပ်သနည်း။
၁၈ ခရစ်ယာန်အသင်းတော်အတွင်း စည်းကမ်းသေဝပ်မှုရှိဖို့လိုကြောင်းကို ပေါလု ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ . . . အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။ ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း [သို့မဟုတ် “စည်းကမ်းသေဝပ်စွာ၊” ကဘ၊ အောက်ခြေမှတ်ချက်] စီရင်ကြလော့။” (၁ ကောရိန္သု ၁၄:၃၃၊ ၄၀) အရာခပ်သိမ်း စည်းကမ်းသေဝပ်စနစ်တကျရှိစေရန် ခရစ်ယာန်အသင်းတော်၏ခေါင်း ခရစ်တော်သည် သစ္စာရှိသူများအား အခွင့်အာဏာလွှဲအပ်ထားပါသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလို့ငှာ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ . . . မေတ္တာစိတ်နှင့် သမ္မာတရားကိုဟောပြောသဖြင့် ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည်အကြောင်းတည်း။”—ဧဖက် ၄:၁၁၊ ၁၂၊ ၁၅။
၁၉။ (က) မြေကြီးဆိုင်ရာ မိမိဥစ္စာရှိသမျှတို့ကို အအုပ်အချုပ်ပြုရန် မည်သူအား ခရစ်တော်တာဝန်ပေးထားသနည်း။ မည်သူတို့အား အထူးအခွင့်အာဏာ ပေးတော်မူသနည်း။ (ခ) ခရစ်ယာန်အသင်းတော်အတွင်း အဘယ်အခွင့်အာဏာလွှဲအပ်မှု ရှိသနည်း။ ကျွန်ုပ်တို့ဘက်မှ အဘယ်အမှုကိုပြုရန်လိုအပ်သနည်း။
၁၉ ဤနောက်ဆုံးကာလတွင် ခရစ်တော်သည် “မိမိဥစ္စာရှိသမျှတို့” သို့မဟုတ် မြေကြီးပေါ်ရှိဘုရားသခင့်နိုင်ငံတော်ရေးရာများအပေါ် စုပေါင်း “သစ္စာသတိပညာရှိကျွန်” အား အအုပ်အချုပ် ခန့်အပ်ထားတော်မူပြီ။ (မဿဲ ၂၄:၄၅-၄၇) ပထမရာစုတွင်ကဲ့သို့ ဆုံးဖြတ်စီရင်၍ အခြားကြီးကြပ်မှူးများကို ခန့်အပ်ရန် ခရစ်တော်ထံမှ အခွင့်အာဏာရထားသော ဘိသိက်ခံခရစ်ယာန်ယောက်ျားတို့ဖြင့် ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးအဖွဲ့သည် ဤကျေးကျွန်ကို ကိုယ်စားပြုသည်။ (တမန်တော် ၆:၂၊ ၃; ၁၅:၂) တစ်ဖန် အုပ်ချုပ်ရေးအဖွဲ့သည် ဌာနခွဲကော်မတီများ၊ ခရိုင်နှင့်တိုက်နယ်ကြီးကြပ်မှူးများ၊ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော် ၇၃,၀၀၀ ကျော်တို့တွင်ရှိ အကြီးအကဲများအား အခွင့်အာဏာလွှဲအပ်ထားသည်။ ဤအပ်နှံထားသော ခရစ်ယာန်ယောက်ျားတို့ကို ကျွန်ုပ်တို့ရိုသေလေးစား၍ ပံ့ပိုးကူညီထိုက်ပေသည်။—၁ တိမောသေ ၅:၁၇။
၂၀။ အခွင့်အာဏာရှိသော ခရစ်ယာန်ချင်းတို့အား ရိုသေလေးစားမှုမရှိသူတို့ကို ယေဟောဝါနှစ်သက်တော်မမူကြောင်း အဘယ်နမူနာက တင်ပြသနည်း။
၂၀ ခရစ်ယာန်အသင်းတော်အတွင်း အခွင့်အာဏာရှိသူများအား ပြသင့်ပြထိုက်သော ရိုသေလေးစားမှုကို လောကီမင်းအာဏာစက်အားပြုရသည့် ကျွန်ုပ်တို့၏လက်အောက်ခံမှုနှင့် နှိုင်းယှဉ်ကြည့်ခြင်းသည် စိတ်ဝင်စားစရာဖြစ်သည်။ ဘုရားသခင်၏အလိုတော်နှင့်တွေ့သော လူ့ဥပဒေတစ်ခုကို တစ်ဦးတစ်ယောက် ချိုးဖောက်သည့်အခါ “မင်း” စီရင်သောဒဏ်သည် အမှန်သော်ကား “မကောင်းသောအကျင့်ကိုကျင့်သောသူ” အပေါ် ဘုရားသခင်အမျက်တော်ထွက်ခြင်း၏ သွယ်ဝိုက်သောနည်းဖြင့်ဖော်ပြချက်ဖြစ်သည်။ (ရောမ ၁၃:၃၊ ၄) လူ့စည်းကမ်းဥပဒေချိုးဖောက်၍ လောကီအာဏာပိုင်များအား ထိုက်သင့်လျော်ကန်သောလေးစားမှုမပြသူကို ယေဟောဝါအမျက်တော်ထွက်လျှင် ဆက်ကပ်အပ်နှံပြီးသော ခရစ်ယာန်တစ်ဦးသည် ကျမ်းစာမူများကို မထီမဲ့မြင်ပြု၍ အခွင့်အာဏာရှိ ခရစ်ယာန်ချင်းတို့အား မရိုမသေပြုပါက ထိုထက်မက မနှစ်သက်ဖွယ်ဖြစ်ပေလိမ့်မည်။
၂၁။ အဘယ်ကျမ်းစာဆိုင်ရာသြဝါဒစကားကို ကျွန်ုပ်တို့ဝမ်းသာစွာ လိုက်နာလိုမည်နည်း။ နောက်ဆက်တွဲဆောင်းပါးတွင် အဘယ်အကြောင်းကို ဆင်ခြင်သုံးသပ်မည်နည်း။
၂၁ တော်လှန်ဖီဆန်၊ ထင်ရာစိုင်းပြုလိုစိတ်ကြောင့် ဘုရားသခင့်အမျက်တော်ခံမည့်အစား ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်များအား ပေါလုပေးခဲ့သော ဤသြဝါဒကို ကျွန်ုပ်တို့လိုက်နာကြမည်– “သို့ဖြစ်၍ ငါ့ချစ်သူတို့ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက မျက်ကွယ်၌လည်း အစဉ်နားထောင်ကြသည်နှင့်အညီ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား သင်တို့သည် အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။ သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သား ဖြစ်ကြလိမ့်မည်။ . . . ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။” (ဖိလိပ္ပိ ၂:၁၂-၁၆) အခွင့်အာဏာအကျပ်အတည်း ကြုံတွေ့နေသော လက်ရှိမဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးဆက်နှင့်မတူ ယေဟောဝါ၏လူများမူကား အာဏာပိုင်တို့ကို တလိုတလားလက်အောက်ခံကြသည်။ သို့ဖြင့် အကျိုးကျေးဇူးများစွာ ရိတ်သိမ်းရကြောင်း နောက်ဆက်တွဲဆောင်းပါးတွင် တွေ့ရှိကြရမည်။
[အောက်ခြေမှတ်ချက်များ]
a ရှေ့ ဆောင်းပါးကို ရှု။
ပြန်လည်သုံးသပ်ခြင်းဖြင့်
◻ အာဏာပိုင်ချုပ်ကား မည်သူနည်း။ ကိုယ်တော်၏အခွင့်အာဏာတော်သည် အဘယ်ကြောင့် တရားဝင်သနည်း။
◻ အထက်အာဏာပိုင်တို့သည် အဘယ်သဘောဖြင့် “ဘုရားသခင်ခန့်ထားတော်မူ၍ လျောက်ပတ်သောနေရာများ၌ရှိကြသနည်း။”
◻ အဘယ်အချိန်တွင် အထက်အာဏာပိုင်တို့သည် “ဘုရားသခင်၏အစေခံ” မဖြစ်ကြတော့သနည်း။
◻ ခရစ်ယာန်မိသားစုများအတွင်း အဘယ်အခွင့်အာဏာအစီအစဉ်ရှိသနည်း။
◻ ခရစ်ယာန်အသင်းတော်အတွင်း အဘယ်အခွင့်အာဏာလွှဲအပ်မှု ရှိသနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှု ဤသို့မိန့်တော်မူသည်– “ကဲသာဘုရင်၏ဥစ္စာကို ကဲသာ ဘုရင်အား ဆက်ပေးကြလော့”