စာရှုသူများထံမှ မေးခွန်းလွှာ
ယေရှုသည် ယေရှဲနှင့်ဒါဝိဒ်နှစ်ဦးလုံးမှ ဆင်းသက်လာသည်ဖြစ်ရာ သူ့ကိုအဘယ်ကြောင့် သူ့ဘိုးဘေးများဖြစ်သည့် ယေရှဲနှင့်ဒါဝိဒ်တို့၏ “အမြစ်” ဟုခေါ်ရသနည်း။
ပုံမှန်အားဖြင့် သစ်ပင်ကြီး သို့မဟုတ် သစ်ပင်ငယ်တစ်ပင်၏အမြစ်သည် ပင်စည် သို့မဟုတ် အကိုင်းအခက်များမဖြစ်မီ ဖြစ်လာသည့်အရာဖြစ်သည်ဟု သင်တွေးထင်မည်ဖြစ်ရာ ယင်းသည် ဆင်ခြင်တုံတရားနှင့်ညီသော မေးခွန်းဖြစ်သည်။ ထို့ကြောင့် ယေရှဲ (သို့မဟုတ် သူ့သားဒါဝိဒ်) သည် နောက်ဆုံးတွင် ယေရှုကိုဖြစ်ပေါ်လာစေသည့် အမြစ်ဖြစ်သည်ဟု ဆိုစရာအကြောင်းရှိသည်။ သို့သော် ဟေရှာယ ၁၁:၁၀ က လာမည့်မေရှိယသည် “ယေရှဲ၏အမြစ်” ဖြစ်မည်အကြောင်း ကြို၍ဖော်ပြထားပြီး ရောမ ၁၅:၁၂ က ယင်းပရောဖက်ပြုချက်သည် ယေရှုတွင်ပြည့်စုံကြောင်း ထောက်ပြထားသည်။ နောက်ပိုင်းတွင် ဗျာဒိတ် ၅:၄ က သူ့အား “ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်” ဟုခေါ်ထားသည်။ ဤသို့ခေါ်ရခြင်းမှာ အကြောင်းရှိရပေမည်။
သမ္မာကျမ်းစာသည် သစ်ပင်ကြီးကဲ့သို့သော အပင်တစ်ပင်ကို ဥပမာအဖြစ် အသုံးပြုလေ့ရှိသည်။ သစ်စေ့တစ်စေ့သည် အညှောက်ပေါက်ပြီး ကြီးထွားလာသောအခါ အမြစ်သည်အကိုင်းအခက်များမဖြစ်မီ ဖြစ်လာပြီးမှ အခြားအခက်အလက်များနှင့် အသီးတို့ကို အမြစ်ကထောက်ပံ့ရသည် ဟူသောအဖြစ်ကိုယူ၍ ဥပမာပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဥပမာ၊ ဟေရှာယ ၃၇:၃၁ တွင် ဤသို့ဖတ်ရသည်– “ဘေးလွတ်၍ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တစ်ဖန် အောက်မှာအမြစ်စွဲ၍ အထက်မှာအသီးသီးကြလိမ့်မည်။”—ယောဘ ၁၄:၈၊ ၉; ဟေရှာယ ၁၄:၂၉။
အမြစ်ကိုထိခိုက်လျှင် အပင်၏ကျန်အစိတ်အပိုင်းများ အကျိုးသက်ရောက်မှု ခံရသည်။ (မဿဲ ၃:၁၀; ၁၃:၆ နှိုင်းယှဉ်။) အလားတူ မာလခိဤသို့ရေးသားခဲ့သည်– “မီးဖိုကဲ့သို့ပူလောင်သော ထိုနေ့ရက်သည် ရောက်လာသဖြင့် ရိုးပြတ်သဖွယ်ဖြစ်အံ့သော မာနကြီးသူတို့နှင့် ဆိုးသွမ်းစွာပြုကျင့်သူရှိသမျှတို့ကို အခက်အလက်အခြေအမြစ်မကျန် ကျွမ်းလောင်လိမ့်မည်ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။” (မာလခိ ၄:၁၊ သမ) အဓိပ္ပာယ်ကား ရှင်းပါသည်—လုံးလုံးသုတ်သင်ပစ်ခြင်းဖြစ်သည်။ မိဘများ (အမြစ်များ) နည်းတူ သူတို့၏သားသမီးများ (အခက်အလက်များ) လည်း သုတ်သင်ပယ်ရှင်းခြင်းခံရမည်။ a ယင်းက အရွယ်မရောက်သေးသော သားသမီးများအပေါ် မိဘတို့၏ ကြီးလေးသည့်တာဝန်ကို ပေါ်လွင်စေသည်; အရွယ်မရောက်သေးသည့်ကလေးငယ်တို့၏ တည်မြဲသည့်အနာဂတ်သည် ဘုရားသခင့်ရှေ့ သူတို့မိဘများ၏ရပ်တည်မှုဖြင့် အဆုံးအဖြတ်ပေးခြင်းခံရမည်။—၁ ကောရိန္သု ၇:၁၄။
ဟေရှာယ ၃၇:၃၁ နှင့် မာလခိ ၄:၁ တို့တွင်ပါသော အသုံးအနှုန်းသည် အကိုင်းအခက်များ (နှင့် ထပ်ဆင့်အကိုင်းအခက်များမှ အသီး) တို့သည် အမြစ်မှ ရှင်သန်ဖြစ်ထွန်းလာကြခြင်းဖြစ်သည်ဟူသော အဖြစ်မှန်မှ ရယူထားခြင်းဖြစ်သည်။ ယင်းက ယေရှုသည် မည်သည့်နည်းဖြင့် “ယေရှဲ၏အမြစ်”၊ “ဒါဝိဒ်၏အမြစ်” ဖြစ်သည်ကို နားလည်ရန် သော့ချက်ဖြစ်သည်။
ဇာတိအရ ယေရှဲနှင့်ဒါဝိဒ်တို့သည် ယေရှု၏ဘိုးဘေးများဖြစ်ကြသည်; သူတို့က အမြစ်ဖြစ်ပြီး သူက အတက် သို့မဟုတ် အကိုင်းအခက်ဖြစ်သည်။ ဟေရှာယ ၁၁:၁ က လာမည့်မေရှိယအကြောင်း ဤသို့ဆိုထားသည်– “ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။” အလားတူ ဗျာဒိတ် ၂၂:၁၆ (ကဘ) တွင် ယေရှုက မိမိကိုယ်ကို “ဒါဝိဒ်မှပေါက်ဖွားလာသူ” ဟုခေါ်သည်။ သို့သော် “ဒါဝိဒ်၏အမြစ်” ဟုလည်း မိမိကိုယ်ကိုအမည်တပ်သေးသည်။ အဘယ်ကြောင့်နည်း။
ယေရှုသည် ယေရှဲနှင့်ဒါဝိဒ်တို့၏ “အမြစ်” ဖြစ်ရသည့် အကြောင်းတစ်ခုမှာ ကိုယ်တော်အားဖြင့် သူတို့၏ဆွေစဉ်မျိုးဆက်သည် ဆက်လက်တည်ရှိလာရသည်။ ယနေ့ မည်သည့်လူသားမျှ မိမိသည် လေဝိ၊ ဒန်၊ ယုဒ စသည့်အမျိုးအနွယ်တစ်ခုခုမှ ဆင်းသက်လာသူဟု သက်သေမထူနိုင်ပါ။ သို့သော် ယေရှဲနှင့်ဒါဝိဒ်တို့၏ ဆွေစဉ်မျိုးဆက်သည် ယခုထိဆက်လက်တည်ရှိဆဲဖြစ်သည်ဟု ပြောနိုင်သည်။ အကြောင်းမှာ ယေရှုသည် ယခု ကောင်းကင်တွင် အသက်ရှင်လျက်ရှိသောကြောင့်ဖြစ်သည်။—မဿဲ ၁:၁-၁၆; ရောမ ၆:၉။
ယေရှုသည် ကောင်းကင်ဘုရင်ရာထူးကိုလည်း ရထားသည်။ (လုကာ ၁:၃၂၊ ၃၃; ၁၉:၁၂၊ ၁၅; ၁ ကောရိန္သု ၁၅:၂၅) ယင်းရာထူးက သူ၏ဘိုးဘေးများနှင့်ပင် သူမည်သို့ဆက်နွှယ်သည်နှင့်လည်း ပတ်သက်နေသည်။ ပရောဖက်ပြုစကားအရ ဒါဝိဒ်သည် ယေရှုအား မိမိ၏သခင်ဟုခေါ်ခဲ့သည်။—ဆာလံ ၁၁၀:၁; တမန်တော် ၂:၃၄-၃၆။
နောက်ဆုံးတွင် ယေရှုခရစ်သည် တရားသူကြီးအဖြစ် အာဏာအပ်နှင်းခြင်းခံရသည်။ လာမည့်အနှစ်တစ်ထောင်ကာလတွင် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သက္ကာ၏ အကျိုးကျေးဇူးကို ယေရှဲနှင့်ဒါဝိဒ်တို့ပါ ခံစားကြရမည်။ ထိုအချိန်တွင် မြေကြီးပေါ်ရှိသူတို့၏အသက်တာသည် သူတို့၏ “ထာဝရအဘ” အဖြစ်ထမ်းဆောင်မည့် ယေရှုအပေါ်တွင် မူတည်နေမည်။—ဟေရှာယ ၉:၆။
သို့ဖြစ်ရကား ယေရှုသည် ယေရှဲနှင့်ဒါဝိဒ်တို့၏ ဆွေစဉ်မျိုးဆက်မှ ဆင်းသက်ပေါက်ဖွားလာသူဖြစ်သော်လည်း ကိုယ်တော်ဖြစ်လာခဲ့သည့်အနေအထားနှင့် ဖြစ်လာဦးမည့်အနေအထားများက ကိုယ်တော်အား “ယေရှဲ၏အမြစ်” နှင့် “ဒါဝိဒ်၏အမြစ်” ဟုအခေါ်ခံရရန် အရည်အချင်းပြည့်မီစေသည်။
[အောက်ခြေမှတ်ချက်များ]
a ရှေးခေတ်ဖိုနီးရှန်းသင်္ချိုင်းကမ္ပည်းတစ်ခုတွင် အလားတူအသုံးအနှုန်းကို သုံးထားသည်။ ဤသင်္ချိုင်းနေရာကို ဖွင့်သောသူမည်သူမဆို “သူတို့၏အောက်ခြေရှိအမြစ်သော်လည်းကောင်း၊ အထက်ရှိအသီးသော်လည်းကောင်း မရှိပါစေနှင့်!” ဟုဆိုထားသည်။—ဝဲတုစ်တက်စ်တာမဲန်တွန်မ်၊ ၁၉၆၁ ဧပြီ။
[Picture Credit Line on page 31]
Pictorial Archive (Near Eastern History) Est.