မြေမှုန့်ဖြစ်လင့်ကစား တိုးတက်ပါလေ!
“ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။”—ဆာလံ ၁၀၃:၁၄။
၁။ လူတို့သည် မြေမှုန့်ဖြစ်သည်ဟု ကျမ်းစာဖော်ညွှန်းထားခြင်းသည် သိပ္ပံပညာနှင့် ကိုက်ညီပါသလော။ ရှင်းပြပါ။
ရုပ်ပိုင်းအနေအထားအရ ကျွန်ုပ်တို့သည် မြေမှုန့်ဖြစ်သည်။ “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ ဖြစ်လေ၏။” (ကမ္ဘာဦး ၂:၇) လူ၏ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ ဤရိုးရှင်းသောဖော်ပြချက်သည် သိပ္ပံနည်းကျအမှန်တရားနှင့်ကိုက်ညီသည်။ လူ့ခန္ဓာကိုယ်တွင် ဖွဲ့စည်းတည်ဆောက်ထားသည့် ဒြပ်စင် ၉၀ ကျော်ကို “မြေမှုန့်” တွင်တွေ့ရှိနိုင်သည်။ လူကြီးတစ်ဦး၏ခန္ဓာကိုယ်တွင် အောက်ဆီဂျင် ၆၅ ရာခိုင်နှုန်း၊ ကာဗွန် ၁၈ ရာခိုင်နှုန်း၊ ဟိုက်ဒရိုဂျင် ၁၀ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၃ ရာခိုင်နှုန်း၊ ကယ်လဆီယမ် ၁.၅ ရာခိုင်နှုန်း နှင့် ဖော့စဖရတ် ၁ ရာခိုင်နှုန်းအပြင် ကျန်အစိတ်အပိုင်းသည် အခြားဒြပ်စင်များဖြင့်ဖွဲ့စည်းထားသည်ဟု ဓာတုပညာရှင်တစ်ဦးကဆိုသည်။ ဤခန့်မှန်းချက်များ တိကျမှန်ကန်ခြင်းက အဓိကမဟုတ်ပါ။ ထင်ရှားသည့်အချက်မှာ “ငါတို့သည် မြေမှုန့်ဖြစ်” ခြင်းတည်း!
၂။ လူတို့ကို ဘုရားသခင်ဖန်ဆင်းထားပုံက သင်၌ အဘယ်တုံ့ပြန်မှုကို ထွက်ပေါ်စေသနည်း။ အဘယ်ကြောင့်နည်း။
၂ မြေမှုန့်မျှသာဖြစ်သောအရာမှ ဤမျှရှုပ်ထွေးနက်နဲသောသတ္တဝါများကို ယေဟောဝါမှတစ်ပါး မည်သူဖန်ဆင်းနိုင်မည်နည်း။ ဘုရားသခင်၏အမှုတော်တို့သည် စုံလင်သည်ဖြစ်၍ အပြစ်အနာအဆာမရှိသဖြင့် ဤနည်းအတိုင်းလူကိုဖန်ဆင်းရန် ကိုယ်တော်ရွေးချယ်ထားတော်မူခြင်းကို မကျေမနပ်ဖြစ်စရာအကြောင်း အမှန်မရှိစေပါ။ ကြီးမြတ်တော်မူသောဖန်ဆင်းရှင်သည် ကြောက်မက်အံ့သြဖွယ်နည်းဖြင့် မြေမှုန့်မှလူကိုဖန်ဆင်းနိုင်တော်မူခြင်းသည် ကိုယ်တော်၏ အကန့်အသတ်မရှိသော တန်ခိုးတော်၊ စွမ်းရည်နှင့် လက်တွေ့ဉာဏ်ပညာတော်တို့ကို ပိုမိုတန်ဖိုးထား လေးမြတ်စေပါသည်။—တရားဟောရာ ၃၂:၄၊ အောက်ခြေမှတ်ချက်; ဆာလံ ၁၃၉:၁၄။
အခြေအနေများ ပြောင်းလဲလာ
၃၊ ၄။ (က) အဘယ်ရည်ရွယ်ချက်နှင့် မြေမှုန့်ဖြင့် လူကို ဘုရားသခင်ဖန်ဆင်းထားတော်မူသနည်း။ (ခ) ဆာလံ ၁၀၃:၁၄ တွင် ဒါဝိဒ်က အဘယ်အရာကိုရည်ညွှန်းနေသနည်း။ ဤသို့နားလည်ရန် ရှေ့နောက်စကားက မည်သို့အထောက်အကူပြုသနည်း။
၃ မြေမှုန့်မျှဖြစ်သောသတ္တဝါများတွင် ကန့်သတ်ချက်များရှိသည်။ သို့ရာတွင် ယင်းတို့သည် ဝန်လေးစရာ၊ သို့မဟုတ် အလွန်အမင်းကန့်သတ်ထားစရာများဖြစ်စေရန် ဘုရားသခင်တစ်ခါမျှ ရည်ရွယ်တော်မမူခဲ့ချေ။ ယင်းတို့ကြောင့် စိတ်ဓာတ်ကျရန် သို့မဟုတ် ပျော်ရွှင်မှုကင်းမဲ့စေရန် ရည်ရွယ်တော်မမူပါ။ သို့တိုင် ဆာလံ ၁၀၃:၁၄ ပါဒါဝိဒ်စကားများ၏ ရှေ့နောက်စကားတို့ကတင်ပြသည့်အတိုင်း လူသား၏ အကန့်အသတ်ရှိမှုတို့ကြောင့် စိတ်ဓာတ်ကျဆင်းမှုနှင့် ပျော်ရွှင်ခြင်းကင်းမဲ့မှုတို့ ဖြစ်ပေါ်စေနိုင်သည်။ အဘယ်ကြောင့်နည်း။ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏စကားကိုနားမထောင်ကြသောအခါ သူတို့၏ နောင်လာနောက်သား အိမ်ထောင်စု၏အခြေအနေကို ပြောင်းလဲစေခဲ့ကြသည်။ ထိုအခါ မြေမှုန့်ဖြစ်ခြင်း၏အဓိပ္ပာယ်သက်ရောက်မှုသည် တစ်မျိုးတစ်မည်ပြောင်းလဲလာလေသည်။ a
၄ မြေမှုန့်ဖြစ်သော စုံလင်သူများ၌ပင်ရှိသည့် သဘာဝကန့်သတ်ချက်များအကြောင်းမဟုတ်ဘဲ မွေးရာပါမစုံလင်မှုကြောင့်ရထားသော ချွတ်ယွင်းချက်များအကြောင်းကို ဒါဝိဒ်ပြောဆိုနေခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် ယေဟောဝါနှင့်စပ်လျဉ်း၍ သူက ဤသို့ဆိုမည်မဟုတ်ပါ– “သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး၍ ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။” (ဆာလံ ၁၀၃:၂-၄၊ ၁၀) မြေမှုန့်ဖြစ်သော်လည်း စုံလင်သောလူသားတို့သည် သစ္စာတည်ကြည်မည်ဆိုလျှင် အပြစ်လွှတ်ပေးစရာလိုဖို့ရန် ဘယ်သောအခါမျှ မှားယွင်းကြလိမ့်မည်မဟုတ်; ကုသမှုလိုအပ်သော အနာရောဂါများလည်း ရှိလိမ့်မည်မဟုတ်ပါ။ ထိုထက်ကား ရှင်ပြန်ထမြောက်ခြင်းအားဖြင့်သာလျှင် ပြန်လာနိုင်ဖွယ်ရှိသည့်သေတွင်းသို့ သူတို့ဘယ်တော့မျှဆင်းစရာ မလိုတော့ပေ။
၅။ ဒါဝိဒ်၏စကားကို နားလည်ရန် အဘယ်ကြောင့် မခဲယဉ်းသနည်း။
၅ မစုံလင်ကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် ဒါဝိဒ်ပြောဆိုထားသည့်အရာများကို ကြုံကြိုက်ခဲ့ပြီ။ မစုံလင်မှုကြောင့် ကျွန်ုပ်တို့တွင် ကန့်သတ်ချက်များရှိကြောင်းကို အမြဲသိရှိနေကြသည်။ ယင်းတို့ကြောင့် တစ်ခါတစ်ရံ ယေဟောဝါနှင့်ဖြစ်စေ၊ ခရစ်ယာန်ညီအစ်ကိုများနှင့်ဖြစ်စေ ကျွန်ုပ်တို့ဆက်ဆံရေး ပျက်ယွင်းပုံရှိသောအခါ ဝမ်းနည်းတတ်ကြသည်။ ကျွန်ုပ်တို့၏မစုံလင်မှုများနှင့် စာတန့်လောက၏ ဖိစီးနှိပ်ကွပ်မှုများက ရံဖန်ရံခါ လက်မှိုင်ချရသည့်အဖြစ်သို့ ကျွန်ုပ်တို့အားတွန်းပို့လိုက်သည့်အတွက် ယူကျုံးမရဖြစ်ကြရသည်။ စာတန်၏အုပ်ချုပ်မှုသည် အလျင်အမြန်အဆုံးတိုင်တော့မည့် အချိန်မှစ၍သူ၏လောကသည် သာမန်လူအများစုနှင့် အထူးသဖြင့် ခရစ်ယာန်များကို ယခင်ကထက်ယခု ပိုမိုဖိနှိပ်နေသည်။—ဗျာဒိတ် ၁၂:၁၂။
၆။ ခရစ်ယာန်အချို့သည် အဘယ်ကြောင့် စိတ်ဓာတ်ကျကောင်းကျမည်နည်း။ ဤစိတ်ထားမျိုးကို စာတန်သည် အဘယ်နည်းဖြင့် အခွင့်အရေး ယူကောင်းယူမည်နည်း။
၆ ခရစ်ယာန်ဘဝအသက်တာအတိုင်း နေထိုင်ခြင်းသည် သာ၍ခဲယဉ်းလာသည်ဟု သင်ယူမှတ်ပါသလော။ သမ္မာတရား၌ သာ၍ကြာလေလေ ပိုမစုံလင်လာလေဟန်ရှိသည်ဟု ခရစ်ယာန်အချို့ကပြောဆိုခဲ့ကြောင်း ကြားဖူးပါသည်။ အမှန်မှာ မိမိ၏မစုံလင်မှုနှင့် ယေဟောဝါ၏စုံလင်သောစံနှုန်းကို မီလိုသော်လည်း မမီနိုင်ကြောင်း တိုး၍သိရှိနားလည်လာခြင်းမျှသာဖြစ်မည်။ သို့သော် အမှန်မှာ၊ ယင်းသည် အသိပညာတိုးများလာပြီး ယေဟောဝါ၏ ဖြောင့်မတ်သောတောင်းဆိုချက်များကို ပိုမိုတန်ဖိုးထားလာခြင်းကြောင့် ဆင်ခြင်သုံးသပ်လာခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုသို့သောသိရှိလာခြင်းက မာရ်နတ်၏အကြိုက်ဖြစ်သည့်အထိ စိတ်ဓာတ်မကျမိစေရန် အရေးကြီးသည်။ စိတ်ဓာတ်ကျဆင်းမှုကို အခွင့်ကောင်းယူကာ ယေဟောဝါ၏ကျေးကျွန်များအား စစ်မှန်သောဝတ်ပြုရေးကို စွန့်ပယ်ကြရန် ရာစုနှစ်ပေါင်းတစ်လျှောက် ကြိမ်ဖန်များစွာ သူကြိုးစားခဲ့ပြီ။ မည်သို့ရှိစေကာမူ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးခြင်းအပြင် မာရ်နတ်ကို “စိတ်နှလုံးအကြွင်းမဲ့မုန်း” ခြင်းတို့က အများစုကို ထိုသို့မပြုကြရန် ဆီးတားကာကွယ်ခဲ့ပြီ။—ဆာလံ ၁၃၉:၂၁၊ ၂၂; သု. ၂၇:၁၁။
၇။ ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့် တစ်ခါတစ်ရံ ယောဘနှင့် တူကောင်းတူမည်နည်း။
၇ သို့တိုင် ယေဟောဝါ၏ကျေးကျွန်များသည် တစ်ခါမဟုတ်တစ်ခါ စိတ်ဓာတ်ကျပေမည်။ ကိုယ်ကိုယ်တိုင်၏ ပြီးမြောက်အောင်မြင်မှုများကို မကျေမနပ်ဖြစ်ခြင်းကလည်း အကြောင်းတစ်ခုဖြစ်သည်။ ရုပ်ခန္ဓာပိုင်းဖြစ်ရပ်များ၊ သို့မဟုတ် မိသားစုဝင်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် တင်းမာသောဆက်ဆံမှုများရှိနေ၍လည်း ဖြစ်ကောင်းဖြစ်မည်။ သစ္စာရှိသူ ယောဘသည် စိတ်ဓာတ်ကျလွန်းခဲ့သဖြင့် ဘုရားသခင်အား ဤသို့အသနားခံခဲ့သည်– “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။” ခဲယဉ်းသောအခြေအနေများကြောင့် “စုံလင်ဖြောင့်မတ်” ပြီး “ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူ” ယောဘအား စိတ်ဓာတ်ကျဆင်းချိန်များ ရှိခဲ့လျှင် ကျွန်ုပ်တို့ပါ ထပ်တူဖြစ်ကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။—ယောဘ ၁:၈၊ ၁၃-၁၉; ၂:၇-၉၊ ၁၁-၁၃; ၁၄:၁၃။
၈။ တစ်ခါတစ်ရံ စိတ်ဓာတ်ကျခြင်းသည် အဘယ်ကြောင့်အပြုသဘောဆောင်နိုင်မည်နည်း။
၈ ယေဟောဝါသည် နှလုံးတွင်းသို့ ကြည့်ရှုကာ ရည်ရွယ်ချက်ကောင်းများကို လျစ်လျူမရှုကြောင်း သိရှိရခြင်းသည် မည်မျှနှစ်သိမ့်စရာကောင်းလှသည်တကား! ကိုယ်တော်၏အလိုတော်နှင့်တွေ့ရန် စိတ်ရင်းမှန်ဖြင့် ကြိုးစားသူများကို မည်သည့်အခါမျှ ငြင်းပယ်တော်မူမည်မဟုတ်ပါ။ အမှန်မှာ တစ်ခါတစ်ရံ စိတ်ဓာတ်ကျခြင်းသည် အပြုသဘောဆောင်ကာ ယေဟောဝါ၏အမှုတော်ထမ်းခြင်းကို ကျွန်ုပ်တို့သည် ပေါ့ပေါ့တန်တန်မထားကြောင်း ထင်ရှားစေသည်။ ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် စိတ်ဓာတ်ကျဆင်းမှု လုံးဝမရှိဖူးသူသည် အခြားသူများကဲ့သို့ မိမိအားနည်းချက်များကို ဝိညာဏအသိစိတ်ဖြင့် မမြင်တတ်သူ ဖြစ်ပေမည်။ ဤစကားများကို သတိရပါ– “ထို့ကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။”—၁ ကောရိန္သု ၁၀:၁၂; ၁ ဓမ္မရာဇဝင် ၁၆:၇; ၃ ဓမ္မရာဇဝင် ၈:၃၉; ၁ ရာဇဝင်ချုပ် ၂၈:၉။
သူတို့လည်း မြေမှုန့်ဖြစ်ကြ
၉၊ ၁၀။ (က) ခရစ်ယာန်များသည် မည်သူ၏ယုံကြည်ခြင်းကို အတုယူလျှင် ကောင်းမည်နည်း။ (ခ) မောရှေသည် မိမိ၏တာဝန်ကို မည်သို့တုံ့ပြန်ခဲ့သနည်း။
၉ ခရစ်ယာန်ခေတ်မတိုင်မီက ခိုင်မြဲသောယုံကြည်ခြင်း ယေဟောဝါကိုတင်ပြခဲ့ကြသောသက်သေ အမြောက်အမြား၏ နာမည်စာရင်းကို ဟေဗြဲ အခန်းကြီး ၁၁ တွင်ဖော်ပြထားပါသည်။ ပထမရာစုခရစ်ယာန်များနှင့် မျက်မှောက်ခေတ်ခရစ်ယာန်များလည်း ထပ်တူပြုကျင့်ခဲ့ကြပြီ။ သူတို့ထံမှ သင်ယူနိုင်သော သင်ခန်းစာများသည် တန်ဖိုးဖြတ်မရပါ။ (ဟေဗြဲ ၁၃:၇ နှိုင်းယှဉ်။) ဥပမာ၊ မောရှေ၏ယုံကြည်ခြင်းထက် ခရစ်ယာန်များ အတုယူစရာ ပိုကောင်းသည့်ပုံသက်သေ ရှိဦးမည်လော။ သူ၏အချိန်တွင် တန်ခိုးအကြီးမားဆုံးဖြစ်သူ အီဂျစ်ဘုရင်ဖာရောနှင့်ပတ်သက်သော စီရင်ချက်သတင်းများကို ကြေညာရန် မောရှေဆင့်ခေါ်ခံခဲ့ရသည်။ ယနေ့ ယေဟောဝါသက်သေများလည်း ဗာဗုလုန်ဘာသာတရားနှင့်တကွ တည်ထောင်ပြီးသော ခရစ်တော်၏နိုင်ငံတော်ကို ဆန့်ကျင်သည့် အခြားအဖွဲ့အစည်းများအား တရားစီရင်မည့်အကြောင်း ကြေညာကြရမည်။—ဗျာဒိတ် ၁၆:၁-၁၅။
၁၀ မောရှေတင်ပြခဲ့သည့်အတိုင်း ဤတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် မလွယ်ကူပါ။ “အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍ ဖာရောဘုရင်ထံသို့ ဝင်သဖြင့် ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်ရပါမည်နည်း” ဟုသူမေးပါသည်။ မိမိသည် ချို့ငဲ့သူဖြစ်၏ဟု သူခံစားနေရသည်ကို ကျွန်ုပ်တို့သဘောပေါက်နိုင်သည်။ ဣသရေလအမျိုးသားချင်းတို့သည် မည်သို့တုံ့ပြန်လိမ့်မည်ကိုလည်း သူစိုးရိမ်နေသည်– “ထိုသူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ” လျှင်ကော။ ထိုအခါ သူသည် အာဏာလွှဲအပ်ခံရသူဖြစ်သည်ကို မည်သို့သက်သေပြနိုင်ကြောင်း ယေဟောဝါရှင်းပြတော်မူသည်။ သို့သော် မောရှေ၌ အခြားပြဿနာတစ်ခု ရှိနေသေးသည်။ သူက ဤသို့ဆိုသည်– “အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူဖြစ်ပါ၏။”—ထွက်မြောက်ရာ ၃:၁၁; ၄:၁၊ ၁၀။
၁၁။ မောရှေနည်းတူ ကျွန်ုပ်တို့သည် သီအိုကရက်တစ်တာဝန်များကို မည်သို့တုံ့ပြန်ကောင်းတုံ့ပြန်မည်ဖြစ်သော်လည်း ယုံကြည်ခြင်းတင်ပြခြင်းအားဖြင့် အဘယ်အရာကို စိတ်ချနိုင်သနည်း။
၁၁ ရံဖန်ရံခါ ကျွန်ုပ်တို့၌လည်း မောရှေ၏စိတ်ထားမျိုး ဝင်ပေမည်။ သီအိုကရက်တစ်တာဝန်များကို ကိုယ်တိုင်သိရှိထားသော်လည်း ယင်းတို့ကို အမြဲကျေပွန်စွာ မည်သို့ထမ်းဆောင်နိုင်ပါမည်နည်းဟု စဉ်းစားပေမည်။ ‘အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍ အထက်တန်းလွှာ၊ လူကုံထံ၊ သို့မဟုတ် ပညာတတ်များအပါအဝင် လူတို့ထံသို့သွား၍ ဘုရားသခင့်နည်းလမ်းတော်များကို ပို့ချသွန်သင်ရဲပါမည်နည်း။ ခရစ်ယာန်အစည်းအဝေးများတွင် အဖြေပေးသည့်အခါ၊ သို့မဟုတ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စင်မြင့်ပေါ်မှ တင်ဆက်ပြောဆိုသည့်အခါ အကျွန်ုပ်၏ခရစ်ယာန်ညီအစ်ကိုများသည် မည်သို့တုံ့ပြန်ကြမည်နည်း။ အကျွန်ုပ်၏ချို့တဲ့မှုများကို မမြင်ဘဲနေမည်လော။’ သို့သော် သတိရသင့်သည်ကား မောရှေသည် ယုံကြည်ခြင်းတင်ပြသောကြောင့် ယေဟောဝါသည် သူနှင့်အတူရှိ၍ သူ၏တာဝန်အတွက် လိုအပ်ရာတို့ကို ဖြည့်ဆည်းပေးတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၃:၁၂; ၄:၂-၅၊ ၁၁၊ ၁၂) ကျွန်ုပ်တို့လည်း မောရှေ၏ ယုံကြည်ခြင်းကိုတုပမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့နှင့်အတူရှိ၍ လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်ရာတို့ကို အမှန်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
၁၂။ ကျွန်ုပ်တို့၏အပြစ်များ သို့မဟုတ် အားနည်းချက်များကြောင့် စိတ်ဓာတ်ကျနေရသည့်ကြား၌ပင် ဒါဝိဒ်၏ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား မည်သို့အားပေးမှုဖြစ်နိုင်သနည်း။
၁၂ မိမိ၏အပြစ်များ သို့မဟုတ် အားနည်းချက်များကြောင့် စိတ်ဓာတ်ကျနေသူ၊ သို့မဟုတ် စိတ်ပျက်နေသူမည်သူမဆိုသည် ဒါဝိဒ်ခံစားခဲ့သည်နည်းတူ အမှန်ခံစားရမည်– “အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။” ယေဟောဝါကို အသနားခံကာ ဤသို့လည်း ဒါဝိဒ်ပြောသည်– “အကျွန်ုပ်လွန်ကျူးခြင်းဒုစရိုက်တို့မှ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော်မူပါ။” သို့သော် စိတ်ဓာတ်ကျခြင်းကြောင့် ယေဟောဝါ၏အမှုတော် ထမ်းလိုသော သူ၏စိတ်ဆန္ဒကို မည်သည့်အခါမျှသူမပျောက်လွင့်စေခဲ့ပါ။ “အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။” ဒါဝိဒ်သည် “မြေမှုန့်” အမှန်ဖြစ်သော်လည်း “ကျိုးပဲ့ကြေမွသောနှလုံး” ကိုငြင်းပယ်တော်မမူဟု ယေဟောဝါ၏ကတိတော်ကို ဒါဝိဒ်ယုံကြည်ကြောင်း တင်ပြခဲ့သည့်အတွက် သူ့ထံမှ မျက်နှာသာတော်ကို ယေဟောဝါလှည့်တော်မမူချေ။—ဆာလံ ၃၈:၁-၉; ၅၁:၃၊ ၉၊ ၁၁၊ ၁၇။
၁၃၊ ၁၄။ (က) ကျွန်ုပ်တို့သည် လူ့နောက်လိုက်များ အဘယ်ကြောင့်မဖြစ်သင့်သနည်း။ (ခ) ပေါလုနှင့်ပေတရုတို့ပင် မြေမှုန့်မျှသာဖြစ်ကြောင်း သူတို့၏နမူနာမှ မည်သို့ပြသသနည်း။
၁၃ သို့ရာတွင် “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ . . . အားမလျော့ဘဲ ပြေးကြ” ရန် “ဤမျှလောက်များစွာသော သက်သေအပေါင်းတို့” ကိုအားပေးတည်ဆောက်မှုအဖြစ် ရှုမျှော်ရန်ဖြစ်သော်လည်း သူတို့၏ တပည့်နောက်လိုက်များဖြစ်လာရန် မမှာထားပါ။ “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှု” ၏ခြေရာကိုလိုက်ကြရန် ကျွန်ုပ်တို့ကိုမှာကြားထားသည်။ မစုံလင်သောလူသားများအဝင်ဖြစ်သော ပထမရာစုမှ သစ္စာရှိတမန်တော်များနောက်ကိုပင် လိုက်ကြရန် မဟုတ်ပါ။—ဟေဗြဲ ၁၂:၁၊ ၂; ၁ ပေတရု ၂:၂၁။
၁၄ ခရစ်ယာန်အသင်းတော်တွင် အမှီတံကဲများဖြစ်သူ တမန်တော်ပေါလုနှင့်ပေတရုတို့သည် ရံဖန်ရံခါ ထိမိလဲခဲ့ကြသည်။ “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။ ငါသည် ငြိုငြင်သောသူ ဖြစ်ပါသည်တကား” ဟုပေါလု ရေးခဲ့သည်။ (ရောမ ၇:၁၉၊ ၂၄) ပေတရုကလည်း ကိုယ့်ကိုယ်ကို စိတ်ချလွန်းပြီး ယေရှုအား ဤသို့ဆိုသည်– “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါ!” ပေတရုသည် ယေရှုကို သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု ကိုယ်တော်သတိပေးချိန်တွင် ပေတရုသည် ရောင့်တက်၍ သခင်၏စကားကို ဤသို့ဆန့်ကျင်ပြောဆိုပြီး ဝါကြွားခဲ့သည်– “ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါ။” သို့တစေ ယေရှုအား သူငြင်းပယ်ခဲ့သောအမှားကြောင့် ချုံးပွဲချငိုကြွေးခဲ့သည်။ မှန်ပါသည်၊ ပေါလုနှင့်ပေတရုတို့သည် မြေမှုန့်ဖြစ်ကြသည်။—မဿဲ ၂၆:၃၃-၃၅။
၁၅။ မြေမှုန့်မျှသာဖြစ်သော်လည်း တိုးတက်နိုင်ရန် အဘယ်မက်လုံး ကျွန်ုပ်တို့ရရှိထားသနည်း။
၁၅ သို့ရာတွင် မောရှေ၊ ဒါဝိဒ်၊ ပေါလု၊ ပေတရု အစရှိသောသူတို့သည် ချွတ်ယွင်းချက်များ ရှိကြသော်လည်း အောင်ပန်းဆွတ်ခူးခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ခိုင်မြဲသောယုံကြည်ခြင်းတင်ပြပြီး ယေဟောဝါကို အကြွင်းမဲ့ကိုးစားကာ အခက်အခဲ အတားအဆီးများကြား ကိုယ်တော့်အား တွယ်တာမှီခိုကြသောကြောင့် ဖြစ်သည်။ “လွန်ကဲသော . . . တန်ခိုးတော်” ကိုဖြည့်စွက်ပေးရန် ကိုယ်တော်ကိုအားကိုးကြသည်။ ထိုသို့ပင် ကိုယ်တော်ဖြည့်စွက်ပေးတော်မူ၍ နာလန်မထူနိုင်သည့်အထိလဲရန် တစ်ခါမျှ ဖြစ်စေတော်မမူပါ။ ကျွန်ုပ်တို့သည် ဆက်လက်၍ ယုံကြည်ခြင်းတင်ပြကြမည်ဆိုလျှင် ကျွန်ုပ်တို့အရေးကို တရားစီရင်သောအခါ ဤစကားများနှင့်အညီ ဖြစ်လိမ့်မည်ဟု စိတ်ချနိုင်ပါမည်– “နာမတော်ကိုထောက်၍ သင်တို့ပြသောမေတ္တာကျေးဇူးနှင့် ကိုယ်ကျင့်များကို မေ့လျော့ရန် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း ကင်းတော်မူသည်မဟုတ်။” မြေမှုန့်ဖြစ်ကြလျက်နှင့် ကျွန်ုပ်တို့တိုးတက်ချင်စရာ မက်လုံးပါတကား!—၂ ကောရိန္သု ၄:၇၊ သမ; ဟေဗြဲ ၆:၁၀၊ သမ။
မြေမှုန့်ဖြစ်ခြင်းက ကျွန်ုပ်တို့တစ်ဦးစီအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
၁၆၊ ၁၇။ တရားစီရင်ခြင်းနှင့်စပ်လျဉ်းလျှင် ဂလာတိ ၆:၄ တွင်ရှင်းပြထားသောမူကို ယေဟောဝါ မည်သို့ကျင့်သုံးတော်မူသနည်း။
၁၆ သားသမီးများနှင့် ကျောင်းသူကျောင်းသားများကို မွေးချင်းများ၊ သို့မဟုတ် ကျောင်းနေဖက်များနှင့် နှိုင်းယှဉ်ခြင်းဖြင့်မဟုတ်ဘဲ တစ်ဦးချင်းစီ၏ အရည်အချင်းအရ ဆုံးဖြတ်စီရင်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ကြောင်းကို ဆရာမိဘအများတို့သည် တွေ့ကြုံနားလည်ထားကြပြီ။ ယင်းသည် ခရစ်ယာန်များ လိုက်နာရန် မိန့်မှာခံရသည့် ဤကျမ်းစာမူတစ်ခုနှင့် ကိုက်ညီပါသည်– “လူတိုင်း ကိုယ်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး [နှင့်မနှိုင်းယှဉ်ဘဲ၊ ကဘ] ၌မဆိုဘဲ ကိုယ်၌သာ ဝါကြွားဝမ်းမြောက်စရာအကြောင်း ရှိလိမ့်မည်။”—ဂလာတိ ၆:၄။
၁၇ ဤကျင့်ဝတ်မူနှင့်အညီ ယေဟောဝါသည် အဖွဲ့အစည်းလိုက် လူမျိုးတော်နှင့် ဆက်ဆံသည်မှန်သော်လည်း တစ်ဦးချင်းစီအနေနှင့် တရားစီရင်ပါသည်။ ရောမ ၁၄:၁၂ က ဤသို့ဆိုသည်– “ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်။” ယေဟောဝါ၏ကျေးကျွန်တစ်ဦးစီ၏ မျိုးရိုးဗီဇဖွဲ့စည်းပုံကို ကိုယ်တော်သိကျွမ်းတော်မူ၏။ သူတို့၏ကာယနှင့်စိတ္တဖွဲ့စည်းပုံ၊ သူတို့၏ အရည်အချင်းများ၊ မွေးရာပါ အားသန်ချက်များ၊ အားနည်းချက်များ၊ အစွမ်းအစများနှင့် ယင်းအစွမ်းအစတို့ကို မည်သည့်အတိုင်းအတာထိအသုံးပြုပြီး ခရစ်ယာန်အသီးများသီးပွင့်ကြသည်ကို ကိုယ်တော်သိတော်မူ၏။ ဗိမာန်တော်ဘဏ္ဍာတိုက်ထဲ ဒ င်္ဂါးနှစ်ပြားကို သွင်းချခဲ့သော မုဆိုးမနှင့်စပ်လျဉ်း၍ ယေရှုမိန့်မြွက်ခဲ့သောစကားများအပြင် ကောင်းသောမြေ၌ကြဲသောမျိုးစေ့ပုံဥပမာတို့က ကိုယ့်ကိုယ်ကို အခြားသူများနှင့် ပညာကင်းမဲ့စွာ နှိုင်းယှဉ်တတ်ကြသဖြင့် စိတ်အားငယ်ကောင်းငယ်မည့် ခရစ်ယာန်များအတွက် အားပေးချက်ဖြစ်ပေမည်။—မာကု ၄:၂၀; ၁၂:၄၂-၄၄။
၁၈။ (က) မြေမှုန့်မျှသာဖြစ်ခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီအတွက် အဘယ်အဓိပ္ပာယ်ရှိသည်ကို အဘယ်ကြောင့်ဆုံးဖြတ်သင့်သနည်း။ (ခ) ကိုယ့်ကိုယ်ကိုပွင့်လင်းစွာစစ်ဆေးကြည့်ရာတွင် အဘယ်ကြောင့် စိတ်ဓာတ်မကျသင့်သနည်း။
၁၈ ကျွန်ုပ်တို့တစ်ဦးစီနှင့်ပတ်သက်၍ မြေမှုန့်ဖြစ်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိနေကြောင်းကို ဆုံးဖြတ်ကြရန် အရေးကြီးသည်။ သို့မှသာ ကျွန်ုပ်တို့၏ စွမ်းအင်အပြည့်ဝဆုံးထိ အမှုထမ်းဆောင်နိုင်မည်ဖြစ်သည်။ (သု. ၁၀:၄; ၁၂:၂၄; ၁၈:၉; ရောမ ၁၂:၁) ကိုယ်ကိုယ်တိုင်၏ ချွတ်ယွင်းချက်များနှင့် အားနည်းချက်များကို ကောင်းစွာသိမြင်ထားမှသာလျှင် တိုးတက်ဖို့လိုကြောင်းနှင့် တိုးတက်နိုင်စရာအလားအလာများကို နိုးကြားစွာဂရုပြုနိုင်မည်။ ကိုယ့်ကိုယ်ကိုစစ်ဆေးကြည့်ရာတွင် တိုးတက်မှုရှိနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို မည်သည့်အခါမျှ ဥပေက္ခာမပြုကြစို့နှင့်။ ဝိညာဉ်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းခဲ့၏၊ သမာကျမ်းစာကို ရေးမှတ်ခဲ့၏၊ အသက်ငင်နေသောလောကအလယ်တွင် ငြိမ်းချမ်းသာယာသော ကမ္ဘာသစ်အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီ။ ထို့ကြောင့် သမာဓိဆက်ရှိနိုင်ရန် လိုအပ်သော ဉာဏ်ပညာနှင့် ခွန်အားကို တောင်းဆိုသူတို့အား ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် လိုအပ်ရာကို ဖြည့်ဆည်းပေးနိုင်စွမ်း အလုံအလောက်အမှန်တကယ်ရှိသည်။—မိက္ခာ ၃:၈; ရောမ ၁၅:၁၃; ဧဖက် ၃:၁၆။
၁၉။ ကျွန်ုပ်တို့သည် မြေမှုန့်မျှသာဖြစ်သောကြောင့် အဘယ်အရာအတွက် အကြောင်းပြရန်ဆင်ခြေမဟုတ်သနည်း။
၁၉ ကျွန်ုပ်တို့သည် မြေမှုန့်မျှသာဖြစ်ကြောင်းကို ယေဟောဝါ သတိရအောက်မေ့တော်မူကြောင်း သိရှိရခြင်းသည် အလွန်စိတ်သက်သာစရာဖြစ်သည်တကား! သို့ရာတွင် ယင်းကြောင့် ပြီးစလွယ်လျှော့ပေါ့လုပ်ကိုင်ရန် သို့မဟုတ် ပြစ်မှားရန် အခွင့်ကောင်းယူမည်ဟူ၍ ဘယ်သောအခါမျှ မစဉ်းစားသင့်ပေ။ ထိုသို့လုံးဝမဖြစ်သင့်! ကျွန်ုပ်တို့သည် မြေမှုန့်မျှသာဖြစ်သည်ကို ယေဟောဝါ သတိရအောက်မေ့တော်မူခြင်းသည် ကိုယ်တော့်မခံစားထိုက်သော ကရုဏာတော်၏ သရုပ်သကန်ဖြစ်သည်။ သို့သော် “ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလို့ငှာ မှောက်လှန်လျက် တစ်ပါးတည်းအစိုးရတော်မူသောအရှင် ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ် . . . သောအဓမ္မလူ” များမဖြစ်လိုကြပါ။ (ယုဒ ၄) မြေမှုန့်ဖြစ်ခြင်းသည် အဓမ္မလူဖြစ်ခြင်းအတွက် အကြောင်းပြရန်ဆင်ခြေမဟုတ်ပါ။ “ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေ” ရန် ခရစ်ယာန်တစ်ဦးသည် မိမိ၏ဉာဉ်ဆိုးများကို တိုက်လှန်ပြီး မိမိကိုယ်ကိုထိုးနှိပ်စက်၍ ယင်းကို ကျွန်သဖွယ်ပြုရန် ကြိုးစားအားထုတ်ပါမည်။—ဧဖက် ၄:၃၀; ၁ ကောရိန္သု ၉:၂၇။
၂၀။ (က) အဘယ်ကဏ္ဍနှစ်ခုတွင် “သခင်ဘုရား၏အလုပ်၌ လုပ်ကိုင်စရာများစွာရှိ” နေသနည်း။ (ခ) ကျွန်ုပ်တို့မှာ အကောင်းမြင်စရာအကြောင်း အဘယ်ကြောင့်ရှိသနည်း။
၂၀ စာတန်၏ ကမ္ဘာ့အစီအစဉ် ဆုံးခန်းတိုင်ချိန် ဤကာလတွင် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဘုရားသခင့်ဝိညာဉ်တော်အသီးများကို ပိုမိုသီးပွင့်ခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ အရှိန်လျှော့ပစ်ရမည့်အချိန် မဟုတ်ပါ။ ဤကဏ္ဍနှစ်ခုစလုံးတွင် “လုပ်ကိုင်စရာများစွာရှိသည်။” ကျွန်ုပ်တို့၏ “ကြိုးပမ်းဆောင်ရွက်မှုသည် အချည်းနှီးမဟုတ်” ကြောင်း သိထားသောကြောင့် ယခုပင် တိုးတက်ရမည့်အချိန်ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၅၈၊ ကဘ) ယေဟောဝါသည် ကျွန်ုပ်တို့အား တည်တံ့မြဲမြံစေမည်။ အကြောင်းမူကား ကိုယ်တော်နှင့်စပ်လျဉ်း၍ ဒါဝိဒ် ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅:၂၂) မစုံလင်သော လူသတ္တဝါများအား အပ်နှင်းထားသည့် အကြီးမြတ်ဆုံးလုပ်ငန်းတော်တွင် မြေမှုန့်မျှသာဖြစ်နေကြသော်ငြားလည်း ကျွန်ုပ်တို့ပါဝင်နိုင်ရန် ယေဟောဝါခွင့်ပြုထားကြောင်း သိရှိရခြင်းသည် အားရရွှင်လန်းစရာပါတကား!
[အောက်ခြေမှတ်ချက်များ]
a ဆာလံ ၁၀၃:၁၄ ကို ဋီကာဖွင့်ထားသည့် ဟာဒါးစ္စ ဘီဘဲလ်ကိုမင်တာ သမ္မာကျမ်းစာဋီကာက ဤသို့ဆိုသည်– “လူကို မြေမှုန့်မှဖန်ဆင်းတော်မူကြောင်း ကိုယ်တော်သိတော်မူ၏။ ဖန်ဆင်းချိန်ကတည်းက သူတို့ကို ဖိစီးနှိပ်စက်နေသော သူတို့၏အားနည်းချက်များနှင့် တိုတောင်းသောဘဝကိုလည်း ကိုယ်တော်သိတော်မူ၏။”—ကျွန်ုပ်တို့စာလုံးစောင်းထား။
သင်ရှင်းပြနိုင်သလော
◻ လူသားသည် မြေမှုန့်မျှသာဖြစ်သည်ဟု ကမ္ဘာဦး ၂:၇ နှင့် ဆာလံ ၁၀၃:၁၄ တို့က ရည်ညွှန်းရာတွင် မည်သို့ကွာခြားသနည်း။
◻ ဟေဗြဲ အခန်းကြီး ၁၁ သည် ယနေ့ခရစ်ယာန်များအတွက် အားပေးမှု၏ အခြေအမြစ်တစ်ခု အဘယ်ကြောင့်ဖြစ်သနည်း။
◻ ဂလာတိ ၆:၄ ပါကျင့်ဝတ်မူကို ကျင့်သုံးခြင်းသည် အဘယ်ကြောင့် ပညာရှိသနည်း။
◻ ဟေဗြဲ ၆:၁၀ နှင့် ၁ ကောရိန္သု ၁၅:၅၈ တို့သည် စိတ်ဓာတ်ကျဆင်းခြင်းကို မည်သို့ တားဆီးပေးနိုင်မည်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ဝတ်ပြုသူချင်းတို့၏ ယုံကြည်ခြင်းကို အတုယူသော်လည်း သူတို့၏ယုံကြည်ခြင်းကို စုံလင်စေတော်မူသော ယေရှု၏နောက်သို့ လိုက်ကြသည်