ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်”
ပထမရာစုတွင် ဧဖက်မြို့ရှိ “နတ်ဝိဇ္ဇာအတတ်” လိုက်စားသူလူတစ်စုသည် မိမိတို့၏ စုန်းကဝေအတတ်ဆိုင်ရာ စာစောင်များကို လူအပေါင်းတို့ရှေ့မှာ မီးရှို့ခြင်းအားဖြင့် ခရစ်ယာန်တရားကိုလက်ခံကြောင်း တင်ပြခဲ့ကြသည်။ (တမန်တော် ၁၉:၁၉) ဤစာစောင်များ၏အဖိုးအခကို ချင့်တွက်ကြည့်ရာ ငွေအသပြာ ငါးသောင်းတန်သည်ကို သိရှိရ၏။ သမ္မာကျမ်းစာမှတ်တမ်းက ရောမငွေအသပြာဖြစ်သည့် ဒေနာရိကို ရည်ညွှန်းနေလျှင် ယင်း၏တန်ဖိုးသည် အနည်းဆုံး ဒေါ်လာ ၃၇,၀၀၀ နှင့်တူညီမျှလိမ့်မည်!
ရှေးဧဖက်မြို့သားများနည်းတူ စိတ်ဆုံးဖြတ်ကြသော စုန်းကဝေအတတ်နှင့်ဆိုင်သည့်စာစောင်များ ပိုင်ဆိုင်ခဲ့သူအမြောက်အမြား ယနေ့ရှိပါသည်။ ကနေဒါနိုင်ငံမှ အောက်ပါတွေ့ကြုံမှုကို ဆင်ခြင်သုံးသပ်ကြည့်လေ။
လွန်ခဲ့သော ငါးနှစ်ခန့်က ယေဟောဝါသက်သေတစ်ဦးသည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင် ပါဝင်နေစဉ် အိမ်တစ်အိမ်သို့ ရောက်သွားသောအခါ နိုရာအမည်ရှိသူ အိမ်ရှင်မသည် သူမ၏လက်ကိုဆွဲ၍ အိမ်ထဲခေါ်သွင်းသည်။ ဝိညာဏရှာပုံတော် နှစ်များအတွင်း နိုရာသည် ဘာသာတရားနှင့် နတ်ဝိဇ္ဇာဆိုင်ရာစာစောင်များကို ရာနှင့်ချီ စုဆောင်းခဲ့ပြီဖြစ်၍ ယခုမှာမူ လူသေတို့အတွက် မျှော်လင့်ချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏အာဘော်ကို သူမသိချင်နေပါသည်။ သက်သေခံဖြစ်သူသည် ချစ်မြတ်နိုးရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်းဝေစာကို သူမအား ဝေငှခဲ့သည်။ သို့နှင့် နိုရာသည် မိမိသိလိုရာများကို သိရှိလာပြီးနောက် ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းများအတွက် နှစ်စဉ်ကြေးယူလေသည်။
နောက်ပိုင်းတွင် သူမသည် အိမ်ပြောင်းရွှေ့ခဲ့ရာ ယေဟောဝါသက်သေများနှင့် အဆက်အသွယ် ပြတ်သွားပါသည်။ သို့ရာတွင် သူမ၏အိမ်လိပ်စာအသစ်သို့ စာတိုက်ဖြင့်မဂ္ဂဇင်းများ ဆက်ရောက်နေသည်။ မဂ္ဂဇင်းများတွင်ဖော်ပြထားသည့် ကျမ်းစာအခြေခံစာပေအချို့ကိုလည်း သူမမှာယူသည်။ အတန်ကြာပြီးနောက် သူမအိမ်သို့ ယေဟောဝါသက်သေတစ်ဦး ရောက်လာသည်။ မေးခွန်းများကို ဖြေဆိုရာတွင် သက်သေခံသည် ကျမ်းစာကို တိုက်ရိုက်ဖွင့်ပြခဲ့ခြင်းက နိုရာအတွက် စွဲမှတ်စရာဖြစ်ပြီး ထပ်မံဆွေးနွေးကြရန် ပြန်လည်ပတ်လာဖို့ သူမအား လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လေသည်။
သို့ရာတွင် ထိုသက်သေခံသည် နိုရာနှင့်ပြန်တွေ့ဆုံရန် အလွန်ခဲယဉ်းသည်။ သက်သေခံသည် ထပ်ခါတလဲ အချိန်ပြောင်းလွှဲပြီး၊ နေ့ရက်ပြောင်းလွှဲပြီး သူမထံ ပြန်သွားသော်လည်း မတွေ့ဆုံနိုင်ပါ။ သို့သော် အတန်ကြာလေသော် သူမဇွဲမလျှော့ဘဲ ပြန်သွားခြင်းမှ ကောင်းကျိုးများရိတ်သိမ်းခဲ့ရသည်။ နိုရာနှင့် ကျမ်းစာသင်အံမှုကို မှန်မှန်ပြုလုပ်နိုင်ပြီး နိုရာက မရမကတောင်းဆိုခဲ့သောကြောင့် တစ်ပတ်လျှင် သုံးကြိမ်တိုင် ကျင်းပရသည့်အချိန်များ ရှိခဲ့ပါသည်။ သူမသိရှိလာသည့်အရာများက သူမအား လှုံ့ဆော်တိုက်တွန်းခဲ့ရာ မိတ်ဆွေများ၊ မိသားစုဝင်များအား မိမိသိရှိရာတို့ကို ပြောပြသဖြင့် သူတို့အနက် သုံးဦးက ယေဟောဝါသက်သေများနှင့် ကျမ်းစာသင်လိုကြောင်း ပြောဆိုသည်။
ဗာဗုလုန် ဘာသာတရားနှင့် ပရောဖက်အတုအယောင် များစွာရှိပြီး အသက်ရှင်ခြင်းသို့ပို့ဆောင်သော လမ်းတစ်လမ်းတည်းသာရှိကြောင်းကို နိုရာလေ့လာသမျှမှ သိရှိလာခဲ့သည်။ မိမိသိရှိလိုသည့်အရာများကို ဗာဗုလုန်ဘာသာတရားတို့၌ နှစ်ချီ၍ အဖြေရှာဖွေခဲ့ပြီးနောက် ယခု နတ်ဆိုးများအကြောင်း ကျမ်းစာ၏ဖော်ပြချက်ကို သူမသိရှိလာသောအခါ တမန်တော် ၁၉:၁၉ တွင်ပါသည့် ရှေးခေတ်ဧဖက်မြို့သားများနည်းတူ သူမပြုမူကျင့်ကြံခဲ့သည်။ မိမိ၏ စာဖတ်ခန်းရှိ စာအုပ်ကိုရှင်းပစ်ရာ ရက်များအတွင်း စုန်းကဝေအတတ်နှင့် မှောက်မှားသည့် ဘာသာရေးသွန်သင်ချက်များပါ စာအုပ်ပေါင်းတစ်ထောင်မကကို သူမဖျက်ဆီးခဲ့သည်။ ပျက်စီးပစ်သောစာစောင်များတွင် လေးအုပ်တစ်စုံ၏တန်ဖိုးသည် ဒေါ်လာ ၈၀၀ မကရှိသည်!
ထို့နောက် နိုရာသည် နှစ်ပတ်ခန့် နတ်ဆိုးများ၏ နှောင့်ယှက်မှုကို ခံခဲ့ရခြင်းက သူမ၏လုပ်ရပ်ကြောင့် သူတို့အမျက်နှိုးဆွခံရကြောင်း သိသာထင်ရှားသည်။ သို့ရာတွင် သူမသည် ကျမ်းစာဆက်လေ့လာခြင်း၊ ယေဟောဝါ၏ မျက်မှောက်ခေတ် အဖွဲ့အစည်းနှင့် ပေါင်းသင်းခြင်းကို ဆက်မပြုရန် နတ်ဆိုးများက သူမအား မဖျက်နိုင်ခဲ့ပါ။
“ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” ဟူသော သမ္မာကျမ်းစာစကားများ မှန်ကန်ကြောင်းကို ဤကဲ့သို့သောတွေ့ကြုံမှုများက ကောင်းစွာဖော်ပြပါသည်။—ယာကုပ် ၄:၇။