သင်ခွင့်လွှတ်လိုစိတ်ရှိသလော
ဘေးလ်နှင့် အသက် ၁၆ နှစ်အရွယ်ရှိ သူ၏သမီးဖြစ်သူ လီစာတို့သည် သင့်သင့်မြတ်မြတ်နေနိုင်ရန် အခက်တွေ့နေကြသည်။ သဘောထားမတိုက်ဆိုင်မှု အသေးအမွှားကလေးများကစ၍ အော်ကြီးဟစ်ကျယ် စကားနိုင်လုသည့်အဖြစ်သို့ မကြာခဏရောက်သွားကြလေ့ရှိသည်။ နောက်ဆုံးတွင် လီစာအိမ်မှနှင်ထုတ်ခံလိုက်ရသည့်အထိ တင်းမာမှုကတိုးမြင့်သွားသည်။a
တစ်ချိန်တွင် လီစာသည် မိမိမှားကြောင်းသဘောပေါက်လာကာ ဖခင်၏ခွင့်လွှတ်မှုကိုရရန် ကြိုးစားခဲ့သည်။ သို့သော် ခက်ထန်နေသောဖခင်က လီစာ၏အတိတ်ကအမှားများကို ခွင့်လွှတ်မည့်အစား ပြေလည်ရန်သူမ၏ကြိုးစားအားထုတ်မှုကို ငြင်းဆန်သည်။ စဉ်းစားကြည့်ပါလေ! သမီးအရင်းခေါက်ခေါက်ကိုပင် ကရုဏာသက်လိုသည့်ဆန္ဒ သူ့မှာမရှိပါတကား!
လွန်ခဲ့သည့်နှစ်ရာစုများစွာက အပြစ်တင်ခွင့်နှင့်ကင်းသူတစ်ဦးသည် သူ မကျူးလွန်သောပြစ်မှုတစ်ခုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။ သက်သေများက လိမ်လည်သက်သေခံကြပြီး အုပ်ချုပ်ရေးအရာရှိများက မျက်နှာလွှဲကာ တရားမျှတမှုကို မျက်ကွယ်ပြုထားကြသည်။ ထိုအပြစ်ကင်းသည့်လူသားကား ယေရှုခရစ်ပင်ဖြစ်သည်။ ကိုယ်တော်မသေဆုံးမီကလေးတွင် ဘုရားသခင်ထံ ဤသို့စိတ်အားထက်သန်စွာ တောင်းဆိုခဲ့သည်– “အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ” ပါ။—လုကာ ၂၃:၃၄။
ယေရှုသည် နှလုံးထဲမှနေ၍ ရှောရှောရှူရှူခွင့်လွှတ်တော်မူပြီး ကိုယ်တော့်နောက်တော်လိုက်များလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်ကိုတုပရန် တိုက်တွန်းခံရကြသည်။ (ဧဖက် ၄:၃၂) သို့သော် ဘေးလ်နည်းတူ လူများစွာတို့သည် အကြင်နာတရားကင်းမဲ့လျက် ခွင့်လွှတ်ရန်ဆန္ဒမရှိကြချေ။ ဤကိစ္စတွင် သင်မည်သို့ရှိသနည်း။ အခြားသူများက သင့်ကိုပြစ်မှားသောအခါ သူတို့ကိုခွင့်လွှတ်ရန်ဆန္ဒရှိသလော။ ကြီးလေးသောအပြစ်များဆိုလျှင် မည်သို့နည်း။ ယင်းတို့ကိုပါခွင့်လွှတ်ရမည်လော။
ခွင့်လွှတ်ခြင်းသည် စိန်ခေါ်မှုတစ်ရပ်
ခွင့်လွှတ်ခြင်းသည် အမြဲမလွယ်ကူပါ။ ဤခဲယဉ်းသည့်ကာလတွင် လူသားတို့၏ကူးလူးဆက်ဆံမှုများသည် ခါတိုင်းထက်ပို၍ ပြဿနာဖြစ်စရာများလာသည်။ အထူးသဖြင့် မိသားစုဘဝသည် အများအားဖြင့်သောကနှင့်ဖိစီးမှုများဖြင့် ပြည့်လျက်ရှိသည်။ ထိုအခြေအနေများသည် ‘နောက်ဆုံးကာလ’ တွင် အနှံ့အပြားဖြစ်ပေါ်မည်အကြောင်း ရှေးကတည်းက ခရစ်ယာန်တမန်တော်ပေါလု ဖော်ပြခဲ့သည်။ သူဤသို့ပြောခဲ့သည်– “လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ . . . သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ . . . ဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၄။
ထို့ကြောင့် အခြားသူများအား ခွင့်လွှတ်ရန် ကျွန်ုပ်တို့၏အရည်အချင်းကို စမ်းသပ်သည့် ပြင်ပဖိအားပေးမှုကို ကျွန်ုပ်တို့အားလုံးရင်ဆိုင်ကြရသည်မှာ မငြင်းနိုင်ပါ။ ထို့အပြင် ကျွန်ုပ်တို့သည် အတွင်းသြဇာများနှင့်လည်း တိုက်လှန်ကြရသည်။ ပေါလုဤသို့ညည်းတွားခဲ့သည်– “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။ ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည်ကျင့်၏။” (ရောမ ၇:၁၉၊ ၂၀) ရလဒ်အနေနှင့် ကျွန်ုပ်တို့အားလုံးသည် ဆန္ဒရှိသလောက်ခွင့်မလွှတ်နိုင်ကြချေ။ အဆုံးတွင် အမွေခံရသည့်မစုံလင်မှုနှင့် အပြစ်တရားတို့က ကျွန်ုပ်တို့အားလုံးအပေါ် အားကြီးသည့်သြဇာလွှမ်းမိုးကာ တစ်ခါတစ်ရံ လူသားချင်းသနားကြင်နာမှုကင်းမဲ့အောင် ဖြစ်စေသည်။
သေးငယ်သောပြစ်မှားမှုကို ခွင့်လွှတ်ရန် တိုက်တွန်းခံရသောအခါ အမျိုးသမီးတစ်ဦးက “ဘယ်သူ့ကိုမှခွင့်လွှတ်ဖို့မကောင်းဘူး” ဟုတုံ့ပြန်ခဲ့သည်။ သာမန်ကာလျှံကာကြည့်လျှင် ထိုမှတ်ချက်မျိုးသည် အေးတိအေးစက်နိုင်သော၊ အကြင်နာတရားကင်းမဲ့သော၊ အပြစ်မြင်လွန်းသော မှတ်ချက်ဖြစ်ဟန်ရှိသည်။ သို့သော် အတွင်းကျကျကြည့်လိုက်သောအခါ လူအများတို့သည် တစ်ကိုယ်ကောင်းဆန်၊ အရေးစိုက်မှုမရှိ၊ ရန်လိုသည်ဟု သူတို့ရှုမြင်သောလောကကို ရင်ဆိုင်ရသောအခါ ခံစားရသည့်စိတ်ဓာတ်ကျဆင်းမှုကို ယင်းကဖော်ပြကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ လူတစ်ဦးဤသို့ပြောသည်– “လူတွေက သူတို့ကိုခွင့်လွှတ်ရင် အခွင့်အရေးယူတယ်။ အဲဒီတော့ အနင်းခံရတာနဲ့အတူတူပဲ။”
ထို့ကြောင့် ဤနောက်ဆုံးကာလတွင် ခွင့်လွှတ်လိုသည့်သဘောကို ပြုစုပျိုးထောင်ရန်မလွယ်ကူခြင်းမှာ အဆန်းမဟုတ်ပါ။ သို့ဖြစ်သည့်တိုင် ကြင်နာစွာခွင့်လွှတ်ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အားတိုက်တွန်းထားသည်။ (၂ ကောရိန္သု ၂:၇ နှိုင်းယှဉ်။) အဘယ်ကြောင့် ကျွန်ုပ်တို့ ခွင့်လွှတ်လိုစိတ်ရှိသင့်သနည်း။
[အောက်ခြေမှတ်ချက်များ]
a နာမည်များကိုပြောင်းထားသည်။