“ဓမ္မဟောင်းကျမ်း” သို့မဟုတ် “ဟေဗြဲကျမ်း”—မည်သည့်အရာနည်း
ယနေ့ သမ္မာကျမ်းစာ၏ ဟေဗြဲ/အာရမိတ်အပိုင်းနှင့် ဂရိအပိုင်းများကို “ဓမ္မဟောင်းကျမ်း” နှင့် “ဓမ္မသစ်ကျမ်း” ဟုခရစ်ယာန်ဘောင်တွင် ခေါ်ဆိုလေ့ရှိသည်။ သို့သော် ထိုသို့အသုံးပြုမှုအတွက် ကျမ်းဆိုင်ရာအခြေခံတစ်စုံတစ်ရာရှိပါသလော။ ထို့ပြင် အဘယ်အကြောင်းရင်းများကြောင့် ယေဟောဝါသက်သေများသည် သူတို့၏စာပေများတွင် ယင်းတို့ကိုအသုံးမပြုကြသနည်း။
မှန်ပါသည်၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းနှင့်တကွ မာတင်လူသာ ပထမဦးဆုံး (၁၅၂၂) ဘာသာပြန်သည့် ဂျာမန်စက်တင်ဘာတက်စ်တမင့် အစရှိသော အခြားဘာသာပြန်ကျမ်းများအရ ၂ ကောရိန္သု ၃:၁၄ က ထိုအလေ့အထကို ထောက်ခံပုံရှိသည်။ ထိုကျမ်းပိုဒ်ကဤသို့ဆိုသည်– “သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍ ယခုတိုင်အောင် ဓမ္မဟောင်းကျမ်းစာကိုဖတ်ကြသောအခါ အနက်အဓိပ္ပာယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်းရ၏။”
ဤတွင် “ဓမ္မဟောင်းကျမ်းစာ” ဟုအများခေါ်ဝေါ်သည့် ၃၉ ကျမ်းကို တမန်တော်ပြောနေခြင်းလော။ “ကျမ်းစာ” ဟု ဤတွင်ပြန်ဆိုထားသည့် ဂရိစကားလုံးမှာ ဒိုင်အာသီကီးဖြစ်သည်။ နာမည်ကျော်ဂျာမန်ဓမ္မပညာရပ်စွယ်စုံကျမ်းဖြစ်သည့် တေအိုလိုဂျစ်ရှ် ရေအာလ်အင့်တဈူးကလိုပေးဒီက ၂ ကောရိန္သု ၃:၁၄ နှင့်ပတ်သက်၍ ဤသို့ဆိုသည်။ ထိုအခန်းငယ်တွင် ‘ဒိုင်အာသီကီးကျမ်းဟောင်းကိုဖတ်’ ခြင်းမည်သည် နောက်ဆက်တွဲအခန်းငယ်တွင်ပါသည့် ‘မောရှေ၏ကျမ်းစာကိုဖတ်’ ခြင်းနှင့်ထပ်တူထပ်မျှဖြစ်သည်။ သို့ဖြစ်သောကြောင့် ‘ဒိုင်အာသီကီးကျမ်းဟောင်း’ သည် မောရှေ၏ပညတ္တိကျမ်း၊ သို့မဟုတ် အလွန်ဆုံးဆိုလျှင် ပင်န်တကျွတ်ကို ဆိုလိုနေခြင်းဖြစ်သည်။ ခရစ်ယာန်ခေတ်မတိုင်မီက မှုတ်သွင်းခံကျမ်းစာစောင် အားလုံးကို ဆိုလိုနေခြင်းမဟုတ်ကြောင်း ထင်ရှားနေသည်။
တမန်တော်သည် ဟေဗြဲကျမ်းစာစောင်များ၏ တစ်ပိုင်းသာဖြစ်သည့် ပင်န်တကျွတ်တွင်ပါသော မောရှေမှတ်တမ်းတင်ထားသည့် ပဋိညာဉ်ဟောင်းကို ရည်ညွှန်းနေသည်။ ဟေဗြဲ/အာရမိတ်ကျမ်းစာစောင်အားလုံးကို သူမရည်ညွှန်းပါ။ ထို့အပြင် စီ.အီး. ပထမရာစုတွင်ရေးသားခဲ့သော မှုတ်သွင်းခံခရစ်ယာန်ကျမ်းစာစောင်များသည် “ဓမ္မသစ်ကျမ်း” ဖြစ်သည်ဟူ၍လည်း သူမဆိုလိုပါ။ ယင်းစကားလုံးကို သမ္မာကျမ်းစာတစ်အုပ်လုံးတွင် တွေ့ရမည်မဟုတ်ပါ။
ဤတွင်ပေါလုအသုံးပြုသော ဂရိစကားလုံးဒိုင်အာသီကီး၏အဓိပ္ပာယ်ကား အမှန်မှာ “ပဋိညာဉ်” ဖြစ်သည်ကိုလည်း သတိပြုသင့်သည်။ (ထပ်ဆင့်သိလိုလျှင် သန့်ရှင်းသောကျမ်းစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့်အပါအဝင်၊ အတွဲ ၇အီး၊ စာမျက်နှာ ၁၅၈၅၊ ၁၉၈၄ ခုနှစ်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေခဲ့။) ထို့ကြောင့် ခေတ်သစ်ဘာသာပြန်ကျမ်းစာများစွာတွင် “ဓမ္မဟောင်းကျမ်းစာ” ဟုဖတ်ရမည့်အစား “ပဋိညာဉ်ဟောင်း” ဟူ၍ဖတ်ရှုရသည်။
ယင်းနှင့်စပ်လျဉ်း၍ “National Catholic Reporter” က ဤသို့ဆိုသည်– “‘ဓမ္မဟောင်းကျမ်းစာ’ ဟူသောစကားလုံးက ညံ့သည့်သဘော၊ ခေတ်ကုန်သည့်သဘောမျိုး သက်ရောက်စေသည်ကားအမှန်ပင်။” သို့သော် သမ္မာကျမ်းစာသည် ပြုစုရေးသားချက်တစ်ခုတည်းဖြစ်၍ မည်သည့်အပိုင်းမျှ ခေတ်ကုန်သည်၊ သို့မဟုတ် “ဟောင်း” သည်ဟူ၍မရှိပေ။ ၎င်းပါ သတင်းတရားသည် ဟေဗြဲကျမ်းအပိုင်း၏ ပထမစာစောင်မှ ဂရိအပိုင်း၏ နောက်ဆုံးစာစောင်အထိပင် တစ်သမတ်တည်းဖြစ်သည်။ (ရောမ ၁၅:၄; ၂ တိမောသေ ၃:၁၆၊ ၁၇) ယင်းကြောင့် မမှန်ကန်သောထင်ကြေးကိုသာအခြေခံသည့် ဤအခေါ်အဝေါ်များကို အသုံးမပြုဖို့ ခိုင်လုံသောအကြောင်းရင်းများရှိပေသည်။ သို့ဖြစ်၍ သာ၍မှန်ကန်သည့် “ဟေဗြဲကျမ်း” နှင့် “ခရစ်ယာန်ဂရိကျမ်း” ဟူသည့်ဝေါဟာရကို ကျွန်ုပ်တို့အသုံးပြုလိုကြသည်။