ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဒုက္ခကာလတွင်ဟောပြောခြင်း
တမန်တော်ပေါလုက “နောက်ဆုံးအချိန်၌ ခဲယဉ်းသောကာလသည် ရောက်လာမည်ကို သိမှတ်လော့” ဟု ကြိုတင်ပြောခဲ့သည်။ (၂ တိမောသေ ၃:၁၊ ကဘ) ဤစကားများ မည်မျှတိကျမှန်ကန်လိုက်သည်ဖြစ်ခြင်း! ဗဟိုအမေရိကရှိ အယ်လ်ဆာဗေးဒေါနိုင်ငံသားများသည် ဤခါးသီးသည့်အဖြစ်ကို ကြာမြင့်စွာကတည်းက တွေ့ကြုံလာခဲ့ရသည်။ ထိုနိုင်ငံသည် လူထောင်ပေါင်းများစွာတို့အား ဆင်းရဲဒုက္ခနှင့် သေခြင်းသို့ပို့ဆောင်သော ပြည်တွင်းစစ်တွင် စုပ်စုပ်မြုပ်နေခဲ့သည်မှာ ဆယ်နှစ်ကျော်မကချေ။ ယခုစစ်ပြီးသွားသော်လည်း ဆင်းရဲဒုက္ခမူကား ကျန်နေမြဲဖြစ်သည်။ စစ်ပွဲပြီးသည်နှင့် ရာဇဝတ်မှုတစ်ရှိန်ထိုးမြင့်တက်လာသည်။ မကြာသေးမီက ပြည်တွင်းတီဗီဝေဖန်ရေးသမားတစ်ဦးက ဤသို့ပြောသည်– “အခု အကြမ်းဖက်မှုနဲ့လုယက်မှုဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်အစာဖြစ်နေပြီ။”
ယေဟောဝါသက်သေများလည်း ရာဇဝတ်မှုဒီလှိုင်း၏ဒဏ်မှ မလွတ်ကြချေ။ ဖောက်ထွင်းခိုးယူသူများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမများထဲသို့ ချိုးဖောက်ဝင်ရောက်ပြီး အသံချဲ့စက်ပစ္စည်းများကို ခိုးယူကြသည်။ မကြာခဏဆိုသလို လက်နက်ကိုင်လူငယ်အုပ်စုများသည် အစည်းအဝေးကျင်းပနေချိန်အတွင်း ဘုရားသခင့်နိုင်ငံတော်ခန်းမထဲသို့ဝုန်းဒိုင်းကျဲဝင်လာကြပြီး တက်ရောက်သူများထံမှ ငွေများ၊ နာရီများနှင့် အခြားတန်ဖိုးရှိပစ္စည်းများကို လုယူကြသည်။ များစွာသောသက်သေခံတို့သည် မိမိတို့၏နေ့စဉ်အလုပ်အကိုင်များသို့သွားနေစဉ် ဓားပြများ၏သတ်ဖြတ်ခြင်းကို ခံရကြသည်။
ထိုအဆီးအတားများကြားမှပင် အယ်လ်ဆာဗေးဒေါရှိ ယေဟောဝါသက်သေများသည် သတင်းကောင်းဟောပြောခြင်းကို ဆက်၍ကြိုးစားပမ်းစားလုပ်ဆောင်ကြသည်။ ကျမ်းစာ၏ ဤအမိန့်ကို နာခံသောအားဖြင့် ထိုသို့လုပ်နေကြခြင်းဖြစ်သည်– “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။” (မာကု ၁၃:၁၀) ဤနိုင်ငံတွင် သမ္မာကျမ်းစာကပေးသည့် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို မျှော်မှန်းတမ်းတသူများစွာ ရှိနေတုန်းပင်ဖြစ်၍ သက်သေခံများသည် သူတို့တစ်ဦးစီနှင့်တွေ့ဆုံရန် ကြိုးစားနေကြသည်။ အလွတ်သဘောသက်သေခံခြင်းသည် ဟောပြောခြင်းတွင် ထိရောက်သောနည်းစနစ်တစ်ခုဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။
ဆေးရုံတွင်ကုသခံနေရသော သက်သေခံတစ်ဦးသည် သမ္မာကျမ်းစာတွင်တွေ့ရသော အနာဂတ်ဆိုင်ရာဘုရားသခင့်ကတိတော်များကို အခြားလူနာများအား ပြောပြရန် ရသမျှအခွင့်အရေးကိုအသုံးပြုသည်။ အပြင်းအထန်ဖျားနာနေသူတစ်ဦးက ဤသို့မြည်တမ်းသည်– “မကြာခင်ကျွန်တော်သေရတော့မယ်!” သို့သော် လူနာ၏ ညှိုးငယ်မှိုင်တွေသည့်အသွင်က သက်သေခံအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဝေမျှရန် စိတ်ပျက်ခြင်းမဖြစ်စေပါ။ သို့အစား သက်သေခံက ထိုလူအား ယေဟောဝါသက်သေများထုတ်သည့် သင်သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည် အမည်ရှိသောစာအုပ်မှ အကြောင်းအရာကို အသံကျယ်ကျယ်ဖြင့်ဖတ်ပြသည်။ ရက်အနည်းငယ်ကြာသောအခါ သက်သေခံသည် ဆေးရုံမှဆင်းရပြီး ထိုလူလည်းသေဆုံးတော့မည်ကို ဝမ်းနည်းစွာစဉ်းစားမိသည်။
နောက်လေးနှစ်ကြာသောအခါ ထိုသက်သေခံသည် အခြားဆေးရုံတစ်ရုံတွင် ဆေးကုသခံရပြန်သည်။ ထိုတွင်သူရှိနေစဉ် လူနာတစ်ဦးက သူ့ထံချဉ်းကပ်လာပြီး “ကျွန်တော့်ကိုမှတ်မိပါသလား” ဟုမေးသည်။ ထိုသူမှာ လွန်ခဲ့သည့်လေးနှစ်က သူတွေ့ခဲ့သော သေတော့မည်ဟုထင်ရသည့်သူပင် ဖြစ်ပါသည်တကား! ထိုလူက သူ့ကိုဖက်ယမ်းပြီး “အခု ကျွန်တော်လည်း ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေပြီလေ” ဟုပြောသောအခါ သူမည်မျှဝမ်းသာအံ့သြလိုက်မည်ဖြစ်ခြင်း! ထိုလူသည် အနာဂတ်ဆိုင်ရာ ကျမ်းစာမျှော်လင့်ချက်ကို လက်ခံခဲ့ပြီး ယေဟောဝါသက်သေများနှင့် ကျမ်းစာသင်ကာ မိမိ၏အသက်တာကို ယေဟောဝါထံတွင် ဆက်ကပ်အပ်နှံခဲ့သည်။ သူသည် သက်သေခံတစ်ဦးဖြစ်ရုံမျှမက မှန်မှန်ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုတွင် နှစ်နှစ်ခန့် ပါဝင်လာခဲ့ပြီးဖြစ်သည်။
ဤအဖြစ်အပျက်တွင် အလွတ်သဘောဖြင့် ကြဲခြင်းခံရသော သမ္မာတရားမျိုးစေ့များသည် တုံ့ပြန်မှုရှိသောနှလုံးသားသို့ ရောက်ရှိသွားသည်။ လူများအား သမ္မာတရားအသိပညာရလာရန် အကူအညီပေးရသည့်အခွင့်ထူးက စစ်မှန်သောခရစ်ယာန်များအား ဤ “ခဲယဉ်းသောကာလ” အတွင်း၌ပင် ဟောပြောခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် တွန်းအားပေးသည်။