ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၆/၁ စာ. ၄-၇
  • စိတ်စွန်းကွက်မှု မရှိတော့သည့်အခါ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်စွန်းကွက်မှု မရှိတော့သည့်အခါ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင် မျက်နှာလိုက်တော်မမူ
  • သမ္မာကျမ်းစာ၏ ဩဇာအရှိန်အဝါ
  • စိတ်စွန်းကွက်မှုအဟန့်အတားကို ချိုးဖျက်ခြင်း
  • ကိုင်တွယ်ဖြေရှင်းပုံ
  • “အချင်းချင်းညှဉ်းဆဲခြင်း . . . ကို မပြုရကြ”
  • တစ်ဖက်သတ်အစွဲတွေ ဘယ်တော့ ပပျောက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • တစ်ဖက်သတ်အစွဲ—ကမ္ဘာချီပြဿနာတစ်ရပ်ဖြစ်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦး အသင်ဖြစ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှု—အခြေခံအကြောင်းရင်းများကို သိမြင်နားလည်ခြင်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၆/၁ စာ. ၄-၇

စိတ်စွန်းကွက်မှု မရှိတော့သည့်အခါ!

အများအပြောအရ သိပ္ပံပညာရှင် အဲလ်ဘတ် အိုင်စတိုင်းက ဤဝမ်းနည်းဖွယ်ကမ္ဘာလောကကြီးတွင် အက်တမ်တစ်လုံးကိုခွဲခြမ်းစိတ်ဖြာခြင်းထက် စိတ်စွန်းကွက်မှုကို အောင်မြင်ကျော်လွှားခြင်းသည် ပိုခက်ခဲသည်ဟု တစ်ချိန်က ပြောဆိုခဲ့သည်ဟူ၏။ ထို့နည်းတူ ဒုတိယကမ္ဘာစစ်အတွင်း၌နာမည်ကြီးလာသော သတင်းစာဆရာတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ယူ.အက်စ်. သတင်းလုပ်ငန်းဌာန၏ညွှန်ကြားရေးမှူးဖြစ်သော အက်ဝဒ် အာ. မာရိုက “စိတ်စွန်းကွက်မှုကို မည်သူမျှ မဖယ်ရှားနိုင်ချေ။ အသိအမှတ်သာပြုနိုင်၏” ဟု ဖော်ပြခဲ့သည်။

ဤအဆိုများသည် မှန်ကန်ပုံရှိပါ၏လော။ ခွဲခြားဆက်ဆံမှုနှင့် လူမျိုးကြီးဝါဒကို ဖယ်ရှားဖို့ရန် ဖြစ်နိုင်ပါမည်လော။ စိတ်စွန်းကွက်မှုနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ယူမှတ်သနည်း။

ဘုရားသခင် မျက်နှာလိုက်တော်မမူ

မျက်နှာလိုက်ခြင်းကို သမ္မာကျမ်းစာက ဆန့်ကျင်၏။ (သု. ၂၄:၂၃; ၂၈:၂၁) “ထက်ရပ်ပညာကား၊ ရှေးဦးစွာစင်ကြယ်၏။ ၎င်းနောက် ငြိမ်းချမ်း၏။ သင့်တင့်လျော်ကန်၏။ နာခံရန်အသင့်ရှိ၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးတို့နှင့်လည်းကောင်း ပြည့်ဝ၍မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းနှင့်ကင်းလွတ်၏” ဟု ယင်းက ဖော်ပြ၏။ (ယာကုပ် ၃:၁၇၊ ကဘ) ထိုကဲ့သို့သောဉာဏ်ပညာကို ရှေးဣသရေလနိုင်ငံတွင်ရှိသော တရားသူကြီးများအား အလေး

ပေးဖော်ပြပေးခဲ့သည်။ “တရားတွေ့သည်အမှုမှာ မတရားသဖြင့်မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏မျက်နှာကိုမထောက်ဘဲ ကိုယ်အမျိုးသားချင်းကို တရားသဖြင့်စီရင်ရမည်” ဟု သူတို့ကို ညွှန်ကြားထား၏။—ဝတ်ပြုရာ ၁၉:၁၅။

မျက်နှာလိုက်မှုနှင့် စိတ်စွန်းကွက်မှုတို့ကိုဆန့်ကျင်သည့် သမ္မာကျမ်းစာ၏ခိုင်မြဲသောရပ်တည်မှုကို ယေရှုခရစ်အပြင် သူ၏တမန်တော်များဖြစ်သော ပေတရုနှင့် ပေါလုတို့က အလေးပေးဖော်ပြခဲ့သည်။ “ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်” သောသူများအပေါ် ယေရှုမျက်နှာမလိုက်ခဲ့။ (မဿဲ ၉:၃၆) “မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့်စီရင်ကြလော့” ဟု ကိုယ်တော်သွန်သင်ပေးတော်မူ၏။—ယောဟန် ၇:၂၄။

ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင် မျက်နှာလိုက်ခြင်းမရှိကြောင်း ပေတရုနှင့် ပေါလုတို့က ကျွန်ုပ်တို့ကို စိတ်ချစေသည်။ ပေတရုက “အကယ်စင်စစ် ထာဝရဘုရားသည် မျက်နှာကြီးငယ်လိုက်တော်မမူကြောင်းကို ယခုငါသိနားလည်လာ၏။ ကိုယ်တော်သည် မိမိအားကြောက်ရွံ့ ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲ နှစ်သက်လက်ခံတော်မူ၏” ဟု ဖော်ပြသည်။ (တမန်တော် ၁၀:၃၄၊ ၃၅၊ သတင်းကောင်း) “ထာဝရဘုရားသည် မျက်နှာကြီးငယ်မလိုက်” ဟု ပေါလုက ကျွန်ုပ်တို့ကို ပြောပြ၏။—ရောမ ၂:၁၁၊ သတင်းကောင်း။

သမ္မာကျမ်းစာ၏ ဩဇာအရှိန်အဝါ

သမ္မာကျမ်းစာသည် ၎င်း၏လမ်းညွှန်မှုကို ခံယူသောသူတို့၏ဥပဓိရုပ်များကို ပြောင်းလဲပေးနိုင်သော အစွမ်းတန်ခိုးရှိ၏။ ဟေဗြဲ ၄:၁၂ က “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း” ရှိ၏ဟု ဖော်ပြသည်။ စိတ်စွန်းကွက်မှုရှိသောသူတစ်ဦးသည် ယေဟောဝါ၏အကူအညီတော်အားဖြင့် သူ၏တွေးခေါ်ပုံကိုပြောင်းလဲ၍ အခြားသူများနှင့် မျက်နှာမလိုက်ဘဲ ပြုမူဆက်ဆံလာနိုင်သည်။

ဥပမာအနေနှင့် တာရှုမြို့သားရှောလု၏ အဖြစ်အပျက်ကိုကြည့်ပါ။ သမ္မာကျမ်းစာမှတ်တမ်းအရ တစ်ချိန်က သူသည် တင်းကျပ်သောဘာသာရေးထုံးတမ်းစဉ်လာများကို လိုက်လျှောက်ခဲ့သောကြောင့် ခရစ်ယာန်အသင်းတော်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ဘက်ပြုခဲ့သည်။ (တမန်တော် ၈:၁-၃) ခရစ်ယာန်အားလုံးတို့ကို အယူဖောက်ပြန်သူများနှင့် စစ်မှန်သောဝတ်ပြုရေး၏ရန်သူများဖြစ်သည်ဟု ဂျူးထုံးတမ်းစဉ်လာက သူ့ကိုလုံးလုံးလှည့်စားခဲ့၏။ သူ၏စိတ်စွန်းကွက်မှုက ခရစ်ယာန်များအား သတ်ဖြတ်ခြင်းကို ထောက်ပံ့မှုပြုစေခဲ့သည်။ သမ္မာကျမ်းစာက သူသည် “သခင်ဘုရား၏တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှု” သည်ဟု ဖော်ပြ၏။ (တမန်တော် ၉:၁) ထိုသို့ ပြုနေစဉ် ဘုရားသခင်အတွက် မြင့်မြတ်သောလုပ်ငန်းတော်ကို ထမ်းဆောင်နေသည်ဟု သူထင်မှတ်ခဲ့သည်။—ယောဟန် ၁၆:၂ နှိုင်းယှဉ်။

သို့သော်လည်း တာရှုမြို့သားရှောလုသည် ပြင်းထန်လှသော သူ၏စိတ်စွန်းကွက်မှုကို စွန့်ပစ်နိုင်ခဲ့လေသည်။ သူကိုယ်တိုင် ခရစ်ယာန်တစ်ဦးပင် ဖြစ်ခဲ့သည်တကား! နောက်ပိုင်း ယေရှုခရစ်၏တမန်တော်တစ်ပါးဖြစ်သော ပေါလုအနေနှင့် သူက “ငါသည် ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဖူးသော်လည်း . . . ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲပြုသောကြောင့် ကရုဏာတော်ကို ငါခံရပြီ” ဟု ရေးသားခဲ့လေသည်။—၁ တိမောသေ ၁:၁၃။

မိမိ၏တွေးခေါ်မှုပုံစံကို ထိုကဲ့သို့ ရုတ်ခြည်းပြောင်းလဲမှုပြုခဲ့ရာတွင် ပေါလုသည် တစ်ဦးတည်းသောသူမဟုတ်ပါ။ ဧဝံဂေလိဟောပြောသူချင်းတစ်ဦးဖြစ်သော တိတုထံသို့ရေးသားခဲ့သည့် သူ၏စာထဲ၌ ပေါလုက “အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြုစေခြင်းငှာလည်းကောင်း သတိပေးလော့။ အကြောင်းမူကား အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသောတပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်းအမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ အချင်းချင်းမုန်းသောသူဖြစ်ကြ၏” ဟု ခရစ်ယာန်များအား ဩဝါဒပေးခဲ့လေသည်။—တိတု ၃:၂၊ ၃။

စိတ်စွန်းကွက်မှုအဟန့်အတားကို ချိုးဖျက်ခြင်း

ယနေ့ စစ်မှန်သောခရစ်ယာန်များသည် အဆိုပါသြဝါဒကို ကြိုးစားလိုက်လျှောက်ကြသည်။ သူတို့သည် အပေါ်ယံအမြင်အားဖြင့် လူများအားစီရင်ခြင်းကို ရှောင်ရှားလိုကြသည်။ ၎င်းက အခြားသူများကို ‘ကဲ့ရဲ့ခြင်း’ မှ သူတို့ကိုအကာအကွယ်ဖြစ်စေ၏။ သူတို့သည် ဤကမ္ဘာလောကကြီး၏ နိုင်ငံ၊ လူမျိုးစုနှင့် လူမျိုးရေးတို့၏ နယ်နိမိတ်များအားလုံးကို ဖြတ်ကျော်သွားသော အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းတစ်ရပ်၌ မွေ့လျော်လျက်ရှိကြ၏။

အသားမည်းဘရာဇီးလူမျိုးတစ်ဦးဖြစ်သော အင်န်ရီးကာ၏တွေ့ ကြုံမှုကို သုံးသပ်ကြည့်ပါ။ ကိုယ်တိုင် လူမျိုးရေးခွဲခြားဆက်ဆံမှု၏သားကောင်တစ်ဦးဖြစ်ကာ လူဖြူများကို အသည်းခိုက်အောင်မုန်းတီးခဲ့လေသည်။ “အသားဖြူသက်သေခံနှစ်ယောက် ကျွန်တော့်အိမ်လာပြီး ဘုရားသခင်ရဲ့နာမတော်အကြောင်းပြောတယ်။ ပထမတော့ လူဖြူတွေကို ကျွန်တော်မယုံတာကြောင့် သူတို့ပြောတာကို နားမထောင်ချင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့သတင်းတရားဟာ သမ္မာတရားဖြစ်ပုံရှိတယ်လို့ မကြာခင်မှာပဲ ကျွန်တော်သိလိုက်ရတယ်။ ဒါကြောင့် ကျမ်းစာလေ့လာဖို့ ကျွန်တော်လက်ခံလိုက်တယ်။ ကျွန်တော်ဦးဆုံးမေးခဲ့တဲ့မေးခွန်းကတော့ ‘ခင်ဗျားတို့ရဲ့ချာ့ချ်မှာ လူမည်းတွေ တော်တော်များသလား’ ဆိုတဲ့ မေးခွန်းပါပဲ။ သူတို့က ‘ဟုတ်ကဲ့’ လို့ ပြန်ဖြေတယ်။ ဒီနောက်သူတို့က လူမျိုးချင်းမတူတဲ့ ကလေးတွေကိုပုံဖော်ထားတဲ့ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ရဲ့a နောက်ဆုံးကရုပ်ပုံကို ပြတယ်။ အဲဒီထဲမှာ အသားမည်းကောင်လေးတစ်ယောက်ပါတာကြောင့် ကျွန်တော်အားတက်သွားတယ်။ နောက်ပိုင်း ယေဟောဝါသက်သေတို့ရဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကျွန်တော်သွားလည်ပတ်တဲ့အခါ ကွဲပြားတဲ့လူမျိုးတွေထဲကလူတွေ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစားဆက်ဆံနေကြတာ တွေ့ရတယ်။ အဲဒါက ကျွန်တော့်အတွက် အရေးအကြီးဆုံးပါပဲ” ဟု သူရှင်းပြလေသည်။

ယခုဆိုလျှင် ယေဟောဝါသက်သေတစ်ဦးအနေနှင့် အင်န်ရီးကာသည် စစ်မှန်သောခရစ်ယာန်ညီအစ်ကိုအသင်းအပင်းဝင်ဖြစ်ရသည့်အတွက် ကျေနပ်မှုရှိ၏။ အဘယ်လူသား၏ဂုဏ်ကျေးဇူးကြောင့်မျှမဟုတ်ကြောင်း သူသိ၏။ “ကျွန်တော့်အဖို့ ယေဟောဝါနဲ့ ယေရှုတို့ လုပ်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျွန်တော်ကျေးဇူးအထူးတင်ပါတယ်။ လူမျိုး၊ အသားအရောင်နဲ့ နောက်ခံအမျိုးမျိုးရှိပြီး ရည်ရွယ်ချက်တစ်ခုတည်းမှာ စည်းလုံးစွာရှိနေကြတဲ့ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန် သန်းပေါင်းများစွာနဲ့အတူ ကျွန်တော်အမှုထမ်းဆောင်နေပါတယ်” ဟု သူဆိုသည်။

ကြီးပြင်းနေဆဲ ဒါရ်ယိုသည် စိတ်စွန်းကွက်မှု၏ နောက်ထပ်သားကောင်တစ်ဦးဖြစ်သည်။ အသက် ၁၆ နှစ်အရွယ်တွင် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာသည်။ သူက “သက်သေခံတွေအကြားမှာ လူမျိုးရေးကြီးမြင့်သာလွန်မှုဆိုတဲ့ ယူဆချက်တွေမရှိဘူးဆိုတာ ကျွန်တော်တွေ့ရှိရတယ်” ဟု ထင်မြင်ချက်ပေးသည်။ စစ်မှန်တဲ့မေတ္တာအသိုင်းအဝိုင်းကို သူအသည်းစွဲသွားသည်။ အထူးသဖြင့် သူသတိထားမိသည်မှာ လူမျိုးအသီးသီးမှသူများ အသင်းတော်အတွင်း၌ တာဝန်များကို ထမ်းဆောင်နေကြခြင်းပင်ဖြစ်သည်။ အသင်းတော်ပြင်ပမှလူများက စိတ်စွန်းကွက်မှု သို့မဟုတ် ခွဲခြားဆက်ဆံမှုပုံစံတစ်မျိုးမျိုးဖြင့် သူ့ကိုဆက်ဆံလာသည့်အခါတိုင်း ယေဟောဝါသည် အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းမှလူများကို ချစ်တော်မူကြောင်း ဒါရ်ယိုအမှတ်ရနေလေတော့သည်။

ကိုင်တွယ်ဖြေရှင်းပုံ

ကျွန်ုပ်တို့အားလုံးသည် ဂုဏ်သိက္ခာရှိရှိနှင့် လေးစားစွာ ဆက်ဆံခံလိုကြသည်။ ထို့ကြောင့်ပင် စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦးဖြစ်ရခြင်းသည် ခံရခက်သော စုံစမ်းမှုတစ်ရပ်ပင်ဖြစ်လေသည်။ . . . ခရစ်ယာန်အသင်းတော်သည် ဤဆိုးညစ်သောလောက၏ စိတ်စွန်းကွက်မှုသဘောထားများအားလုံးမှ ကျွန်ုပ်တို့အား ကာကွယ်ပေးမည်မဟုတ်ပါ။ လောကီရေးရာများကို စာတန်မာရ်နတ်ချုပ်ကိုင်နေသ၍ကာလပတ်လုံး မမျှတမှုရှိနေမည်သာဖြစ်သည်။ (၁ ယောဟန် ၅:၁၉) “မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဟု ဗျာဒိတ် ၁၂:၁၂ က ကျွန်ုပ်တို့ကို သတိပေးနှိုးဆော်ထားသည်။ သူ၏ရည်ရွယ်ချက်မှာ ဒုက္ခဝေဒနာဖြစ်စေဖို့မျှသာမဟုတ်ချေ။ သူ့ကို သားရဲတိရစ္ဆာန်တစ်ကောင်ဖြင့် ခိုင်းနှိုင်းထား၏။ တမန်တော်ပေတရုက “သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဟု ကျွန်ုပ်တို့အားပြောပြသည်။—၁ ပေတရု ၅:၈။

သမ္မာကျမ်းစာက “ထိုကြောင့် ဘုရားသခင်၏အလိုတော်သို့လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” ဟုလည်း ဆိုသေးသည်။ (ယာကုပ် ၄:၇) စိတ်စွန်းကွက်မှုကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးသောအကူအညီမှာ “အကျွန်ုပ်၏ဘုရားသခင် ဆိုးသောသူ၏လက်မှလည်းကောင်း၊ မတရားသောသူနှင့် ကြမ်းတမ်းသောသူ၏လက်မှလည်းကောင်း အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ” ဟု တောင်းဆိုခဲ့သော ဘုရင်ဒါဝိဒ်နည်းတူ ကာကွယ်မှုအတွက် ဘုရားသခင်အား မျှော်ကိုးခြင်းပင်ဖြစ်သည်။ (ဆာလံ ၇၁:၄) ကျွန်ုပ်တို့သည် ဆာလံဆရာနည်းတူ “အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့် နေ့တိုင်းတိုက်၍ အကျွန်ုပ်ကိုနှိပ်စက်ကြပါ၏” ဟုပင် ဆုတောင်းနိုင်ပေသည်။—ဆာလံ ၅၆:၁။

ထိုကဲ့သို့သောဆုတောင်းချက်များကို ဘုရားသခင် မည်သို့တုံ့ ပြန်တော်မူမည်နည်း။ “ငတ်မွတ်သောသူ အော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်” ဟု သမ္မာကျမ်းစာက ဖြေဆို၏။ (ဆာလံ ၇၂:၁၂၊ ၁၃) အချိန်တန်သောအခါ မတရားမှု၏သားကောင်များဖြစ်သူအားလုံးတို့ကို ယေဟောဝါကယ်လွှတ်ပေးမည်ဖြစ်ကြောင်း သိရှိရခြင်းသည် မည်မျှကောင်းလှသည်တကား!

“အချင်းချင်းညှဉ်းဆဲခြင်း . . . ကို မပြုရကြ”

ဤလောကီအစိုးရများသည် သူတို့၏ဥပဒေများနှင့် စီမံကိန်းများဖြင့် စိတ်စွန်းကွက်မှုကို ဆက်လက်တိုက်လှန်ကြပေမည်။ တန်းတူညီမျှမှုနှင့် မျှတမှုကို ဆက်လက်၍ သူတို့ကတိပြုနေမည်။ သို့သော် သူတို့အောင်မြင်နိုင်မည်မဟုတ်ပါ။ (ဆာလံ ၁၄၆:၃) ဘုရားသခင်တစ်ပါးတည်းသာ စိတ်စွန်းကွက်မှုဆိုင်ရာအပြုအမူအားလုံးတို့ကို ဖယ်ရှားနိုင်ပြီး ဖယ်လည်းဖယ်ရှားပစ်လိမ့်မည်။ ကိုယ်တော်သည် လူသားများကို စည်းလုံးသောမိသားစုတစ်ခုအဖြစ် ပြောင်းလဲတော်မူမည်။ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည်” ဤဆိုးညစ်သောစနစ်၏ဆုံးခန်းကို ကပ်ကျော်၍ ငြိမ်းချမ်းစွာဖြင့် အသက်ရှင်နေထိုင်ရကြလိမ့်မည်။—ဗျာဒိတ် ၇:၉၊ ၁၀။

လူမျိုးရေးနှင့် လူမှုရေးစိတ်စွန်းကွက်မှုကြောင့်ဖြစ်သော ထိခိုက်မှုမှန်သမျှကို ယေဟောဝါဖယ်ရှားပစ်လိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်မျှ တရားမျှတမှုကင်းမဲ့စွာ ပြုမူဆက်ဆံခံရလိမ့်မည်မဟုတ်ကြောင်းကို စဉ်းစားကြည့်ပါလေ! “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။” (မိက္ခာ ၄:၄) ထို့ ပြင် ဟေရှာယ ၁၁:၉ က “အချင်းချင်းညှဉ်းဆဲခြင်း . . . ကို မပြုရကြ” ဟု ဆို၏။

ယခု သင်သည် စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦးဖြစ်နေမည်ဆိုလျှင် အံ့ဖွယ်အနာဂတ်မျှော်လင့်ချက်က ယေဟောဝါနှင့် သင်၏ဆက်ဆံရေးကို ခိုင်မြဲစေလိမ့်မည်။ ၎င်းက ဤဆိုးညစ်သောစနစ်၏ တရားမျှတမှုကင်းမဲ့ခြင်းကို ခံရပ်နိုင်ရန် ကူညီပေးပါလိမ့်မည်။ သင်သည် စိတ်စွန်းကွက်မှုကို ကိုင်တွယ်ဖြေရှင်း၍ အနာဂတ်ကို မျှော်မှန်းနေစဉ်၌ “ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သောစိတ်နှလုံးရှိကြလော့” ဟုဆိုသည့် အမြော်အမြင်ရှိသော ကျမ်းစာအကြံပေးချက်ကို လိုက်လျှောက်ပါလေ။—ဆာလံ ၃၁:၂၄။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း နယူးယောက်မြို့မှ ထုတ်ဝေသည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

U.S. National Archives photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ