စာရှုသူများထံမှ မေးခွန်းလွှာ
မြေကြီးမျှော်လင့်ချက်ရှိသော ယနေ့ခေတ်ရှိ ဘုရားသခင်၏ကျေးကျွန်များသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ဝိညာဉ်တော်ဘိသိက်ခံခရစ်ယာန်များရရှိသလောက် ရရှိကြသည်ဟု ကျွန်ုပ်တို့ပြောနိုင်ပါသလော။
ဤမေးခွန်းသည် အသစ်မဟုတ်ပါ။ ထပ်တူအကြောင်းကို ၁၉၅၂၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” တွင် ရေးသားဖော်ပြပြီးဖြစ်သည်။ ထိုအချိန်နောက်ပိုင်းမှစ၍ သက်သေခံဖြစ်လာကြသူ မြောက်မြားစွာရှိရာ ထိုမေးခွန်းကို ကျွန်ုပ်တို့ဆင်ခြင်နိုင်ပြီး အစီအစဉ်အရ ထိုအစောပိုင်းအကြောင်းအရာက ဘာပြောသည်ကို ပြန်လည်သုံးသပ်ကြည့်ပါမည်။
အခြေခံအားဖြင့် အဖြေမှာ မှန်သည်၊ အခြားသိုးအတန်းအစားမှ သစ္စာရှိညီအစ်ကို၊ ညီအစ်မများ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ရရှိရာတွင် ဘိသိက်ခံများနှင့် ညီတူညီမျှရရှိနိုင်ပါသည် ဟူ၍ဖြစ်၏။—ယောဟန် ၁၀:၁၆။
ယင်းက ဝိညာဉ်တော်သည် ယောက်စီယောက်တိုင်းတို့အပေါ်တွင် တူညီသောနည်းလမ်းဖြင့် စီမံဆောင်ရွက်သည်ဟု မဆိုလိုပါ။ ဘုရားသခင်၏ဝိညာဉ်တော်ကို ကျိန်းသေရရှိခဲ့ကြသည့် ခရစ်ယာန်ခေတ်မတိုင်မီအချိန်က သစ္စာရှိကျေးကျွန်များကို နောက်ကြောင်းပြန်၍ စဉ်းစားကြည့်ပါ။ ဝိညာဉ်တော်တန်ခိုးဖြင့် အချို့သူတို့သည် ကြမ်းကြုတ်သောသားရဲတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ ဖျားနာမှုကို ကုသပေးခြင်း၊ သေသူကိုပင် ထမြောက်စေခြင်းတို့ကို ပြုခဲ့ကြသည်။ ထို့အပြင် မှုတ်သွင်းခံကျမ်းစာစောင်များကိုရေးသားရန် ဝိညာဉ်တော်လိုအပ်ပေသည်။ (တရားသူကြီး ၁၃:၂၄၊ ၂၅; ၁၄:၅၊ ၆; ၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၄; ၄ ဓမ္မရာဇဝင် ၄:၁၇-၃၇; ၅:၁-၁၄) “ဘိသိက်ခံအတန်းအစားမဟုတ်ကြသော်လည်း သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်လျက်ရှိကြ၏” ဟု ကင်းမျှော်စင် က ဆို၏။
ကောင်းကင်မျှော်လင့်ချက်ရှိသော ဘုရားသခင်၏ဝိညာဏသားများဖြစ်လာကြသည့် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခံရသော ပထမရာစုမှ အမျိုးသား၊ အမျိုးသမီးများအကြောင်းကို အခြားရှုထောင့်မှနေ၍ စဉ်းစားဆင်ခြင်ကြည့်ပါ။ အားလုံးဘိသိက်ပေးခံရသော်လည်း ယင်းက ဝိညာဉ်တော်သည် သူတို့အားလုံးအပေါ်၌ တူညီသောနည်းလမ်းဖြင့် စီမံဆောင်ရွက်သည်ဟု မဆိုလိုပါ။ ၁ ကောရိန္သု အခန်းကြီး ၁၂ ၌ ယင်းအချက်ထင်ရှားပါသည်။ ထို၌ ဝိညာဉ်ဆုကျေးဇူးများအကြောင်း တမန်တော်ပေါလု ဆွေးနွေးသုံးသပ်ထား၏။ အခန်းငယ် ၈၊ ၉ နှင့် ၁၁ တို့တွင် “ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ပညာတရားကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏။ . . . ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသောဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီးခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်းဝေငှ၍ ပေးတော်မူ၏” ဟူ၍ ကျွန်ုပ်တို့ဖတ်ရှုရသည်။
သိသာထင်ရှားလှသည်မှာ အံ့သြဖွယ်ဝိညာဉ်ဆုကျေးဇူးကို ထိုအချိန်က ဘိသိက်ခံအားလုံး မရရှိကြပါ။ ၁ ကောရိန္သု အခန်းကြီး ၁၄ တွင် အသင်းတော်စည်းဝေးတစ်ခုအကြောင်း ပေါလုရှင်းပြ၏။ ထိုတွင် တစ်ယောက်က ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနိုင်ခွင့်ကိုရသော်လည်း ရောက်ရှိနေကြသူတစ်ဦးတစ်ယောက်၌မျှ အနက်ပြန်ဆိုနိုင်ခွင့်ကို မရရှိကြချေ။ သို့သော်လည်း အစောပိုင်းအချိန်၌ သူတို့ယောက်စီယောက်တိုင်း ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းကိုတွေ့ ကြုံခံစားခဲ့ကြရသည်။ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနိုင်သော ညီအစ်ကိုသည် အခြားရောက်ရှိနေသူများထက် ဝိညာဉ်တော်ကို ပိုရရှိ သည်ဟု ဆိုခြင်းသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ပါသလော။ မဖြစ်ပါ။ ထိုအခြားဘိသိက်ခံများသည် အဆိုပါသူတို့လောက် ကျမ်းစာကိုနားမလည်နိုင်သည့်အလား သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုကို မရင်ဆိုင်နိုင်သည့်အလား အခွင့်အရေးမရရှိသူများ မဟုတ်ကြပါ။ ဝိညာဉ်တော်သည် စကားအမျိုးမျိုးဖြင့် ပြောဆိုနိုင်သောညီအစ်ကိုအပေါ်တွင် အထူးနည်းလမ်းဖြင့် စီမံဆောင်ရွက်သည်။ သို့တိုင် သူနှင့် အခြားသူတို့သည် ယေဟောဝါနှင့်ရင်းနှီးစွာနေရန်နှင့် ပေါလုရေးသားခဲ့သကဲ့သို့ “ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြ” ရန် လိုအပ်သည်။—ဧဖက် ၅:၁၈။
ယနေ့ခေတ် အကြွင်းအကျန်တို့နှင့်စပ်လျဉ်း၍ဆိုရသော် သူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှန်ပင်ရရှိလာခဲ့ကြသည်။ တစ်ချိန်ချိန်တွင် ၎င်းသည် သူတို့အပေါ်၌ အထူးနည်းလမ်းဖြင့်—သူတို့ ဘိသိက်ပေးခံရပြီး ဝိညာဏသားများအဖြစ် မွေးစားခံရသောအချိန်၌—စီမံဆောင်ရွက်ခဲ့မည်။ ထိုနောက်တွင် သူတို့သည် “ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြ” ကာ ကျမ်းစာကို ပို၍ရှင်းလင်းစွာနားလည်ရန် ကြိုးစားရာတွင်၊ ဟောပြောခြင်းလုပ်ငန်း၌ ဦးဆောင်ရာတွင် သို့မဟုတ် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရရာတွင် ယင်း၏အကူအညီကို ရရှိကြသည်။
“အခြားသိုး” အဝင်တို့မူ ဘိသိက်ပေးခံရခြင်းကို မခံစားကြရသော်လည်း အခြားနည်းများဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိကြပါသည်။ ၁၉၅၂၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် က အောက်ပါအတိုင်းထင်မြင်ချက်ပေးသည်–
“ယနေ့ခေတ်တွင်ရှိသော ‘အခြားသိုး’ တို့သည် အကြွင်းအကျန်တို့လုပ်ဆောင်သောဟောပြောခြင်းလုပ်ငန်းကိုပင် လုပ်ဆောင်ကြပြီး တူညီသောခက်ခဲသည့်အခြေအနေအောက်တွင်ရှိကြကာ တူညီသောယုံကြည်မှုနှင့် သစ္စာစောင့်သိမှုကို တင်ပြကြသည်။ သူတို့သည် တူညီသောဝိညာဏစားပွဲတွင် ကျွေးမွေးခံရကာ တူညီသောအစာကိုသာ စားသုံးကြပြီး တူညီသောသမ္မာတရားကို ခံယူကြသည်။ မြေကြီးမျှော်လင့်ချက်ရှိသော၊ မြေကြီးရေးရာများတွင် အထူးစိတ်ဝင်စားသော မြေကြီးအတန်းအစားအနေဖြင့် သူတို့သည် ကမ္ဘာသစ်၌ မြေကြီး၏အခြေအနေနှင့်စပ်လျဉ်းသော ကျမ်းချက်များတွင် အထူးစိတ်ဝင်စားကောင်းစိတ်ဝင်စားကြမည်; ကောင်းကင်မျှော်လင့်ချက်ရှိသော၊ ဝိညာဉ်နှင့်ပတ်သက်သောအရာများပေါ်တွင် ကိုယ်တိုင်က အလွန်စိတ်ဝင်စားမှုရှိသော ဘိသိက်ခံအကြွင်းအကျန်တို့မူ ဘုရားသခင်၏နှုတ်ကပါဌ်တော်ထဲ၌ ထိုအရာများကို ပို၍လုံ့လဝီရိယရှိရှိဖြင့် လေ့လာကောင်းလေ့လာပေမည်။ . . . သို့သော် နှစ်တန်းစားစလုံးသည် တူညီသောသမ္မာတရား၊ တူညီသောသိနားလည်မှုကို ရရှိနိုင်ပြီး သူတို့ရရှိသော ကောင်းကင်ဆိုင်ရာနှင့် မြေကြီးဆိုင်ရာ အရာများနှင့်ပတ်သက်သည့်နားလည်မှုကို သူတို့ လေ့လာမှုမည်မျှပြုလုပ်သည်ဟူသည်ကသာ ဆုံးဖြတ်ပေးသည်။ သခင်၏ဝိညာဉ်တော်ကို နှစ်တန်းစားစလုံး ညီမျှစွာရရှိနိုင်ကြပြီး အသိပညာနှင့် သိနားလည်မှုတွင် နှစ်တန်းစားစလုံး ညီမျှစွာပေးအပ်ခံရကာ ယင်းကိုရယူနိုင်သည့် ညီမျှသောအခွင့်အရေးများရှိကြပါသည်။”