ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၈/၁ စာ. ၄-၈
  • စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟေဗြဲကျမ်းစောင်များတွင်ပါသည့် စိုးလ်
  • ဂရိသြဇာလွှမ်းမှု
  • စိုးလ်နှင့်ပတ်သက်၍ အစောပိုင်းခရစ်ယာန်များ၏အမြင်
  • ထိုအယူဝါဒ၏ မူလရင်းမြစ်များ
  • သေပြီးနောက်စိုးလ်ဆက်အသက်ရှင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • တမလွန်ဘဝ—သမ္မာကျမ်းစာက ဘာပြောသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ရှင်ပြန်ထမြောက်ခြင်း၌ သင့်ယုံကြည်ချက်မည်မျှခိုင်မာသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သေခြင်း
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၈/၁ စာ. ၄-၈

စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်

ရာမစစ်သားများသည် ဤသို့ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားပါ။ ဂျူးသူပုန်တပ်များ၏ နောက်ဆုံးခံတပ်ဖြစ်သော မစာဒါတောင်ပေါ်ခံတပ်မြို့တွင်းသို့ အလုံးအရင်းဖြင့်ဝင်စီးသောအခါ တွေ့ကြုံရမည့် ရန်သူတို့၏ခုခံမှု၊ စစ်သူရဲများ၏ အော်ဟစ်သံ၊ မိန်းမနှင့်ကလေးများ၏ ငယ်သံပါအောင်အော်သံများအတွက် မိမိတို့ကိုယ်ကို အားတင်းထားကြသည်။ သူတို့သည် ယင်းအသံများကို ကြားရမည့်အစား မီးလောင်ပေါက်ကွဲသံများကိုသာ ကြားရကြသည်။ ရောမတို့သည် မီးလောင်နေသောခံတပ်ကြီးကို တွေ့ရသောအခါ ထိတ်လန့်အံ့သြဖွယ်အဖြစ်မှန်ကို သူတို့သိရှိလိုက်ရသည်– သူတို့၏ရန်သူများ—၉၆၀ ခန့်—သည်သေကုန်ကြပြီတကား! ဂျူးစစ်သူရဲများသည် ကိုယ့်မိသားစုကို ကိုယ်ပြန်သတ်ကြပြီးနောက် အချင်းချင်းသတ်ဖြတ်ခြင်းကို အစီအစဉ်တကျပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးကျန်သောသူတစ်ယောက်သည် သူ့ကိုယ်သူသတ်သေသွားသည်။a ဤသို့မရှုမလှအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကိုယ့်ကိုယ်ကိုသတ်သေရန် သူတို့ကို အဘယ်အရာက တွန်းပို့ခဲ့ပါသနည်း။

တစ်ခေတ်တည်းသား သမိုင်းပညာရှင် ဂျိုစီဖတ်စ်အဆိုအရ အရေးပါသောအကြောင်းရင်းမှာ မသေနိုင်သောစိုးလ်ကို ယုံကြည်သောကြောင့်ဖြစ်သည်။ မစာဒါရှိ ဇီးလော့ထ်တို့၏ခေါင်းဆောင် အယ်လီဇာ ဘယ်န်ဂျိုင်ရ်က ရောမလက်ထဲတွင် သေခြင်း သို့မဟုတ် ကျွန်ဖြစ်ခြင်းထက် ကိုယ့်ကိုယ်ကိုသတ်သေခြင်းက ပို၍ဂုဏ်ရှိမည်ဖြစ်ကြောင်း မိမိလူများကို ဦးဆုံးကြိုးစားဖျောင်းဖျခဲ့သည်။ သူတို့တွန့်ဆုတ်နေသည်ကို တွေ့ရှိသောအခါ စိုးလ်အကြောင်းကို အားရပါးရ စဟောတော့သည်။ ခန္ဓာကိုယ်သည် စိုးလ်အတွက် အချုပ်အနှောင်၊ အကျဉ်းထောင်သာဖြစ်ကြောင်း သူတို့ကို ပြောခဲ့သည်။ “သို့သော် စိုးလ်သည် ယင်းကို မြေကြီးအထိ ဆွဲချထားပြီး ချုပ်နှောင်ထားသည့် အလေးအပင်မှ လွတ်သွားသည့်အခါ မိမိနေရင်းသို့ပြန်ရောက်သွားသည်။ ထိုနောက်တွင် အမှန်အားဖြင့် ဘုရားပေးအစွမ်းနှင့် အကန့်အသတ်မဲ့ခွန်အားတို့ကို စားသုံးတော့သည်။ သို့ဖြင့် ဘုရားသခင်ကိုယ်တိုင်ကဲ့သို့ လူ့မျက်စိဖြင့်မမြင်နိုင်သောအဖြစ်တွင် တည်ရှိနေသည်” ဟု သူကဆက်ပြောသည်။

တုံ့ပြန်ချက်ကား အသို့နည်း။ အယ်လီဇာက အဆိုပါနည်းအတိုင်းပြောပြီးနောက်တွင် “နားထောင်သူအားလုံးသည် သူ့စကားကြောကိုဖြတ်ကာ ထိန်းမနိုင်သိမ်းမရသော စိတ်အားထက်သန်မှုအပြည့်ဖြင့် ထိုအမှုကို အဆောတလျင်ပြုကြတော့သည်” ဟု ဂျိုစီဖတ်စ် ဖော်ပြသည်။ အပမှီသည့်အလား စိတ်ထက်သန်နေသောသူများသည် သူ့ထက်ကိုယ်ဦးအောင် တစ်ရှူးထိုးပြုကြသည် . . . မိမိတို့၏ဇနီးများ၊ ရင်သွေးများနှင့် မိမိတို့ကိုယ်တိုင်ကို ပြန်သတ်ကြသည်အထိ မည်သို့မျှတားမနိုင်ဆီးမရသည့် ဆန္ဒသည် သူတို့ကိုစီးနေသည်” ဟု ဂျိုစီဖတ်စ် ဆက်၍ပြောခဲ့သည်။

ဤမနှစ်မြို့ဖွယ်နမူနာက မသေနိုင်သောစိုးလ်အယူဝါဒသည် သေခြင်းနှင့်ပတ်သက်သည့် လူတို့၏သာမန်သဘောထားကို မည်မျှကြီးကျယ်စွာပြောင်းလဲပစ်နိုင်ကြောင်း တင်ပြသည်။ သေခြင်းသည် လူသား၏အဆိုးဆုံးရန်သူမဟုတ်ဘဲ သာ၍အဆင့်မြင့်သည့် အဖြစ်အနေကိုစံစားဖို့ စိုးလ်ကို လွတ်မြောက်စေသည့် တံခါးဝသာဖြစ်ကြောင်း ယုံကြည်သူများ သွန်သင်ခံရကြသည်။ သို့သော် ဂျူးလူမျိုးများ အဆိုပါဇီးလော့ထ်များသည် ဤသို့အဘယ်ကြောင့်ယုံကြည်ကြသနည်း။ သူတို့၏ကျမ်းဂန်များ၊ ဟေဗြဲကျမ်းစောင်များက လူ့ကိုယ်တွင်း၌ အသိရှိနေသည့်ဝိညာဉ်ဖြစ်သော တမလွန်ဘဝတွင် အသက်ရှင်ရန်လွတ်မြောက်သွားသည့် စိုးလ်တစ်ခုရှိကြောင်း သွန်သင်သည်ဟု လူအများယူဆပေမည်။ ဤသို့အမှန်တကယ်သွန်သင်ပါသလော။

ဟေဗြဲကျမ်းစောင်များတွင်ပါသည့် စိုးလ်

တိုတိုတုတ်တုတ်ပြောရလျှင်၊ မသွန်သင်ပါ။ ကျမ်းစာ၏ပထမဆုံးစာစောင်ဖြစ်သော ကမ္ဘာဦးကျမ်းတွင်ကတည်းက စိုးလ်သည် သင့်တွင်ရှိသည့်အရာတစ်ခုမဟုတ်ဘဲ အသင်ပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ဖော်ပြထားသည်။ ပထမလူသား အာဒံအား ဖန်ဆင်းခြင်းအကြောင်းကို ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “လူသည် အသက်ရှင်သောစိုးလ် ဖြစ်လာသည်။” (ကမ္ဘာဦး ၂:၇၊ ကဘ) ဤတွင်အသုံးပြုထားသော ဟေဗြဲစကားလုံး နီဖက်ရှ်ကို ဟေဗြဲကျမ်းစောင်များတွင် အကြိမ် ၇၀၀ ကျော်တွေ့ရပြီး သီးခြားတည်ရှိနေကာ အထည်ကိုယ်မရှိသော လူ့နာမ်ဝိညာဉ်အစိတ်အပိုင်းတစ်ခု သဘောမျိုး မည်သည့်အခါမျှ မသက်ရောက်ပါ။ ယင်းနှင့်ဆန့်ကျင်လျက် စိုးလ်ဟူသည် ထိတွေ့ကိုင်တွယ်၍ရသော၊ သိသာမြင်သာသော၊ အထည်ကိုယ်ရှိသော ရူပအရာဖြစ်သည်။

ဟေဗြဲစကားလုံး နီဖက်ရှ်ကို အောက်ဖော်ပြပါ ကိုးကားထားသည့်ကျမ်းချက်တိုင်းတွင် တွေ့ရှိရသောကြောင့် ယင်းတို့ကို သင့်ကျမ်းစာတွင် ကြည့်ပါ။ စိုးလ်သည် အသက်ဘေး၊ အန္တရာယ်နှင့် ပြန်ပေးဆွဲခံရခြင်းတို့ကို တွေ့ ကြုံရနိုင်ကြောင်း (တရားဟောရာ ၂၄:၇; တရားသူကြီး ၉:၁၇; ၁ ဓမ္မရာဇဝင် ၁၉:၁၁) အရာဝတ္တုများကို ထိတို့နိုင် (ယောဘ ၆:၇) သံကြိုးများဖြင့် တုတ်နှောင်ခံရနိုင် (ဆာလံ ၁၀၅:၁၈) အငမ်းမရစားချင်စိတ်ရှိတတ်၊ အစာရှောင်ကာ ခြိုးခြံချွေတာတတ်၊ အစာဆာခြင်း၊ ရေငတ်ခြင်းတို့ကြောင့် အားနည်းလာတတ်; လုံးပါးပါးစေသောရောဂါဝင်တတ် သို့မဟုတ် ပူဆွေးသောကရောက်သောကြောင့် အိပ်မပျော်ခြင်းပင် ဖြစ်တတ်ကြောင်း ယင်းတို့က အထင်အရှားပြသည်။ (တရားဟောရာ ၁၂:၂၀; ဆာလံ ၃၅:၁၃; ၆၉:၁၀; ၁၀၆:၁၅; ၁၀၇:၉; ၁၁၉:၂၈) တစ်နည်းဆိုရလျှင် သင့်စိုးလ်သည် သင်ပင်ဖြစ်သော၊ အသင်ကိုယ်တိုင်ပင်ဖြစ်သောကြောင့် သင်တွေ့ ကြုံနိုင်သည့်အရာရာတိုင်းကို သင့်စိုးလ် တွေ့ ကြုံနိုင်သည်။b

သို့ဆိုလျှင် စိုးလ်သည် အမှန်တကယ်သေနိုင်သည်ဟူသည့် အဓိပ္ပာယ်လော။ သေနိုင်သည်။ မသေနိုင်သောအရာလုံးဝမဟုတ်ဘဲ ဟေဗြဲကျမ်းစောင်များထဲတွင် လူ့စိုးလ်များသည် အမှားလုပ်ခြင်းကြောင့် “ပယ်ရှင်း” ခြင်းခံရ သို့မဟုတ် သတ်ဖြတ်ခံရသည့်အရာ၊ သေလောက်သည့်အထိ အရိုက်ခံရ၊ အသတ်ခံရ၊ ဖျက်ဆီးခံရနှင့် အပိုင်းပိုင်းဆုတ်ခံရသည့်အရာအဖြစ် ဖော်ပြထားသည်။ (ထွက်မြောက်ရာ ၃၁:၁၄; တရားဟောရာ ၁၉:၆; ၂၂:၂၆; ဆာလံ ၇:၂) “ပြစ်မှားသောဝိညာဉ် [“စိုးလ်—၎င်းကိုယ်နှိုက်၊” ကဘ] သည် အသက်သေရမည်” ဟု ယေဇကျေလ ၁၈:၄ ကဆိုသည်။ ရှင်းနေသည်မှာ ကျွန်ုပ်တို့အားလုံးသည် အပြစ်ပြုကြသောကြောင့် သေခြင်းသည် လူ့စိုးလ်တို့၏သာမန်နိဂုံးဖြစ်သည်။ (ဆာလံ ၅၁:၅) အပြစ်အတွက် ပြစ်ဒဏ်သည် သေခြင်းဖြစ်ကြောင်း—နာမ်ဝိညာဉ်ဘောင်နှင့် မသေနိုင်သောအဖြစ်သို့ ဘဝပြောင်းပေးခြင်းမဟုတ်ကြောင်း ပထမလူသား အာဒံ ဖော်ပြခံခဲ့ရသည်။ (ကမ္ဘာဦး ၂:၁၇) သူအပြစ်ပြုသောအချိန်တွင် “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟူသည့် စီရင်ချက်ကို ချမှတ်ခဲ့သည်။ (ကမ္ဘာဦး ၃:၁၉) အာဒံနှင့် ဧဝသေဆုံးသွားချိန်တွင် ‘စိုးလ်အသေများ’ သို့မဟုတ် ‘ကွယ်လွန်သွားသောစိုးလ်များ’ အဖြစ် ကျမ်းစာက မကြာခဏရည်ညွှန်းသောအရာသာ ဖြစ်သွားကြသည်။—တောလည်ရာ ၅:၂၊ ကဘ; ၆:၆၊ ကဘ။

ဟေဗြဲကျမ်းစောင်များပါ စိုးလ်နှင့်ပတ်သက်၍ The Encyclopedia Americana ပြောထားသည့်အချက်သည် အံ့ဩစရာမဟုတ်ပေ– “လူနှင့်ပတ်သက်သော ဓမ္မဟောင်းကျမ်း၏အယူအဆမှာ တစ်စုသားတည်းဖြစ်သည်၊ စိုးလ်နှင့် ခန္ဓာပေါင်းစပ်ထားခြင်းမဟုတ်ပါ။” ယင်းက ဤသို့ဖြည့်စွက်သည်– “နီဖက်ရှ်ကို . . . ခန္ဓာကိုယ်မှ သီးခြားလုပ်ဆောင်နေသောအရာအဖြစ် မည်သည့်အခါမျှ မယူဆပါ။”

သို့ဆိုလျှင် သစ္စာရှိဂျူးများသည် သေခြင်းကို အဘယ်အရာဖြစ်သည်ဟု ယုံကြည်သနည်း။ သေခြင်းသည် ရှင်ခြင်း၏ဆန့်ကျင်ဘက်ဟူ၍သာ ယုံကြည်ကြသည်။ စပစ်ရစ် သို့မဟုတ် အသက်စွမ်းအားသည် လူ့ခန္ဓာကိုယ်မှ ထွက်သွားသောအခါတွင် ဖြစ်ပျက်သည့်အရာကို ဆာလံ ၁၄၆:၄ ကဤသို့ပြောထားသည်– “သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”c အလားတူစွာ ဘုရင်ရှောလမုန်က လူသေများသည် “အဘယ်အရာကိုမျှ မသိ” ဟု ရေးသားခဲ့သည်။—ဒေသနာ ၉:၅။

သို့ဆိုလျှင် မစာဒါရှိ ဇီးလော့ထ်တို့ကဲ့သို့ ပထမရာစုဂျူးများစွာသည် စိုးလ်မသေခြင်းကို အဘယ်ကြောင့် ဤမျှယုံကြည်ရပါသနည်း။

ဂရိသြဇာလွှမ်းမှု

ဂျူးများသည် ဤအယူအဆများကို သမ္မာကျမ်းစာမှရရှိခြင်းမဟုတ်ဘဲ ဂရိတို့ထံမှ ရရှိခြင်းဖြစ်သည်။ စီ.အီး. သတ္တမနှင့် ပဉ္စမရာစုကြားတွင် အဆိုပါအယူအဆသည် ရှုပ်ထွေးခက်ခဲသော ဂရိဘာသာရေးအယူဝါဒများမှ ဂရိအတွေးအခေါ်အဖြစ်သို့ ပြောင်းလဲလာခဲ့ဟန်ရှိသည်။ ဆိုးသွမ်းသောစိုးလ်များသည် နာကျင်မှုပြစ်ဒဏ်ကို ပြန်ခံရမည်ဟူသည့် တမလွန်ဘဝအယူအဆသည် အချိန်တော်တော်ကြာကြာ လူများ၏ သဘောကျနှစ်သက်မှုကို ရလာခဲ့ရာ ယင်းအယူအဆသည် အခြေတည်လာပြီး နှံ့ပြားခဲ့သည်။ အတွေးအခေါ်သမားများသည် စိုးလ်၏ တိကျသောပင်ကိုသဘာဝအကြောင်းကို အတောမသတ်နိုင်အောင် အချေအတင်ငြင်းခုံလာခဲ့ကြသည်။ သေသည့်အခါ စိုးလ်သည် ဘဝပြောင်းခံရကြောင်း၊ ကြားနိုင်သည့် တဝီဝီ ပျားများအော်မြည်သံ၊ စိုးစိုးစီစီငှက်သံ၊ တရွှပ်ရွှပ်တချွတ်ချွတ်ပွတ်တိုက်သံပြုတတ်ကြောင်း ဟိုးမားက ဆိုသည်။ စိုးလ်တွင် အမှန်တကယ်ဒြပ်ထုရှိသောကြောင့် ယင်းသည် အလွန့်အလွန်သေးငယ်သည့် ခန္ဓာဖြစ်ကြောင်း ဧပိကုရုက ဆိုသည်။d

သို့သော် မသေနိုင်သောစိုးလ်အကြောင်း အကြီးကျယ်ဆုံးထောက်ခံပြောဆိုသူမှာ ဘီ.စီ.အီး. စတုတ္ထရာစုမှ ဂရိအတွေးအခေါ်ပညာရှင် ပလေတိုဖြစ်ဖွယ်ရှိသည်။ သူ့ဆရာ ဆိုကရေးတီး၏သေခြင်းအကြောင်း သူ၏ရေးသားဖော်ပြချက်သည် နောက်ပိုင်းရာစုများရှိ မစာဒါမှ ဇီးလော့ထ်တို့၏ယုံကြည်ချက်နှင့် များစွာဆင်တူသည့် ယုံကြည်ချက်များကို ဖော်ပြထားသည်။ “ဆိုကရေးတီးသည် လုံးဝအေးဆေးတည်ငြိမ်စွာ သေဆုံးသွားပုံကို ပလေတိုက ကျွန်ုပ်တို့အား ဖော်ပြသည်။ ဆိုကရေးတီး၏သေခြင်းသည် လှလှပပသေခြင်းဖြစ်သည်။ သေခြင်း၏ကြောက်မက်ဖွယ်ရာကို ဤတွင်လုံးဝမတွေ့ရပါ။ သေခြင်းက သူ့ကို ခန္ဓာကိုယ်မှ လွတ်မြောက်သွားရန် အမှန်တကယ်လုပ်ဆောင်ပေးသည့်အတွက် ဆိုကရေးတီးသည် ယင်းကို ကြောက်ရန် အကြောင်းမရှိပါ။ . . . သေခြင်းသည် စိုးလ်၏မိတ်ဆွေကြီးဖြစ်သည်။ ဤသို့ပင် သူသင်ကြားပို့ချသည်; သူ၏သွန်သင်ချက်နှင့် အံ့ဖွယ်ကောင်းလောက်အောင် ညီညွတ်စွာ သေသွားသည်” ဟု ကျမ်းပညာရှင် အော်စကာကူးလ်မန်းက ဖော်ပြသည်။

ယင်းသည် ခရစ်တော်မပေါ်မီ ဒုတိယရာစုတွင် ဂျူးများက ဂရိတို့ထံမှလာသော ဤသွန်သင်ချက်ကိုစတင်လက်ခံယူနေသည့် မက္ကဘီးခေတ်အတွင်းဖြစ်ကြောင်း ထင်ရှားသည်။ ပထမရာစုတွင် ဖာရိရှဲများနှင့် အစ်ဇီးန်များ—ဩဇာတိက္ကမကြီးမားသော ဂျူးဘာသာရေးအုပ်စုများ—သည် ဤအယူဝါဒကို ထောက်ခံပြောဆိုခဲ့ကြကြောင်း ဂျိုစီဖတ်စ်ကဆိုသည်။ ဤခေတ်တွင် ရေးဖွဲ့ခဲ့ဖွယ်ရှိသည့် ကဗျာတချို့သည် အလားတူယုံကြည်ချက်ကို ထင်ဟပ်သည်။

သို့သော် ယေရှုခရစ်နှင့်ပတ်သက်၍ကော အသို့နည်း။ ကိုယ်တော်နှင့် ကိုယ်တော့်တပည့်တော်များသည် ဂရိဘာသာတရားမှလာသော ဤအယူအဆကို အလားတူသွန်သင်ကြပါသလော။

စိုးလ်နှင့်ပတ်သက်၍ အစောပိုင်းခရစ်ယာန်များ၏အမြင်

ပထမရာစုခရစ်ယာန်များသည် စိုးလ်ကို ဂရိများရှုမြင်သကဲ့သို့ မရှုမြင်ကြပါ။ ယေရှု၏မိတ်ဆွေ လာဇရုသေဆုံးမှုကို သုံးသပ်ကြည့်ပါ။ . . . လာဇရုသည် အသက်ရှင်ပြီး ကောင်းကင်တွင် ကောင်းကောင်းမွန်မွန်နှင့် သတိရှိခဲ့ပါမူ ယေရှုသည် မိမိ၏နောက်တော်လိုက်များကို ပြောခဲ့မည်မှာ သေချာသည်; ယင်းသို့ မပြောဘဲ ဟေဗြဲကျမ်းစောင်များနှင့် တစ်သံတည်းဖော်ပြကာ လာဇရုသည် အိပ်ပျော်နေပြီး သတိမဲ့နေကြောင်း သူတို့ကို မိန့်တော်မူခဲ့သည်။ (အခန်းငယ် ၁၁) မိမိ၏မိတ်ဆွေသည် အံ့ချီးဖွယ်ဘဝသစ်တွင် ပျော်မွေ့နေခဲ့ပါမူ ယေရှုသည် ရွှင်လန်းဝမ်းမြောက်ခဲ့မည်သာ; ယင်းအစား ဤသေဆုံးမှုကြောင့် လူသူရှေ့တွင် ကိုယ်တော်ငိုနေသည်မှာ ကျွန်ုပ်တို့ အသိဖြစ်သည်။ (အခန်းငယ် ၃၅) လာဇရု၏စိုးလ်သည် ကောင်းကင်သို့ရောက်ခဲ့ပြီး ပျော်မဆုံးမော်မဆုံး မသေနိုင်သောအဖြစ်တွင် ပျော်မွေ့နေခဲ့ပါမူ ဖျားနာပြီးသေအံ့ဆဲဆဲဖြစ်နေသော လူ့လောကအလယ်တွင် မစုံလင်သောကာယခန္ဓာ၏ “အကျဉ်းထောင်” တွင် နှစ်အနည်းငယ်ပို၍ပြန်အသက်ရှင်ဖို့ သူ့အား ဆင့်ခေါ်သည့်အထိ ယေရှုသည် မည်သည့်အခါမျှ အလွန်ရက်စက်သူ မဟုတ်မည်မှာ သေချာသည်။

လာဇရုသည် . . . လွတ်လပ်နေသော နာမ်ဝိညာဉ်သားတစ်ဦးအနေနှင့် မိမိ၏အံ့ဖွယ်လေးရက်အကြောင်း ပြောစရာတပုံတပင်ကြီးနှင့် သေရာမှ ပြန်လာခဲ့သလော။ မပြန်လာပါ။ မသေနိုင်သောစိုးလ်ကို ယုံကြည်သက်ဝင်သူများက ထိုသူသည် ပြောမပြနိုင်လောက်အောင် သည်းထိတ်ရင်ဖိုစရာကို တွေ့ကြုံခဲ့သောကြောင့်ဖြစ်သည်ဟု တုံ့ပြန်ဖြေကြားကြလိမ့်မည်။ သို့သော် အဆိုပါဆင်ခြေသည် လက်ခံနိုင်ဖွယ်မရှိပါ; ထိုထက်ကား လာဇရုသည် အနည်းဆုံးဤသို့—တစ်နည်းပြောရလျှင် ဖော်မပြနိုင်လောက်အောင် အံ့ဖွယ်ကောင်းသောအတွေ့အကြုံတစ်ခု သူ့တွင်ရှိခဲ့ကြောင်း သူ၏ချစ်မြတ်နိုးရသူများကို ပြောပြနိုင်ခဲ့မည်မဟုတ်ပေလော။ ယင်းအစား လာဇရုသည် သေနေစဉ် မိမိတွေ့ ကြုံခဲ့ရသည့် မည်သည့်အတွေ့အကြုံအကြောင်းကိုမျှ မပြောခဲ့ပါ။ ယင်းကိုစဉ်းစားကြည့်ပါ– အခြားအရာများထက် လူသားများပို၍ပြင်းပြစွာသိလိုသော အကြောင်းအရာတစ်ခုသည် အဓိပ္ပာယ်တိမ်မြုပ်နေသည်။ ၎င်းမှ သေခြင်းသည် မည်သို့သောအရာနည်းဟူသည့် အချက်ပင်ဖြစ်သည်! အဆိုပါ အဓိပ္ပာယ်တိမ်မြုပ်နေသည့်အရာကို တစ်နည်းတည်းဖြင့်သာ ရှင်းပြနိုင်သည်။ ပြောစရာလုံးဝမရှိပါလေ။ လူသေများသည် အိပ်ပျော်နေပြီး သတိမဲ့နေသည်။

. . . တမန်တော်ပေါလုကဲ့သို့သော ခရစ်ယာန်စစ်များအတွက် သေခြင်းသည် မိတ်ဆွေမဟုတ်ပါ; ယင်းသည် “နောက်ဆုံးသောရန်သူ” ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၂၆) ခရစ်ယာန်များက သေခြင်းဟူသည် အပြစ်ပြုပြီး ဘုရားသခင်ကို ပုန်ကန်ခြင်း၏တိုက်ရိုက်ရလဒ်ဖြစ်သောကြောင့် ဓမ္မတာအဖြစ်မမြင်ဘဲ ထိတ်လန့်ရွံမုန်းဖွယ်ကောင်းသော ဓမ္မတာမဟုတ်သည့်အရာအဖြစ် မြင်ကြသည်။ (ရောမ ၅:၁၂; ၆:၂၃) ယင်းသည် လူသားအတွက် ဘုရားသခင့်မူလရည်ရွယ်တော်မူချက်တွင် လုံးဝမပါခဲ့ပါ။

သို့သော် စိုးလ်သေခြင်းကြောင့် ခရစ်ယာန်စစ်များသည် မျှော်လင့်ချက်မဲ့မသွားပါ။ လာဇရုထမြောက်ခြင်းသည် သေသွားသောစိုးလ်များအတွက် စစ်မှန်၍ ကျမ်းစာနှင့်ညီသော မျှော်လင့်ချက်ဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းကို ကျွန်ုပ်တို့အား ကွက်ကွက်ကွင်းကွင်းဖော်ပြပေးသည့် ကျမ်းစာမှတ်တမ်းများစွာအနက်မှ တစ်ခုဖြစ်သည်။ ကျမ်းစာက အသွင်မတူသည့်ရှင်ပြန်ထမြောက်ခြင်း နှစ်မျိုးအကြောင်းကို သွန်သင်သည်။ ဖြောင့်မတ်သူဖြစ်စေ၊ မဖြောင့်မတ်သူဖြစ်စေ သင်္ချိုင်းတွင်အိပ်ပျော်သွားသည့် လူသားအများစုအတွက် ဤကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်သို့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိသည်။ (လုကာ ၂၃:၄၃; ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) “သိုးစုငယ်” အဖြစ် ယေရှုရည်ညွှန်းသည့် အုပ်စုငယ်အတွက်မူ ကောင်းကင်တွင် နာမ်ဝိညာဉ်ပုဂ္ဂိုလ်များအဖြစ်နှင့် မသေနိုင်သောအသက်တာသို့ ရှင်ပြန်ထမြောက်မှုတစ်ခုရှိသည်။ ခရစ်တော်၏တမန်တော်များပါဝင်သော အဆိုပါပုဂ္ဂိုလ်များသည် ခရစ်တော်ယေရှုနှင့်အတူ လူသားတို့ကို အုပ်စိုးကာ စုံလင်မှုကို ပြန်လည်ပေးအပ်မည်။—လုကာ ၁၂:၃၂; ၁ ကောရိန္သု ၁၅:၅၃၊ ၅၄; ဗျာဒိတ် ၂၀:၆။

သို့ဆိုလျှင် ခရစ်ယာန်ဘောင်ချာ့ချ်များသည် ရှင်ပြန်ထမြောက်ခြင်းမဟုတ်ဘဲ၊ လူ့စိုးလ်မသေနိုင်ခြင်းကို သွန်သင်နေကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် တွေ့ရသနည်း။ လွန်ခဲ့သည့် ၁၉၅၉ ခုက The Harvard Theological Review တွင် ဓမ္မပညာရှင် ဗာနာယေဂါပေးသည့် အဖြေကို သုံးသပ်ကြည့်ပါ– “ခရစ်ယာန်အယူဝါဒ၏သမိုင်းတွင် အရေးအကြီးဆုံးအချက်မှာ ခရစ်ယာန်ဓမ္မပညာ၏ဖခင် အော်ရီဂျင်သည် အလက်ဇန္ဒြာယားကျောင်းမှ ပလေတိုအတွေးအခေါ်လိုက်စားသူတစ်ဦးဖြစ်သည်။ သူသည် ပလေတိုထံမှ ရယူခဲ့သည့် စိုးလ်နှင့်ပတ်သက်သော ဇာတ်လမ်းရှည်တစ်ပိုဒ်လုံးကို ခရစ်ယာန်အယူဝါဒတွင်းသို့ ထည့်သွင်းခဲ့သည်။” . . .

ထိုအယူဝါဒ၏ မူလရင်းမြစ်များ

စိုးလ်မသေနိုင်အယူဝါဒဘက်မှ ခုခံကာကွယ်ကာ အချို့သူများက ကမ္ဘာ့ဘာသာတရားမြောက်မြားစွာတို့သည် ပုံစံတစ်မျိုးမျိုးဖြင့် ထိုအယူဝါဒကို အဘယ်ကြောင့်သွန်သင်ရပါသနည်းဟု ယခုမေးပေမည်။ ထိုသွန်သင်ချက်သည် ဤကမ္ဘာ့ဘာသာရေးအသိုင်းအဝိုင်းတွင် အလွန်ပျံ့နှံ့သွားရသည့် ခိုင်လုံသောအကြောင်းကို ကျမ်းစာက ဖော်ပြသည်။

“တစ်လောကလုံးသည် မာရ်နတ်၏လက်၌ရှိ” ကြောင်း ကျမ်းစာက ကျွန်ုပ်တို့အား ဖော်ပြပြီး စာတန်ကို “ဤလောကကို အစိုးရသောမင်း” အဖြစ် တိတိကျကျ ခွဲခြားဖော်ပြထားသည်။ (၁ ယောဟန် ၅:၁၉၊ သမ္မာ; ယောဟန် ၁၂:၃၁) ကမ္ဘာ့ဘာသာတရားများသည် စာတန့်သြဇာနှင့် လွတ်ကင်းမှုမရှိသည်မှာ ရှင်းနေပါသည်။ . . . ထို့အပြင် စိုးလ်ကိစ္စတွင် သူတို့သည် စာတန်၏စိတ်ထားကို အလွန်ရှင်းလင်းစွာ ထင်ဟပ်ပြသည့်ပုံပေါ်သည်။ မည်သို့အားဖြင့်နည်း။

ပြောခဲ့သမျှတွင် ဦးဆုံးမုသားကို သတိရပါ။ ကိုယ်တော်ကို ဆန့်ကျင်ပြီး အပြစ်ပြုပါက သေမည်ဟု အာဒံနှင့်ဧဝတို့ကို ဘုရားသခင် မိန့်တော်မူခဲ့သည်။ သို့သော် စာတန်က ဧဝကို ‘သင်သည် ဧကန်အမှန်သေရမည်မဟုတ်’ ဟု အာမခံခဲ့သည်။ (ကမ္ဘာဦး ၃:၄) အမှန်အားဖြင့် အာဒံနှင့်ဧဝတို့ သေခဲ့ကြသည်; ဘုရားသခင်မိန့်တော်မူသည့်အတိုင်း သူတို့သည် မြေမှုန့်သို့ ပြန်သွားကြရသည်။ “မုသာ၏အဘ” စာတန်သည် မိမိ၏ဦးဆုံးမုသားကို လုံးဝမစွန့်လွှတ်ပါ။ (ယောဟန် ၈:၄၄) . . . ‘သင် ဧကန်အမှန်သေမှာမဟုတ်ဘူး။ သင့်ခန္ဓာသာ ပျက်စီးသွားမှာ၊ ဒါပေမဲ့ သင့်စိုးလ်က ဘုရားသခင်ကဲ့သို့ ထာဝစဉ်ဆက်အသက်ရှင်နေမှာ။’ စိတ်ဝင်စားစရာမှာ သူမသည် “ဘုရားသခင်ကဲ့သို့” ဖြစ်မည်ဟုလည်း စာတန်က ဧဝကို ပြောခဲ့သည်ကိုး!—ကမ္ဘာဦး ၃:၅။

မုသားများပေါ်တွင်လည်းကောင်း၊ လူ့အတွေးအခေါ်များပေါ်တွင်လည်းကောင်း အခြေမခံဘဲ သမ္မာတရားပေါ်တွင်အခြေခံသည့် မျှော်လင့်ချက်တစ်ခု ရရှိထားခြင်းသည် အလွန်ပင် အခွင့်သာလှပါသည်။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသော သေလွန်သူများသည် မသေနိုင်သောစိုးလ်များအဖြစ် မည်သည့်အရပ်ဌာနီရောက်နေကြသနည်းဟု တွေးပူမည့်အစား သင်္ချိုင်းတွင် သတိမဲ့နေကြကြောင်း ယုံကြည်စိတ်ချခြင်းသည် သာ၍ကောင်းလှသည်တကား! အဆိုပါသေသူများ၏ အိပ်ပျော်ခြင်းကြောင့် ကျွန်ုပ်တို့ ထိတ်လန့်ဖို့ သို့မဟုတ် စိတ်ပျက်လက်ပျက်ဖြစ်ဖို့ မလိုပါ။ တစ်နည်းမှာ ကျွန်ုပ်တို့သည် သေဆုံးသူများကို လုံခြုံသောနားခိုရာနေရာတွင် ရောက်နေသူများဟု ယူမှတ်နိုင်သည်။ အဘယ်ကြောင့်လုံခြုံသနည်း။ ယေဟောဝါရှင်ချစ်မြတ်နိုးသော သေဆုံးသူများသည် အထူးအဓိပ္ပာယ်ဖြင့် အသက်ရှင်နေကြောင်း ကျမ်းစာက ကျွန်ုပ်တို့ကို အာမခံထားသောကြောင့်ဖြစ်သည်။ (လုကာ ၂၀:၃၈) သူတို့သည် ကိုယ်တော်၏မှတ်ဉာဏ်တော်ထဲတွင် အသက်ရှင်နေကြသည်။ ကိုယ်တော့်မှတ်ဉာဏ်တော်တွင် အကန့်အသတ်များမရှိသောကြောင့် ယင်းသည် စိတ်သက်သာမှုလုံးလုံးရစေသော သဘောထားဖြစ်သည်။ ကိုယ်တော်သည် သန်းပေါင်းများစွာသော ချစ်မြတ်နိုးဖွယ်လူသားများကို အသက်ပြန်ရှင်စေကာ ကမ္ဘာ့ပရဒိသုပေါ်တွင် ထာဝစဉ်အသက်ရှင်ခွင့်ကို ပေးအပ်လိုစိတ်ထက်သန်တော်မူသည်။—ယောဘ ၁၄:၁၄၊ ၁၅ နှိုင်းယှဉ်။

ယေဟောဝါ၏ကတိတော်အားလုံး ပြည့်စုံရမည်ဖြစ်သောကြောင့် ဂုဏ်ကျက်သရေရှိသော ရှင်ပြန်ထမြောက်ရာနေ့ ရောက်လာမည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) အဆိုပါပရောဖက်ပြုချက် အကောင်အထည်ပေါ်လာမည့်အရေးကို မျှော်တွေးကြည့်ပါ– “ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် မြက်ပင်တို့ကို ပေါက်စေသောနှင်းကဲ့သို့ဖြစ်၍ မြေသည်လည်းမိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။” (ဟေရှာယ ၂၆:၁၉) ထို့ကြောင့် သင်္ချိုင်းတွင် အိပ်ပျော်နေသော လူသေများသည် မိခင်ရင်ခွင်ထဲရှိ ကလေးငယ်တစ်ယောက်အလား လုံခြုံနေပါသည်။ သူတို့သည် မကြာမီ “မွေးဖွား” ခံရကြပြီး ကမ္ဘာ့ပရဒိသုတွင် အသက်ပြန်ရှင်ကြမည်တည်း!

ယင်းထက်သာသည့် မျှော်လင့်ချက် ရှိနိုင်ရိုးလား။

[အောက်ခြေမှတ်ချက်များ]

a မှတ်တမ်းအရ အမျိုးသမီးနှစ်ဦးနှင့် ကလေးငါးဦးတို့သည် ပုန်းအောင်းနေသောကြောင့် အသက်ဘေးမှလွတ်သွားခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါအမျိုးသမီးများသည် ရောမဖမ်းဆီးသိမ်းပိုက်သူများကို အသေးစိတ်ပြန်ပြောပြခဲ့သည်။

b အသုံးအနှုန်းအလွန်ကျယ်ပြန့်သည့် စကားလုံးများစွာရှိသကဲ့သို့ နီဖက်ရှ် ဟူသည့်စကားလုံးသည်လည်း မသိမသာကွဲပြားသည့် အခြားအနက်များလည်းရှိသည်။ ဥပမာ၊ ယင်းသည် လူ့အတွင်းပိုင်း၊ အထူးသဖြင့် နက်ရှိုင်းသောခံစားချက်များကို ရည်ညွှန်းနိုင်သည်။ (၁ ဓမ္မရာဇဝင် ၁၈:၁) ယင်းသည် စိုးလ်ကဲ့သို့ လူတစ်ဦးမွေ့ပျော်သောအသက်တာကိုလည်း ရည်ညွှန်းနိုင်သည်။—၃ ဓမ္မရာဇဝင် ၁၇:၂၁-၂၃။

c “စပစ်ရစ်” အတွက် ဟေဗြဲစကားလုံး “ရူးအာ့ခ်” မှာ “ထွက်သက်ဝင်သက်” သို့မဟုတ် “လေ” ဟုအဓိပ္ပာယ်ရသည်။ လူသားများနှင့်ပတ်သက်လျှင် ယင်းသည် သိရှိလှုပ်ရှားတတ်သော နာမ်ဝိညာဉ်အထည်ကိုယ်တစ်ခုကို မရည်ညွှန်းဘဲ The New International Dictionary of New Testament Theology ဖော်ပြသည့်အတိုင်း “တစ်ဦးချင်း၏အသက်စွမ်းအား” ကို ရည်ညွှန်းသည်။

d သူသည် အနည်းငယ်ထူးဆန်းသော အဆိုပါနည်းများအတိုင်း စဉ်းစားသူများတွင် နောက်ဆုံးသောသူမဟုတ်ပါ။ ဤရာစုအစောပိုင်းတွင် မသေမီကလေးတွင်ရှိသည့် သူတို့၏ကိုယ်အလေးချိန်မှ သေသေချင်းသူတို့၏ကိုယ်အလေးချိန်ကိုနုတ်ခြင်းဖြင့် လူများစွာ၏စိုးလ်များကို ချိန်ခဲ့ကြောင်း သိပ္ပံပညာရှင်တစ်ဦးက အမှန်တကယ်ထုတ်ဖော်ပြောကြားခဲ့သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မစာဒါမြို့ရှိ ဂျူးဇီးလော့ထ်တို့သည် သေခြင်းက သူတို့၏စိုးလ်များကို လွတ်မြောက်ပေးမည်ဟု ယုံကြည်ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ