ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၈/၁၅ စာ. ၃၀-၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခင်ဗျားတို့နဲ့အတူ လိုက်ပါမယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ‘စွမ်းအားတော်ကိုယ်တိုင် အတည်ပြုပေး’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ကောင်းကင်ပေါ်နှင့် မြေကြီးပေါ်ရှိအရာများကို စုစည်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၈/၁၅ စာ. ၃၀-၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

အချို့နှစ်များ၏မှတ်တမ်းများက သတိရအောက်မေ့ပွဲအထိမ်းအမှတ်များကို စားသုံးသူအရေအတွက်သည် အနည်းငယ်မျှတိုးလာကြောင်း ပြသလေသည်။ ၎င်းက လူသစ်များစွာတို့သည် သန့် ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းခံနေရသည်ဟု ဆိုလိုပါသလော။

၁၄၄,၀၀၀ သော ဘိသိက်ခံခရစ်ယာန်များ၏ အရေအတွက်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များက ပြီးပြည့်သွားပြီဖြစ်ကြောင်း ယုံကြည်စိတ်ချရန် အကြောင်းကောင်းရှိပေသည်။

တမန်တော် ၂:၁-၄ တွင် အကန့်အသတ်ရှိသော ထိုအုပ်စု၌ပါသည့် အဦးဆုံးသောသူများအကြောင်းကို ကျွန်ုပ်တို့ဖတ်ရသည်– “ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏။ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏခြင်းတွင် ကောင်းကင်မှလာ၍ ထိုသူတို့နေထိုင်သောအိမ်ကို ဖြည့်လေ၏။ ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍ ထိုသူအသီးအသီးတို့အပေါ်၌တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။”

ထိုနောက်၌ ယေဟောဝါရှင်သည် အခြားသူများကို ရွေးချယ်ပြီး မိမိ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးခဲ့လေသည်။ ခရစ်ယာန်ဘာသာတရား၏ အစောပိုင်းအချိန်များအတွင်း၌ ထောင်ပေါင်းများစွာတို့ ထပ်ဖြည့်စွက်ခံရ၏။ ကျွန်ုပ်တို့ခေတ်၌ကျင်းပသော သတိရအောက်မေ့ပွဲတွင် ဟောပြောသူက ဘိသိက်ပေးခံရသောသူတို့သည် ‘သားဖြစ်ခြင်း၏သဘောကိုရကြပြီ’ ဟု ဖော်ပြထားသော ရောမ ၈:၁၅-၁၇ ပါ တမန်တော်ပေါလု၏စကားများကို အမြဲအာရုံစိုက်စေလေ့ရှိသည်။ သူတို့ရရှိသော သန့်ရှင်းသောဝိညာဉ်တော်က ‘သူတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု သူတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ ခရစ်တော်နှင့် ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏’ ဟု ပေါလု ထပ်ဖြည့်စွက်ခဲ့သည်။ အဆိုပါဝိညာဉ်တော်ဖြင့် အမှန်ပင်ဘိသိက်ပေးခံရသူများသည် ၎င်းကို သေချာပေါက်သိရှိကြ၏။ ၎င်းသည် စိတ်ဆန္ဒတစ်ခု သို့မဟုတ် သူတို့ကိုယ်တိုင်၏ စိတ်လှုပ်ရှားမှုနှင့် ယုတ္တိမရှိသောယူဆမှုတို့၏ တန်ပြန်မှုတစ်ခုမျှသာမဟုတ်ချေ။

ကောင်းကင်ဆိုင်ရာ ထိုခေါ်တော်မူခြင်းသည် ရာစုနှစ်များတစ်လျှောက် ဆက်၍ဖြစ်ခဲ့ကြောင်း ကျွန်ုပ်တို့နားလည်ကြသည်။ သို့သော်လည်း အမှောင်ခေတ်ဟုခေါ်သော နှစ်များအတောအတွင်း၌ ဘိသိက်ပေးခံရသူအနည်းငယ်သာရှိသော အချိန်များရှိခဲ့နိုင်သည်။ a လွန်ခဲ့သောရာစုနှစ်အကုန်ပိုင်းလောက်တွင် ခရစ်ယာန်ဘာသာတရားစစ်ကို ပြန်လည်ထူထောင်ခြင်းနှင့်အတူ များစွာသောသူတို့ကို ခေါ်တော်မူခဲ့ပြီး ရွေးချယ်ခဲ့လေသည်။ သို့သော် ၁၉၃၀ ပြည့်လွန်နှစ်များ အလယ်လောက်၌ ၁၄၄,၀၀၀ အရေအတွက်သည် အဓိကအားဖြင့် ပြီးပြည့်သွားဟန်ရှိသည်။ ထိုသို့အားဖြင့် မြေကြီးမျှော်လင့်ချက်ရှိသော သစ္စာရှိခရစ်ယာန်အုပ်စုတစ်စု စတင်ပေါ်ပေါက်လာလေသည်။ မျက်နှာသာရသော သိုးအုပ်တစ်အုပ်အဖြစ် ဘိသိက်ခံများနှင့်အတူ စည်းလုံးစွာဝတ်ပြုကိုးကွယ်ကြသော အဆိုပါအုပ်စုကို “အခြားသိုး” ဟု ယေရှုခေါ်ဆိုခဲ့သည်။—ယောဟန် ၁၀:၁၄-၁၆။

လွန်ခဲ့သော ဆယ်စုနှစ်များမှ အဖြစ်အပျက်များက ဘိသိက်ခံများကို ခေါ်တော်မူခြင်း ပြီးပြည့်သွားခြင်းနှင့် “ကြီးစွာသောဆင်းရဲဒုက္ခ” ကို ကပ်ကျော်ရန် မျှော်လင့်ချက်ရှိသော တိုးပွားလျက်ရှိသည့် “လူအုပ်ကြီး” အပေါ် ယေဟောဝါ ကောင်းချီးသွန်းလောင်းခြင်း ဖြစ်ရပ်နှစ်ခုစလုံးကို ထင်ဟပ်သည်။ (ဗျာဒိတ် ၇:၉၊ သတင်းကောင်း၊ ၁၄) ဥပမာအနေနှင့် ၆၃,၁၄၆ ယောက် တက်ရောက်ခဲ့သော ၁၉၃၅ ခုနှစ် သတိရအောက်မေ့ပွဲ၌ မိမိတို့သည် ဘိသိက်ခံများဖြစ်ကြောင်း အတိအလင်းဖော်ပြချက်ကို သက်သေထူသည့်အနေဖြင့် အထိမ်းအမှတ်ကိုစားသုံးကြသောသူအရေအတွက်မှာ ၅၂,၄၆၅ ယောက်ရှိလေသည်။ အနှစ်သုံးဆယ်ကြာပြီးနောက် သို့မဟုတ် ၁၉၆၅ ခုနှစ်တွင် တက်ရောက်သူ ၁,၉၃၃,၀၈၉ ယောက်ရှိသော်လည်း စားသုံးသူမှာ ၁၁,၅၅၀ ယောက်သို့ ကျဆင်းသွားသည်။ လက်ရှိအချိန်သို့ နောက်ထပ် နှစ် ၃၀ နီးကပ်လာသော ၁၉၉၅ ခုနှစ်၌ တက်ရောက်သူ ၁၃,၁၄၇,၂၀၁ ယောက်သို့ ခုန်တက်သွားသော်လည်း ၈,၆၄၅ ယောက်သာ မုန့်နှင့် စပျစ်ရည်ကို စားသုံးကြလေသည်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) ဆယ်စုနှစ်များကုန်လွန်လာသည်နှင့်အမျှ မိမိတို့ကိုယ်ကို အကြွင်းအကျန်များအဖြစ် အတိအလင်းဖော်ပြသူအရေအတွက် အလွန်ပင်လျော့နည်းသွားခဲ့ကြောင်း ထင်ရှားပါသည်။ အကြမ်းဖျင်းအားဖြင့် ၁၉၃၅ ခုနှစ်တွင် ၅၂,၄၀၀ ယောက်; ၁၉၆၅ ခုနှစ်တွင် ၁၁,၅၀၀ ယောက်; ၁၉၉၅ ခုနှစ်တွင် ၈,၆၀၀ ယောက်အသီးသီးဖြစ်ကြသည်။ သို့သော်လည်း မြေကြီးမျှော်လင့်ချက်ရှိသောသူများသည် ကောင်းချီးများရရှိပြီး သူတို့၏အရေအတွက် အလွန်တိုးပွားလာလျက်ရှိလေသည်။

နောက်ဆုံး ထုတ်ပြန်ကြေညာခဲ့သော မှတ်တမ်းမှာ ၁၉၉၅ ခုနှစ်အတွက်ဖြစ်ပြီး ၎င်းက အလျင်နှစ်ထက် စားသုံးသူ ၂၈ ယောက် ပိုလာကြောင်းပြသော်လည်း စားသုံးသူများ၏အချိုးသည် တက်ရောက်သူများနှင့်ယှဉ်လျှင် အမှန်ပင်ကျဆင်းသွားခဲ့သည်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် နောက်ထပ်အနည်းငယ်သောသူတို့ အထိမ်းအမှတ်ကို စားသုံးရန် ရွေးချယ်ကြခြင်းသည် စိုးရိမ်စရာအကြောင်းမဟုတ်ပါ။ နှစ်များတစ်လျှောက် နှစ်ခြင်းခံပြီးခါစ လူသစ်များပင် ပါဝင်သည့် အချို့သောသူများသည် ချက်ချင်းစတင်စားသုံးခဲ့ကြသည်။ ဖြစ်ရပ်အတော်များများတို့တွင် ခဏကြာပြီးနောက် ၎င်းသည်မှားကြောင်း သူတို့အသိအမှတ်ပြုလာကြသည်။ အချို့သောသူတို့သည် ကိုယ်ကာယနှင့် စိတ်ဓာတ်ဖိစီးမှုကြောင့်ဖြစ်ကောင်းဖြစ်မည့် စိတ်လှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် စားသုံးမိခဲ့ကြောင်း သိမြင်လာကြသည်။ သို့သော်လည်း အမှန်တကယ်၌ သူတို့သည် ကောင်းကင်အသက်တာသို့ အခေါ်မခံရကြောင်း တဖြည်းဖြည်းသိလာကြ၏။ ဘုရားသခင်၏ကရုဏာပါသော နားလည်မှုကို သူတို့တောင်းခံကြသည်။ ထို့နောက် သူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ထာဝရအသက်တာမျှော်လင့်ချက်ဖြင့် ကောင်းမွန်သော၊ သစ္စာရှိသောခရစ်ယာန်များအဖြစ် ကိုယ်တော့်အမှုကို ဆက်လက်ထမ်းဆောင်ကြသည်။

ပုဂ္ဂိုလ်တစ်ဦးသည် အထိမ်းအမှတ်ကို စတင်စားသုံးလာလျှင် သို့မဟုတ် မစားသုံးတော့ဘဲနေလျှင် ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ ယင်းအတွက် စိုးရိမ်ကြောင့်ကြနေစရာမလိုပါ။ တစ်စုံတစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရပြီး ကောင်းကင်အသက်တာသို့ အမှန်ပင်ခေါ်တော်မူခြင်းခံရသည်၊ မခံရသည်မှာ ကျွန်ုပ်တို့၏တာဝန်မဟုတ်ပေ။ “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ . . . ငါ၏သိုးတို့ကို ငါသိ၏” ဟူသည့် ခိုင်မာသော ယေရှု၏အာမခံချက်ကို ပြန်အမှတ်ရပါ။ ဝိညာဏသားတော်များအဖြစ် မိမိရွေးချယ်ထားသောသူများကို ယေဟောဝါတပ်အပ်သိပါသည်။ အသက်ကြီးရင့်မှုနှင့် ကြိုမသိနိုင်သော ဖြစ်ရပ်များက ဘိသိက်ခံများ၏ မြေကြီးအသက်တာကို ကုန်ဆုံးစေသည်နှင့်အမျှ ၎င်းတို့၏အရေအတွက်သည် ဆက်လက်၍ကျဆင်းသွားကြောင်း ယုံကြည်ရန် အကြောင်းများစွာရှိပေသည်။ သို့သော်လည်း အမှန်ပင်ဘိသိက်ပေးခံရသော ဤသူများသည် အသက်သရဖူကိုရရှိရန်အလို့ငှာ အသက်ထက်ဆုံးသစ္စာတည်ကြည်ကြသကဲ့သို့ပင် သိုးသငယ်၏အသွေး၌ မိမိတို့၏ဝတ်လုံကိုလျှော်ခဲ့ကြသော အခြားသိုးတို့သည် နီးကပ်လာပြီဖြစ်သည့် ကြီးစွာသောဒုက္ခကို ကပ်ကျော်ရန် စောင့်မျှော်နိုင်ကြသည်။—၂ တိမောသေ ၄:၆-၈; ဗျာဒိတ် ၂:၁၀။

[အောက်ခြေမှတ်ချက်များ]

a ၁၉၆၅၊ မတ် ၁၅၊ ကင်းမျှော်စင် (လိပ်) စာမျက်နှာ ၁၉၁-၂ ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ