ကံကြမ္မာအယူကို ကျမ်းစာသွန်သင်ပါသလော
အသရေဖျက်မှုပါတကား! ရှုတ်ချဂုဏ်ဖျက်မှုပါတကား! ရိုသေလေးစားခံရသော ရပ်ကွက်သားတစ်ဦးသည် သားပုပ်လေလွင့်စကားကြောင့် မိမိ၏နာမည် သို့မဟုတ် ဂုဏ်ပုဒ် အဖျက်ခံလိုက်ရသည်ဟု ယူမှတ်ချိန်ဝယ် ကိစ္စရပ်များကို အမှန်အတိုင်းတည့်မတ်လိုစိတ် ပြင်းပြနေပေမည်။ အသရေဖျက်မှုတွင် တာဝန်ရှိသူများကို တရားပင် စွဲပေမည်။
မှန်ပါသည်၊ ကံကြမ္မာပဓာနဝါဒသည် . . . တန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချဂုဏ်ဖျက်မှုလုံးလုံးဖြစ်သည်။ လူသားများကို ထိခိုက်စေသည့် ကြေကွဲဖွယ်အဖြစ်သနစ်များနှင့် မတော်တဆထိခိုက်မှုများအားလုံးအတွက် ဘုရားသခင်ကိုယ်တော်တိုင် တာဝန်ရှိသည်ဟု အဆိုပါသီအိုရီက စွဲကိုင်ထားသည်။ ကံကြမ္မာကို သင်ယုံကြည်ပါမူ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်သည် အောက်ပါအတိုင်းဖတ်ရသည့် အစီအစဉ်တစ်ခုကို ဆွဲထားသည်ဟု သင်စဉ်းစားပေမည်– ‘ဒီကနေ့၊ ဂျွန်ဟာ ကားတိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရလိမ့်မယ်၊ ဖက်တူးကတော့ ငှက်ဖျားရောဂါရမယ်။ မာမာဒူးရဲ့အိမ်ကတော့ မုန်တိုင်းမိပြီး ပျက်စီးသွားမယ်’! ဤကဲ့သို့သောဘုရားမျိုးကို သင်အမှန်တကယ် ဝတ်ပြုလိုစိတ်ရှိပါမည်လော။
‘သို့သော်၊ ကျွန်ုပ်တို့၏အကြောင်းမလှမှုများအတွက် တာဝန်ရှိသူမှာ ဘုရားသခင်မဟုတ်လျှင် မည်သူနည်း’ ဟု ကံကြမ္မာ ယုံကြည်သူများက မေးကြသည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော လူငယ်လေးအူစ်မန်သည် ယင်းနှင့်ပတ်သက်၍ ကိုယ်တိုင်စဉ်းစားခဲ့သည်။ သူသည် အမှန်တရားကိုရရန် ခန့်မှန်းတွက်ဆနေစရာမလိုပါ။ ဘုရားသခင်၏နှုတ်ကပါဌ်တော် ကျမ်းစာတွင်တွေ့ရသည့် သွန်သင်ချက်များအားဖြင့် အဆိုပါရှုတ်ချဂုဏ်ဖျက်မှုကို ဘုရားသခင်ကိုယ်တော်တိုင် ဖြေရှင်းထားတော်မူကြောင်း သူသိရှိခဲ့သည်။ (၂ တိမောသေ ၃:၁၆) ဤအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာက ပြောသည့်အရာကို သုံးသပ်ကြစို့။
မည်သူ့ကို အပြစ်ပုံချရမည်နည်း
ရေလွှမ်းမိုးမှုများ၊ လေမုန်တိုင်းများ၊ မြေငလျင်လှုပ်မှုများ—ဤကဲ့သို့သော သဘာဝဘေးများကို ဘုရားသခင့်လက်ချက်များဟု ခေါ်ဆိုလေ့ရှိကြသည်။ သို့သော်၊ ဘုရားသခင်က အဆိုပါဘေးဒုက္ခများကို ပေါ်ပေါက်စေသည်ဟု ကျမ်းစာတွင် ဖော်ပြမထားပါ။ ရာစုနှစ်များစွာအလွန်က အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ အဆိုပါရုတ်တရက်ဘေးဆိုးကြီးမှ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူက ဤသို့ သတင်းပို့ကြောင်း ကျမ်းစာက ကျွန်ုပ်တို့ကို ဖော်ပြသည်– “ဘုရားသခင်၏မီး [ဟေဗြဲအသုံးအနှုန်းတွင် မိုးကြိုးပစ်ခြင်းဟု အဓိပ္ပာယ်ဆောင်လေ့ရှိ] သည် မိုးကောင်းကင်မှကျသဖြင့်၊ သိုးများနှင့်လူစောင့်များတို့ကို လောင်၍ သူတို့သည် ကျွမ်းကုန်ကြပါပြီ။”—ယောဘ ၁:၁၆။
အဆိုပါကြောက်လန့်နေသူက မီးလောင်မှုအတွက် တာဝန်မကင်းသူမှာ ဘုရားသခင်ဖြစ်သည်ဟု ယူမှတ်ခဲ့ဖွယ်ရှိသော်လည်း အပြစ်ပုံချရမည့်သူမှာ ကိုယ်တော်မဟုတ်ကြောင်း ကျမ်းစာက ဖော်ပြသည်။ ယောဘ ၁:၇-၁၂ ကို သင်ကိုယ်တိုင်ဖတ်ပါ၊ မိုးကြိုးပစ်ခြင်းသည် ဘုရားသခင့်ကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ကိုယ်တော်၏ရန်သူ—စာတန်မာရ်နတ်ကြောင့်ဖြစ်လာခြင်းဖြစ်ကြောင်း သင်သိသွားမည်တည်း! မတော်တဆထိခိုက်မှုမှန်သမျှသည် စာတန့်တိုက်ရိုက်လက်ချက်မဟုတ်ပါ။ သို့သော်၊ ဘုရားသခင်ကို အပြစ်ပုံချဖို့အကြောင်းမရှိသည်မှာ ရှင်းနေပါသည်။
အမှန်သော်၊ အမှားမှားအယွင်းယွင်းဖြစ်သောအခါများတွင် အပြစ်တင်ခံထိုက်သူများမှာ လူများဖြစ်လေ့ရှိသည်။ ကျောင်းတွင်၊ အလုပ်ခွင်တွင်၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် မှားယွင်းပျက်ကွက်မှုများသည် ကြိုးစားအားထုတ်မှုနှင့် လေ့ကျင့်မှုကောင်းမရှိခြင်း သို့မဟုတ် အခြားသူများကို ထောက်ထားညှာတာမှုကင်းမဲ့ခြင်းတို့ကြောင့် ဖြစ်ဖွယ်ရှိသည်။ အလားတူစွာ နာမကျန်းဖြစ်မှုများ၊ မတော်တဆဖြစ်မှုများနှင့် သေဆုံးမှုများသည် ပေါ့ဆမှုကြောင့် ဖြစ်ပေမည်။ ကားမောင်းနေစဉ် ထိုင်ခုံခါးပတ်ကို ပတ်ထားရုံနှင့် ကားတိုက်မှုဖြင့် အသက်ဆုံးရမည့်အလားအလာကို အကြီးအကျယ်လျော့ကျသွားစေသည်။ မပြောင်းလဲနိုင်သော “ကံကြမ္မာ” က ထိန်းချုပ်လုပ်ဆောင်ပါမူ ထိုင်ခုံခါးပတ်သည် မည်သို့မျှ ထူးခြားသွားစေမည်မဟုတ်။ သင့်လျော်သောဆေးကုသမှုနှင့် ကျန်းမာသန့်ရှင်းမှုတို့ကလည်း သေချိန်မတန်သည့် သေဆုံးမှုကိန်းဂဏန်းများကို အကြီးအကျယ်လျှော့ချပစ်သည်။ အချို့သော သဘာဝဘေးများကို “ဘုရားသခင့်လက်ချက်များ” ဟု မှတ်သားဖော်ပြလေ့ရှိလျက်ပင် အမှန်မှာ၊ လူ၏လက်ချက်များ—ကမ္ဘာမြေကြီးကို အလွဲသုံးစားပြုခြင်း၏ ဝမ်းနည်းဖွယ်အမွေအနှစ်ဖြစ်သည်။—ဗျာဒိတ် ၁၁:၁၈ နှိုင်းယှဉ်။
“အချိန်စေ့ခြင်းနှင့် ကြိုမမြင်နိုင်သောအဖြစ်”
မှန်ပါသည်၊ မည်သည့်အကြောင်းကြောင့်ဖြစ်ကြောင်း သဲသဲကွဲကွဲမသိရသည့် ဝမ်းနည်းဖွယ်အဖြစ်သနစ်များရှိပါသည်။ သို့သော် ဒေသနာ ၉:၁၁ တွင် ကျမ်းစာဖော်ပြသည့်အချက်ကို မှတ်သားပါလေ– “တစ်ဖန်နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်၊ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း [“ကြိုမမြင်နိုင်သောအဖြစ်၊” ကဘ] ရှိသည့်အတိုင်း ဖြစ်တတ်သည်ကို ငါမြင်၏။” ထို့ကြောင့် မတော်တဆဖြစ်မှုများကို ဖြစ်စေသူမှာ ဖန်ဆင်းရှင်ဖြစ်သည်ဟူ၍သော်လည်းကောင်း၊ မတော်တဆဖြစ်မှုများ၏သားကောင်များမှာ တစ်နည်းနည်းဖြင့် အပြစ်ပေးခံရခြင်းဖြစ်သည်ဟူ၍သော်လည်းကောင်း ယူဆရန်အကြောင်းမရှိပါ။
ယေရှုခရစ်ကိုယ်တော်တိုင် ကံကြမ္မာကို ယုံစားသော စဉ်းစားဆင်ခြင်မှုကို ကန့်ကွက်ဆန့်ကျင်တော်မူသည်။ မိမိ၏တရားနာသူများ ကောင်းကောင်းသိထားသည့် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ကိုးကားကာ ယေရှုက ဤသို့မေးသည်– “ရှိလောင်ပြအိုးလဲ၍ပိသောသူ တစ်ကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်းတို့ထက် သာ၍အပြစ်ရှိသည်ဟု ထင်ကြသလော။ သာ၍အပြစ်ရှိသည်မဟုတ်။” (လုကာ ၁၃:၄၊ ၅) အဆိုပါဘေးဒုက္ခသည် ဘုရားသခင်၏ဝင်ရောက်လုပ်ဆောင်မှုမဟုတ်ဘဲ “အချိန်စေ့ခြင်းနှင့် ကြိုမမြင်နိုင်သောအဖြစ်” ကြောင့်ဖြစ်သည်ဟု ကိုယ်တော် ယူမှတ်တော်မူသည်မှာ ရှင်းနေပါသည်။
မစုံလင်ခြင်း၏ အပြင်းအထန်ထိခိုက်မှုများ
သို့သော် အကြောင်းရှာမရသည့် သေဆုံးမှုများနှင့် ဖျားနာမှုများကကော အသို့နည်း။ လူသားတို့၏အခြေအနေနှင့်ပတ်သက်ပြီး ဤသို့ တိုက်ရိုက်ဖော်ပြထားသည်– “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်။” (၁ ကောရိန္သု ၁၅:၂၂) ကျွန်ုပ်တို့၏ဘိုးဘေးအာဒံသည် မနာခံမှုလမ်းစဉ်တွင် လျှောက်လှမ်းကတည်းက သေခြင်းသည် လူသားတို့ကို ထိခိုက်ထိုးနှက်ခဲ့သည်။ ဘုရားသခင် သတိပေးတော်မူခဲ့သကဲ့သို့ပင် အာဒံသည် မိမိ၏သားစဉ်မြေးဆက်အတွက်သေခြင်းအမွေကို ပေးခဲ့သည်။ (ကမ္ဘာဦး ၂:၁၇; ရောမ ၅:၁၂) သို့နှင့် နောက်ဆုံးတွင် ဖျားနာမှုအားလုံးသည် ကျွန်ုပ်တို့အားလုံး၏ဘိုးဘေး အာဒံထံမှဖြစ်ကြောင်း ခြေရာကောက်နိုင်တော့သည်။ ကျွန်ုပ်တို့အမွေခံထားရသော အားနည်းမှုများကလည်း ဘဝတွင် ကျွန်ုပ်တို့တွေ့ကြုံရသည့် စိတ်ပျက်စရာများ၊ ပျက်ကွက်ရှုံးနိမ့်မှုများနှင့် များစွာပတ်သက်မှုရှိသည်။—ဆာလံ ၅၁:၅။
ဆင်းရဲနွမ်းပါးမှုပြဿနာကို သုံးသပ်ကြည့်ပါ။ . . . ‘ဒါကတော့ ကိုယ့်ကြမ္မာပဲပေါ့’ ဟု သူတို့ယုံကြည်ကြသည်။ သို့သော် အပြစ်ပုံချရမည်မှာ ကံကြမ္မာကိုမဟုတ်ဘဲ လူ့မစုံလင်မှုကိုဖြစ်ကြောင်း တင်ပြသည်။ အချို့သူများသည် ပျင်းရိခြင်း သို့မဟုတ် ဥစ္စာအင်ခွင်တို့ကို လွဲမှားစွာစီမံခြင်းကြောင့် ‘သူတို့ကြဲသည့်အရာကို သူတို့ရိတ်’ ချိန်တွင် ဆင်းရဲနွမ်းပါးလာသည်။ (ဂလာတိ ၆:၇; သု. ၆:၁၀၊ ၁၁) . . . မရေမတွက်နိုင်သော သန်းနှင့်ချီသည့် သူတို့သည် ဆင်းရဲနွမ်းပါးနေကြသည်။ (ယာကုပ် ၂:၆ နှိုင်းယှဉ်။) “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ကြောင်း ကျမ်းစာက ဆိုသည်။ (ဒေသနာ ၈:၉) ဆင်းရဲနွမ်းပါးမှုမှန်သမျှသည် ဘုရားသခင်ကြောင့်ဟူ၍လည်းကောင်း၊ ကံကြမ္မာကြောင့်ဟူ၍လည်းကောင်း ယူဆစရာသာဓက တစ်ခုမျှမရှိပါ။
ကံကြမ္မာအယူ—ယင်း၏ထိခိုက်စေသော အကျိုးဆက်များ
ကံကြမ္မာအယူကို တိုက်ဖျက်သည့် သဘောကျလောက်ဖွယ်ဖြစ်နေဆဲ နောက်အချေအတင်တစ်ခုမှာ ကံကြမ္မာသာပဓာနဝါဒက ယုံကြည်သူများအပေါ် သက်ရောက်စေသည့် အကျိုးဆက်ဖြစ်သည်။ ယေရှုခရစ် ဤသို့မိန့်တော်မူသည်– “ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။” (မဿဲ ၇:၁၇) ကံကြမ္မာပဓာနဝါဒ၏ “အသီး” တစ်လုံး—တာဝန်ရှိသည်ဟူသည့် လူများ၏အသိစိတ်ကို ယင်းက ဩဇာညောင်းသည့်နည်းကို သုံးသပ်ကြစို့။
ကိုယ့်တာဝန်ရှိသည်ဟူသည့် ခြေမြစ်ကြံ့ခိုင်သော အသိစိတ်သည် အရေးကြီးသည်။ ယင်းသည် မိမိတို့၏မိသားစုအတွက် ကျွေးမွေးထောက်ပံ့ပေးဖို့ မိဘများကို လှုံ့ဆော်သည့်အရာ၊ မိမိတို့၏တာဝန်ကို အသိစိတ်ရှိရှိဖြင့် လုပ်ဆောင်ဖို့ အလုပ်သမားများကို လှုံ့ဆော်သည့်အရာ၊ ထုတ်လုပ်သူများက အရည်အသွေးကောင်းသော ထုတ်ကုန်ကို ထွက်ရှိစေဖို့ လှုံ့ဆော်ပေးသည့်အရာတစ်ခုဖြစ်သည်။ . . . ဥပမာ၊ လူတစ်ဦး၏ကားတွင် စတီယာရင် အစိတ်အပိုင်းတစ်ခုချွတ်ယွင်းနေသည် ဆိုပါစို့။ တာဝန်ရှိသည်ဟူသည့် ထက်မြက်သောအသိစိတ် သူ့တွင်ရှိလျှင် မိမိ၏အသက်နှင့် မိမိခရီးသည်များ၏အသက်အတွက် စိုးရိမ်မကင်းဖြစ်မိကာ ယင်းကို ပြုပြင်လိုက်မည်ဖြစ်သည်။ တစ်ဖက်တွင်မူ . . . ‘ဘုရားအလိုတော်’ ကျမှသာ စက်ပျက်မှာပါဟု စဉ်းစားကာ အသက်အန္တရာယ်ကို လျစ်လျူရှုနေပေမည်!
. . .
ဘုရားသခင်နှင့် ကျွန်ုပ်တို့ဆက်ဆံရေးအတွက် အဟန့်အတား
အထိခိုက်ဆုံးမှာ ဘုရားသခင်ထံတွင် တာဝန် သို့မဟုတ် ဝတ္တရားရှိသည်ဟူသည့်လူတစ်ဦး၏အသိစိတ်ကို ကံကြမ္မာအယူက ဖုံးကွယ်ပစ်နိုင်ခြင်းပင်တည်း။ (ဒေသနာ ၁၂:၁၃) ဆာလံဆရာက လူသားအားလုံးကို “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့” ဟု တိုက်တွန်းသည်။ (ဆာလံ ၃၄:၈) ကိုယ်တော်၏ကောင်းမြတ်မှုကို ခံစားလိုသူအားလုံးအတွက် တောင်းဆိုချက်အချို့ကို့ ချမှတ်ထားတော်မူသည်။—ဆာလံ ၁၅:၁-၅။
ဤကဲ့သို့သောတောင်းဆိုချက်တစ်ခုမှာ နောင်တဖြစ်သည်။ (တမန်တော် ၃:၁၉; ၁၇:၃၀) ယင်းတွင် မိမိတို့၏အမှားများကို ဝန်ခံခြင်းနှင့် လိုအပ်သောအပြောင်းအလဲများကို လုပ်ခြင်းပါဝင်သည်။ မစုံလင်သောလူသားများဖြစ်သော ကျွန်ုပ်တို့အားလုံးတွင် နောင်တယူဖို့လိုသည့်အမှားများစွာ လုပ်ခဲ့ကြသည်။ သို့သော် လူတစ်ဦးက မိမိသည် ကိုယ့်အစွမ်းနှင့် ဘာမျှမတတ်နိုင်ဟု . . . ယုံကြည်ထားလျှင် နောင်တယူရန် သို့မဟုတ် မိမိ၏အမှားများအတွက် တာဝန်ယူရန်လိုအပ်သည်ဟု ခံစားရဖို့ခက်ခဲသည်။
ဘုရားသခင်နှင့်ပတ်သက်၍ ဆာလံဆရာက “ကရုဏာတော်သည် အသက်ထက်သာ၍ကောင်း” ၏ဟုဆိုသည်။ (ဆာလံ ၆၃:၃) . . . ဖြစ်လေ့ရှိသည့်သဘောသဘာဝအတိုင်း ယင်းကြောင့် လူများစွာသည် ကိုယ်တော်ကို နာကြည်းကာ ဖန်ဆင်းရှင်နှင့် အမှန်ပင်ရင်းနှီးသော ဆက်ဆံရေး တံခါးကို ပိတ်ပစ်အောင်ဖြစ်စေသည်။ ထိုထက်ကား သင့်အား ပြဿနာများနှင့် ဒုက္ခသုက္ခများ ပေးသူအဖြစ် သင်ရှုမြင်သောသူကို သင်မည်သို့မေတ္တာတရား ထားနိုင်ပါမည်နည်း။ ထို့ကြောင့် ကံကြမ္မာပဓာနအယူဝါဒက ဘုရားသခင်နှင့် လူသားတို့ကြား အဟန့်အတားတစ်ခုကို ဖြစ်ပေါ်စေသည်။
ကံကြမ္မာ၏နိုင်လိုမင်းထက် ချုပ်ကိုင်မှုမှ လွတ်လွတ်ကင်းကင်းနေပါ
အစပိုင်းတွင်ဖော်ပြခဲ့သည် လူငယ်လေး အူစ်မန်သည် . . . ကျမ်းစာအလင်းဖြင့် သူ၏တွေးတောမှုကို အကဲဖြတ်ကြည့်ရန် ယေဟောဝါသက်သေများက အကူအညီပေးလိုက် . . . သည်။ ရလဒ်များမှာ အမြော်အမြင်ရှိသော စိတ်သက်သာမှုရရှိခြင်းနှင့် ဘဝနှင့်ပတ်သက်၍ အသစ်သော အပြုသဘောရှုမြင်ချက်ရှိလာခြင်းတို့ပင်ဖြစ်သည်။ အရေးကြီးသည်ကား ယေဟောဝါရှင်သည် “သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘောရှိတော်မူ” သောဘုရားသခင်ဖြစ်ကြောင်း သိရှိလာခြင်းဖြစ်သည်။—ထွက်မြောက်ရာ ၃၄:၆၊ ကဘ။
ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာတွင် အရာရာတိုင်းအသေးစိတ် စီမံထားတော်မူခြင်းမရှိသော်လည်း အနာဂတ်အတွက် ရည်ရွယ်တော်မူချက်တစ်ခုကို စီမံထားကြောင်းကိုလည်း အူစ်မန် သိသွားပြီ။a ၂ ပေတရု ၃:၁၃ က “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ၏” ဟု ဆိုထားသည်။ ဤကတိထားတော်မူသော “မြေကြီးသစ်” တွင် ပါဝင်သူအနေနှင့် ထာဝရအသက်မျှော်လင့်ချက်ကို ပြုစုပျိုးထောင်ပေးရန် ယေဟောဝါသက်သေတို့သည် သန်းနှင့်ချီသောသူတို့ကို အကူအညီပေးခဲ့ပြီ။ သူတို့သည် သင့်ကိုလည်း အကူအညီပေးလိုကြပါသည်။
သင်သည် ကျမ်းစာ၏ တိကျမှန်ကန်သော အသိပညာ တိုးပွားလာသည်နှင့်အမျှ သင့်အနာဂတ်သည် သင်ထိန်းချုပ်မထားနိုင်သည့် ကြိုတင်စီရင်ဆုံးဖြတ်ထားသော . . . တစ်စုံတစ်ခုအပေါ်တွင် မူမတည်ကြောင်း နားလည်သဘောပေါက်လာမည်။ ရှေးဣသရေလလူမျိုးများကို ပြောသော မောရှေ၏ဤစကားများသည် ကောင်းကောင်း သက်ဆိုင်ပါသည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည် . . . သို့ဖြစ်၍ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်၍ စကားတော်ကို နားထောင်သဖြင့် . . . အသက်တရားကို ရွေးယူလော့။” (တရားဟောရာ ၃၀:၁၉၊ ၂၀) မှန်ပါသည်၊ သင့်အနာဂတ်ကို သင်ရွေးချယ်နိုင်သည်။ ယင်းသည် ကံကြမ္မာ၏လက်ခုပ်ထဲတွင် ရှိသည်မဟုတ်ပါ။
[အောက်ခြေမှတ်ချက်များ]
a ဘုရားသခင်၏အနာဂတံသဉာဏ်တော်နှင့်ပတ်သက်သော နှံ့နှံ့စပ်စပ်ဆွေးနွေးချက်ကို ဇူလိုင် ၁၅ ရက်၊ ၁၉၈၅ ထုတ်၊ ကင်းမျှော်စင် စာမျက်နှာ ၃-၆ တွင်ရှု။
[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံ]
ဤသဘာဝဘေးများသည် ဘုရားသခင့်လက်ချက်များ မဟုတ်ပါလေ
[Credit Lines]
U.S. Coast Guard photo
WHO
UN PHOTO 186208/M. Grafman