ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၄/၁၅ စာ. ၁၃-၁၉
  • စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတို့သည် အေးချမ်းစွာနေတတ်သူဖြစ်လာနိုင်သည်
  • ငြိမ်သက်ခြင်းကို မီအောင်လိုက်နေသူများ
  • သာ၍ကြီးမားသော ပြောင်းလဲမှု
  • ငြိမ်သက်ခြင်းမင်းသား၏ အုပ်ချုပ်မှု
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “ဘုရားသခင်၏ငြိမ်သက်ခြင်း” သည် သင်၏စိတ်နှလုံးကို စောင့်မစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မြဲမြံသောငြိမ်သက်ခြင်း ဘယ်သောအခါ တကယ်ရှိမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များအဖြစ် အမှုတော်ထမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၄/၁၅ စာ. ၁၃-၁၉

စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!

“အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သောနေ့ရက်တို့ကိုတွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ . . . ဒုစရိုက်ကိုလွှဲရှောင်၍သုစရိုက်ကိုပြုစေ။ သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။”—၁ ပေတရု ၃:၁၀၊ ၁၁။

၁။ ဟေရှာယ၏ အဘယ်ကျော်ကြားသောစကားများသည် မုချအောင်မြင်ရမည်နည်း။

“သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။” (ဟေရှာယ ၂:၄) ဤကျော်ကြားသောကျမ်းချက်ကို နယူးယောက်မြို့ရှိ ယူအဲန် ကမ္ဘာ့ဌာနချုပ်အနီး၌ ပြသထားသော်ငြားလည်း ၎င်းကမ္ဘာ့အဖွဲ့အစည်းသည် ယင်းကျမ်းချက်အတိုင်းဖော်ဆောင်နေသည်ဟု စိတ်ကူးကြည့်၍ပင်မရပါ။ သို့ရာတွင် ယေဟောဝါဘုရားသခင်၏ မပျက်ကွက်သောနှုတ်ကပါဌ်တော်၏ အစိတ်အပိုင်းဖြစ်သည့် ထိုကြေညာချက်သည် အကျိုးမဖြစ်ထွန်းဘဲရှိမည်မဟုတ်။—ဟေရှာယ ၅၅:၁၀၊ ၁၁။

၂။ ဟေရှာယ ၂:၂၊ ၃ အရ “နောက်ဆုံးသောကာလ၌” အဘယ်အမှုဖြစ်ရမည်နည်း။

၂ အမှန်မှာ ဟေရှာယ ၂:၄ ပါစကားများသည် အံ့သြဖွယ်ကောင်းသော ပရောဖက်ပြုချက်၊ စစ်မှန်သောငြိမ်သက်ခြင်းနှင့်ဆိုင်သော ပရောဖက်ပြုချက်တစ်ခုတွင် ပါဝင်သည့်စကားများဖြစ်ပြီး ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံလျက်ရှိသည်။ စစ်နှင့် စစ်လက်နက်များ မရှိတော့သည့် ပီတိဖြစ်စရာမျှော်လင့်ချက်အကြောင်း မကြွေးကြော်မီ ပရောဖက်ပြုချက်က ဤသို့ဆိုသည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောလူမျိုးတို့ကလည်း၊ ‘လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်’ ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပါဌ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။”—ဟေရှာယ ၂:၂၊ ၃။

လူတို့သည် အေးချမ်းစွာနေတတ်သူဖြစ်လာနိုင်သည်

၃။ တစ်ချိန်က ရန်လိုတတ်သူသည် အေးချမ်းစွာနေတတ်သူဖြစ်လာရန် မည်သို့ပြုပြင်ပြောင်းလဲလာနိုင်သနည်း။

၃ လူတို့သည် ငြိမ်သက်ခြင်းလမ်းစဉ်ကိုမလိုက်နိုင်မီ ယေဟောဝါ၏ လမ်းခရီးတော်အတိုင်း သွန်သင်ခြင်းခံယူရကြမည်ဖြစ်ကြောင်း သတိပြုပါ။ ယေဟောဝါ၏သွန်သင်ခြင်းကို နာခံလိုက်လျှောက်ခြင်းဖြင့် လူတစ်ဦး၏ စဉ်းစားပုံနှင့်ပြုမူပုံကို ပြောင်းလဲစေနိုင်သည့်အတွက် တစ်ချိန်က ရန်လိုတတ်သူသည် အေးချမ်းစွာနေတတ်သူ ဖြစ်လာလေသည်။ ယင်းပြောင်းလဲမှု မည်သို့ဖြစ်ပျက်လာသနည်း။ ရောမ ၁၂:၂ က ဤသို့ဆိုသည်– “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။” ကျွန်ုပ်တို့၏စိတ်ထဲတွင် ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ အခြေခံမူများနှင့် ပညတ်ချက်များ ပြည့်ဝနေစေခြင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်ထားကို ပြောင်းလဲလိုက်သည်၊ သို့မဟုတ် ဦးတည်ချက်ပြောင်းလိုက်သည်။ ကျမ်းစာကို မှန်မှန်လေ့လာခြင်းက ဤပြောင်းလဲမှုကိုပြုလုပ်ရန် ကျွန်ုပ်တို့အားအကူအညီပေးသည့်ပြင် ယေဟောဝါ၏အလိုတော်သည် မည်သို့ဖြစ်ကြောင်းသိရှိလာစေပြီး သွားရမည့်လမ်းကို ရှင်းလင်းစွာတွေ့မြင်နိုင်ရန် အကူအညီပေးပါသည်။—ဆာလံ ၁၁၉:၁၀၅။

၄။ လူတစ်ဦးသည် အေးချမ်းစွာနေလိုသော ဥပဓိရုပ်အသစ်ကို မည်သို့ယူတင်ဝတ်ဆောင်သနည်း။

၄ ကျမ်းစာသမ္မာတရားသည် ကျွန်ုပ်တို့၏စဉ်းစားပုံကိုသာမက ကျွန်ုပ်တို့၏အပြုအမူနှင့် ဥပဓိရုပ်ကိုပါ ပြောင်းလဲစေသည်။ တမန်တော်ပေါလုတိုက်တွန်းသည့်အတိုင်း ပြုမူရန် အကူအညီပေးသည်–“အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကို ချွတ်ပယ်၍ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင် မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” လော့။ (ဧဖက် ၄:၂၂-၂၄) စိတ်ကိုလှုံ့ဆော်သည့် အင်အားသည် အတွင်းမှဖြစ်သည်။ ယေဟောဝါနှင့် ကိုယ်တော်၏ပညတ်တော်များကိုချစ်မြတ်နိုးစိတ် တိုးပွားလာသည်နှင့်အမျှ ယင်းအင်အားသည် အသွင်ပြောင်းလဲလာ၍ အရှိန်ပြင်းထန်လာသည်။ ထိုအခါ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးစိတ်ထားရှိသူများ၊ အေးချမ်းစွာနေတတ်သူများ ဖြစ်လာလေသည်။

၅။ တပည့်တော်များကို ယေရှုပေးတော်မူခဲ့သော “ပညတ်သစ်” သည် သူတို့တွင် ငြိမ်သက်ခြင်းရှိရန် မည်သို့ထောက်ကူသနည်း။

၅ ဤသို့သောပြုပြင်ပြောင်းလဲမှုလိုအပ်ကြောင်းကို တပည့်တော်များနှင့်အတူနေခဲ့သည့် နောက်ဆုံးနာရီပိုင်းတွင် သူတို့အား ယေရှုပေးတော်မူသော ဤသွန်သင်ချက်မှ သိရှိရသည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) ခရစ်တော်ကဲ့သို့သော ဤကိုယ်ကျိုးစွန့်မေတ္တာသည် တပည့်တော်များကို စုံလင်သောစည်းလုံးမှုဖြင့် ဖွဲ့နှောင်ထားပါသည်။ (ကောလောသဲ ၃:၁၄) ဤ “ပညတ်သစ်” ကိုလက်ခံပြီး ထိုအတိုင်းအသက်ရှင်လိုသူများသာလျှင် ဘုရားသခင်ကတိထားရာငြိမ်သက်ခြင်းကို မွေ့လျော်ရမည်ဖြစ်သည်။ ယနေ့ ထိုသို့ပြုနေသူများ ရှိပါသလော။

၆။ ယေဟောဝါသက်သေများသည် လောကသားများနှင့်မတူဘဲ ငြိမ်သက်ခြင်း၌ အဘယ်ကြောင့် ပျော်မွေ့ကြသနည်း။

၆ ယေဟောဝါသက်သေများသည် သူတို့၏ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတွင် ချစ်ခြင်းမေတ္တာကို ကြိုးစားတင်ပြကြသည်။ သူတို့သည် ကမ္ဘာ့တိုင်းနိုင်ငံအသီးသီးတို့မှ ထွက်လာသူများဖြစ်ကြသော်လည်း နိုင်ငံရေးနှင့် ဘာသာရေးဖိစီးမှုများကို အပြင်းအထန်ခံရဦးတော့ ကမ္ဘာ့အငြင်းပွားမှုများတွင် မပါဝင်ကြပါ။ သူတို့သည် စည်းလုံးသောလူမျိုးတစ်မျိုးအဖြစ် ယေဟောဝါ၏သွန်သင်မှုကိုခံယူကြပြီး ငြိမ်သက်ခြင်းကိုမွေ့လျော်ကြသည်။ (ဟေရှာယ ၅၄:၁၃) သူတို့သည် နိုင်ငံရေးပဋိပက္ခများတွင် ကြားနေကြပြီး စစ်ပွဲများတွင် မပါဝင်ကြပါ။ ယခင်က ကြမ်းတမ်းသူများသည် ထိုဘဝပုံစံကို စွန့်လွှတ်ခဲ့ကြပြီ။ သူတို့သည် ခရစ်တော်ယေရှု၏စံနမူနာတော်ကိုတုပလျက် ငြိမ်သက်ခြင်းကိုချစ်မြတ်နိုးသောခရစ်ယာန်များဖြစ်လာကြသည်။ ပေတရု၏သြဝါဒကိုလည်း သူတို့စိတ်အားထက်သန်စွာလိုက်နာကြသည်– “အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သောနေ့ရက်တို့ကိုတွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကိုမကောင်းသောအရာနှင့်ကင်းလွတ်စေ။ မိမိနှုတ်ခမ်းသည်လည်း မုသားစကားကိုမပြောစေနှင့်။ ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။”—၁ ပေတရု ၃:၁၀၊ ၁၁; ဧဖက် ၄:၃။

ငြိမ်သက်ခြင်းကို မီအောင်လိုက်နေသူများ

၇၊ ၈။ စစ်ရေးကိုစွန့်ပြီး စစ်မှန်သောငြိမ်သက်ခြင်းကို ရှာဖွေသူများဖြစ်လာကြသည့်သူများအကြောင်း ဖော်ပြပါ။ (သင်သိရှိသည့် အခြားပုံနမူနာများကို ပြောပြပါ။)

၇ ဥပမာအနေနှင့်၊ အကြမ်းဖက်သမားနှိမ်နင်းရေးအထူးတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးဖြစ်သူ ရာမီသြဗက်ရှိသည်။ သူသည် ရန်သူများကိုသတ်ဖြတ်ရန် သင်တန်းတက်ထားသည်။ သူ၏ချစ်သူသည် အာရှသူ၊ လူမျိုးခြားဖြစ်သောကြောင့် သူမကို ရဗ္ဗိဆရာတို့က လက်ထပ်မယူစေလိုကြောင်း သိလာသည့်နေ့အထိ သူသည် အစ္စရေးနိုင်ငံ၏ အမျိုးသားရေးဝါဒကို စိတ်အားထက်သန်စွာ ယုံကြည်ခဲ့သည်။ ထိုအခါ အမှန်တရားကို သမ္မာကျမ်းစာတွင် သူရှာဖွေဆည်းပူးလေသည်။ ထို့နောက် ယေဟောဝါသက်သေများနှင့် ဆက်သွယ်မိသည်။ သက်သေခံများနှင့်ကျမ်းစာကိုလေ့လာရာမှ မိမိသည်တစ်ယူသန်သော မျိုးချစ်စိတ်ရှိသူ မဖြစ်နိုင်တော့ကြောင်း သူသဘောပေါက်လာသည်။ ခရစ်ယာန်မေတ္တာဟူသည်မှာ စစ်မှုနှင့် လက်နက်များကိုစွန့်၍ လူမျိုးမရွေးကို ချစ်နိုင်အောင် သင်ယူခြင်းဖြစ်သည်။ “ညီအစ်ကိုရာမီ” ဟုအစချီထားသောစာတစ်စောင်ကို ရရှိသည့်အခါ သူအလွန်အံ့သြမိသည်။ အဘယ်ထူးခြားမှုရှိ၍နည်း။ စာရေးသူသည် ပါလက်စတိုင်းလူမျိုး သက်သေခံတစ်ဦးဖြစ်၍တည်း။ “ပါလက်စတိုင်းလူမျိုးသည် ကျွန်တော့်ရန်သူများဖြစ်ခဲ့၍ ယခု သူတို့ထဲမှတစ်ယောက်က ‘ညီအစ်ကို’ ဟုကျွန်တော့်ကိုခေါ်ဆိုနေခြင်းသည် အလွန်မယုံနိုင်စရာပင်ဖြစ်သည်ဟု ကျွန်တော် စဉ်းစားမိသည်” ဟုရာမီကပြောပြသည်။ ယနေ့ ရာမီနှင့်သူ၏ဇနီးတို့သည် ဘုရားသခင်၏နည်းလမ်းတော်အတိုင်း စစ်မှန်သောငြိမ်သက်ခြင်းကို မီအောင်လိုက်နေကြပါသည်။

၈ အခြားဥပမာတစ်ခုမှာ ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့သော ဂျာမန်တပ်မတော်တွင် စစ်မှုထမ်းခဲ့သူ ဂေသြော်ဂ်ရိုက်တာဖြစ်သည်။ မကြာမီ သူသည် ဟစ်တလာ၏ ကမ္ဘာစိုးမိုးရေး မဟာစီမံကိန်းကို တဖြည်းဖြည်းစိတ်ပျက်လာလေသည်။ စစ်တိုက်ရာမှ ပြန်လာသည့်အခါ ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာသည်။ သူက ဤသို့ရေးသားသည်– “အခုမှ ကျွန်တော့်အတွက် အားလုံးရှင်းလာတော့တယ်။ သွေးချောင်းစီးမှုအားလုံးအတွက် ဘုရားသခင်ကို အပြစ်ပုံချလို့မရဘူးဆိုတာကို သဘောပေါက်လာတယ်။ . . . ဘုရားသခင်ရဲ့ရည်ရွယ်ချက်ဟာ နာခံမှုရှိတဲ့ လူသားတွေအတွက် ထာဝရကောင်းချီးပေးမယ့် ကမ္ဘာချီပရဒိသုဖြစ်တယ်ဆိုတာကိုလည်း သိလာတယ်။ . . . ဟစ်တလာက ‘အနှစ်တစ်ထောင်အုပ်ချုပ်မှု’ အကြောင်း ကြွားလုံးထုတ်ခဲ့ပေမဲ့ ၁၂ နှစ်သာ မင်းမူခဲ့တယ်။—တကယ်လည်း ကြောက်စရာအကျိုး ဖြစ်ထွန်းခဲ့တာကိုး! ဟစ်တလာမဟုတ်ဘဲ ခရစ်တော်သာ ဒီကမ္ဘာပေါ် အနှစ်တစ်ထောင်အုပ်ချုပ်မှုကို တည်ထောင်နိုင်မှာဖြစ်တယ်။” ယခု ဂေသြော်ဂ်သည် အချိန်ပြည့်ဓမ္မအမှုတွင် စစ်မှန်သောငြိမ်းချမ်းရေးတမန်တစ်ဦးအဖြစ် အမှုဆောင်နေသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပေပြီ။

၉။ ယေဟောဝါသက်သေများသည် သတ္တိရှိပြီး တစ်ကြိမ်တည်းတွင် အေးချမ်းစွာနေလိုသူများဖြစ်ကြောင်း နာဇီဂျာမနီနိုင်ငံရှိ သက်သေခံများ၏ တွေ့ကြုံမှုက မည်သို့ဖော်ပြသနည်း။

၉ နာဇီအစိုးရလက်ထက်က ဂျာမနီနိုင်ငံရှိ ယေဟောဝါသက်သေများ၏ သစ္စာတည်ကြည်မှုနှင့် ကြားနေမှုသည် ယခု နှစ်ပေါင်း ၅၀ ကျော်လာသည့်အချိန်အထိ ဘုရားသခင်နှင့် ငြိမ်သက်ခြင်း သူတို့ချစ်မြတ်နိုးခဲ့သော သက်သေခံချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ ဝါရှင်တန် ဒီ.စီ.ရှိ အမေရိကန်ပြည်ထောင်စု မီးလောင်တိုက်သွင်းခြင်း အောက်မေ့ပွဲပြတိုက်မှထုတ်ဝေသော စာအုပ်ငယ်တစ်အုပ်က ဤသို့ဆိုသည်– “နာဇီအစိုးရလက်ထက်တွင် ယေဟောဝါသက်သေများသည် အပြင်းအထန်နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသည်။ . . . [သူတို့၏ဘာသာကိုစွန့်လွှတ်ရန်] ငြင်းဆန်ရာ၌လည်းကောင်း၊ ချွေးတပ်စခန်းများတွင် နှိပ်စက်ခြင်း၊ ညှဉ်းဆဲခြင်း၊ တစ်ခါတစ်ရံ ကွပ်မျက်ခံရခြင်းကိုပင် ရင်ဆိုင်ရာ၌လည်းကောင်း အများစုအနေနှင့် ပြသခဲ့ကြသည့်သတ္တိကြောင့် သူတို့သည် တစ်ခေတ်တည်းလူများ၏ လေးစားခြင်းကို ခံရကြသည်။” ထို့နောက် ဤသို့ထပ်ဆင့်ဖော်ပြသည်– “ချွေးတပ်စခန်းများမှ လွတ်မြောက်ချိန်အတွင်း ယေဟောဝါသက်သေများသည်အသက်ရှင်ကျန်ရစ်သူများနှင့်အတူရောနှောလျက် ဘာသာကူးပြောင်းစေခြင်းလုပ်ငန်းကို ဆက်လုပ်ကိုင်ကြသည်။”

သာ၍ကြီးမားသော ပြောင်းလဲမှု

၁၀။ (က) စစ်မှန်သောငြိမ်သက်ခြင်းရှိလာနိုင်ရန် အဘယ်ကြီးမားသော ပြောင်းလဲမှုလိုအပ်ပါသနည်း။ (ခ) ဤအကြောင်းကို ဒံယေလကျမ်းတွင် မည်သို့ဖော်ပြထားသနည်း။

၁၀ လူအများထုအား ခရစ်ယာန်ကြားနေမှုကို လက်ခံယုံကြည်လာစေခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်သည်ဟူ၍ ယေဟောဝါသက်သေများ ယုံကြည်သည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ! ကမ္ဘာမြေကြီးပေါ် ငြိမ်သက်ခြင်း ပြန်လည်ရှိလာနိုင်ရန် ထိုထက်မက ကြီးမားသော ပြောင်းလဲမှုတစ်ခု လိုအပ်ပါသည်။ ၎င်းကား အဘယ်နည်း။ စိတ်ဝမ်းကွဲပြား၊ ဖိနှိပ်ပြီး အကြမ်းဖက်သော လူသားအုပ်ချုပ်မှုသည် တပည့်တော်များကို ဆုတောင်းကြရန် ယေရှုသွန်သင်ပေးခဲ့သော ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအတွက် နေရာဖယ်ပေးရပါမည်။ (မဿဲ ၆:၉၊ ၁၀) သို့သော် ယင်းအမှုသည် မည်သို့ဖြစ်ပျက်လာမည်နည်း။ ဘုရားသခင်မှုတ်သွင်းသော အိပ်မက်တစ်ခုတွင် ပရောဖက်ဒံယေလသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏နိုင်ငံတော်သည် ‘လက်ဖြင့်မပြုလုပ်သော’ ကျောက်တုံးကြီးတစ်ခုပမာ ကမ္ဘာတစ်ဝန်းရှိ လူ့နိုင်ငံရေးအုပ်ချုပ်မှုများကို တင်စားသည့် ဧရာမရုပ်တုကြီးကို ချိုးဖဲ့ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့နောက် သူက ဤသို့ကြွေးကြော်သည်– “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၃၁-၄၅။

၁၁။ ယေဟောဝါသည် ငြိမ်းချမ်းရေးအတွက် လိုအပ်သောပြောင်းလဲမှုကို အဘယ်နည်းဖြင့်ဖြစ်ပေါ်စေတော်မူမည်နည်း။

၁၁ ကမ္ဘာ့အခြေအနေသည် အဘယ်ကြောင့် ဤသို့ အကြီးအကျယ်ပြောင်းလဲရမည်နည်း။ ယေဟောဝါက မြေကြီးကို ညစ်ညမ်းဖျက်ဆီးနေသူအပေါင်းတို့ကို ရှင်းလင်းပစ်မည်ဟု ကတိပြုထားတော်မူသောကြောင့်ဖြစ်သည်။ (ဗျာဒိတ် ၁၁:၁၈) ဤပြောင်းလဲမှုသည် စာတန်နှင့် သူ၏ဆိုးသွမ်းသောလောကကိုတိုက်ခိုက်သည့် ယေဟောဝါ၏ဖြောင့်မတ်သော စစ်ပွဲကြီးဖြစ်ပွားသည့်အခါ ဖြစ်ပျက်လိမ့်မည်။ ဗျာဒိတ် ၁၆:၁၄၊ ၁၅ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရသည်– “နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ [လောကီအစိုးရမင်းများ] ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ စုဝေးစေကြ၏။ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသောအရပ်၌ စုဝေးစေကြ၏။”

၁၂။ အာမဂေဒုန်သည် အဘယ်အရာနှင့်တူမည်နည်း။

၁၂ အာမဂေဒုန်သည် အဘယ်အရာနှင့်တူမည်နည်း။ ယင်းသည် နျူကလီးယား ကမ္ဘာပျက်ကပ်တစ်မျိုးမျိုး၊ သို့မဟုတ် လူ့ပယောဂကြောင့်ဖြစ်ပျက်သော ကပ်ဘေးတစ်မျိုးမျိုးဖြစ်လိမ့်မည်မဟုတ်ပါ။ ၎င်းသည် လူလူချင်းတိုက်ခိုက်သည့် စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့်အပြင် စစ်မှုကို အားပေးအားမြှောက်ပြုသူအားလုံးကို ပယ်ရှင်းပစ်မည့် ဘုရားသခင်၏စစ်ပွဲဖြစ်၏။ ငြိမ်းချမ်းရေးမြတ်နိုးသူများအတွက် စစ်မှန်သောငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမည့် ဘုရားသခင်၏စစ်ပွဲဖြစ်သည်။ မှန်ပါသည်၊ အာမဂေဒုန်သည် ယေဟောဝါ ရည်ရွယ်တော်မူသည့်အတိုင်း ရောက်ရှိလာပေမည်။ နောက်ကျလိမ့်မည်မဟုတ်ပါ။ ကိုယ်တော်၏ပရောဖက် ဟဗက္ကုတ်သည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်– “ထိုရူပါရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသားနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။” (ဟဗက္ကုတ် ၂:၃) လူ့စိတ်ထားကြောင့် နောက်ကျမည့်ပုံ ရှိကောင်းရှိပေမည်။ သို့သော် ယေဟောဝါသည် အချိန်ဇယားအတိုင်း လုပ်ဆောင်တော်မူ၏။ ယေဟောဝါ ကြိုတင်သတ်မှတ်ထားသောအချိန်တွင် အာမဂေဒုန်ရောက်လာလိမ့်မည်။

၁၃။ တရားခံအစစ်ဖြစ်သူ စာတန်မာရ်နတ်ကို ဘုရားသခင် မည်သို့ပြုတော်မူမည်နည်း။

၁၃ ဤပြတ်သားသောပြုမူချက်သည် စစ်မှန်သောငြိမ်သက်ခြင်းအတွက် လမ်းရှင်းပေးလိမ့်မည်! သို့သော် စစ်မှန်သောငြိမ်သက်ခြင်း ခိုင်မြဲစွာတည်တံ့ရေးအတွက် အခြားအမှုတစ်ခုကို ပြုလုပ်ဖို့လိုပါသည်။ ယင်းကား စိတ်ဝမ်းကွဲပြားမှု၊ မုန်းတီးမှုနှင့် ပဋိပက္ခဖြစ်ပွားစေသူကို ပယ်ရှင်းပစ်ခြင်းဖြစ်သည်။ ရန်လှုံ့ဆော်သူနှင့် မုသား၏အဘဖြစ်သောစာတန်ကို တွင်းနက်ထဲ ချပစ်မည်ဟုသမ္မာကျမ်းစာပရောဖက်ပြုထားသည့်အတိုင်း မကြာမီဖြစ်ပျက်လာမည်။ ဗျာဒိတ် ၂၀:၁-၃ ကမှတ်တမ်းတင်ထားသည်အတိုင်း ဤအဖြစ်အပျက်ကို တမန်တော်ယောဟန်က ပရောဖက်ပြုရူပါရုံတစ်ခုတွင် တွေ့မြင်ခဲ့သည်– “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင် မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။”

၁၄။ စာတန့်အပေါ် ယေဟောဝါ၏အောင်မြင်သောစီရင်ချက်ကို မည်သို့ဖော်ပြနိုင်မည်နည်း။

၁၄ ယင်းသည် အိပ်မက်မဟုတ်ပါ။ ဘုရားသခင်၏ကတိတော် ဖြစ်ပေသည်။ သမ္မာကျမ်းစာကလည်း “ဘုရားသခင်သည် မုသားမသုံးနိုင်” ဟုဆိုသည်။ (ဟေဗြဲ ၆:၁၈) သို့ဖြင့် ယေဟောဝါသည် ပရောဖက်ယေရမိမှတစ်ဆင့် ဤသို့မိန့်တော်မူနိုင်၏– “‘ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသော ထာဝရဘုရား ဖြစ်ကြောင်းတည်းဟူသော ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ယေရမိ ၉:၂၄) ယေဟောဝါသည် တရားသဖြင့် ဖြောင့်မတ်စွာ စီရင်တော်မူ၏။ ကမ္ဘာပေါ် တည်စေရှိမည့် ငြိမ်သက်ခြင်းတွင် ပျော်မွေ့တော်မူ၏။

ငြိမ်သက်ခြင်းမင်းသား၏ အုပ်ချုပ်မှု

၁၅၊ ၁၆။ (က) ရှင်ဘုရင်အဖြစ် အုပ်ချုပ်ရန် မည်သူ့ကို ယေဟောဝါရွေးချယ်ထားတော်မူသနည်း။ (ခ) ထိုအုပ်ချုပ်မှုအကြောင်းကို မည်သို့ဖော်ပြထားသနည်း။ မည်သူတို့ပါဝင်အုပ်ချုပ်ကြမည်နည်း။

၁၅ ဘုရားသခင်၏ နိုင်ငံတော်အစီအစဉ်အောက်တွင် နေထိုင်သူအပေါင်းတို့အပေါ် စစ်မှန်သောငြိမ်သက်ခြင်း ရောက်ရှိရေးအတွက် ယေဟောဝါသည် ဟေရှာယ ၉:၆၊ ၇ တွင် ကြိုတင်ဟောထားသည့်အတိုင်း စစ်မှန်သောငြိမ်းချမ်းရေးမင်းသား ယေရှုခရစ်တော်အား အုပ်ချုပ်မှုကို အပ်နှင်းတော်မူခဲ့ပြီ– “ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက် ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ . . . အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အလိုတော် အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။” ဆာလံဆရာကလည်း မေရှိယ၏ ငြိမ်သက်သောအုပ်ချုပ်မှုအကြောင်းကို ဤသို့ပရောဖက်ပြုရေးသားခဲ့သည်– “လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မီတိုင်အောင် တရားသောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။”—ဆာလံ ၇၂:၇။

၁၆ ထို့ပြင် ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသော ခရစ်တော်၏ညီတော် ၁၄၄,၀၀၀ သည် ကိုယ်တော်နှင့်အတူ ကောင်းကင်ဘုံတွင် အုပ်စိုးလိမ့်မည်။ ဤသူတို့သည် ခရစ်တော်နှင့် တွဲဖက်အမွေခံများဖြစ်ကြသည်။ သူတို့အကြောင်း ပေါလုက ဤသို့ရေးသားထားသည်– “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိပါစေသော။” (ရောမ ၁၆:၂၀) မှန်ပါ၏၊ ဤသူတို့သည် စစ်မီးမွေးပေးသူ စာတန်မာရ်နတ်အပေါ် ခရစ်တော်အောင်ပွဲခံရာ၌ ကောင်းကင်ဘုံမှ ပါဝင်မည့်သူများ ဖြစ်ကြသတည်း!

၁၇။ စစ်မှန်သောငြိမ်သက်ခြင်းကို အမွေခံရန် ကျွန်ုပ်တို့အဘယ်အမှုကိုပြုရကြမည်နည်း။

၁၇ ထို့ကြောင့် ယခုမေးစရာကား စစ်မှန်သော ငြိမ်သက်ခြင်းကို ရရှိခံစားရရန် သင်ဘာပြုရမည်နည်း။ စစ်မှန်သောငြိမ်သက်ခြင်းသည် ဘုရားသခင့်နည်းလမ်းတော်အားဖြင့်သာလျှင် ရရှိလာနိုင်မည်ဖြစ်၍ ယင်းကိုရရှိရန် အပြုသဘောပါပါ ပြုမူဆောင်ရွက်ရန်လိုပါသည်။ ငြိမ်သက်ခြင်းမင်းသားကိုလက်ခံပြီး ကိုယ်တော်ကို ကိုးစားရမည်။ ခရစ်တော်ကို အပြစ်ရှိသောလူသားတို့၏ ကယ်တင်ရှင်နှင့် ရွေးနုတ်သခင်အဖြစ် လက်ခံရမည်ဟု ဆိုလိုပါသည်။ ယေရှုကိုယ်တော်တိုင်က ကျော်ကြားသောဤစကားများကို မိန့်တော်မူ၏– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) စစ်မှန်သောငြိမ်သက်ခြင်းနှင့် ကယ်တင်ခြင်းရရှိရေးအတွက် ဘုရားသခင့်ကိုယ်စားလှယ်တော်အဖြစ် ခရစ်တော်ယေရှုအပေါ် ယုံကြည်ခြင်းတင်ပြလိုစိတ်ရှိပါသလော။ ငြိမ်သက်ခြင်းထူထောင်၍ ယင်းကိုအာမခံနိုင်မည့် အခြားမည်သည့်နာမမျှ ကောင်းကင်အောက်တွင် မရှိပါ။ (ဖိလိပ္ပိ ၂:၈-၁၁) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှုသည် ဘုရားသခင်ရွေးချယ်ထားတော်မူသောအရှင် ဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည် ကမ္ဘာပေါ် သွားလာခဲ့သမျှတွင် အကြီးမြတ်ဆုံး ငြိမ်သက်ခြင်းတမန်ဖြစ်သည်။ ယေရှု၏စကားကို နားထောင်ပြီး ကိုယ်တော်၏စံနမူနာတော်ကို သင်လိုက်လျှောက်မည်လော။

၁၈။ ယောဟန် ၁၇:၃ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားတော်ကို တုံ့ပြန်သည်အနေနှင့် ကျွန်ုပ်တို့ဘာပြုသင့်သနည်း။

၁၈ “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၇:၃) ယခုအချိန်သည် ယေဟောဝါသက်သေတို့၏ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် စည်းဝေးများကို မှန်မှန်တက်ခြင်းအားဖြင့် တိကျမှန်ကန်သောအသိပညာကို ဆည်းပူးယူရမည့် အချိန်ဖြစ်သည်။ ဤပညာပေးသော စည်းဝေးများသည် သင့်အသိပညာနှင့် သင့်မျှော်လင့်ချက်ကို အခြားသူများအားဝေမျှရန် လှုံ့ဆော်တိုက်တွန်းပေးပါလိမ့်မည်။ အသင်သည်လည်း ဘုရားသခင်၏ ငြိမ်သက်ခြင်းတမန်တစ်ဦး ဖြစ်လာနိုင်ပါသည်။ ဟေရှာယ ၂၆:၃ တွင်ဖော်ပြထားသည့်အတိုင်းသင်သည် ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ယခုပင် ငြိမ်သက်ခြင်း၌ မွေ့လျော်နိုင်မည်– “စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ခိုလှုံ [“ကိုးစား၊” ကဘ] သောကြောင့် ငြိမ်သက်ခြင်း သက်သက်ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။” မည်သူ့ကို ကျွန်ုပ်တို့ကိုးစားရမည်နည်း။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက အငယ် ၄ တွင် ဤသို့ဆိုသည်– “ယေဟောဝါ၌ အစဉ်အမြဲကိုးစားကြလော့။ အကြောင်းမူကား ဂျား၊ ယေဟောဝါသည် နိစ္စထာဝရကျောက် ဖြစ်တော်မူ၏။”—ဟေရှာယ ၂၆:၄။

၁၉၊ ၂၀။ ယနေ့ ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်နေသူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။

၁၉ ဘုရားသခင်၏ ငြိမ်းချမ်းသော ကမ္ဘာသစ်တွင် ထာဝရအသက်ရရန် ယခုပင် ရွေးချယ်ပါ။ ဗျာဒိတ် ၂၁:၃၊ ၄ တွင် ဘုရားသခင်၏နှုတ်ကပါဌ်တော်က ဤသို့အာမခံသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” ၎င်းသည် သင်တမ်းတသော ငြိမ်းချမ်းသည့် အနာဂတ်ပင် မဟုတ်ပေလော။

၂၀ သို့ဖြစ်လျှင် ဘုရားသခင့်ကတိတော်ကို သတိရပါ။ “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။” (ဆာလံ ၃၇:၁၁၊ ၃၇) ထိုပျော်ရွှင်သာယာသော နေ့ရက်ရောက်လာသည့်အခါ ကျေးဇူးတင်စွာဖြင့် “စစ်မှန်သော ငြိမ်သက်ခြင်း ရောက်ပြီ! စစ်မှန်သော ငြိမ်သက်ခြင်း၏ ဇာစ်မြစ်ဖြစ်သော ယေဟောဝါဘုရားသခင်၏ကျေးဇူးတော် ကြီးမားလှသည်တကား!” ဟုပြောဆိုနိုင်ပါစေ။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဟေရှာယ၏စကားများသည် ယူအဲန်အားဖြင့်မဟုတ်ယေဟောဝါ၏ သွန်သင်မှုကို လက်ခံသူများ အားဖြင့် ပြည့်စုံစေလျက် ရှိသည်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဤသူနှစ်ဦးသည် ငြိမ်သက်ခြင်းကို မီအောင်လိုက်ရန် ပြောင်းလဲခဲ့ကြသည်

ရာမီသြဗက်

ဂေသြော်ဂ်ရိုက်တာ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ငြိမ်သက်ခြင်းမင်းသား၏အုပ်ချုပ်မှုအောက်တွင်စစ်မှန်သောငြိမ်းချမ်းရေးသည် လွှမ်းမိုးလိမ့်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ