ယေဟောဝါကို ဂုဏ်တင်သည့် မင်္ဂလာပွဲများ
ခရစ်ယာန်ထိမ်းမြားမင်္ဂလာပွဲများနှင့်ပတ်သက်သည့် အောက်ပါဆောင်းပါးသည် မူလတွင် မကြာသေးမီက ယေဟောဝါသက်သေခံများဖြစ်လာသော အီသီယိုးပီးယားနိုင်ငံ အမ်ဟာရစ်ဘာသာစကားပြော ဒေသများမှသူများအတွက် အထောက်အကူပြု လမ်းညွှန်ချက်ပေးရန် ပြင်ဆင်ပေးခဲ့ပါသည်။ ယင်းသည် သင့်ဒေသနှင့် ကွဲပြားခြားနားနိုင်သည့် ဒေသထုံးတမ်း၊ လုပ်ထုံးတချို့နှင့် သက်ဆိုင်ပါသည်။ ယင်းခြားနားချက်သည် တကယ်စိတ်ဝင်စားစရာဖြစ်ကြောင်း သင်တွေ့ပေမည်။ တစ်ချိန်တည်းမှာပင် ထိမ်းမြားမင်္ဂလာပွဲ ထုံးစံသည် သင့်ဒေသနှင့် မတူလျှင်ပင် သက်ဆိုင်ကြောင်း သင်တွေ့ရမည့် မျှတမှုရှိသော ကျမ်းစာသြဝါဒကို တင်ပြပေးပါသည်။
“ဝမ်းမြောက် ရွှင်လန်းစေသော ခရစ်ယာန်ထိမ်းမြားလက်ထပ်ပွဲများ” သည် ၁၉၈၅၊ ဧပြီ ၁၅၊ ကင်းမျှော်စင်မှ အလွန်ကောင်းသော သင်တန်းဆောင်းပါးတစ်ခု၏ ခေါင်းစဉ်ဖြစ်ပါသည်။ ထိုစာစောင်ထဲမှ နောက်ဆောင်းပါးတစ်ခု၏ ခေါင်းစဉ်မှာ “မင်္ဂလာဆောင်ဧည့်ခံပွဲများတွင် ချင့်ချိန်မျှတစွာပျော်ရွှင်ခြင်း” ဖြစ်သည်။ (အိမ်ထောင်ပြုဖို့ကြံရွယ်နေသူ မည်သူ့အတွက်မဆို နောက်ထပ်ပညာရှိအကြံပြုချက်ကို သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း၊ အခန်း ၂၊ နှင့် လူငယ့်ဘဝ—အနှစ်သာရ၊ အခန်း ၁၉ နှင့် ၂၀ တွင်ရှိပါသည်။)a ထိုဆောင်းပါးများထွက်ပြီးသည့်နောက် ယေဟောဝါသက်သေခံများဖြစ်လာကြသူ များစွာရှိသောကြောင့် ကျွန်ုပ်တို့ဒေသနှင့်အထူးဆီလျော်သည့် အချက်တချို့အပြင် အိမ်ထောင်မင်္ဂလာကိုအစပြုသူ ယေဟောဝါရှင်ကိုဂုဏ်တင်သည့် ထိမ်းမြားမင်္ဂလာပွဲများပြုလုပ်ရန် ကျွန်ုပ်တို့ကိုအထောက်အကူပြုမည့် အခြားသင့်လျော်သည့်အချက်များကိုလည်း ပြန်လည်သုံးသပ်လိုပါသည်။
ပထမဆုံးဆင်ခြင်သုံးသပ်ရမည့် မေးခွန်းတစ်ခုမှာ ထိမ်းမြားမင်္ဂလာပွဲတစ်ခုကို မည်သည့်အချိန်၌ ကျင်းပသင့်သနည်းဖြစ်သည်။ ထိမ်းမြားသည့်နေ့သည် ဒေသခံရိုးရာထိမ်းမြားသည့်ရာသီနေ့စွဲ၏ လွှမ်းမိုးမှုကိုခံသင့်ပါသလော။ ရပ်နယ်ဒေသယုံကြည်ချက်မှာ ထိမ်းမြားသည့်ရာသီတွင်မဟုတ်ဘဲ နှစ်၏အခြားအချိန်အခါတွင် ပြုလုပ်သောမည်သည့်မင်္ဂလာပွဲမဆို အောင်မြင်မည်မဟုတ်ဟု အယုံအကြည်ရှိသည်။ ယင်းသည် အခြေအမြစ်မရှိသော အယူသီးမှုဖြစ်သည်၊ အကြောင်းမှာ ယေဟောဝါကိုပျော်ရွှင်စွာနှင့် စည်းလုံးစွာဝတ်ပြုနေကြသည့်မောင်နှံစုံအများမှာ ထုံးတမ်းဆိုင်ရာ ရာသီအတွင်း မင်္ဂလာဆောင်ခဲ့ကြသူများမဟုတ်ကြပါ။ ကံကောင်းခြင်းကိုဖြစ်စေ၊ ကံဆိုးခြင်းကိုဖြစ်စေ ကျွန်ုပ်တို့ယုံကြည်မှုမရှိပါ။ (ဟေရှာယ ၆၅:၁၁; ကောလောသဲ ၂:၈) မယုံကြည်သည့်ဆွေမျိုးများ၏ အယူသီးမှုအရ ထိမ်းမြားမင်္ဂလာပွဲတစ်ခုကို ပြုလုပ်မည်ဆိုလျှင် အမှန်နှင့်အမှားကို ခွဲခြားသိမြင်ရန် ကူညီပေးနိုင်မည်မဟုတ်ချေ။ အမှန်မှာ ခရစ်ယာန်များသည် မည်သည့်လတွင်မဆို ထိမ်းမြားလက်ထပ်နိုင်ပါသည်။
ဒေသန္တရဥပဒေအရ လိုအပ်သောအခမ်းအနားပြီးသည့်နောက် ထိမ်းမြားခြင်းဆိုင်ရာ ဟောပြောချက်ကိုစီစဉ်သည့်အခါ ၎င်းအစီအစဉ်နှစ်ခုအကြား ရက်များစွာမခြားထားလျှင်ကောင်းမည်။ မောင်နှံစုံသည် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ထိမ်းမြားခြင်းဆိုင်ရာ ဟောပြောချက်ပေးစေလိုပါက ခန်းမကိုအသုံးပြုလိုသည့်အကြောင်းကို အသင်းတော်အကြီးအကဲများထံ စောစောကတည်းက ကြိုတင်တောင်းခံထားသင့်သည်။ အခမ်းအနားအစီအစဉ်များအတွက် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်ကြကြောင်း ဒေသခံအကြီးအကဲတို့ အခိုင်အမာသဘောတူ အတည်အပြုကြသည်။ မည်သည့်အသင်းတော်လုပ်ငန်းနှင့်မျှ မတိုက်စေရန် အချိန်ကိုသတ်မှတ်သင့်သည်။ ထိမ်းမြားခြင်းဆိုင်ရာ ဟောပြောချက်ပေးဖို့ ရွေးချယ်ခံရသည့်ညီအစ်ကိုသည် သတို့သား၊ သတို့သမီးလောင်းတို့ကို အထောက်အကူပြုမည့် အကြံဉာဏ်ပေးရန်၊ ထိမ်းမြားမင်္ဂလာပြုဖို့ အကျင့်သိက္ခာအရသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း အဘယ်အတားအဆီးမျှမရှိကြောင်းနှင့် မိတ်ဆုံပွဲဆက်ကျင်းပမည်ဆိုလျှင် ယင်းနှင့် သူသဘောတူနိုင် မတူနိုင်ကြောင်း အသေအချာသိဖို့ရန် ကြိုတင်တွေ့ဆုံလိုပေမည်။ ထိမ်းမြားခြင်းဆိုင်ရာ ဟောပြောချက်သည် နာရီဝက်ခန့်ကြာသင့်ပြီး ဣန္ဒြေသိက္ခာရှိရှိဟောပြောကာ ဝိညာဉ်ရေးရှုထောင့်ကို အလေးပေးဖော်ပြသင့်သည်။ ထိမ်းမြားခြင်းဆိုင်ရာ ဟောပြောချက်သည် ကျင်းပကောင်းကျင်းပမည့် မည်သည့်ဧည့်ခံပွဲထက်မဆို ပိုအရေးကြီးပါသည်။
ခရစ်ယာန်လက်ထပ်မင်္ဂလာပွဲသည် ကျွန်ုပ်တို့ “လောကနှင့်မစပ်ဆိုင်” ကြကြောင်းပြသရန် အခွင့်အခါကောင်း ဖြစ်သည်။ (ယောဟန် ၁၇:၁၄; ယာကုပ် ၁:၂၇) ကျွန်ုပ်တို့၏ စည်းစနစ်ကျနမှုသည် ထူးခြားထင်ရှားသင့်သည်။ ဆိုလိုသည်မှာ လူတို့အားစောင့်ဆိုင်းခြင်းဖြင့် အသင်းတော်လုပ်ငန်းများကို အနှောင့်အယှက်ပေးရာရောက်သွားနိုင်စေမည့်အစား အချိန်ကိုက်ရောက်ရှိနေမည်ဖြစ်သည်။ သတို့သမီး၏ လောကီဆွေမျိုးများက သူမ၏အရေးပါမှုကို တိုးမြှင့်ပေးရန် ပြုဘိသကဲ့သို့ သူမအား နောက်ကျသွားဖို့ တိုက်တွန်းကောင်းတိုက်တွန်းမည်ဖြစ်ရာ ယင်းကို သတို့သမီးအနေနှင့် အထူးသတိထားသင့်သည်။ ပါရမီရင့်ကျက်သော ခရစ်ယာန်ညီအစ်မတစ်ဦးသည် အချိန်တိကျခြင်းအားဖြင့် နှိမ့်ချခြင်းနှင့် စာနာထောက်ထားခြင်းဖြစ်သည့် ဝိညာဏအရေးအရည်အချင်းများကို သူမအရေးပေးကြောင်း ပြသနိုင်ပါသည်တကား! ဧည့်ခံပွဲကိုမှတ်တမ်းတင်ရန် ဓာတ်ပုံဆရာတစ်ဦးကို ဖိတ်ကြားသည့်အခါ၌လည်း စည်းစနစ်ကျနဖို့အရေးကြီးသည်။ ဓာတ်ပုံဆရာသည် အပေါ်အင်္ကျီ၊ နက်ကတိုင်နှင့် အခမ်းအနားနှင့်သင့်တော်သော ဘောင်းဘီဝတ်လာဖို့နှင့် ဓာတ်ပုံရိုက်သည့်အခါ၌ ဟောပြောချက်ကို အနှောင့်အယှက်မဖြစ်စေဖို့ တောင်းဆိုလျှင်သင့်တော်မည်။ ဆုတောင်းနေစဉ် ဓာတ်ပုံမရိုက်သင့်ပါ။ ကျွန်ုပ်တို့၏ စည်းစနစ်ကျနမှုက ယေဟောဝါကိုဂုဏ်တင်၍ ကောင်းမွန်သောသက်သေခံချက်ကို ဖြစ်စေပါလိမ့်မည်။ အချိန်အခါ၏အနှစ်အရသာပျောက်သွားစေမည့် လောကီထုံးတမ်းစဉ်လာများအတိုင်း ကြိုးစားလိုက်ဖို့မလိုပေ။
အထမြောက်သော ထိမ်းမြားမင်္ဂလာပွဲဖြစ်ဖို့အတွက် ဧည့်ခံကျွေးမွေးခြင်း လိုအပ်သည်ဟု မသတ်မှတ်ထားသော်လည်း ယင်းသို့သော ပျော်ရွှင်ဖွယ်အခါသမယအတွက် မည်သည့်ကျမ်းစာတားမြစ်ချက်မျှမရှိပေ။ သို့သော်လည်း စစ်မှန်သောခရစ်ယာန်များ၏ မိတ်ဆုံပွဲများသည် စည်းလွတ်ဝါးလွတ်ဖြစ်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ စားကြူးခြင်း၊ ဆူပူကြမ်းတမ်းသည့်တေးဂီတ၊ ဣန္ဒြေသိက္ခာမရှိသောအကနှင့် ရန်ပွဲများပင်ပါဝင်သော လောကီဧည့်ခံပွဲများနှင့် ကွဲပြားခြားနားသင့်သည်။ သမ္မာကျမ်းစာက “ပျော်ပွဲလုပ်ခြင်း” ကိုဇာတိပကတိအကျင့်များ စာရင်းတွင်ထည့်သွင်းထားသည်။ (ဂလာတိ ၅:၂၁၊ သမ္မာ) လူအုပ်စုမများလွန်းပါက ထိန်းသိမ်းဖို့ပိုလွယ်ကူပါသည်။ ရေပန်းစားသောဓလေ့ထုံးစံနှင့်ညီရန် မဏ္ဍပ်ထိုးဖို့မလိုပါ။ အချို့သူတို့က နေရာအကျယ်အဝန်းသို့မဟုတ် ရာသီဥတုအတွက် မဏ္ဍပ်ကိုအသုံးပြုဖို့ ဆုံးဖြတ်မည်ဆိုပါက ယင်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။
တွေ့ ကြုံမှုအရ ဧည့်သည်အရေအတွက်ကို ကန့်သတ်လိုပါက အကောင်းဆုံးနည်းကား ဖိတ်စာများကိုတိတိကျကျ အသုံးပြုခြင်းဖြစ်သည်။ အသင်းတော်တစ်ခုလုံးကို ဖိတ်ကြားမည့်အစား တစ်ဦးချင်းကို ဖိတ်ကြားခြင်းသည် ပညာရှိရာကျပြီး စည်းစနစ်ကျသော ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ထိုသို့သောကန့်သတ်ချက်များကို လေးစားသင့်သည်။ ဧည့်ခံပွဲသို့ နှင်ထုတ်ခံရသူတစ်ဦး ရောက်ရှိလာခြင်းကြောင့် ကျွန်ုပ်တို့စိတ်ကသိကအောင့်ဖြစ်ရခြင်းကိုရှောင်ရန် ဖိတ်စာနှင့်ဖိတ်ခြင်းကလည်း အကူအညီဖြစ်စေပါသည်၊ နှင်ထုတ်ခံရသူတစ်ဦးရောက်ရှိလာပါက ကျွန်ုပ်တို့၏ ညီအစ်ကို၊ ညီအစ်မများစွာတို့သည် ထပြန်ဖို့စိတ်ပိုင်းဖြတ်ပေလိမ့်မည်။ (၁ ကောရိန္သု ၅:၉-၁၁) မောင်နှံစုံသည် “ယုံကြည်ခြင်း၌ဆွေမျိုးတော်သူအပေါင်း” ကိုပို၍အရေးထားကြောင်း ဖော်ပြသည့်အနေနှင့် မယုံကြည်သူဆွေမျိုးများ၊ အသိအကျွမ်းများကို ဖိတ်ကြားလျှင် အရေအတွက်ကန့်သတ်ထားမည်မှာ သေချာပါသည်။ (ဂလာတိ ၆:၁၀၊ ကဘ) အချို့သူတို့သည် လောကီအသိအကျွမ်းများ၊ မယုံကြည်သောဆွေမျိုးများကို ဧည့်ခံပွဲသို့ဖိတ်မည့်အစား ထိမ်းမြားခြင်းဆိုင်ရာ ဟောပြောချက်သို့ ဖိတ်ရန်ရွေးချယ်ကြသည်။ အဘယ့်ကြောင့်နည်း။ လောကီဆွေမျိုးများက ညီအစ်ကို၊ ညီအစ်မများ ထပြန်ချင်စိတ်ပေါ်လာသည့်အထိ စိတ်အနှောင့်အယှက်ဖြစ်စေသောအခြေအနေကို ပေါ်ပေါက်စေခဲ့ဖူးသောကြောင့်ဖြစ်သည်။ အချို့သောမောင်နှံစုံများသည် ဆွေမျိုးရင်းချာနှင့် ခရစ်ယာန်မိတ်ဆွေများလောက်နှင့်သာ ညနေစာစားရန် စီစဉ်ကြသည်။
ယောဟန် ၂:၈၊ ၉ နှင့်အညီ “ပွဲအုပ်” တစ်ဦးကိုရွေးချယ်ခြင်းသည် လက်တွေ့ကျပါသည်။ သတို့သားအနေနှင့် စည်းစနစ်ကျနပြီး မြင့်မားသောစံချိန်များဆက်ရှိနိုင်အောင် တာဝန်ယူလုပ်ဆောင်ပေးမည့် ယုံကြည်အားကိုးထိုက်သော ခရစ်ယာန်တစ်ဦးကို ရွေးချယ်လိုပါလိမ့်မည်။ ဧည့်သည်များက လက်ဆောင်များယူလာသည့်အခါ “လောကီစည်းစိမ်၌ဝါကြွားခြင်း” မပါသင့်ပေ။ (၁ ယောဟန် ၂:၁၆) တေးသီချင်းမှာ သံသယဖြစ်ဖွယ်သီချင်းစာသားများ၊ အသံကျယ်လွန်းခြင်း သို့မဟုတ် ဆူပူသောင်းကျန်းသည့်တေးသွားများ မပါဘဲနှင့်ပျော်ရွှင်စရာဖြစ်နိုင်ပါသည်။ အသုံးပြုမည့်တေးသီချင်းများကို အကြီးအကဲတစ်ဦးအား ကြိုကြိုတင်တင်နားထောင်စေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ ရိုးရာအကများစွာမှာ မျိုးအောင်အကနှင့် မတော်မလျော်ကာမလှုံ့ဆော်သည့်ကဟန်မှ ဆင်းသက်လာသောကြောင့် ကခုန်ခြင်းသည် အန္တရာယ်ရှိစေနိုင်ပါသည်။ “ကိတ်နှင့် ရှန်ပိန်းဝေချိန်” သည်တစ်ခါတစ်ရံတွင် လောကီသားများအတွက် စည်းလွတ်ဝါးလွတ်ပြုမူဖို့ အချက်ပေးသည့်နှယ်ဖြစ်သွားတတ်သည်။ အမှန်စင်စစ် ခရစ်ယာန်မောင်နှံစုံများစွာတို့သည် မင်္ဂလာဧည့်ခံပွဲများ၌ မည်သည့်အရက်ကိုမျှ မတည်ခင်းရန်ဆုံးဖြတ်ခြင်းဖြင့် ပြဿနာများကိုရှောင်ကြသည်။
ကျွန်ုပ်တို့သည် ယေဟောဝါရှင်ကိုဂုဏ်တင်လိုသောကြောင့် မိမိတို့ကိုအထူးအာရုံစိုက်စေဖို့ လောကီစည်းစိမ်၌ဝါကြွားခြင်းကို ရှောင်ကြမည်။ ယခုခေတ်စားနေသည့် ဂုဏ်တုဂုဏ်ပြိုင်စိတ်ဓာတ်ကို လောကစာစောင်များပင်လျှင် ရှုတ်ချရေးသားနေကြပြီ။ မောင်နှံစုံသည် ကြီးကျယ်ခမ်းနားလွန်းသည့်မင်္ဂလာပွဲကြောင့် အကြွေးလည်ပင်းနစ်ကာ ဤတစ်ရက်အတွက် ကုန်ကျစရိတ်များကို ပေးဆပ်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ချို့ချို့ငဲ့ငဲ့နေသွားကြရခြင်းသည် မည်မျှပညာမဲ့ရာကျပါသည်တကား! အခမ်းအနားတွင်ဝတ်ဆင်သည့် မည်သည့်အဝတ်အစားမဆို ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောသူတစ်ဦးဆင်သင့်သည့်အတိုင်း ဣန္ဒြေရှိ၍ လျောက်ပတ်သောအဝတ်ဖြစ်သင့်သည်။ (၁ တိမောသေ ၂:၉၊ ၁၀) “ခရစ်ယာန်ထိမ်းမြားမင်္ဂလာပွဲသည် အကျိုးသင့်အကြောင်းသင့်ရှိခြင်းကို ထင်ဟပ်သင့်” (ကင်းမျှော်စင် ဇန်နဝါရီ ၁၅၊ ၁၉၆၉ [လိပ်]) ဆောင်းပါးက ဤစိတ်ဝင်စားဖွယ်ကောင်းသည့် မှတ်ချက်များကိုဖော်ပြထားသည်–
“ထိမ်းမြားမင်္ဂလာပွဲသည် လူတစ်ဦးအတွက် အထူးအခါသမယဖြစ်သောကြောင့် ပျော်ရွှင်မြူးထူးလှပခြင်းကို ခါတိုင်းထက်အာရုံစိုက်တတ်သည်။ သို့သော် ယင်းကြောင့် သတ်သတ်မှတ်မှတ်သတို့သား၊ သတို့သမီးဝတ်စုံဝတ်ရမည်ဟု မဆိုလိုပါ။ ဒေသခံဆင်ယင်ထုံးဖွဲ့ဟန်၊ အကုန်အကျနှင့် ကိုယ့်စိတ်ကြိုက်ကို အသေအချာသုံးသပ်ရန်ဖြစ်သည်။ . . . သူတို့ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူများအတွက်ဖြစ်စေ ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အတွက်ယင်းကဲ့သို့ တန်ဖိုးကြီးမားသည့်ဝတ်စုံကို ဝယ်ယူခြင်းသည် ကျိုးကြောင်းညီညွတ်ပါမည်လော။ . . . အချို့သတို့သမီးများသည် မိမိတို့မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦး၏ဝတ်စုံကို အသုံးပြုကြသည်။ အခြားသူတို့မှာ သတို့သမီးဝတ်စုံကို မိမိတို့ဘာသာချုပ်လုပ်ခြင်းကြောင့် အကျေနပ်ကြီးကျေနပ်ခဲ့ကြသည်၊ ဤနည်းဖြင့် နောင်အခါသမယများတွင် ဝတ်ဆင်နိုင်သည့်အဝတ်အထည်ကို ရရှိသွားတော့သည်။ မောင်နှံစုံသည် မိမိတို့၏ပသာဒအကျဆုံး သာမန်အဝတ်အစားနှင့်ပင် မင်္ဂလာဆောင်၍ ရပါသည်။ . . . အချို့တို့သည် ဤအချိန်ကာလ၏ ခဲယဉ်းဆိုးယုတ်မှုကြောင့် ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲကိုကျင်းပနိုင်လျက်နှင့် ‘ပေါ်ပေါ်လွင်လွင်မရှိလှသောမင်္ဂလာပွဲ’ ကိုကျင်းပရန် ဆန္ဒရှိကြပေမည်။”
အလားတူစွာ မင်္ဂလာပွဲတွင်ပါဝင်ဆင်နွှဲသူ (လူပျိုရံ၊ အပျိုရံများ) တို့သည် များများစားစား ဖြစ်စရာမလိုအပ်ပါ။ သူတို့သည်လည်း သူတို့၏အဝတ်အစားနှင့် အပြုအမူကြောင့် မလိုလားအပ်သည့်အာရုံစိုက်မှုကို ဖြစ်စေလိုကြမည်မဟုတ်။ နှင်ထုတ်ခံရသူကို ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ဟောပြောချက်နားထောင်ရန် ခွင့်ပြုနိုင်သော်လည်း ၁၉၈၅၊ ဧပြီ ၁၅ ရက်၊ ကင်းမျှော်စင် ၌ဤသို့ဖော်ပြထားသည်– “မင်္ဂလာဆောင်အဖွဲ့တွင် အသင်းမှနှင်ထုတ်ထားသူများကို အသုံးပြုခြင်းကား မသင့်တော်ပါ။ ထို့ပြင် ကျမ်းစာကျင့်စဉ်များနှင့် လားလားကြီးဆန့်ကျင်သော အကျင့်ပျက်သူတို့ကို အသုံးပြုခြင်းသည်လည်း လုံးဝမလျောက်ပတ်ချေ။”
ထိမ်းမြားမင်္ဂလာပွဲတစ်ခုကို ယေရှုတက်ရောက်ခဲ့သော်လည်း ဆူဆူညံညံနှင့် ကားဟွန်းတီးသည့်အတွက် ယာဉ်မောင်းများကို ရဲကဒဏ်ငွေတပ်ရသည့်အထိ မြို့တစ်ပတ် ကားနှင့်စီတန်းလှည့်လည်ကြသော ရေပန်းစားနေသည့်ထုံးစံဓလေ့မျိုးကို ကိုယ်တော်သဘောတူလက်ခံမည် မဟုတ်သည်မှာသေချာပါသည်။ (မဿဲ ၂၂:၂၁၊ ရှု။) အကျဉ်းချုပ်အားဖြင့် လောကီသားအပေါင်းတို့၏ ဂုဏ်ပကာသနကိုသော်လည်းကောင်း၊ ထုံးမီစံမျှအပြုအမူများကိုသော်လည်းကောင်း တုပမည့်အစား ခရစ်ယာန်များသည် စိတ်နှိမ့်ချသောသူ၌ရှိသော ဉာဏ်ပညာကိုထင်ရှားစေသင့်သည်။—သု. ၁၁:၂။
သို့ရာတွင် အိမ်နီးနားချင်းများ၊ လောကီလုပ်ဖော်ဆောင်ဖက်များ၊ ဆွေမျိုးနီးစပ်သူများနှင့် အသိအကျွမ်းများ၏မင်္ဂလာပွဲများကို တက်ရောက်ခြင်းကော အသို့နည်း။ ယင်းနှင့်ပတ်သက်၍ ခရစ်ယာန်တစ်ဦးချင်းအနေနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချသင့်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှု၊ ကိုယ်ပိုင်လေ့လာမှု၊ မိသားစုဆိုင်ရာနှင့် အသင်းတော်ဆိုင်ရာလေ့လာမှုများအတွက် အချိန်လိုအပ်သောကြောင့် ကျွန်ုပ်တို့၏အချိန်သည် အဖိုးတန်ကြောင်းကို စိတ်တွင်စွဲမှတ်ထားလျှင်ကောင်းသည်။ (ဧဖက် ၅:၁၅၊ ၁၆) သီတင်းပတ်အဆုံးများတွင် ကျွန်ုပ်တို့လက်မလွတ်လိုသော အစည်းအဝေးများနှင့် လယ်ကွင်းဓမ္မအမှုရှိသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) များစွာသော ထိမ်းမြားမင်္ဂလာပွဲကျင်းပချိန်မှာ သခင့်ညစာစားပွဲအတွက်ပြုလုပ်သည့် အစည်းအဝေးများ၊ အထူးအမှုဆောင်အစီအစဉ်များနှင့် တိုက်နေတတ်သည်။ သခင့်ညစာစားပွဲကို တက်ရောက်ရန် ကမ္ဘာတစ်ဝန်းမှ ကျွန်ုပ်တို့၏ညီအစ်ကိုများက အထူးကြိုးစားနေကြစဉ် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ယင်းကဲ့သို့အားထုတ်မှုမျိုးမှ အာရုံသွေဖည်သွားရန် ခွင့်မပြုသင့်ချေ။ သမ္မာတရားအသိပညာကို မသိရှိမီက ကျွန်ုပ်တို့သည် ဘုရားသခင်အားရှုတ်ချကောင်း ရှုတ်ချသည့် အခြေအနေမျိုး၌ပင်ပါဝင်ပြီး လောကီသားများနှင့် အချိန်များစွာဖြုန်းခဲ့ကြသည်။ (၁ ပေတရု ၄:၃၊ ၄) ယခု ကျွန်ုပ်တို့ဦးစားထားရမည့်အရာများ ပြောင်းလဲသွားပြီ။ လောကီမောင်နှံစုံတစ်စုံထံ နှုတ်ခွန်းဆက်ကတ်ပို့ပေးခြင်း၊ သို့မဟုတ် အခြားနေ့တစ်နေ့တွင် ခဏတစ်ဖြုတ်အလည်အပတ်သွားခြင်းဖြင့် ဝမ်းသာကြောင်း အကြောင်းကြားနိုင်ပါသည်။ အချို့သူတို့က ၎င်းအချိန်ကို ကြင်စဦးမောင်နှံအတွက် သင့်လျော်သည့်ကျမ်းချက်အချို့ကို တင်ပြခြင်းဖြင့် သက်သေခံဖို့ကြိုးစားကြသည်။
လောကီဆန်မည့်အစား ဝိညာဉ်ရေးလွှမ်းမိုးသည့် ထိမ်းမြားမင်္ဂလာပွဲတစ်ခုသည် ယေဟောဝါအား အမှန်ဂုဏ်တင်ပါလိမ့်မည်။ ဤလောက၏အယူသီးမှုများနှင့် အပျော်ကြူးမှုများမှ သီးခြားနေခြင်း၊ ယင်းကြောင့် ပုံမှန်လုပ်နေကျ သီအိုကရက်တစ်လုပ်ငန်းများကို မပျက်စေခြင်း၊ ဂုဏ်ပကာသနအစား တော်ရုံသင့်ရုံပြုမူခြင်းအားဖြင့် ခရစ်ယာန်များပျော်ရွှင်နိုင်ကြပါမည်။ ထို့အပြင် ၎င်းအချိန်အခါကို ကြည်နူးစင်ကြယ်သောသဘောနှင့် ပြန်ပြောင်းစဉ်းစားနိုင်ပါလိမ့်မည်။ ဉာဏ်ပညာနှင့် အကျိုးသင့်အကြောင်းသင့်သဘောကို တင်ပြခြင်းဖြင့် ကျွန်ုပ်တို့၏ခရစ်ယာန်မင်္ဂလာပွဲများသည် နှလုံးရိုးဖြောင့်သည့် တက်ရောက်သူများအတွက် သက်သေခံချက်ဖြစ်ပါလေစေ။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ဒေသခံမင်္ဂလာပွဲထုံးစံမှန်သမျှကို အဆင်အခြင်မဲ့မလိုက်နာကြပါ