မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့အတွက် နှစ်၏ အပျော်ရွှင်ရဆုံးအခါသမယမှာ ခရစ္စမတ်ရာသီပင်ဖြစ်၏။ ထိုအချိန်သည် အဖိုးထိုက်၍ မြိုင်ဆိုင်စွာတည်ခင်းထားသော စားသောက်ဖွယ်ရာများ၊ စံထားထိုက်သောထုံးတမ်းစဉ်လာများနှင့် မိသားစုသိုက်သိုက်ဝန်းဝန်းရှိကြသည့် အခါသမယတစ်ခုဖြစ်သည်။ ခရစ္စမတ်ပွဲနေ့ဟူသည် မိတ်ဆွေနှင့် ဆွေမျိုးသားချင်းများက ကတ်များနှင့် လက်ဆောင်များကို ပျော်ရွှင်စွာလဲလှယ်ကြသည့် အခါသမယတစ်ခုလည်းဖြစ်၏။
သို့သော် လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ ခန့်ကပင် ခရစ္စမတ်သည် အလွန်ကွဲပြားခြားနားသော ပွဲနေ့တစ်ခုဖြစ်ခဲ့သည်။ ခရစ္စမတ်အတွက်တိုက်ပွဲ ဟူသည့် မိမိ၏စာအုပ်တွင် သမိုင်းပါမောက္ခ စတီဗင် နစ္စဘောန်ကဤသို့ရေးသားခဲ့သည်– “ခရစ္စမတ်ဟူသည် . . . ဒီဇင်ဘာမာဒီဂရားပွဲကဲ့သို့သောပွဲတော်တစ်မျိုးတွင် ခေတ္တအထိန်းအကွပ်မဲ့ စည်းကမ်းမရှိ ‘ပျော်ရွှင်မြူးထူး’ ကာအကြီးအကျယ်သောက်စားမူးယစ်သည့် အချိန်အခါတစ်ခုဖြစ်ခဲ့သည်။”
ဤဖော်ပြချက်သည် ခရစ္စမတ်ပွဲကို ရိုသေလေးစားစွာ ရှုမြင်ခဲ့ကြသူများအတွက် အနှောင့်အယှက်ဖြစ်ပေမည်။ ဘုရားသခင့်သားတော်၏မွေးနေ့ကို ဂုဏ်ပြုဖို့ရည်စူးသည့် ပွဲနေ့တစ်ခုကို မည်သူက အဘယ်ကြောင့်မလေးမစားပြုပါမည်နည်း။ ထိုမေးခွန်း၏အဖြေက သင့်ကို အံ့အားသင့်စေနိုင်ပါသည်။
မှားယွင်းသောအခြေခံ
စတုတ္ထရာစုတွင် ခရစ္စမတ်ပွဲအစပြုချိန်မှစ၍ ယင်းသည် အငြင်းပွားမှုများနှင့် ဝိုင်းဝိုင်းလည်နေခဲ့သည်။ ဥပမာ ယေရှု၏မွေးနေ့နှင့်ပတ်သက်သော မေးခွန်းဖြစ်သည်။ သမ္မာကျမ်းစာတွင် ယေရှုမွေးသည့်နေ့ကိုသော်လည်းကောင်း၊ လကိုသော်လည်ကောင်း အတိအကျမဖော်ပြထားသောကြောင့် ရက်စွဲအမျိုးမျိုးကို အကြံပြုတင်ပြခဲ့ကြ၏။ တတိယရာစုတွင် အီဂျစ်လူမျိုးဓမ္မပညာရှင်အုပ်စုတစ်စုက မေ ၂၀ ရက်နေ့ကို သတ်မှတ်ကြသော်လည်း အခြားသူတို့ကမူ ယင်းရက်ထက်စောစောဖြစ်သည့် မတ်လ ၂၈၊ ဧပြီ ၂ သို့မဟုတ် ဧပြီ ၁၉ ကဲ့သို့သောရက်များတွင် ထားချင်ကြသည်။ ၁၈ ရာစုနှစ်တိုင်လေသော် ယေရှု၏မွေးနေ့သည် လတိုင်းနှင့် ဆက်စပ်လျက်သားဖြစ်ခဲ့သည်! သို့ဖြစ်လျှင် ဒီဇင်ဘာ ၂၅ ကို နောက်ဆုံးမည်သို့ရွေးလိုက်ကြသနည်း။
ဒီဇင်ဘာ ၂၅ ကိုယေရှု၏မွေးနေ့အဖြစ် ကက်သလစ်ချာ့ချ်က သတ်မှတ်ခဲ့ကြောင်း ပညာရှင်အများစုက သဘောတူကြသည်။ အဘယ်ကြောင့်နည်း။ “အများဆုံးဖြစ်နိုင်သည့်အကြောင်းမှာ ကနဦးခရစ်ယာန်များသည် ထိုရက်စွဲကို အယူမှားသောရောမပွဲတော်ဖြစ်သည့် ‘မရှုံးနိမ့်နိုင်သောနေ၏မွေးနေ့ပွဲ’ နှင့်တစ်ထပ်တည်းကျစေလိုသည့်အတွက်ဖြစ်၏” ဟုဗြိတဲန်နစ်ကာ စွယ်စုံကျမ်းသစ်ကဆိုသည်။ သို့သော် ခရစ်ယာန်များသည် အယူမှားသောသူများ၏ [အခြားသောသူများ၏] ရန်လိုစွာနှိပ်စက်ညှဉ်းပန်းမှုကို နှစ်ပေါင်းနှစ်ရာ့ငါးဆယ်ကျော်ခံလာခဲ့ရပြီးမှ မိမိတို့ကိုညှဉ်းပန်းသူများ၏ဆန္ဒဘက် အဘယ်ကြောင့်ရုတ်ခြည်းလိုက်သွားကြသနည်း။
ဖောက်ပြန်ခြင်းစတင်လာ
ပထမရာစုတွင် တမန်တော်ပေါလုက “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့” သည်ခရစ်ယာန်အသင်းတော်အတွင်းသို့ မသိမသာဝင်ရောက်လာပြီး များစွာသောသူတို့ကိုလမ်းလွဲစေလိမ့်မည်ဟူ၍ တိမောသေကိုသတိပေးခဲ့သည်။ (၂ တိမောသေ ၃:၁၃) ဤအယူဖောက်ပြန်မှုကြီးသည် တမန်တော်များသေဆုံးပြီးနောက် စတင်လာသည်။ (တမန်တော် ၂၀:၂၉၊ ၃၀) စတုတ္ထရာစုတွင် ကောန်စတင်တိုင်း၏ဘာသာပြောင်းခြင်းဟု သမုတ်ကြသည့်အချိန်နောက်ပိုင်း အယူမှားသူအများအပြားတို့သည် ထိုအချိန်ကလွှမ်းမိုးနေသည့် ခရစ်ယာန်ပုံစံဖမ်းဘာသာသို့ လှိမ့်ဝင်လာကြသည်။ မည်သည့်အကျိုးရလဒ်ဖြင့်နည်း။ ကနဦးခရစ်ယာန်ဘာသာနှင့်အယူမှားဝါဒ ဟူသည့်စာအုပ်က “အမှန်တကယ်ယုံကြည်သူ လူနည်းစုလေးသည် အမည်ခံခရစ်ယာန်အုပ်စုကြီးထဲတွင် ကွယ်ပျောက်သွားလေတော့သည်” ဟုဆိုသည်။
ပေါလု၏စကားများ မည်မျှမှန်ကန်လိုက်လေခြင်း! စစ်မှန်သောခရစ်ယာန်ဘာသာသည် အယူမှားသောဖောက်ပြန်ယိုယွင်းမှု၏ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ဖြစ်သည်။ ဤညစ်ညမ်းမှုသည် အခြားနေရာများထက် ပွဲနေ့များကျင်းပရာတွင် ပိုထင်ရှားနေပါသည်။
အမှန်ဆိုလျှင် ခရစ်ယာန်များကျင်းပကြရန် မိန့်မှာခြင်းခံရသည့် တစ်ခုတည်းသောပွဲမှာ သခင့်ညစာစားပွဲဖြစ်ပါသည်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) ရောမပွဲလမ်းများနှင့်ဆက်နွှယ်နေသော အရုပ်ကိုးကွယ်မှုဆိုင်ရာ အလေ့အထများကြောင့် ကနဦးခရစ်ယာန်များသည် ယင်းတို့၌မပါဝင်ကြချေ။ ထိုအကြောင်းကြောင့် တတိယရာစုမှ အယူမှားသူများက ခရစ်ယာန်များကို “သင်တို့ဟာ ပြပွဲတွေကိုမသွားကြ; ပြည်သူ့ပြပွဲတွေမှာလည်း ပါဝင်ပတ်သက်ခြင်းမရှိ; ပြည်သူ့ညစာစားပွဲတွေကို တက်ရောက်ဖို့ငြင်းဆိုပြီး ဘာသာရေးနဲ့ဆိုင်တဲ့ယှဉ်ပြိုင်ပွဲတွေကို စက်ဆုပ်ရွံရှာကြတယ်” ဟုပြစ်တင်ပြောဆိုကြသည်။ အခြားတစ်ဖက်တွင်မူ အယူမှားသူများက “ကျုပ်တို့ကတော့ ဘုရားသခင်တွေကို စားသောက်ပွဲကြီးတွေ၊ သီချင်းတွေ အားကစားပွဲတွေနဲ့ ပျော်ရွှင်စွာဝတ်ပြုကိုးကွယ်ကြတာ” ဟုဝါကြွားကြ၏။
စတုတ္ထရာစုအလယ်ပိုင်းလောက်တွင် အဆိုပါမကျေမနပ်ပြောဆိုမှုများ လျော့ပါးလာသည်။ မည်သို့အားဖြင့်နည်း။ ခရစ်ယာန်အတုအယောင်များ သိုးစုအတွင်းသို့ တဖြည်းဖြည်းပို၍များပြားစွာ ဝင်ရောက်လာသည်နှင့်အမျှ အယူဖောက်ပြန်သည့် အတွေးအခေါ်မှာလည်း ပို၍တိုးများလာလေသည်။ ယင်းက ရောမလောကကို အလျော့ပေးလိုက်လျောစေခဲ့၏။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြရာတွင် ကျွန်ုပ်တို့၏ခရစ်ယာန်ဘာသာရှိအယူမှားဝါဒ ဟူသည့်စာအုပ်က “ထုံးတမ်းစဉ်လာအရ လူများနှစ်သက်လာခဲ့သော အယူမှားသူများ၏ပွဲလမ်းများကို လွှဲပြောင်းယူကာ ယင်းတို့ကို ခရစ်ယာန်ပွဲဖြစ်အောင်ပြုလုပ်လိုက်ခြင်းသည် တိကျသောခရစ်ယာန်ပေါ်လစီတစ်ခုဖြစ်လာခဲ့သည်” ဟုဖော်ပြသည်။ မှန်ပါ၏၊ အယူဖောက်ပြန်မှုကြီးသည် ဂယက်ရိုက်နေပါသည်။ ခရစ်ယာန်အမည်ခံသူများက အယူမှားသောပွဲလမ်းများကို လိုလိုလားလားခံယူလာကြရာ လူမှုအသိုင်းအဝိုင်း၏လက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ယခုရရှိနေသည်။ မကြာမီပင် ခရစ်ယာန်တို့၌ အယူမှားသူများကဲ့သို့ နှစ်စဉ်ကျင်းပသော ပွဲတော်များရှိလာလေသည်။ ယင်းတို့အနက် ခရစ္စမတ်ပွဲသည် အရေးပါဆုံးဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပါ။
အပြည်ပြည်ဆိုင်ရာပွဲနေ့
ခရစ်ယာန်ဘာသာတရား၏ အရှိန်အဝါရှိပုံစံသည် ဥရောပတစ်ခွင် ပျံ့နှံ့သွားသည်နှင့် ခရစ္စမတ်ပွဲကိုလည်း နေရာအနှံ့ကျင်းပကြလေသည်။ ယေရှု၏မွေးနေ့ပွဲကိုဂုဏ်ပြုဖို့အတွက် ပျော်ပွဲရွှင်ပွဲတစ်ခု အမြဲပြုလုပ်ပေးရန် သင့်လျော်သည်ဟူသောအမြင်ကို ကက်သလစ်ချာ့ချ်က ခံယူခဲ့သည်။ ထိုသို့နှင့်အညီ စီ.အီး. ၅၆၇ တူးရ်ကောင်စီတွင် “ခရစ္စမတ်ပွဲမှ အီပစ်ဖာနီပွဲအထိ ၁၂ ရက်တာကာလကို ဘာသာရေးပွဲတော်ရာသီအဖြစ် ကြေညာခဲ့သည်။”—ကျောင်းနှင့်အိမ်အတွက် ကက်သလစ်စွယ်စုံကျမ်း။
မကြာမီ ခရစ္စမတ်ပွဲတွင် ဥရောပမြောက်ပိုင်းမှ ဘာသာရေးနှင့်မပတ်သက်သော ရိတ်သိမ်းပွဲများ၏ အသွင်အပြင်မြောက်မြားစွာကို ဆွဲထည့်ထားလေတော့သည်။ လူတို့သည် စားကြူးသောက်ကြူးနေကြစဉ် ဘာသာတရားကိုင်းရှိုင်းမှုထက် ပျော်ပါးမြူးထူးခြင်းကိုသာ ပို၍တွေ့ရလေ့ရှိသည်။ ချာ့ချ်သည် ၎င်းအကျင့်လျော့ရဲခြင်းကို ကန့်ကွက်မည့်အစား သဘောတူလက်ခံထားသည်။ (ရောမ ၁၃:၁၃; ၁ ပေတရု ၄:၃ နှိုင်းယှဉ်။) စီ.အီး. ၆၀၁ ခုတွင် ပုပ်ဂရယ်ဂရီ ၁ သည် အင်္ဂလန်နိုင်ငံရှိ မိမိ၏သာသနာပြုမီလတက်စ်ကို “ထိုသို့သောရှေးခေတ် အယူမှားသော ပွဲတော်များကို မတားဆီးဘဲ ယင်းတို့ကို ချာ့ချ်ထုံးတမ်းဓလေ့များအဖြစ် လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ရန်၊ ယင်းကိုကျင်းပရခြင်းအကြောင်းရင်းကို အယူမှားမှ မှခရစ်ယာန်သဘောသို့ ပြောင်းလဲပစ်ရန်သာ” စာရေးအကြောင်းကြားခဲ့သည်။ ယင်းသို့ တစ်ချိန်ကအီဂျစ်အစိုးရ ရှေးဟောင်းပစ္စည်းများ၏ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် အမှုထမ်းခဲ့သူ အာသာဝီဂဲလ်က သတင်းပေးပို့ခဲ့သည်။
အလယ်ခေတ်အတောအတွင်း ပြုပြင်ရေးစိတ်ရှိသူတို့က ယင်းသို့သောလွန်ကြူးမှုများကို ပွင့်လင်းစွာပြောဆိုဖို့လိုအပ်ကြောင်း သတိပြုမိခဲ့ကြ၏။ “ခရစ္စမတ်ပျော်ရွှင်မှုကို အလွဲသုံးစွဲခြင်း” နှင့်ပတ်သက်၍ ကန့်ကွက်စာများစွာကို သူတို့ထုတ်ဆင့်ခဲ့ကြ၏။ အမေရိကမှခရစ္စမတ်—သမိုင်းတစ်ခု ဟူသည့်သူမ၏စာအုပ်တွင် ဒေါက်တာ ပယ်နီ ရက်စ်တက်က ဤသို့ဆိုသည်– “ဓမ္မဆရာအချို့က ခရစ်ယာန်ကွပ်ကဲမှုအရိပ်အာဝါသအောက်တွင် ရှိနေသမျှကာလပတ်လုံး မစုံလင်သည့်လူသားများသည် စိတ်လွတ်ကိုယ်လွတ် မီးကုန်ယမ်းကုန်ပျော်ပါးချိန်တစ်ချိန်လိုအပ်ကြောင်း အလေးထားဖော်ပြခဲ့ကြသည်။” ယင်းသည် ပိုမိုရှုပ်ထွေးစေဖို့သာ ဖြစ်စေခဲ့သည်။ သို့သော် များစွာထူးခြားမသွားပါ၊ အကြောင်းမှာ အယူမှားသောဓလေ့ထုံးစံများသည် ခရစ္စမတ်ပွဲနှင့် အလွန်ပင်ပေါင်းစပ်ပြီးဖြစ်နေသောကြောင့် လူအများစုက မစွန့်လွှတ်လိုကြချေ။ စာရေးဆရာ ထရစ္စထရမ် ကော်ဖဲန်ကဤသို့ဆိုသည်– “လူများစွာတို့သည် သူတို့အမြဲပြုနေကျအရာများကို ဆက်ပြုလုပ်နေကြပြီး ကိုယ်ကျင့်တရားသွန်သင်ပေးသူတို့၏ အချေအတင်ဆွေးနွေးမှုများကို အလေးမထားကြချေ။”
ဥရောပသားများသည် ကမ္ဘာသစ်တွင် စ၍အခြေချချိန်တွင် ခရစ္စမတ်သည် လူသိများသောပွဲနေ့တစ်ရက်ဖြစ်ချေပြီ။ သို့သော် ကိုလိုနီများတွင် ခရစ္စမတ်ပွဲကိုလက်သင့်မခံကြချေ။ ပြူရီတန်ပြုပြင်ပြောင်းလဲရေးသမားများက ယင်းကို အယူမှားသူများ၏ အခမ်းအနားအဖြစ်ယူမှတ်ကာ မက်ဆာချူးဆက်ပြည်နယ်၌ ၁၆၅၉ နှင့် ၁၆၈၁ ခုနှစ်အတွင်းတားမြစ်ထားခဲ့ကြသည်။
အဆိုပါတားမြစ်မှုကို ရုပ်သိမ်းပြီးသည့်နောက် ခရစ္စမတ်ပွဲကျင်းပခြင်းသည် ကိုလိုနီနိုင်ငံတစ်လျှောက် အထူးသဖြင့် နယူးအင်္ဂလန်တောင်ပိုင်းတွင် တိုးများလာပါသည်။ သို့သော် ပွဲနေ့၏အတိတ်ကြောင့် လူအချို့သည် ဘုရားသခင်၏သားတော်ကို ဂုဏ်ပြုခြင်းထက် ပျော်ရွှင်ဖို့ကိုသာ ပို၍အလေးထားကြခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။ အထူးအနှောင့်အယှက်ဖြစ်စေသော ခရစ္စမတ်ထုံးစံတစ်ခုမှာ ဝေါ့စေးလင်းခေါ် သောက်စားပျော်ပါးခြင်းဖြစ်သည်။ ဆူပူသောင်းကျန်းသောလူငယ်အဖွဲ့များသည် ချမ်းသာကြွယ်ဝသည့် အိမ်နီးချင်းများအိမ်သို့ဝင်ရောက်ကာ ကျွေးမလား၊ နောက်ပြောင်ခံမလားအချိုးမျိုးဖြင့် အစားအသောက်များတောင်းဆိုကြ၏။ အိမ်ရှင်ကငြင်းဆိုမည်ဆိုပါက ကျိန်ဆဲခံရလေ့ရှိပြီး တစ်ခါတစ်ရံ သူ့အိမ်ကိုဖျက်ဆီးပစ်ကြသည်။
၁၈၂၀ ပြည့်လွန်နှစ်များတွင် “ခရစ္စမတ်ပွဲ၏ဗယောက်ဗယက်ဖြစ်မှု” သည် “ကြီးမားသောရပ်ရွာအန္တရာယ်” အမှတ်ရောက်လာသည်အထိ အခြေအနေဆိုးရွားလာကြောင်း ပါမောက္ခ နစ္စဘောန်ကဆိုသည်။ နယူးယောက်နှင့် ဖီလဒဲလ်ဖီးယားကဲ့သို့သောမြို့များတွင် ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်များသည် မိမိတို့၏ခြံမြေများကို စောင့်ရှောက်ရန် အစောင့်များကိုငှားရမ်းခဲ့ကြရသည်။ ၁၈၂၇/၂၈ ခရစ္စမတ်ရာသီအတောအတွင်း အကြမ်းဖက်ဆူပူလှုပ်ရှားမှုဖြစ်ခဲ့သောကြောင့် နယူးယောက်မြို့တွင် ပထမဆုံးကြေးစားရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ရသည်ဟုပင်ဆိုကြသည်!
ခရစ္စမတ်ပြုပြင်ပြောင်းလဲခြင်း
၁၉ ရာစုနှစ်တွင် လူသားတို့မကြုံစဖူးသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ယှက်သန်းနေသောလမ်းများနှင့် ရထားလမ်းများပေါ်ပေါက်လာသည်နှင့်အမျှ လူများ၊ ကုန်ပစ္စည်းများနှင့် သတင်းများသည် ပို၍လျင်မြန်စွာ စတင်ခရီးနှင်လာကြသည်။ စက်မှုတော်လှန်ရေးက သန်းနှင့်ချီသောအလုပ်အကိုင်များကို ဖန်တီးပေးကာ စက်ရုံများကလည်း ကုန်ပစ္စည်းအများအပြားကို မှန်မှန်ထုတ်လုပ်ပေးခဲ့သည်။ စက်မှုပညာထွန်းကားလာခြင်းက လူမှုရေးပြဿနာအသစ်အဆန်းနှင့် အရှုပ်အထွေးများကိုလည်း ဖြစ်ပေါ်စေခဲ့ရာ နောက်ဆုံးတွင် ခရစ္စမတ်ကျင်းပနည်းကိုပါ အကျိုးသက်ရောက်သွားလေသည်။
လူတို့သည် ခရစ္စမတ်ပွဲအပါအဝင် အားလပ်ရက်များကို မိသားစုနှောင်ကြိုးခိုင်မြဲစေဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပြီ။ ယင်းကိုအားပေးသူများသည် အချို့သောရှေးဟောင်းခရစ္စမတ်ထုံးစံများကို ရွေးချယ်စိစစ်ခြင်းဖြင့် ခရစ္စမတ်ပွဲကို စည်းမဲ့ကမ်းမဲ့ ပွဲလမ်းသဘင်အသွင်မျိုးမှ မိသားစုကိုဦးစားပေးသော ပွဲနေ့အသွင်မျိုးသို့ ထိထိမိမိပြောင်းလဲလိုက်ခဲ့ကြသည်။
အမှန်ဆိုလျှင် ၁၉ ရာစုနှောင်းပိုင်းတွင် ခရစ္စမတ်ပွဲကို ခေတ်သစ်အမေရိကန်ဘဝ၏ ရောဂါကာကွယ်ဆေးတစ်မျိုးအဖြစ် ရှုမြင်လာကြပါသည်။ “ပွဲနေ့အားလုံးတို့တွင် ခရစ္စမတ်ပွဲသည် အိမ်တွင်းသို့ ဘာသာတရားနှင့် ဘာသာရေးစိတ်ထားတို့ကို ပို့ဆောင်ပေးရန်နှင့် ပြည်သူလူထု၏ လွန်ကြူးမှုများ၊ ပျက်ကွက်မှုများကို တည့်မတ်ပေးရန်အတွက် အလွန်ကောင်းမွန်သော အေဂျင်စီတစ်ခုဖြစ်သည်” ဟုဒေါက်တာ ရက်စ်တက်ကဆိုသည်။ သူမက ဤသို့ထပ်ဖြည့်စွက်သည်– “လက်ဆောင်များပေးခြင်း၊ ပေးကမ်းစွန့်ကြဲသည့် ကိုယ်နှုတ်အမူအရာများ၊ ပွဲနေ့အတွင်း ခင်မင်ရင်းနှီးစွာ အပြန်အလှန်နှုတ်ဆက်ကြခြင်းနှင့် ဧည့်ခန်း သို့မဟုတ် နောက်ပိုင်းတွင် စန်းဒေးစကူးလ်ခန်းမကို အမြဲစိမ်းသစ်ပင်တစ်ပင်ဖြင့် အလှဆင်ခြင်းနှင့် ယင်းကြောင့်ရရှိသည့်ရွှင်လန်းမှုသည် ပင်မမိသားစုအသီးသီးတွင် ပါဝင်သူအချင်းချင်းနှင့်လည်းကောင်း၊ ချာ့ချ်နှင့်လည်းကောင်း လူ့အဖွဲ့အစည်းနှင့်လည်းကောင်း ပေါင်းကူးပေးပါသည်။”
အလားတူသဘောမျိုးဖြင့် ယနေ့များစွာသောသူတို့သည် တစ်ဦးအပေါ်တစ်ဦးမေတ္တာရှိကြောင်း အခိုင်အမာတင်ပြရန်နှင့် မိသားစုစည်းလုံးမှု ဆက်လက်တည်မြဲစေဖို့ နည်းလမ်းတစ်ခုအဖြစ် ခရစ္စမတ်ပွဲကိုကျင်းပကြသည်။ ဝိညာဉ်ရေးဘက်ကိုလည်း လျစ်လျူရှု၍မရပေ။ သန်းပေါင်းများစွာသောသူတို့သည် ယေရှု၏မွေးနေ့ကိုဂုဏ်ပြုဖို့အတွက် ခရစ္စမတ်ပွဲကိုကျင်းပကြပါသည်။ ချာ့ချ်အထူးဝတ်ပြုပွဲများကို သူတို့တက်ရောက်ကြပြီး ခရစ်တော်ဖွားမြင်သည့်ရှုခင်းကို အိမ်တွင်ဆင်ယင်ထားကြ၊ သို့မဟုတ် ယေရှုကိုယ်တော်တိုင်ကိုကျေးဇူးတင်ကြောင်း ဆုတောင်းကြပေမည်။ သို့သော် ထိုကိစ္စကို ဘုရားသခင်မည်သို့ရှုမြင်တော်မူသနည်း။ ၎င်းတို့သည် ကိုယ်တော့်အလိုတော်နှင့်တွေ့ပါသလော။ သမ္မာကျမ်းစာက မည်သို့ဆိုသည်ကို ဆင်ခြင်သုံးသပ်ကြည့်ပါလေ။
“သမ္မာတရားနှင့်ငြိမ်သက်ခြင်းကို မြတ်နိုးကြလော့”
ယေရှုမြေကြီးပေါ်ရှိစဉ်အခါက မိမိ၏နောက်တော်လိုက်များကို ကိုယ်တော်က ဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်သည် နာမ်ဝိညာဉ်တစ်ပါးဖြစ်တော်မူသဖြင့် ကိုယ်တော်ကိုဝတ်ပြုသောသူတို့သည် စိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ဝတ်ပြုရမည်။” (ယောဟန် ၄:၂၄၊ ကဘ) ထိုစကားများအတိုင်း ကိုယ်တော်နေထိုင်ခဲ့သည်။ သမ္မာတရားကို ကိုယ်တော်အမြဲပြောဆိုတော်မူခဲ့သည်။ မိမိ၏ခမည်းတော် “သမ္မာတရား၏ဘုရားသခင်ယေဟောဝါ” အားကိုယ်တော်လုံးလုံးလျားလျားတုပတော်မူခဲ့၏။—ဆာလံ ၃၁:၅၊ ကဘ; ယောဟန် ၁၄:၉။
ယေဟောဝါသည် လှည့်စားမှုအမျိုးမျိုးကို စက်ဆုပ်ရွံရှာတော်မူကြောင်း သမ္မာကျမ်းစာမှတစ်ဆင့် ကိုယ်တော်အတိအလင်းဖော်ပြတော်မူခဲ့သည်။ (ဆာလံ ၅:၆) ဤအချက်ကိုထောက်ရှုခြင်းဖြင့် ခရစ္စမတ်နှင့်ဆက်နွှယ်နေသည့် မြောက်မြားလှသောဓလေ့စရိုက်များသည် မှားယွင်းမှုအရိပ်သန်းနေသည့်အတွက် တလွဲစီဖြစ်မနေပေလော။ ဥပမာအနေနှင့် စဲန်တာကလော့စ်နှင့်ပတ်သက်သော ယုံတမ်းပုံပြင်အကြောင်း စဉ်းစားကြည့်ပါလေ။ နိုင်ငံပေါင်းများစွာ၌ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်လက်ခံထားသည့်အတိုင်း စဲန်တာသည် တံခါးပေါက်မှဝင်မည့်အစား မီးခိုးခေါင်းတိုင်မှဝင်ရန် အဘယ်ကြောင့်ပို၍နှစ်သက်ကြောင်း ကလေးတစ်ဦးကို သင်ရှင်းပြဖို့ကြိုးစားဖူးပါသလော။ ထို့ပြင် သန်းပေါင်းများစွာသောအိမ်များထံ တစ်ညနေတည်းတွင် စဲန်တာမည်သို့လည်ပတ်သနည်း။ ဒရယ်ပျံနှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ စဲန်တာကို တကယ့်ပုဂ္ဂိုလ်တစ်ဦးဟုယုံကြည်ရန် မိမိလှည့်စားခံခဲ့ရကြောင်း ကလေးတစ်ဦးသိလာသောအခါ သူ့မိဘများကိုယုံကြည်အားထားမှု လျော့နည်းမသွားစေပေလော။
ကက်သလစ်စွယ်စုံကျမ်းက “အယူမှားသောဓလေ့ထုံးစံများသည် . . . ခရစ္စမတ်ပွဲသို့စိမ့်ဝင်လာခဲ့သည်” ဟုရှင်းလင်းစွာ ဖော်ပြထားသည်။ သို့ဖြစ်လျှင် . . . ချာ့ချ်နှင့် အခြားခရစ်ယာန်ဘောင်ချာ့ချ်များသည် ခရစ်ယာန်ရင်းမြစ်မဟုတ်သည့် ဓလေ့ထုံးစံများရောယှက်နေသော ပွဲနေ့တစ်ခုကို အဘယ်ကြောင့် မပျောက်မပျက်တည်ရှိစေကြရပါသနည်း။ ယင်းသို့ပြုခြင်းသည် အယူမှားသောသွန်သင်ချက်များကို ခွင့်လွှတ်ကြောင်း ညွှန်ပြမနေပေလော။
ယေရှုမြေကြီးပေါ်ရှိစဉ်အခါက မိမိအားကိုးကွယ်ရန် လူတို့ကိုမတိုက်တွန်းခဲ့ပါ။ ယေရှုကိုယ်တော်တိုင်က ဤသို့မိန့်တော်မူခဲ့သည်– “သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်။” (မဿဲ ၄:၁၀) အလားတူ ယေရှုသည် ကောင်းကင်တွင်ဘုန်းထင်ရှားပြီးသည်နောက် ဝတ်ပြုကိုးကွယ်သည့်ကိစ္စနှင့်ပတ်သက်၍ လုံးဝပြောင်းလဲမှုမရှိကြောင်း ဖော်ပြသည့်အနေနှင့် “ဘုရားသခင်ကိုကိုးကွယ်” ရန်ကောင်းကင်တမန်တစ်ပါးက တမန်တော်ယောဟန်ကို ပြောကြားခဲ့သည်။ (ဗျာဒိတ် ၁၉:၁၀) ယင်းက ယေရှုသည် ခရစ္စမတ်အချိန်အခါ၌ မိမိခမည်းတော်ထံမဟုတ်ဘဲ မိမိအားရည်စူးသည့် ဝတ်ပြုရေးဆိုင်ရာအပ်နှံမှုများအားလုံးကို ကိုယ်တော်နှစ်သက်ပါမည်လောဟူသည့် မေးခွန်းကိုပေါ်လာစေသည်။
မျက်မှောက်ခေတ် ခရစ္စမတ်ပွဲများနှင့်ပတ်သက်သော အဖြစ်မှန်များသည် နှစ်မြို့ဖွယ်မကောင်းလှသည်မှာ ရှင်းနေပါသည်။ ယင်းသည် သိက္ခာမဲ့သောအတိတ်ကာလကိုညွှန်ပြသည့် အလွန်ထင်ရှားသော ထွင်ထားသည့်ပွဲတစ်ခုဖြစ်သည်။ ထို့ကြောင့် သန်းပေါင်းများစွာသောခရစ်ယာန်တို့သည် ကြည်လင်သောအသိစိတ်ပေါ်တွင်အခြေပြုပြီး ခရစ္စမတ်ပွဲကိုမကျင်းပရန် စိတ်ဆုံးဖြတ်ခဲ့ကြပြီ။ ဥပမာ၊ ရိုင်ယန်အမည်ရှိလူငယ်တစ်ဦးက ခရစ္စမတ်ပွဲနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “လူတွေဟာ တစ်နှစ်အတွင်း မိသားစုတွေအတူစုရုံးပြီး အားလုံးပျော်ရွှင်ကြတဲ့ ရက်အနည်းငယ်အတွက် အရမ်းစိတ်လှုပ်ရှားကြတယ်။ ဒါပေမဲ့ အဲဒါက ဘာများထူးဆန်းလို့လဲ။ ကျွန်တော့်မိဘတွေက တစ်နှစ်လုံးလုံးကျွန်တော့်ကို လက်ဆောင်တွေပေးနေတာပဲ!” ၁၂ နှစ်အရွယ် အခြားလူငယ်တစ်ဦးကဤသို့ဆိုသည်– “နစ်နာဆုံးရှုံးတယ်လို့ ကျွန်မမခံစားရပါဘူး။ လက်ဆောင်တွေဝယ်ပေးရမယ်လို့ လူတွေယူမှတ်တဲ့ အထူးနေ့တစ်နေ့မှပဲမဟုတ်ဘဲ တစ်နှစ်လုံးလုံး ကျွန်မလက်ဆောင်တွေရနေပါတယ်။”
“သမ္မာတရားနှင့် ငြိမ်သက်ခြင်းကိုမြတ်နိုး” ရန်ဣသရေလအမျိုးသားချင်းတို့ကို ပရောဖက်ဇာခရိတိုက်တွန်းခဲ့သည်။ (ဇာခရိ ၈:၁၉၊ ကဘ) ကျွန်ုပ်တို့သည် ဇာခရိနှင့် ရှေးအချိန်မှ အခြားသစ္စာရှိသူများကဲ့သို့ “သမ္မာတရားကိုမြတ်နိုး” မည်ဆိုလျှင် “အသက်နှင့်ပြည့်စုံလျက် မှန်တော်မူသောဘုရားသခင်” ယေဟောဝါ၏ဂုဏ်တော်ကို ညှိုးနွမ်းစေမည့် မည်သည့်မှားယွင်းသောဘာသာရေးပွဲနေ့ကိုမဆို ကျွန်ုပ်တို့မရှောင်သင့်ပေလော။—၁ သက်သာလောနိတ် ၁:၉။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“နစ်နာဆုံးရှုံးတယ်လို့ ကျွန်မမခံစားရပါဘူး။ တစ်နှစ်လုံးလုံး ကျွန်မလက်ဆောင်တွေရနေပါတယ်”