ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁/၁ စာ. ၁၂-၁၇
  • ‘သင့်စိတ်နှလုံးသည် ငါ့စိတ်နှလုံးနှင့် ညီညွတ်သလော’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သင့်စိတ်နှလုံးသည် ငါ့စိတ်နှလုံးနှင့် ညီညွတ်သလော’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခေတ်သစ်ယေဟုနှင့် ခေတ်သစ်ယောနဒပ်
  • ဇွဲဖြင့်ဟောပြောနေဆဲပင်
  • ခိုင်မြဲစွာရပ်တည်ခြင်း
  • ထူးခြားသောသတိရအောက်မေ့ပွဲ
  • “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍”
  • ‘ရထားထဲတွင်နေခြင်း’
  • ယေဟု စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “ယေဟောဝါ၏နေ့” တွင် မည်သူကပ်ကျော်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ပြတ်ပြတ်သားသား လုပ်ဆောင်ရမည့်အချိန်သည် ယခုပင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိဖုရားဆိုးကို အပြစ်ပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁/၁ စာ. ၁၂-၁၇

‘သင့်စိတ်နှလုံးသည် ငါ့စိတ်နှလုံးနှင့် ညီညွတ်သလော’

“ငါနှင့်အတူလိုက်၍ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဘက်၌ စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့။” —၄ ဓမ္မရာဇဝင် ၁၀:၁၆။

၁၊ ၂။ (က) ဣသရေလနိုင်ငံ၏ဘာသာရေးအခြေအနေသည် မည်သို့ပို၍ပို၍ဆိုးရွားသွားသနည်း။ (ခ) ဘီ.စီ.အီး. ၉၀၅ ခုနှစ်တွင် ဣသရေလနိုင်ငံ၌ အဘယ်ထူးခြားသည့်ပြောင်းလဲမှုများ ဖြစ်ပျက်တော့မည်ဖြစ်သနည်း။

ဘီ.စီ.အီး. ၉၀၅ ခုနှစ်သည် ဣသရေလနိုင်ငံ၌ မဟာပြောင်းလဲမှုဖြစ်ပျက်ခဲ့သည့်အချိန်ဖြစ်သည်။ လွန်ခဲ့သည့်နှစ် ၁၀၀ နီးပါးက ယေဟောဝါသည် ရှောလမုန်၏အယူဖောက်ပြန်မှုကြောင့် စည်းလုံးသောဣသရေလနိုင်ငံကို ကွဲပြားစေတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၁:၉-၁၃) ထိုအချိန်တွင် တောင်ပိုင်းနိုင်ငံ၊ ယုဒပြည်ကို ရှောလမုန်၏သားရောဗောင်အုပ်စိုးပြီး မြောက်ပိုင်းနိုင်ငံ၊ ဣသရေလပြည်မှာမူ ဧဖရိမ်အမျိုးသား ယေရောဗောင်ဘုရင်၏လက်အောက်ရောက်ရှိနေခဲ့သည်။ ဝမ်းနည်းစရာမှာ မြောက်ပိုင်းနိုင်ငံတွင် ဘေးဒုက္ခကြီးစတင်ကျရောက်လာခြင်းဖြစ်သည်။ ယေရောဗောင်သည် မိမိ၏တိုင်းသူပြည်သားများ ဒါဝိဒ်အမျိုးအနွယ်ဘက်သို့ပြောင်းသွားရန် အကြံဉာဏ်ရသွားမည်ကိုစိုးရိမ်၍ ဗိမာန်တော်တွင်ဝတ်ပြုရန် သူတို့ကို တောင်ပိုင်းနိုင်ငံသို့မသွားစေလိုပါ။ ထို့ကြောင့် သူသည် ဣသရေလပြည်တွင် နွားသငယ်ကိုးကွယ်မှုကိုတည်ထောင်ပြီး ဤသို့ဖြင့် မြောက်ပိုင်းနိုင်ငံ၏သမိုင်းတစ်လျှောက်တွင် အတန်ကြာတည်မြဲခဲ့သည့် အရုပ်ကိုးကွယ်မှုပုံစံတစ်ခုကို ချမှတ်ခဲ့ပါသည်။—၃ ဓမ္မရာဇဝင် ၁၂:၂၆-၃၃။

၂ ဩမရိ၏သားအာဟပ်သည် ဘုရင်ဖြစ်လာသောအခါ အခြေအနေပိုဆိုးရွားလာပါသည်။ သူ၏ တစ်ပါးအမျိုးသမီးဖြစ်သူ ဇနီးယေဇဗေလသည် ဗာလဝတ်ပြုရေးကို မြေတောင်မြှောက်ပေးပြီး ယေဟောဝါ၏ပရောဖက်များကို သတ်ပစ်ခဲ့သည်။ ပရောဖက်ဧလိယသည် ပွင့်ပွင့်လင်းလင်းသတိပေးခဲ့သော်လည်း အာဟပ်သည် သူမအား မတားဆီးခဲ့ပါ။ ဘီ.စီ.အီး. ၉၀၅ ခုနှစ်တွင် အာဟပ်သေဆုံးပြီး သားတော်ယောရံဘုရင်ဖြစ်လာလေသည်။ ယခု တိုင်းပြည်ကိုရှင်းလင်းဖို့အချိန်တန်ပြီဖြစ်သည်။ ဧလိယကိုဆက်ခံသူဧလိရှဲသည် စစ်ဘက်တပ်မှူးယေဟုအား ယေဟောဝါသည် ဣသရေလနိုင်ငံ၏နောက်ဘုရင်အဖြစ် သူ့ကိုဘိသိက်ပေးကြောင်း အသိပေးပြောကြားခဲ့သည်။ သူသည် အဘယ်တာဝန်ကိုရခဲ့သနည်း။ ဆိုးညစ်သောအာဟပ်၏အမျိုးအနွယ်ကို ရှင်းပစ်ရန်နှင့် ယေဇဗေလသွန်းခဲ့သည့် ပရောဖက်တို့၏အသွေးကို လက်စားချေရန်ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၉:၁-၁၀။

၃၊ ၄။ သူ၏စိတ်နှလုံးသည် ‘ယေဟု၏စိတ်နှလုံးနှင့်ညီညွတ်’ ကြောင်း ယောနဒပ်မည်သို့တင်ပြခဲ့သနည်း။

၃ ဘုရားသခင့်အမိန့်တော်ကိုနာခံကာ ယေဟုသည် ဆိုးညစ်သောယေဇဗေလကို သတ်ခဲ့ပြီး ယင်းနောက်တွင် အာဟပ်၏အမျိုးအနွယ်ကိုရှင်းပစ်ခြင်းဖြင့် ဣသရေလနိုင်ငံကိုရှင်းလင်းရန် စတင်လုပ်ဆောင်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၉:၁၅–၁၀:၁၄၊ ၁၇) ယင်းနောက် ထောက်ကူပေးသူတစ်ဦးနှင့်သူတွေ့ဆုံခဲ့သည်။ “ထိုအရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟုလာသော ရေခပ်သားယောနဒပ်ကိုတွေ့၍ နှုတ်ဆက်လျက်၊ ‘ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့်ညီညွတ်သကဲ့သို့ သင့်စိတ်နှလုံးသည် ငါ့စိတ်နှလုံးနှင့်ညီညွတ်သလော’ ဟုမေးလျှင်၊ ‘ညီညွတ်ပါသည်’ ဟုလျှောက်သော် ‘ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါ’ ဟုဆိုသည်အတိုင်း၊ ပေးလျှင် ယေဟုသည် မိမိအနားသို့ရထားပေါ်မှာတင်လျက် ‘ငါနှင့်အတူလိုက်၍ ထာဝရဘုရားအဖို့ ငါ့စိတ်ထက်သန်အားကြီးခြင်းကိုကြည့်ရှုလော့’ ဟုဆိုသဖြင့် မိမိရထားကိုစီးစေ၏။”—၄ ဓမ္မရာဇဝင် ၁၀:၁၅၊ ၁၆၊ သမ္မာ။

၄ ယေဟောနဒပ် (သို့မဟုတ် ယောနဒပ်) သည် ဣသရေလလူမျိုးတစ်ဦးမဟုတ်ပါ။ သို့သော်လည်း သူ၏နာမည်နှင့်အညီ (“ယေဟောဝါသည် အသင့်ရှိတော်မူသည်၊” “ယေဟောဝါသည် မြင့်မြတ်တော်မူသည်၊” သို့မဟုတ် “ယေဟောဝါသည် ရက်ရောတော်မူသည်” ဟုအဓိပ္ပာယ်ရှိ) သူသည် ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်ခဲ့ပါသည်။ (ယေရမိ ၃၅:၆) ယေဟု၏ ‘ယေဟောဝါဘက်၌စိတ်အားကြီး’ မှုကို သူအလွန်တွေ့ မြင်လိုခဲ့ကြောင်း သေချာပါသည်။ ကျွန်ုပ်တို့မည်သို့သိရသနည်း။ သူသည် ဣသရေလနိုင်ငံ၏ဘိသိက်ခံဘုရင်နှင့် အမှတ်မထင်တွေ့ဆုံခဲ့ရခြင်းမဟုတ်ပါ။ ယောနဒပ်သည် “ခရီးဦးကြိုပြု” ရန်လာနေခြင်းဖြစ်ပြီး ယေဇဗေလနှင့် အာဟပ်၏အမျိုးအနွယ်မှအခြားသူများကို ယေဟုသတ်ပြီးသည့်အချိန်တွင် ဤသို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ရထားပေါ်တက်ရန် ယေဟု၏ဖိတ်ခေါ်ချက်ကိုယောနဒပ်လက်ခံချိန်တွင် အဘယ်အမှုဖြစ်ပျက်နေသည်ကို ယောနဒပ်သိပါသည်။ သူသည် မှားယွင်းသောဝတ်ပြုရေးနှင့် စစ်မှန်သောဝတ်ပြုရေးကြား ဤပဋိပက္ခ၌ ယေဟုနှင့်ယေဟောဝါဘက်တွင်ရှိကြောင်း သိသာထင်ရှားပါသည်။

ခေတ်သစ်ယေဟုနှင့် ခေတ်သစ်ယောနဒပ်

၅။ (က) လူသားအားလုံးအတွက် မကြာမီ အဘယ်ပြောင်းလဲမှုများ ဖြစ်ပျက်တော့မည်နည်း။ (ခ) မည်သူသည် သာ၍ကြီးမြတ်တော်မူသောယေဟုဖြစ်ပြီး ကမ္ဘာပေါ်တွင် ကိုယ်တော်အား မည်သူကိုယ်စားပြုသနည်း။

၅ လွန်ခဲ့သည့် ဘီ.စီ.အီး. ၉၀၅ ခုနှစ်က ဣသရေလနိုင်ငံတွင်ဖြစ်ခဲ့သကဲ့သို့ ယနေ့လူသားအားလုံးအတွက် အခြေအနေများသည် မကြာမီအကြီးအကျယ်ပြောင်းလဲတော့မည်ဖြစ်သည်။ [ဗာဗုလုန်] ဘာသာအပါအဝင် စာတန့်သြဇာလွှမ်းမိုးမှုကြောင့် ပေါ်ပေါက်နေသည့်ရလဒ်ဆိုးအားလုံးကို မြေကြီးပေါ်မှ ယေဟောဝါသုတ်သင်ရှင်းလင်းတော်မူမည့်အချိန်သည် ယခုနီးကပ်နေပြီဖြစ်သည်။ မည်သူသည် ခေတ်သစ်ယေဟုဖြစ်သနည်း။ ယေရှုခရစ်ပင်ဖြစ်သည်၊ ဤပရောဖက်ပြုချက်စကားများက ကိုယ်တော်အား ရည်ညွှန်းရေးထားခြင်းဖြစ်သည်– “တန်ခိုးကြီးသောအရှင်၊ ဘုန်းအသရေတော်ဖြစ်သော ကိုယ်တော်၏ဓားကို ပေါင်တော်၌စည်းတော်မူပါ။ သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားကြောင့်၊ အသရေတော်ထင်ရှားလျက်၊ အောင်မြင်၍ စီးသွားတော်မူပါ။” (ဆာလံ ၄၅:၃၊ ၄) “ဘုရားသခင့်ပညတ်တော်များကိုစောင့်ရှောက်၍၊ ယေရှုအကြောင်းသက်သေခံမြဲခံရသူ” “ဘုရားသခင်၏ဣသရေလ၊” ဘိသိက်ခံခရစ်ယာန်များသည် ကမ္ဘာပေါ်တွင် ယေရှုကိုကိုယ်စားပြုကြပါသည်။ (ဂလာတိ ၆:၁၆; ဗျာဒိတ် ၁၂:၁၇၊ သမ) ၁၉၂၂ ကတည်းက ယေရှု၏ ဤဘိသိက်ခံညီတော်များသည် ကျရောက်တော့မည့် ယေဟောဝါ၏တရားစီရင်ချက်များကို သတ္တိရှိရှိသတိပေးခဲ့ကြပါသည်။—ဟေရှာယ ၆၁:၁၊ ၂; ဗျာဒိတ် ၈:၇–၉:၂၁; ၁၆:၂-၂၁။

၆။ ဘိသိက်ခံခရစ်ယာန်များကိုထောက်ကူရန် မည်သူတို့သည် လူမျိုးများထဲမှထွက်လာကြသနည်း၊ သူတို့သည် သာ၍ကြီးမြတ်တော်မူသောယေဟု၏ရထားထဲဝင်ဘိသကဲ့သို့ မည်သို့ပြုခဲ့ကြပြီနည်း။

၆ ဘိသိက်ခံခရစ်ယာန်များသည် အဖော်မရှိထီးတည်းကြီးဖြစ်မနေခဲ့ကြပါ။ ယောနဒပ်သည် ယေဟုကိုခရီးဦးကြိုပြုရန်ထွက်လာသကဲ့သို့ လူမျိုးများမှ များစွာသောသူတို့သည် စစ်မှန်သောဝတ်ပြုရေးအတွက်ရပ်တည်ရာတွင် သာ၍ကြီးမြတ်တော်မူသောယေဟုဖြစ်သူယေရှုနှင့် ကိုယ်တော်၏မြေကြီးကိုယ်စားလှယ်များကို ထောက်ကူပေးရန် ထွက်လာကြပါသည်။ (ဇာခရိ ၈:၂၃) မိမိ၏ “အခြားသိုး” ဟုယေရှု၏ခေါ်ဆိုခံခဲ့ရသူများသည် ၁၉၃၂ ခုနှစ်တွင် ရှေးခေတ်ယောနဒပ်၏ ခေတ်သစ်လူစုအဖြစ် အသိအမှတ်ပြုခံရပြီး ခေတ်သစ်ယေဟု၏ ‘ရထားပေါ်တက်’ ရန်ဖိတ်ခေါ်ခံရကြပါသည်။ (ယောဟန် ၁၀:၁၆) မည်သို့အားဖြင့်နည်း။ “ဘုရားသခင့်ပညတ်တော်များကိုစောင့်ရှောက်” ပြီး “ယေရှုအကြောင်းသက်သေခံ” ခြင်းတွင် ဘိသိက်ခံများနှင့်အတူပါဝင်ခြင်းအားဖြင့်ဖြစ်သည်။ မျက်မှောက်ခေတ်၌ ၎င်းတွင် ဘုရင်အဖြစ်ယေရှုအုပ်စိုးသည့် တည်ထောင်ပြီးသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း ပါဝင်ပါသည်။ (မာကု ၁၃:၁၀) ၁၉၃၅ တွင်ဤ “ယောနဒပ်များ” သည်ဗျာဒိတ် ၇:၉-၁၇ ပါ “လူအုပ်ကြီး” အဖြစ်သတ်မှတ်ဖော်ပြခံရပါသည်။

၇။ ယနေ့ခရစ်ယာန်များသည် ယေရှု၏စိတ်နှလုံးနှင့် မိမိတို့၏ ‘စိတ်နှလုံးညီညွတ်နေဆဲ’ ဖြစ်ကြောင်း မည်သို့ပြသခဲ့ကြပြီနည်း။

၇ ၁၉၃၀ ပြည့်လွန်နှစ်များကတည်းက လူအုပ်ကြီးနှင့် ၎င်းတို့၏ဘိသိက်ခံညီအစ်ကိုများသည် စစ်မှန်သောဝတ်ပြုရေးဘက် သူတို့၏ရပ်တည်မှုကို ရဲရဲရင့်ရင့်သက်သေထူခဲ့ကြပါသည်။ အရှေ့နှင့်အနောက်ဥရောပ၊ အရှေ့ဖျားဒေသနှင့် အာဖရိကရှိတိုင်းပြည်အချို့တွင် များစွာသောသူတို့သည် မိမိတို့၏ယုံကြည်ခြင်းအတွက် သေဆုံးခဲ့ကြရသည်။ (လုကာ ၉:၂၃၊ ၂၄) အခြားတိုင်းပြည်များတွင်မူ ထောင်ချခြင်း၊ လူအုပ်၏ရမ်းကားမှုကိုခံရခြင်း၊ တစ်နည်းနည်းဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ကြရသည်။ (၂ တိမောသေ ၃:၁၂) ယုံကြည်ခြင်းဆိုင်ရာ မှတ်တမ်းကောင်းပါတကား! ထို့အပြင် ၁၉၉၇ လုပ်ငန်းတော်နှစ်မှတ်တမ်းက သူတို့သည် မည်သို့ပင်ခံရစေကာမူ ဘုရားသခင့်အမှုတော်ဆောင်ရန် သန္နိဋ္ဌာန်ချထားတုန်းပင်ဖြစ်ကြောင်း ဖော်ပြပါသည်။ ယေရှု၏စိတ်နှလုံးနှင့် သူတို့၏ ‘စိတ်နှလုံးသည် ညီညွတ်နေဆဲ’ ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် အားလုံးနီးပါးမှာ “ယောနဒပ်များ” ဖြစ်ကြသည့် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၅,၅၉၉,၉၃၁ တို့ကယေရှုအကြောင်းသက်သေခံခြင်းလုပ်ငန်းတွင် စုစုပေါင်းနာရီ ၁,၁၇၉,၇၃၅,၈၄၁ ပါဝင်ခဲ့ကြခြင်းက ယင်းသို့ ဖြစ်ကြောင်းတင်ပြပါသည်။

ဇွဲဖြင့်ဟောပြောနေဆဲပင်

၈။ ယေဟောဝါသက်သေများသည် စစ်မှန်သောဝတ်ပြုရေးအတွက်ဇွဲရှိကြောင်း မည်သို့တင်ပြကြသနည်း။

၈ ယေဟုသည် ရထားကိုအရှိန်ပြင်းစွာနှင်သူဖြစ်သည်ဟု နာမည်ရထားခြင်းကား သူ၌ မိမိ၏တာဝန်ကိုပြီးမြောက်စေရန်ဇွဲရှိကြောင်း သာဓကတစ်ရပ်ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၉:၂၀) သာ၍ကြီးမြတ်တော်မူသောယေဟုဖြစ်သူယေရှုအား ဇွဲစိတ် ‘တောက်လောင်’ သူအဖြစ်ဖော်ပြထားပါသည်။ (ဆာလံ ၆၉:၉၊ သတင်းကောင်း) ထို့ကြောင့် ယနေ့ ခရစ်ယာန်များသည် သူတို့၏ဇွဲလုံ့လကြောင့် ကျော်ကြားကြသည်မှာ အံ့ဩစရာမဟုတ်ပါ။ အသင်းတော်အတွင်းတွင်ကော လူအများရှေ့တွင်ပါ သူတို့သည် “အခါခပ်သိမ်း အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ [ဘုရားသခင်၏] နှုတ်ကပါဌ်တရားတော်ကို ဟောပြော” ကြပါသည်။ (၂ တိမောသေ ၄:၂၊ သတင်းကောင်း) သူတို့၏ဇွဲသည် အထူးသဖြင့် အရန်ရှေ့ဆောင်လုပ်ငန်းတွင် လူများနိုင်သမျှများများပါဝင်ကြဖို့ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါဆောင်းပါးတစ်ခုက အားပေးပြီးနောက် ၁၉၉၇ ခုနှစ်၏အစောပိုင်းအချိန်အတောအတွင်းက ပေါ်လွင်ထင်ရှားခဲ့ပါသည်။ နိုင်ငံအသီးသီးတွင် အရန်ရှေ့ဆောင်များ၏ ပန်းတိုင်အရေအတွက်ကို သတ်မှတ်ထားပေးပါသည်။ တုံ့ ပြန်မှုကား အဘယ်နည်း။ အလွန်ကောင်းပါသည်! ဌာနခွဲများစွာသည် သတ်မှတ်ထားသည့်ပန်းတိုင်ကို ကျော်လွန်ခဲ့ကြသည်။ အီကွေဒေါနိုင်ငံသည် ၄,၀၀၀ ပန်းတိုင်ထားခဲ့သော်လည်း မတ်လတွင် အရန်ရှေ့ဆောင် ၆,၉၃၆ ယောက်မှတ်တမ်းသွင်းသည်။ ဂျပန်နိုင်ငံသည် ထိုသုံးလအတွင်း စုစုပေါင်း ၁၀၄,၂၁၅ ယောက်မှတ်တမ်းသွင်းခဲ့သည်။ ဇမ်ဘီယာတွင် ၆,၀၀၀ ပန်းတိုင်ထားရာ မတ်လတွင် အရန်ရှေ့ဆောင် ၆,၄၁၄ ယောက်; ဧပြီတွင် ၆,၅၃၂ ယောက်; နှင့်မေလတွင် ၇,၆၉၅ ယောက်မှတ်တမ်းသွင်းခဲ့ကြပါသည်။ ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းအများဆုံးအရန်နှင့်မှန်မှန်ရှေ့ဆောင်များမှာ ၁,၁၁၀,၂၅၁ ဖြစ်ခဲ့ပြီး ၁၉၉၆ ထက် ၃၄.၂ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်!

၉။ ယေဟောဝါသက်သေများသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းအပြင် အခြားမည်သည့်နည်းများဖြင့် သတင်းကောင်းပြောပြဖို့ လူတို့ကိုရှာကြသနည်း။

၉ တမန်တော်ပေါလုက ဧဖက်မြို့မှအကြီးအကဲများကို “သင်တို့အား အကျိုးဖြစ်ထွန်းစရာအကြောင်းများကိုပြောခြင်း၊ လူစုဝေးရာ၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သွား၍လည်းကောင်း၊ သင်တို့အားသွန်သင်ပေးခြင်းအမှုကို ငါမပြုဘဲမနေ” ဟူ၍ပြောကြားခဲ့သည်။ (တမန်တော် ၂၀:၂၀၊ ကဘ) ယနေ့ ယေဟောဝါသက်သေများသည် ပေါလု၏ပုံသက်သေကိုတုပပြီး တစ်အိမ်မှတစ်အိမ်သတင်းကောင်းကို ဇွဲနပဲဖြင့်ဟောပြောနေကြပါသည်။ သို့ရာတွင် လူများကို အိမ်တိုင်းတွင်တွေ့ရဖို့လွယ်ကူမည်မဟုတ်ပေ။ ထို့ကြောင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကဘုရားသခင့်နိုင်ငံတော်ကြေညာသူများအား လူတို့ကိုတွေ့ရှိမည့်နေရာတိုင်း—၎င်းတို့၏အလုပ်ခွင်များတွင်၊ လမ်းများတွင်၊ ပင်လယ်ကမ်းခြေနှင့်ပန်းခြံများ—တွင် လူတို့ထံချဉ်းကပ်ရန် အားပေးနေပါသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) အထူးကောင်းမွန်သည့်ရလဒ်များကို ရရှိလျက်ရှိသည်။

၁၀၊ ၁၁။ နိုင်ငံနှစ်နိုင်ငံမှကြေညာသူများသည် သာမန်အားဖြင့် အိမ်တွင်မတွေ့နိုင်သော စိတ်ဝင်စားသူများကိုရှာဖွေရာတွင် အစပြုလုပ်ဆောင်မှုကောင်းကို မည်သို့တင်ပြခဲ့ကြသနည်း။

၁၀ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ကြေညာသူအုပ်စုငယ်ကလေးတစ်ခုသည် ရထားဘူတာရုံများအပြင်ဘက်ရှိလမ်းများတွင် သက်သေခံခဲ့ကြသည်။ သူတို့သည် ဇန်နဝါရီမှဇွန်အထိ မဂ္ဂဇင်း ၄,၇၃၃ စောင်ဝေငှခဲ့ရသည်၊ လူတို့နှင့်စကားစမြည်ကောင်းစွာပြောခဲ့ရပြီး ပြန်လည်ပတ်မှုများစွာပြုလုပ်ခဲ့ကြရသည်။ ထိုတိုင်းပြည်ရှိကြေညာသူ အတော်များများသည် စတိုးဆိုင်များတွင် မဂ္ဂဇင်းလမ်းကြောင်းများရရှိခဲ့ကြသည်။ မြို့တစ်မြို့တွင် သောကြာနေ့တိုင်း ဈေးကြီးတစ်ခုရှိကာ ဧည့်သည်ထောင်နှင့်ချီ၍ရောက်လာတတ်သည်။ ထို့ကြောင့် အသင်းတော်သည် ဈေး၌ပုံမှန်သက်သေခံရန်စီစဉ်ထားပါသည်။ ဒေသတစ်ခုတွင် ကျောင်းဆရာ၊ ဆရာမများအတွက် အထူးသင့်လျော်သည့်စာပေများပါသော စာအုပ်ထုပ်များနှင့်ကျောင်းများသို့သွားရောက်လည်ပတ်ရန် စီစဉ်ထားပါသည်။

၁၁ ဟာဝိုင်ယီတွင်လည်း အိမ်တွင်မတွေ့နိုင်သူများထံရောက်ရှိရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ အထူးရပ်ကွက်များတွင် လူအများရှိသည့်နေရာများ (လမ်းများ၊ ပန်းခြံများ၊ ကားရပ်ရန်နေရာများနှင့် ကားမှတ်တိုင်များ)၊ မြို့လယ်ခေါင်များ၊ ဈေးရုံကြီးများ၊ လေယာဉ်ကွင်းများ၊ တယ်လီဖုန်းဖြင့်သက်သေခံခြင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များ (ဘတ်စကားများပေါ်ဟောခြင်း) နှင့်ကောလိပ်ကျောင်းဝင်းများပါရှိသည်။ ရပ်ကွက်တစ်ခုစီကိုတာဝန်ပေးရာတွင် သက်သေခံသူဦးရေအတော်အသင့်ဖြစ်ဖို့နှင့် တာဝန်ပေးခံရသူများကို ကောင်းစွာလေ့ကျင့်ပေးထားဖို့ အသေအချာဂရုစိုက်ရမည်ဖြစ်သည်။ နိုင်ငံများစွာတွင် ယင်းကဲ့သို့သောစည်းစနစ်ကျနစွာ ကြိုးစားလုပ်ဆောင်မှုများအကြောင်း သတင်းရရှိပါသည်။ ရလဒ်အနေနှင့် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ဘယ်အခါမျှတွေ့နိုင်ဖွယ်မရှိသောသူများနှင့် တွေ့ဆုံနေကြရသည်။

ခိုင်မြဲစွာရပ်တည်ခြင်း

၁၂၊ ၁၃။ (က) ၁၉၉၇ ခုနှစ်အတွင်း ယေဟောဝါသက်သေများကိုဆန့်ကျင်သည့် အဘယ်နည်းဗျူဟာကို စာတန်အသုံးပြုခဲ့သနည်း။ (ခ) နိုင်ငံတစ်နိုင်ငံတွင် မဟုတ်မမှန်ဝါဒဖြန့်မှုသည် မည်သည့်နည်းဖြင့် ပြောင်းပြန်အကျိုးသက်ရောက်ခဲ့သနည်း။

၁၂ ၁၉၉၇ ခုနှစ်တွင် နိုင်ငံအတော်များများ၌ ယေဟောဝါသက်သေများသည် မိမိတို့အား ဖြစ်နိုင်လျှင် တရားစွဲဆိုအရေးယူဖို့ဦးတည်ချက်ဖြင့် ဆိုးညစ်သောမဟုတ်မမှန်ဝါဒဖြန့်မှု၏ သားကောင်များဖြစ်နေကြရသည်။ သို့သော် သူတို့မတွန့်ဆုတ်ခဲ့ကြပါ! (ဆာလံ ၁၁၂:၇၊ ၈) ဆာလံဆရာ၏ဆုတောင်းချက်ကို သူတို့သတိရကြသည်– “မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ မုသားစကားကိုကြံစည်သော်လည်း၊ ကိုယ်တော်၏ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။” (ဆာလံ ၁၁၉:၆၉) ထိုသို့လူသိရှင်ကြားလိမ်ညာခြင်းသည် ယေရှုပရောဖက်ပြုခဲ့သည့်အတိုင်း ခရစ်ယာန်များသည် အမုန်းခံရမည်ဖြစ်ခြင်း၏ သာဓကတစ်ခုမျှသာဖြစ်သည်။ (မဿဲ ၂၄:၉) တစ်ခါတစ်ရံ ၎င်းသည် ပြောင်းပြန်အကျိုးသက်ရောက်ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံမှလူတစ်ဦးသည် နာမည်ကြီးနေ့စဉ်သတင်းစာတစ်စောင်တွင် ယေဟောဝါသက်သေများအကြောင်း ကဲ့ရဲ့ရှုတ်ချထားသည့်ဆောင်းပါးတစ်ခုကို ဖတ်ရသည်။ ထိုသူသည် အတင်းအဖျင်းစကားများကြောင့် တုန်လှုပ်သွားကာ နောက်တနင်္ဂနွေနေ့တွင် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု၌ စည်းဝေးတက်ခဲ့ပါသည်။ သူသည် သက်သေခံများနှင့် ကျမ်းစာလေ့လာရန်စီစဉ်ခဲ့ရာ မြန်မြန်ဆန်ဆန်တိုးတက်လာသည်။ ယခင်က ဤသူသည် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်ခဲ့သည်။ ကျမ်းစာလေ့လာခြင်းက သူ့ဘဝကိုပြုပြင်ပြောင်းလဲရန်ကူညီပေးခဲ့ကြောင်းကို သူ့ဝန်းကျင်ရှိလူများက သတိပြုမိခဲ့ကြသည်။ အတင်းအဖျင်းပြောဆိုထားသည့် ဆောင်းပါးရှင်သည် ထိုသို့သောရလဒ်ပေါ်ပေါက်လာလိမ့်မည်ဟု ထင်ခဲ့မည်မဟုတ်သည်မှာသေချာပါသည်!

၁၃ ဘယ်လ်ဂျီယံနိုင်ငံရှိ နှလုံးရိုးဖြောင့်သူအချို့သည် လိမ်ညာထားသောထိုဝါဒဖြန့်မှုကို ဆန့်ကျင်၍ သတ္တိရှိရှိကန့်ကွက်ပြောဆိုခဲ့ကြပါသည်။ ထိုသူတို့အထဲမှတစ်ဦးမှာ ယေဟောဝါသက်သေများ၏လုပ်ဆောင်ပြီးမြောက်မှုကို အလွန်ကြည်ညိုလေးစားကြောင်းဝန်ခံသူ ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည်။ ပါလီမန်လူကြီးတစ်ဦးက ဤသို့ရေးခဲ့သည်– “ရံဖန်ရံခါသတင်းဖြန့်တတ်သည့် စောင်းချိတ်ပြောဆိုမှုများနှင့်တခြားစီဖြစ်ကာ [ယေဟောဝါသက်သေများ] သည်အစိုးရအဖွဲ့အစည်းများကို အန္တရာယ်ပြုမည့်ပုံလုံးဝမရှိကြောင်း ကျွန်ုပ်တွေ့ မြင်ပါသည်။ သူတို့သည် ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသော၊ တာဝန်သိတတ်သော၊ အာဏာပိုင်များကိုလေးစားသောနိုင်ငံသားများဖြစ်ကြပါသည်။” တမန်တော်ပေတရု၏ ဤစကားများသည် အမှန်ပင်ပညာအမြော်အမြင်ရှိပေသည်– “လူမျိုးများသည် သင်တို့ကိုအဆိုးပြုကျင့်သူများဟူ၍ ကဲ့ရဲ့ပြစ်တင်ကြသည့်အမှုမှာ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်များကို သူတို့သည် ကြည့်မြင်ထောက်ရှု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြမည်အကြောင်း သူတို့ရှေ့၌တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။”—၁ ပေတရု ၂:၁၂၊ ကဘ။

ထူးခြားသောသတိရအောက်မေ့ပွဲ

၁၄။ ၁၉၉၇ ခုနှစ်တွင် သတိရအောက်မေ့ပွဲတက်ရောက်သူများနှင့်စပ်လျဉ်းသည့် စိတ်တက်ကြွဖွယ်မှတ်တမ်းအချို့ကား အဘယ်နည်း။

၁၄ ယေရှုအကြောင်းသက်သေခံသူများသည် မိမိတို့၏တစ်နှစ်တာတွင် ကိုယ်တော်၏သေခြင်းဆိုင်ရာသတိရအောက်မေ့ပွဲကို အလွန်အရေးပါသောဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်သင့်သည်မှာ လျောက်ပတ်ပေသည်။ ၁၉၉၇ ခုနှစ်၊ မတ် ၂၃ ရက်နေ့တွင် ဤပွဲတော်ကိုကျင်းပရာ လူပေါင်း ၁၄,၃၂၂,၂၂၆ ယောက်တက်ရောက်ခဲ့ကြပါသည်။ ယင်းသည် ၁၉၉၆ တွင်ထက် ၁,၄၀၀,၀၀၀ ပိုများသည်။ (လုကာ ၂၂:၁၄-၂၀) တိုင်းပြည်များစွာတွင် သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်သည် ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက်ထက် များစွာသာလွန်ပြီး အနာဂတ်တိုးတက်မှုအတွက် အလားအလာကောင်းများရှိကြောင်း ဖော်ပြပါသည်။ ဥပမာ၊ ဟေတီတွင် ၁၉၉၇ ခုနှစ်၌ အမြင့်ဆုံးကြေညာသူနှုန်း ၁၀,၆၂၁ ယောက်ရရှိပြီး သတိရအောက်မေ့ပွဲကို ၆၇,၂၅၉ ယောက်တက်ရောက်ခဲ့သည်။ သင်သည် စာမျက်နှာ ၁၈ မှ ၂၁ တွင်ပါသည့် နှစ်စဉ်မှတ်တမ်းကိုစစ်ဆေးကြည့်ပြီး အခြားအဘယ်နိုင်ငံများတွင်လည်း အလားတူပင် ကြေညာသူအရေအတွက်နှင့်နှိုင်းယှဉ်လျှင် တက်ရောက်သူအရေအတွက်က ပိုများကြောင်းတွေ့ရှိနိုင်ပေမည်။

၁၅။ တိုင်းပြည်အချို့တွင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် သတိရအောက်မေ့ပွဲကျင်းပရာတွင် ကြုံတွေ့ခဲ့ရသည့် ကြီးလေးသောပြဿနာများကို မည်သို့အောင်မြင်စွာကျော်လွှားခဲ့သနည်း။

၁၅ အချို့သူတို့အတွက် သတိရအောက်မေ့ပွဲတက်ရန် မလွယ်ကူပေ။ အယ်လ်ဘေးနီးယားတွင် ပြည်တွင်းဆူပူအုံကြွမှုကြောင့် ည ၇ နာရီအပြင်မထွက်ရအမိန့်ထုတ်ထားပါသည်။ နိုင်ငံတစ်ဝန်းရှိအုပ်စုငယ်ပေါင်း ၁၁၅ ခုတွင် သတိရအောက်မေ့ပွဲကို ညနေ ၅:၄၅ အချိန်တွင်စတင်ခဲ့ရပါသည်။ ညနေ ၆:၀၈ အချိန်တွင်နေဝင်ခဲ့ရာ နိသန်လ ၁၄ ရက်စတင်ကြောင်း မှတ်သားဖော်ပြပါသည်။ အထိမ်းအမှတ်များကို ညနေ ၆:၁၅ ခန့်တွင် လက်ဆင့်ကမ်းဝေငှခဲ့ကြသည်။ နေရာအများတွင် နောက်ဆုံးဆုတောင်းချက်ကို ညနေ ၆:၃၀ အချိန်၌ တောင်းလျှောက်ရပြီး တက်ရောက်လာကြသူများသည် အမိန့်ထုတ်ထားသည့်အချိန်မတိုင်မီ အိမ်သို့သုတ်ခြေတင်ကြရပါသည်။ သို့တိုင် အမြင့်ဆုံးကြေညာသူနှုန်း ၁,၀၉၀ နှင့်နှိုင်းယှဉ်လျှင် သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်သည် ၃,၁၅၄ ဖြစ်ပါသည်။ အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းဆူပူအုံကြွမှုကြောင့် ဘုရားသခင့်နိုင်ငံတော်ခန်းမကိုအသုံးပြုခွင့်မရပါ၊ ထို့ကြောင့် အကြီးအကဲနှစ်ဦးသည် ပို၍ငယ်သည့်အုပ်စုများဖြင့် ပွဲတော်ကျင်းပဖို့စီစဉ်ရန် တတိယအကြီးအကဲတစ်ဦး၏အိမ်တွင်တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ကြပါသည်။ အိမ်သို့ပြန်ရောက်ရန် အကြီးအကဲနှစ်ဦးသည် ရေနုတ်မြောင်းတစ်ခုကိုဖြတ်ကူးကြရသည်။ သို့သော်လည်း ထိုနေရာတွင် တိုက်ပွဲဖြစ်နေပြီး ချောင်း၍ပစ်ခတ်သူများသည် ရေမြောင်းကိုဖြတ်ကူးဖို့ကြိုးစားသူ မည်သူကိုမဆိုပစ်ခတ်လေသည်။ အကြီးအကဲတစ်ဦးသည် ထိခိုက်မှုမရှိပဲ အမြန်အဆန်ဖြတ်ကူးလိုက်နိုင်ခဲ့ပါသည်။ ဒုတိယအကြီးအကဲမှာမူ သူဖြတ်ကူးနေစဉ် ပစ်ခတ်သံကိုကြားခဲ့သည်။ ခေါင်းပေါ်မှကျည်ဆံများဝှီးကနဲဖြတ်သွားစဉ် မြေပေါ်ဝပ်ချလိုက်ပြီး လုံခြုံရာသို့တွား၍သွားရလေသည်။ အကြီးအကဲစည်းဝေးကို အောင်မြင်စွာကျင်းပဖြစ်ပြီး အသင်းတော်လိုအပ်ရာများကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ကြသည်။

“အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍”

၁၆။ သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားသည် ဘာသာစကားအုပ်စုငယ်များကြား သတင်းကောင်းပျံ့နှံ့ရန် မည်သို့စီစဉ်ခဲ့ပြီနည်း။

၁၆ တမန်တော်ယောဟန်က လူအုပ်ကြီးသည် “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ထဲမှထွက်” လာမည်ဟုပြောခဲ့သည်။ (ဗျာဒိတ် ၇:၉) ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့သည် ဝေးလံသောဒေသများတွင် နေထိုင်သူလူမျိုးနွယ်နှင့် လူမျိုးစုငယ်များပြောသော ဘာသာစကားများအပါအဝင် ပို၍ပို၍များသောဘာသာစကားတို့ဖြင့် စာအုပ်စာတမ်းများ ရရှိနိုင်ရန်စီစဉ်နေပါသည်။ ဥပမာ၊ မိုဇမ်ဘစ်တွင် ငြိမ်းချမ်းသောကမ္ဘာသစ်တွင်အသက်တာဝေစာကို နောက်ထပ်ဘာသာစကားငါးမျိုးဖြင့် ထုတ်ဝေခဲ့ပါသည်။ နီကာရာဂွာတွင် ကမ္ဘာသားဘဝထာဝရစံစားကြ!ဘရိုရှာကို မစ္စကီတိုဘာသာစကားဖြင့်ရရှိနိုင်စေခဲ့သည်—ထိုဘာသာစကားတွင် ကင်းမျှော်စင်အသင်း၏ပထမဦးဆုံးစာပေဖြစ်သည်။ မစ္စကီတိုအင်ဒီးယန်းလူမျိုးများစွာတို့သည် သူတို့၏ဘာသာစကားဖြင့် စာစောင်တစ်ခုကိုတွေ့ရသည့်အခါ ဘရိုရှာကိုဝမ်းသာအားရစွာလက်ခံခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အသင်းမသည် စာအုပ်စာတမ်းများကို နောက်ထပ်ဘာသာစကားပေါင်း ၂၅ မျိုးဖြင့် ခွင့်ပြုခဲ့ကာ မဂ္ဂဇင်းဘီလီယံတစ်သန်းကျော်ပုံနှိပ်ခဲ့သည်။

၁၇။ ကိုရီးယားတွင် အဘယ်ဘာသာစကားအုပ်စုသည် အကူအညီရရှိခဲ့သနည်း၊ ဗီဒီယိုတိတ်ခွေများသည် ဤလူအုပ်စုကို မည်သို့များစွာအထောက်အကူပြုခဲ့သနည်း။

၁၇ ကိုရီးယားတွင် နောက်ထပ်ဘာသာစကားအုပ်စုတစ်ခုကို ကူညီပေးခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် ကိုရီးယား၌ လက်ဟန်ခြေဟန်စကားဖြင့် ပထမဦးဆုံးခရိုင်စည်းဝေးကြီးတစ်ခုကျင်းပသည်ကို တွေ့ရှိခဲ့ရပါသည်။ ကိုရီးယားတွင် ကြေညာသူ ၅၄၃ ယောက်ရှိသည့် လက်ဟန်ခြေဟန်စကားပြောအသင်းတော် ၁၅ ခုရှိသည်၊ သို့သော် ထိုစည်းဝေးကြီးကို ၁,၁၇၄ ယောက်တက်ခဲ့ကြပြီး ၂၁ ယောက်နှစ်ခြင်းခံခဲ့ပါသည်။ ပြောသည့်စကား သို့မဟုတ် ရေးသည့်စကားလုံးကို အလွယ်တကူနားမလည်နိုင်သည့် နားမကြားသူများကိုကူညီပေးရန် စာပေများကို လက်ဟန်ခြေဟန်စကား ၁၃ မျိုးဖြင့် ဗီဒီယိုတိတ်ခွေများအဖြစ် ထုတ်လုပ်ပေးခဲ့ပါသည်။ ဤသို့ဖြင့် နားမကြားသူများကို “စာဖတ်တတ်” ရန်နှင့် သတင်းကောင်းကိုသင်ယူလေ့လာရန်ပင် ကူညီပေးခဲ့ရာတွင် ရလဒ်ကောင်းများရရှိနေပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ယခင်က နားမကြားသူတစ်ဦးသည် နှစ်ခြင်းခံနိုင်သည့်အထိတိုးတက်လာရန် ငါးနှစ်အချိန်ပေးခဲ့ရပါသည်။ ယခုအခါတွင်မူ အမေရိကန်လက်ဟန်ခြေဟန်စကားဖြင့်ရရှိနိုင်သည့် ဗီဒီယိုခွေများစွာကြောင့် ယင်းသည် နားမကြားသူအချို့အတွက် တစ်နှစ်ခန့်သို့ လျော့နည်းသွားစေခဲ့ပြီ။

‘ရထားထဲတွင်နေခြင်း’

၁၈။ ယောနဒပ်နှင့်တွေ့ဆုံရပြီးနောက် ယေဟုသည် အဘယ်အရာကိုစတင်လုပ်ဆောင်ခဲ့သနည်း။

၁၈ လွန်ခဲ့သည့် ဘီ.စီ.အီး. ၉၀၅ ခုနှစ်က ယောနဒပ်လာပူးပေါင်းပြီးနောက် ယေဟုသည် [ဗာဗုလုန်] ဝတ်ပြုရေးကို စတင်ဖျက်ဆီးလေသည်။ သူသည် ဗာလဝတ်ပြုကိုးကွယ်သူအားလုံးကို “ဗာလဘုရားအဖို့ ဓမ္မပွဲကိုပြင်ဆင်ကြ” ဟူသည့်ဖိတ်ခေါ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် သူသည် ဗာလဝတ်ပြုကိုးကွယ်သူတစ်ဦးမျှမကျန်ရစေရန် တစ်ပြည်လုံးကိုသတင်းပို့လေသည်။ လူအုပ်များသည် [ဗာဗုလုန်] ဘုရား၏ဗိမာန်ကြီးထဲသို့ စုပြုံဝင်လာနေကြစဉ် ယေဟောဝါအားကိုးကွယ်သူတစ်ယောက်မျှ ထိုအထဲတွင်မပါစေရန် ဂရုစိုက်ကြည့်ရှုကြသည်။ နောက်ဆုံးတွင် ယေဟုနှင့်သူ၏စစ်တပ်သည် ဗာလဝတ်ပြုကိုးကွယ်သူများကို ခုတ်ပိုင်းသတ်ပစ်လေသည်။ “ထိုသို့ယေဟုသည် ဗာလကို ဣသရေလပြည်မှပယ်ရှားဖျက်ဆီးလေ၏။”—၄ ဓမ္မရာဇဝင် ၁၀:၂၀-၂၈။

၁၉။ လူသားများအတွက် မကြာမီဆိုက်ရောက်လာတော့မည့်အရာကိုထောက်ရှုပြီး အဘယ်စိတ်ဓာတ်ကို ကျွန်ုပ်တို့တင်ပြသင့်သနည်း၊ ထို့အပြင် အဘယ်လုပ်ငန်းတွင် ဝီရိယရှိရှိလုပ်ဆောင်နေသင့်သနည်း။

၁၉ ယနေ့ [ဗာဗုလုန်] ဘာသာအားလုံးကို နောက်ဆုံးတရားစီရင်ခြင်းသည် မကြာမီဆိုက်ရောက်လာတော့မည်။ ကောင်းကင်တမန်များ၏ညွှန်ကြားမှုအောက်တွင် ခရစ်ယာန်များသည် လူသားအားလုံးကို သတင်းကောင်းကြွေးကြော်နေကြပြီး သူတို့အား ဘုရားသခင်ကိုကြောက်ရွံ့ရန်နှင့် [ဗာဗုလုန်] ဘာသာမှခွဲထွက်ရန် အားပေးနေကြပါသည်။ (ဗျာဒိတ် ၁၄:၆-၈; ၁၈:၂၊ ၄) နူးညံ့သိမ်မွေ့သူများသည် ယေဟောဝါ၏နန်းထိုင်ဘုရင်၊ ယေရှုခရစ်၏အုပ်ချုပ်မှုအောက်ရှိ ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံကြရန်အားပေးခံနေရသည်။ (ဗျာဒိတ် ၁၂:၁၀) ဤစိတ်လှုပ်ရှားဖွယ်အခါသမယတွင် စစ်မှန်သောဝတ်ပြုရေးအတွက် ကျွန်ုပ်တို့ရပ်တည်ကြစဉ် ကျွန်ုပ်တို့၏ဇွဲလုံ့လကိုလျော့သွားစေရန် ခွင့်မပြုရပါ။

၂၀။ ၁၉၉၈ လုပ်ငန်းတော်နှစ်အတွင်း အဘယ်အမှုကိုလုပ်ဆောင်ရန် သင် သန္နိဋ္ဌာန်ချထားရမည်နည်း။

၂၀ တစ်ခါက ဒါဝိဒ်မင်းကြီးသည် အကြီးအကျယ်ဖိစီးမှုခံနေရစဉ် ဤသို့သူဆုတောင်းခဲ့ပါသည်– “အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ချီးမွမ်းထောမနာပြုပါမည်။ အိုထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။” (ဆာလံ ၅၇:၇၊ ၉) ကျွန်ုပ်တို့လည်း တည်ကြည်နိုင်ကြပါစေ။ ၁၉၉၇ လုပ်ငန်းတော်နှစ်အတွင်း အခက်အခဲအများအပြားကြား၌ ကျယ်လောင်သည့်ချီးမွမ်းသံဖြင့် ယေဟောဝါဘုရားသခင်၏ဘုန်းတော်ကို ချီးမြှင့်ဂုဏ်တင်ခဲ့ကြပါသည်။ အလားတူမက သာ၍ပင် ကျယ်လောင်သောအသံကို လက်ရှိလုပ်ငန်းတော်နှစ်အတွင်း ကြားနိုင်ကြပါစေ။ စာတန်သည် ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျရန် သို့မဟုတ် ဆန့်ကျင်တိုက်ခိုက်ရန် မည်သို့ပင်ကြိုးစားစေကာမူ ဤသို့ပင်ဆက်၍ဖြစ်ပါလေစေ။ သို့ဖြင့် သာ၍ကြီးမြတ်တော်မူသောယေဟုဖြစ်သူ ယေရှု၏စိတ်နှလုံးနှင့် ကျွန်ုပ်တို့၏စိတ်နှလုံးသည် ညီညွတ်ကြောင်းကိုတင်ပြကြမည်၊ ထို့အပြင် ဤမှုတ်သွင်းခံနှိုးဆော်ချက်ကို စိုးလ်အကြွင်းမဲ့ဖြင့် ကျွန်ုပ်တို့တုံ့ ပြန်ကြမည်ဖြစ်သည်– “ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာသီချင်းဆိုကြလော့။”—ဆာလံ ၃၂:၁၁။

သင်ရှင်းပြနိုင်သလော

◻ ဘီ.စီ.အီး. ၉၀၅ ခုနှစ်က ဣသရေလနိုင်ငံတွင် အဘယ်ပြောင်းလဲမှုများဖြစ်ပျက်ခဲ့သနည်း။

◻ ခေတ်သစ်ယေဟုကား မည်သူနည်း၊ “လူအုပ်ကြီး” သည်ကိုယ်တော့်စိတ်နှလုံးနှင့် မိမိတို့၏ ‘စိတ်နှလုံးညီညွတ်’ ကြောင်း မည်သို့တင်ပြကြသနည်း။

◻ နှစ်စဉ်မှတ်တမ်းမှ အဘယ်အချက်အလက်များက ၁၉၉၇ လုပ်ငန်းတော်နှစ်အတွင်းတွင် ယေဟောဝါသက်သေများပြသခဲ့သည့်ဇွဲကို ထင်ရှားဖော်ပြသနည်း။

◻ စာတန်သည် ကျွန်ုပ်တို့ကို မည်သို့ပင်ဆန့်ကျင်တိုက်ခိုက်ပါစေ ၁၉၉၈ လုပ်ငန်းတော်နှစ်အတွင်း အဘယ်စိတ်ဓာတ်ကို ကျွန်ုပ်တို့တင်ပြကြမည်နည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သတိရအောက်မေ့ပွဲတွင် ထူးခြားသည့်တက်ရောက်သူအရေအတွက်က အနာဂတ်တိုးပွားမှုအတွက် အလားအလာကောင်းများရှိကြောင်း တင်ပြသည်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောနဒပ်သည် ယေဟုကိုထောက်ကူပေးခဲ့သကဲ့သို့ ယနေ့ “လူအုပ်ကြီး” သည် သာ၍ကြီးမြတ်တော်မူသောယေဟုဖြစ်သူယေရှုခရစ်နှင့် ကိုယ်တော်၏ဘိသိက်ခံညီတော်များကို ထောက်ကူကြပါသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ