ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁ စာ. ၃၀-၃၁
  • ကလေးများကို ယေရှုအချိန်ပေးခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလေးများကို ယေရှုအချိန်ပေးခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကလေးများကို ယေရှုကြိုဆို
  • ကျွန်ုပ်တို့အတွက်သင်ခန်းစာ
  • “ခရစ်တော်၏စိတ်” သင်၌ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါကို ဝတ်ပြုဖို့ သင့်သားသမီးကို လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကလေးများ ထံမှ အဘယ်အရာသင်ယူနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁ စာ. ၃၀-၃၁

သူတို့သည် ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ

ကလေးများကို ယေရှုအချိန်ပေးခဲ့

ယေရှု၏သုံးနှစ်ခွဲအမှုဆောင်ချိန်သည် ကုန်ဆုံးလုနီးပြီဖြစ်သည်။ မကြာမီ ကိုယ်တော်သည် ယေရုရှလင်မြို့ထဲဝင်ပြီး ပြင်းစွာဝေဒနာခံစားရသောသေခြင်းမျိုးဖြင့် သေရတော့မည်ဖြစ်သည်။ ကိုယ်တော်သည် တပည့်တော်များအား “လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်းခံရမည်” ဟုမိန့်တော်မူခဲ့ရာ ဖြစ်ပျက်မည့်အမှုများကို ကောင်းစွာသိရှိထား၏။—မာကု ၉:၃၁။

ယေရှုသည် ကျန်ရှိနေသော နေ့ရက်တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်းကို အထိရောက်ဆုံးဖြစ်စေချင်မည်မှာ အမှန်ပင်။ တပည့်တော်များကို ဂရုစိုက်ဖို့လိုအပ်နေသေးသည်။ စိတ်နှိမ့်ချမှုလိုအပ်နေကြောင်းနှင့် ထိမိလဲစရာအန္တရာယ်အမြဲရှိနေခြင်းနှင့်ပတ်သက်၍ သူတို့ကို ပြင်းပြင်းထန်ထန်ဆုံးမရန် လိုနေသေးကြောင်း ယေရှုတွေ့ ရှိခဲ့သည်။ (မာကု ၉:၃၅-၃၇၊ ၄၂-၄၈) အိမ်ထောင်ပြုခြင်း၊ ကွာရှင်းခြင်းနှင့် တစ်ကိုယ်ရေနေခြင်းနှင့်ပတ်သက်၍လည်း သူတို့ကို သွန်သင်ပေးဖို့လိုနေသည်။ (မဿဲ ၁၉:၃-၁၂) မိမိသည် မကြာခင်သေရတော့မည်ကို သိသောကြောင့် တပည့်တော်များကို ရှင်းလင်းပြတ်သားစွာဖြင့် အရေးတကြီးပြောဆိုမှာကြားခဲ့ပေမည်။ အချိန်သည် အခရာဖြစ်နေရာ ယင်းကြောင့် ယေရှုနောက်ထပ်လုပ်သောအမှုမှာ သာ၍ပင်ထူးခြားလေသည်။

ကလေးများကို ယေရှုကြိုဆို

“သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ဆောင်ခဲ့သည်” ဟူ၍သမ္မာကျမ်းစာမှတ်တမ်းကဆိုသည်။ ယင်းကို တပည့်တော်များမြင်သောအခါ မိမိတို့သဘောမကျကြောင်း ချက်ချင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ယေရှုသည် ကလေးများကို ဂရုမမူနိုင်လောက်အောင် အလွန်အရေးပါသူ သို့မဟုတ် အလွန်အလုပ်များသူဖြစ်သည်ဟု သူတို့ယူမှတ်ခဲ့ကြပေမည်။ ထို့ကြောင့် တပည့်များကို ယေရှုဒေါသထွက်ခဲ့သောအခါ သူတို့အံ့သြသွားသည်ကို မြင်ယောင်ကြည့်ပါ! ကိုယ်တော်သည် သူတို့ကို ဤသို့ဆိုခဲ့သည်– “ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။” ၎င်းနောက် ယေရှုက ဤသို့ထပ်၍ပြောသည်– “ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရ။”—မာကု ၁၀:၁၃-၁၅။

ကလေးများ၌ ချီးမွမ်းဖွယ်ကောင်းသောအရည်အသွေးများကို ယေရှုတွေ့ ခဲ့သည်။ သူတို့သည် စပ်စုတတ်ပြီး ယုံကြည်ကိုးစားတတ်လေ့ရှိကြသည်။ သူတို့မိဘ၏စကားကို လက်ခံပြီး အခြားကလေးများရှေ့ မိဘဘက်မှကာကွယ်ပြောဆိုတတ်ကြသည်။ သူတို့၏လက်ခံလွယ်ပြီး သွန်သင်မှုခံယူလိုသောသဘောကို ဘုရားသခင့်နိုင်ငံတော်ဝင်လိုသူအားလုံး အတုယူထိုက်ပေသည်။ ယေရှုပြောခဲ့သည့်အတိုင်း “ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။”—မဿဲ ၁၈:၁-၅ နှိုင်းယှဉ်။

သို့ရာတွင် ယေရှုသည် အဆိုပါကလေးများကို ပုံဥပမာတစ်ခုပေးဖို့အတွက်သာ အသုံးပြုနေခြင်းမဟုတ်ပါ။ ယေရှုသည် သူတို့လေးတွေကို အမှန်တကယ်ချစ်ကြောင်း မှတ်တမ်းက ထင်ရှားစွာဖော်ပြထားသည်။ ယေရှုသည် “သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏” ဟုမာကုက တင်ပြသည်။ (မာကု ၁၀:၁၆) မာကု၏မှတ်တမ်း၌သာ ယေရှုသည် “သူငယ်တို့ကို ချီပိုက်” ခဲ့သည်ဟူ၍ အသေးစိတ်ဖော်ပြပါသည်။a ထိုသို့ဖြင့် ကလေးများကိုလက်တော်နှင့် “တို့” ရုံသာတို့ဖို့အတွက် ယေရှုထံ ခေါ်ဆောင်လာခဲ့ကြသော လူကြီးများမျှော်လင့်သည်ထက် ပို၍ပင် ကိုယ်တော်လုပ်ဆောင်ခဲ့သည်။

ကလေးများအပေါ် ယေရှု “လက်တော်တင်” သည့်အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းသည် နှစ်ခြင်းပေးခြင်းကဲ့သို့သော ဘာသာရေးအခမ်းအနားတစ်ခုကို ဖော်ပြနေခြင်းမဟုတ်ချေ။ အဖြစ်အပျက်အချို့တွင် လက်တင်ခြင်းသည် တာဝန်ပေးအပ်ခြင်းဟု အဓိပ္ပာယ်ရှိသော်လည်း အခြားအဖြစ်အပျက်များတွင် ကောင်းချီးပေးရုံမျှသာဖြစ်သည်။ (ကမ္ဘာဦး ၄၈:၁၄; တမန်တော် ၆:၆) ထို့ကြောင့် ယေရှုသည် ကလေးများကို ကောင်းချီးပေးနေခြင်းဖြစ်ပေမည်။

မည်သို့ပင်ဆိုစေကာမူ၊ မာကုသည် “ကောင်းချီး” (ခါတူလိုဂီအို) အတွက် အလေးအနက်သဘောထားဖော်ပြသည့် သာ၍လေးပင်သောစကားလုံးကို အသုံးပြုထားသည်။ ယေရှုသည် ကလေးများကို အားရထက်သန်စွာ၊ ချစ်ခင်ကြင်နာစွာ၊ လှိုက်လှဲနွေးထွေးစွာ ကောင်းချီးပေးခဲ့ကြောင်း ယင်းကဖော်ပြ၏။ ကလေးများကို အချိန်ကုန်သောစိတ်ရှုပ်စရာများအဖြစ် ကိုယ်တော်မရှုမြင်ခဲ့သည်မှာ ထင်ရှားပါသည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ

ကလေးလူကြီးမရွေးဘဲ သူတို့နှင့်ယေရှုဆက်ဆံရာတွင် ကြောက်ရွံ့အောင်ပြုခြင်း၊ နှိမ်ခြင်းလည်းမပြုချေ။ “ကိုယ်တော်သည် ပြုံးလွယ်ခဲ့ပြီး ပျော်ရွှင်စွာရယ်မောခဲ့ပေမည်” ဟူ၍ကိုးကားဖော်ပြချက်တစ်ခုကဆိုသည်။ အသက်အရွယ်အသီးသီးရှိသူ မည်သူမဆို ကိုယ်တော့်အနားတွင် သက်သောင့်သက်သာရှိကြသည်မှာ အံ့ဩစရာမဟုတ်ချေ။ ယေရှု၏ပုံသက်သေကို သုံးသပ်ပြီး ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဤသို့မေးနိုင်သည်– ‘အခြားသူများသည် ကျွန်ုပ်ကို ချဉ်းကပ်လွယ်သူဟု ထင်သလော။’ ‘ကျွန်ုပ်သည် အခြားသူများ၏အရေးကိစ္စများနှင့် ပူပင်မှုများကို အရေးမစိုက်နိုင်သည့်အထိ အလုပ်များနေပုံပေါက်သလော။’ လူများအပေါ် ရိုးသားစွာစိတ်ဝင်စားမှုမွေးပေးခြင်းသည် ယေရှုနည်းတူ ကိုယ့်ကိုယ်ကိုပေးဆက်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးပါလိမ့်မည်။ အခြားသူများသည် ကျွန်ုပ်တို့၏စစ်မှန်သောစိတ်ဝင်စားမှုကို ခံစားရပြီး ကျွန်ုပ်တို့ကိုခင်တွယ်လာလိမ့်မည်။—သု. ၁၁:၂၅။

မာကု၏မှတ်တမ်းဖော်ပြသကဲ့သို့ ယေရှုသည် ကလေးများနှင့်အတူရှိရာတွင် ပျော်ရွှင်သည်။ ကိုယ်တော်သည် သူတို့ဆော့ကစားကြသည်ကို အချိန်ယူရှုစားခဲ့ပေမည်၊ အကြောင်းမှာ ကိုယ်တော်၏ဥပမာများအနက်တစ်ခုတွင် သူတို့၏ကစားပုံများကို ဖော်ပြခဲ့သည်။ (မဿဲ ၁၁:၁၆-၁၉) ယေရှုကောင်းချီးပေးခဲ့သော ကလေးများမှအချို့သည် ကိုယ်တော်မည်သူမည်ဝါဖြစ်သည်နှင့် ကိုယ်တော်၏သွန်သင်ချက်များကို သဘောပေါက်ရန် ငယ်လွန်းပေမည်။ သို့သော် ယင်းကြောင့် သူတို့နှင့်အချိန်မဖြုန်းနိုင်ဟူ၍ ကိုယ်တော်မခံစားခဲ့ရပါ။ ကလေးများကို ချစ်သောကြောင့် သူတို့ကိုအချိန်ပေးခဲ့ခြင်းဖြစ်သည်။ ယေရှုအမှုဆောင်ချိန်အတွင်း ကြုံတွေ့ ခဲ့ရသော ကလေးများစွာတို့သည် တပည့်များဖြစ်လာခြင်းအားဖြင့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန် နောက်ပိုင်းတွင် လှုံ့ဆော်ခံခဲ့ကြရပေမည်။

ယေရှုသည် မိမိဘဝ၏သေရေးရှင်ရေးတမျှအရေးကြီးနေသည့် နောက်ဆုံးအပတ်များအတွင်း ကလေးများကို အချိန်ပေးခဲ့လျှင် ကျွန်ုပ်တို့သည်လည်း အလွန်အလုပ်များနေသည့်ကြားမှ သူတို့ကို အချိန်ပေးနိုင်မည်မှာ အမှန်ပင်။ မိဘမဲ့ကလေးများကဲ့သို့သော အထူးအကူအညီလိုအပ်နေသည့်ကလေးများကို အထူးသဖြင့်ဂရုစိုက်သင့်သည်။ ကလေးအားလုံးသည် ဂရုစိုက်ခံရသောအခါ အမှန်ပင်ဖွံ့ဖြိုးကြီးထွားလာကြသည်၊ သူတို့ကို ကျွန်ုပ်တို့ပေးနိုင်သမျှ ချစ်ခြင်းမေတ္တာနှင့်အကူအညီကိုပေးဖို့ ယေဟောဝါအလိုရှိတော်မူသည်။—ဆာလံ ၁၀:၁၄။

[အောက်ခြေမှတ်ချက်များ]

a ယေရှုသည် “သူငယ်တို့ကို ပွေ့ဖက်ထားသည်” ဟူ၍ ဘာသာပြန်တစ်ခုကဆို၏။ အခြားဘာသာပြန်တစ်ခုက ကိုယ်တော်သည် “သူငယ်တို့ကို ပိုက်ထားသည်” ဟုဆိုသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ