ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါ၏လမ်းစဉ်၌ ဆက်တက်လှမ်းနေခြင်းက ကျွန်ုပ်တို့၏ခွန်အားနှင့် ရွှင်လန်းမှုဖြစ်
လူးအီဂျီး ဒီ. ဗဲလဲန်တီးနိုး ပြောပြသည်
“ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့” ဆိုပြီး ယေဟောဝါသတိပေးဆုံးမထားတယ်။ (ဟေရှာယ ၃၀:၂၁) ကျွန်တော်နှစ်ခြင်းခံတဲ့ လွန်ခဲ့တဲ့အနှစ် ၆၀ ကတည်းက ဒီဆုံးမစကားကိုလိုက်လျှောက်မယ်ဆိုပြီး ပန်းတိုင်ချခဲ့တယ်။ ၁၉၂၁ မှာ အီတလီနိုင်ငံကနေပြောင်းလာပြီး ယူ.အက်စ်.အေ.၊ အိုဟိုင်အိုနယ်၊ ကလီဗ်လန်မြို့မှာ အခြေချခဲ့တဲ့ ကျွန်တော့်မိဘတွေရဲ့ပုံသက်သေကြောင့် ဒီပန်းတိုင်ကို အစောပိုင်းကတည်းကချခဲ့တာပါ။ အဲဒီမှာ ကလေးသုံးယောက်—အစ်ကိုမိုက်ခ်၊ ညီမလီဒီယာနဲ့ ကျွန်တော်—ကိုမွေးတယ်။
ဘာသာတရားအမျိုးမျိုးကို ကျွန်တော့်မိဘတွေ ဆန်းစစ်ခဲ့ကြပေမဲ့ နောက်ဆုံးမှာ စိတ်ပျက်သွားကြတယ်။ အဲဒီနောက် ၁၉၃၂ ခုနှစ်ရဲ့တစ်နေ့မှာ အီတလီရေဒီယိုအစီအစဉ်ကို အဖေနားထောင်ခဲ့တယ်။ ယေဟောဝါသက်သေတွေ အသံလွှင့်နေတာကို အဖေကြားတဲ့အခါ သဘောကျသွားတယ်။ နောက်ထပ်ကြားသိချင်တယ်လို့ အဖေစာရေးအကြောင်းကြားလိုက်တော့ နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ဌာနချုပ်ကနေ အီတလီသက်သေခံတစ်ယောက် ကျွန်တော်တို့ဆီရောက်လာတယ်။ အရုဏ်ဦးအထိ တက်တက်ကြွကြွဆွေးနွေးခဲ့ကြပြီးတာနဲ့ စစ်မှန်တဲ့ဘာသာကိုတွေ့ပြီလို့ ကျွန်တော့်မိဘတွေခံယူလိုက်ကြတယ်။
ဒါနဲ့ ခရစ်ယာန်စည်းဝေးတွေကို အဖေနဲ့အမေစတက်ကြပြီး နယ်လှည့်ကြီးကြပ်မှူးတွေကို အိမ်မှာတည်းခွင့်ပေးခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်ငယ်သေးပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ သူတို့နဲ့အတူ ကျွန်တော့်ကိုခေါ်သွားကြတာကြောင့် ယေဟောဝါရဲ့အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ဖို့ ကျွန်တော်စပြီးစဉ်းစားလာတယ်။ ဧည့်သည်တွေထဲက တစ်ဦးကတော့ အခု ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်နေတဲ့ ကယ်ရီ ဒဗလျူ. ဘာဘာပါပဲ။ မကြာခင် ၁၉၄၁၊ ဖေဖော်ဝါရီလမှာအသက် ၁၄ နှစ်နဲ့ကျွန်တော်နှစ်ခြင်းခံပြီး ၁၉၄၄ ကျတော့ ကလီဗ်လန်မြို့မှာ ရှေ့ဆောင်စလုပ်ခဲ့တယ်။ မိုက်ခ်နဲ့လီဒီယာလည်း ကျမ်းစာအမှန်တရားလမ်းစဉ်အတိုင်း လျှောက်လှမ်းကြတယ်။ မိုက်ခ်ဟာ သေတဲ့အထိ ယေဟောဝါရဲ့အမှုတော်ကိုထမ်းဆောင်ခဲ့တယ်၊ လီဒီယာကျတော့ သူ့ခင်ပွန်းဟယ်ရယ်လ်ဒ် ဝီဒ်နာနဲ့အတူ နယ်လှည့်အမှုဆောင်လုပ်ငန်းမှာ ၂၈ နှစ်တိုင်ပါဝင်ခဲ့တယ်။ အခုဆိုရင် သူတို့ဟာ အထူးအချိန်ပြည့်အမှုဆောင်နေကြတယ်။
အကျဉ်းထောင်က ဆက်တက်လှမ်းနေရန် ကျွန်ုပ်၏သန္နိဋ္ဌာန်ကိုခိုင်မြဲစေ
ကျွန်တော်ရဲ့ ကျမ်းစာအတိုင်းလေ့ကျင့်ထားတဲ့ ကိုယ်ကိုကိုယ်သိတဲ့စိတ်က ဓားလက်နက်များကို ထွန်သွားဖြစ်စေရမယ်လို့ဆိုတဲ့ ဟေရှာယ ၂:၄ နဲ့အညီလုပ်ဆောင်ဖို့ တိုက်တွန်းတဲ့အတွက် ၁၉၄၅ အစောပိုင်းမှာ အိုဟိုင်အို၊ ချီလီကော့သီ ဖယ်ဒရယ်လ်ထောင်မှာ ကျွန်တော်အကျဉ်းချခံခဲ့ရတယ်။ တစ်ချိန်တုန်းက ထောင်အာဏာပိုင်တွေဟာ သက်သေခံအကျဉ်းသားတွေကို ယေဟောဝါသက်သေတွေထုတ်တဲ့ ကျမ်းစာစာပေတွေအကန့်အသတ်နဲ့သာ လက်ဝယ်ထားရှိဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အနီးအနားအသင်းတော်တစ်ခုက သက်သေခံတွေ ကူညီပေးခဲ့ကြတယ်။ တချို့အချိန်မှာ ထောင်နားကကွင်းပြင်ထဲမှာ စာအုပ်စာတမ်းအနည်းငယ်ပစ်ချပေးခဲ့ကြတယ်။ နောက်နေ့မနက်မှာ အကျဉ်းသားတွေကို အလုပ်ခွင်ခေါ်သွားတဲ့အချိန်မှာ အဲဒီစာအုပ်တွေကိုရှာပြီး ထောင်ထဲပြန်ယူလာနိုင်ခဲ့ကြတယ်။ ကျွန်တော်ထောင်ထဲရောက်ခဲ့ချိန်မှာတော့ စာပေတွေပိုပြီး လက်ဝယ်ထားရှိခွင့်ရခဲ့တယ်။ အဲဒီအချိန်မှာ ယေဟောဝါကျွေးတဲ့ ဝိညာဉ်အစာကို ပိုပြီးတန်ဖိုးထားတတ်လာတယ်—ကင်းမျှော်စင် ဒါမှမဟုတ် နိုးလော့! အသစ်တစ်အုပ်ရတိုင်း ကျွန်တော်မှတ်မိနေဆဲ သင်ခန်းစာတစ်ခုပါပဲ။
ထောင်ထဲမှာ အသင်းတော်စည်းဝေးတွေလုပ်ခွင့်ရခဲ့ပေမဲ့ သက်သေခံမဟုတ်သူတွေ တက်ခွင့်မရဘူး။ ဒါပေမဲ့လည်း ထောင်အာဏာပိုင်နဲ့အကျဉ်းသားအချို့က လျှို့ဝှက်တက်ခဲ့ကြပြီး တချို့ဆိုရင် အမှန်တရားကိုလက်ခံလာခဲ့ကြတယ်။ (တမန်တော် ၁၆:၃၀-၃၄) ညီအစ်ကိုအေ. အိပ်ချ်. မက္ခမီလန်ရဲ့လည်ပတ်မှုတွေက ထူးခြားပြီးအားရှိစရာပဲ။ ထောင်ကျနေရတဲ့အချိန်ဟာ အနာဂတ်မှာထမ်းဆောင်ရမယ့်တာဝန်တွေအတွက် ကျွန်တော်တို့ကိုလေ့ကျင့်ပေးနေတာဖြစ်တဲ့အတွက် အလဟဿမဖြစ်ဘူးလို့ သူက အမြဲတမ်းအားပေးတယ်။ ချစ်ရတဲ့ဒီသက်ကြီးညီအစ်ကိုကြောင့် ကျွန်တော်နှလုံးထိမိပြီး ယေဟောဝါရဲ့လမ်းစဉ်မှာ လျှောက်လှမ်းနေဖို့ ကျွန်တော့်ရဲ့သန္နိဋ္ဌာန်ကို ပိုခိုင်မြဲစေခဲ့တယ်။
အဖော်မွန်ရရှိ
ဒုတိယကမ္ဘာစစ်ပြီးတော့ ထောင်ကလွတ်လာရော၊ အချိန်ပြည့်အမှုဆောင်အဖြစ် ကျွန်တော်ရှေ့ဆောင်ပြန်လုပ်တယ်။ ဒါပေမဲ့ ၁၉၄၇ မှာကျွန်တော့်အဖေဆုံးသွားတယ်။ မိသားစုကိုထောက်ပံ့ပေးဖို့ လောကအလုပ်ကိုရှာလုပ်ခဲ့ရပြီး ဆေးဘက်ဆိုင်ရာ အနှိပ်သည်အဖြစ် အရည်အချင်းရှိခဲ့လို့ နောက်ပိုင်းအနှစ် ၃၀ လောက်မှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော်တို့ရင်ဆိုင်ရတဲ့ ခက်ခဲတဲ့အချိန်မှာ ကျွန်တော့်အတွက်အထောက်အကူဖြစ်ခဲ့တယ်။ ကျွန်တော့်စကားတွေ ကျော်ကုန်ပြီ။ ဦးဆုံး ကျွန်တော့်ဇနီးအကြောင်း ပြောပြပါရစေ။
၁၉၄၉ ခုနှစ်ရဲ့ နေ့လယ်ခင်းတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမထဲမှာ ကျွန်တော်ရှိနေတုန်း ဖုန်းလာတယ်။ ဖုန်းကိုင်လိုက်တော့ “ကျွန်မနာမည် ခရစ္စတင်း ဂျင်ချာပါ။ ကျွန်မက ယေဟောဝါသက်သေတစ်ယောက်ပါ။ အလုပ်ရှာဖို့ ကလီဗ်လန်မြို့ကို ပြောင်းလာတာပါ၊ အသင်းတော်တစ်ခုနဲ့ပူးပေါင်းချင်ပါတယ်” ဆိုပြီးချိုသာတဲ့အသံလေးတစ်ခုကို ကျွန်တော်ကြားလိုက်ရတယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမက သူနေတဲ့နေရာနဲ့အလှမ်းဝေးတယ်၊ ဒါပေမဲ့ သူ့ရဲ့အသံကို သဘောကျမိတဲ့အတွက် ကျွန်တော်လူထုဟောပြောချက်ပေးရမယ့် အဲဒီတနင်္ဂနွေနေ့မှာလာဖို့ ကျွန်တော်တို့ခန်းမကိုလမ်းညွှန်ပေးပြီး အားပေးခဲ့တယ်။ တနင်္ဂနွေနေ့ကျတော့ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကျွန်တော်ဦးဆုံးရောက်သွားတယ်၊ အကျွမ်းတဝင်မရှိတဲ့ ဘယ်ညီအစ်မမှ ပေါ်မလာဘူး။ ဟောပြောချက်ပေးနေတုန်း ဝင်ပေါက်ကို တစ်ချက်တစ်ချက်ဝေ့ကြည့်ခဲ့ပေမဲ့ ဘယ်သူမှဝင်မလာပါဘူး။ နောက်နေ့ကြတော့ သူ့ကို ဖုန်းဆက်တော့ ဘတ်စကားခရီးစဉ်ကို အကျွမ်းတဝင်မရှိသေးလို့ဆိုပြီး သူပြောပြခဲ့တယ်။ ဒါနဲ့ သူ့ကိုရှင်းပြဖို့ လာတွေ့မယ်လို့စီစဉ်လိုက်တယ်။
သူ့ရဲ့မိဘတွေက လူသေများအဘယ်မှာရှိသနည်း စာအုပ်ငယ်ကိုဖတ်ပြီးနောက် ကျမ်းစာကျောင်းသားတွေနဲ့ စပူးပေါင်းခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယားကနေ ပြောင်းလာတဲ့သူတွေဆိုတာကို ကျွန်တော်သိလာရတယ်။ ၁၉၃၅ မှာသူ့မိဘတွေ နှစ်ခြင်းခံခဲ့တယ်။ ခရစ္စတင်းရဲ့အဖေဟာ ၁၉၃၈ မှာ ယူ.အက်စ်.အေ.၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ကလိုင်မာမြို့က ယေဟောဝါသက်သေတွေရဲ့အသင်းတော်မှာ အုပ်စုအမှုထမ်း (အခုအခေါ်အရ ဦးစီးကြီးကြပ်မှူး) ဖြစ်လာပြီး ၁၉၄၇ ခုနှစ် အသက် ၁၆ နှစ်မှာခရစ္စတင်းနှစ်ခြင်းခံခဲ့တယ်။ လှပချောမောပြီး ဝိညာဉ်ရေးစိတ်ရှိတဲ့ ဒီညီအစ်မနဲ့ ချစ်ကြိုက်ဖို့သိပ်မကြာခဲ့ပါဘူး။ ၁၉၅၀၊ ဇွန် ၂၄ ရက်မှာ ကျွန်တော်တို့လက်ထပ်ကြတယ်၊ အဲဒီကတည်းက ခရစ္စတင်းဟာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေ့ဦးထားဖို့ အမြဲတမ်း တလိုတလားရှိခဲ့တဲ့ ကျွန်တော့်ရဲ့သစ္စာရှိအဖော်မွန်ဖြစ်ခဲ့တယ်။ အရည်အချင်းပြည့်တဲ့ ဒီအဖော်ဟာ ကျွန်တော်နဲ့ပေါင်းဖက်ဖို့ သဘောတူခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—သု. ၃၁:၁၀။
အလွန်အံ့သြစရာ
၁၉၅၁၊ နိုဝင်ဘာလမှာ ကျွန်တော်တို့အတူတူ စပြီးရှေ့ဆောင်လုပ်ခဲ့ကြတယ်။ နောက်နှစ်နှစ်မှာ အိုဟိုင်အိုပြည်နယ်၊ တိုလီဒိုမြို့မှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုမှာ သာသနာပြုလုပ်ငန်းကို စိတ်ဝင်စားကြတဲ့ ရှေ့ဆောင်အုပ်စုတစ်စုနဲ့ ညီအစ်ကိုဟူဂို ရီမာရ်နဲ့ အဲလ်ဘတ် ရှရိုးဒါတို့က စကားပြောကြတယ်။ အဲဒီထဲမှာ ကျွန်တော်တို့လည်းပါဝင်တယ်။ ကလီဗ်လန်မှာပဲ ရှေ့ဆောင်ဆက်လုပ်နေကြဖို့ ကျွန်တော်တို့အားပေးခံခဲ့ရပြီး နောက်တစ်လမှာပဲ တကယ့်ကိုအံ့သြသွားခဲ့ရတယ်၊ ၁၉၅၄၊ ဖေဖော်ဝါရီလမှာစမယ့် ကင်းမျှော်စင်သမ္မာကျမ်းစာဂိလဒ်ကျောင်းရဲ့ ၂၃ ကြိမ်မြောက်သင်တန်းကို တက်ရောက်ဖို့ ဖိတ်စာရလိုက်လို့ပါပဲ!
အဲဒီတုန်းက နယူးယောက်၊ တောင်လန်စင်းမှာရှိတဲ့ ဂိလဒ်ကျောင်းကို ကျွန်တော်တို့ကားမောင်းသွားနေတဲ့အခါ ခရစ္စတင်းက “ဖြည်းဖြည်းမောင်းပါ!” ဆိုပြီးပြောနေရတဲ့အထိ အရမ်းကိုစိုးရိမ်နေတယ်။ “ဒီထက်ဖြည်းဖြည်းမောင်းရမယ်ဆိုရင် ကားကိုရပ်ထားရုံပဲရှိမယ် ခရစ္စတင်း” လို့ကျွန်တော်ပြောခဲ့တယ်။ ကျောင်းဝင်းထဲရောက်ပြီးနောက် မကြာခင်မှာ စိတ်ပေါ့သွားတယ်။ ညီအစ်ကိုနေသန် နောရ်က ကျောင်းသားအုပ်စုကို ကြိုဆိုပြီး လှည့်လည်ပြသတယ်။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကိုရှာနေချိန်မှာ ချွေတာမှုက အရေးကြီးတယ်ဆိုတာကို ဖိပြောရင်း ရေနဲ့လျှပ်စစ်ဓာတ်အားကို ဘယ်လိုချွေတာရမယ်ဆိုတာရှင်းပြတယ်။ ကျွန်တော်တို့စိတ်ထဲမှာ အဲဒီအကြံပေးချက် စွဲမှတ်သွားတယ်။ အခုထိလည်း အဲဒီအတိုင်းပဲ ကျွန်တော်တို့နေထိုင်ကြတယ်။
ရီယိုသို့ လေယာဉ်ခရီး
မကြာခင်ကျောင်းဆင်းပြီး ၁၉၅၄၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အရမ်းအေးတဲ့နယူးယောက်မြို့ကနေ လေယာဉ်တစ်စီးပေါ်တက်ပြီး ကျွန်တော်တို့တာဝန်ကျတဲ့ နေရာအသစ်ဖြစ်တဲ့ ဘရာဇီးနိုင်ငံက နေပူတဲ့ရီယို ဒီ ဂျနေရိုမြို့ကို သွားရမှာ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ သာသနာပြုဖော်များဖြစ်တဲ့ ပီတာနဲ့ဘီလီး ကာရ်ဘဲလ်အိုတို့ပါ ကျွန်တော်တို့နဲ့အတူခရီးထွက်ခဲ့ကြတယ်။ လေယာဉ်ပျံသန်းချိန်က ပွာတီရီကို၊ ဗင်နီဇွဲလားနဲ့ တောင်ပိုင်းဘရာဇီးက ဘဲလင်တို့မှာ ခေတ္တရပ်နားပြီး ၂၄ နာရီကြာဖို့ပဲ။ ဒါပေမဲ့ အင်ဂျင်ပြဿနာကြောင့် ရီယို ဒီ ဂျနေရိုမြို့ကိုမမြင်ခင် ၃၆ နာရီကြာသွားတယ်။ တကယ်အံ့မခန်းဖွယ်မြင်ကွင်းတစ်ခုပါ! အနက်ရောင်ကော်ဇောပေါ်မှာ တလက်လက်တောက်နေတဲ့စိန်တွေလို မြို့ပြမီးတွေက ဖိတ်ဖိတ်တောက်နေပြီး ငွေရောင်လအလင်းက ဂွာနာဘာရာပင်လယ်အော်ပေါ်မှာ လက်ခနဲလက်ခနဲဖြစ်နေတယ်။
ဗေသလမိသားစုဝင်တချို့က လေဆိပ်မှာ ကျွန်တော်တို့ကို စောင့်နေကြတယ်။ ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြပြီးနောက် ဌာနခွဲရုံးကိုခေါ်သွားပြီး မနက်သုံးနာရီလောက်မှာ ကျွန်တော်တို့အိပ်ရာဝင်ကြတယ်။ နောက်နာရီအနည်းငယ်မှာ အိပ်ရာနှိုးခေါင်းလောင်းက ကျွန်တော်တို့ရဲ့သာသနာပြုဘဝရဲ့ ပထမနေ့စပြီဆိုတာ သတိပေးခဲ့တယ်!
အစောပိုင်းသင်ခန်းစာတစ်ခု
မကြာခင်မှာ အရေးကြီးသင်ခန်းစာတစ်ခုကို ကျွန်တော်တို့သင်ယူခဲ့ကြရတယ်။ တစ်ညနေမှာ သက်သေခံမိသားစုအိမ်တစ်အိမ်ကို သွားလည်ပတ်တယ်။ ဌာနခွဲကို လမ်းလျှောက်ပြန်ချင်တဲ့အခါ အိမ်ရှင်က “ညီအစ်ကိုတို့ ပြန်နိုင်မှာမဟုတ်ဘူး; မိုးရွာနေတယ်” ဆိုပြီးတားတယ်၊ ညအိပ်ဖို့ မရမကပြောခဲ့တယ်။ “ကျွန်တော်တို့လာတဲ့နေရာမှာလည်း ဒီလိုပဲမိုးရွာတာပဲ” ဆိုပြီးရယ်ရယ်မောမောနဲ့ သူ့စကားကို ကျွန်တော်ပယ်ချလိုက်တယ်။ ကျွန်တော်တို့ထွက်လာကြတယ်။
ရီယိုဝန်းကျင်က တောင်တွေကြောင့် မိုးရေချက်ချင်းစုလာပြီး မြို့ထဲကိုစီးဝင်လာတဲ့အတွက် တစ်ခါတလေရေကြီးတတ်တယ်။ မကြာခင်ပဲ ဒူးအထိရှိတဲ့ရေထဲ ဖြတ်လျှောက်ကြရတယ်။ ဌာနခွဲနားမှာဆိုရင် လမ်းတွေဟာ ကျွန်တော်တို့ရင်ဘတ်အထိ ရေလျှံတက်တဲ့မြစ်ချောင်းတွေဖြစ်ကုန်ပြီ။ နောက်ဆုံး ဗေသလကိုရောက်တဲ့အခါ ကျွန်တော်တို့ ရွှဲနေပြီ။ နောက်တစ်နေ့ ခရစ္စတင်း မအီမသာဖြစ်ပြီး အူရောင်ငန်းဖျားဖြစ်သွားတာ အတော်ကြာကြာအားနည်းခဲ့တယ်။ သာသနာပြုအသစ်တွေအနေနဲ့ ကျွန်တော်တို့ဟာ အတွေ့အကြုံရှိတဲ့ ဒေသခံသက်သေခံတွေရဲ့ အကြံဉာဏ်ကို အလေးထားသင့်တယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။
သာသနာပြုနှင့် နယ်လှည့်လုပ်ငန်း၌ ကနဦးခြေလှမ်းများ
ဒီလိုအခက်အခဲနဲ့စပြီးတဲ့နောက် လယ်ကွင်းအမှုဆောင်ကို ကျွန်တော်တို့တက်တက်ကြွကြွစတင်ခဲ့ကြတယ်။ တွေ့တဲ့လူတိုင်းကို ပေါ်တူဂီစကားနဲ့ဟောပြောချက်ဖတ်ပြတယ်၊ ကျွန်တော်တို့နှစ်ယောက်စလုံး တန်းတူတိုးတက်နေပုံရတယ်။ အိမ်ရှင်တစ်ယောက်က ခရစ္စတင်းကို “ခင်ဗျားပြောတာ နားလည်တယ်၊” ပြီးတော့ ကျွန်တော့်ကိုထိုးပြပြီး “သူပြောတာတော့ နားမလည်နိုင်ဘူး” လို့ပြောတယ်။ နောက်အိမ်ရှင်တစ်ယောက်ကျတော့ ကျွန်တော့်ကို “ခင်ဗျားပြောတာ နားလည်တယ်၊ ဒါပေမဲ့ သူပြောတာနားမလည်ဘူး” ဆိုပြီး ပြောပြန်တယ်။ ဒါပေမဲ့လည်း အဲဒီပထမအပတ်အနည်းငယ်အတွင်းမှာ ကင်းမျှော်စင် နှစ်စဉ်ကြေး ၁၀၀ ကျော်ရရှိကြတဲ့အတွက် ပီတိဖြစ်ခဲ့ရပါတယ်။ တကယ်တော့ ဘရာဇီးကို ကျွန်တော်တို့ရောက်တဲ့ ပထမနှစ်မှာပဲ ကျွန်တော်တို့ရဲ့ကျမ်းစာသင်သားတချို့ နှစ်ခြင်းခံခဲ့တယ်၊ သီးပွင့်တဲ့ ဒီသာသနာပြုနယ်မြေဟာ ဘယ်လောက်အလားအလာရှိတယ်ဆိုတာကို သက်သေထူလိုက်တာပဲ။
၁၉၅၀ ပြည့်လွန်နှစ်များအလယ်လောက်မှာ အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုတွေနည်းတဲ့အတွက် ဘရာဇီးကအသင်းတော် အတော်များများဆီ တိုက်နယ်ကြီးကြပ်မှူးတွေ မှန်မှန်ရောက်မလာနိုင်ကြဘူး။ ဒါကြောင့် ကျွန်တော် ပေါ်တူဂီစကား သင်ယူနေဆဲ လူထုဟောပြောချက်တောင်မပေးနိုင်သေးပေမဲ့လည်း ၁၉၅၆ မှာဆာပိုလိုပြည်နယ်မှာ တိုက်နယ်လုပ်ငန်းလုပ်ဖို့တာဝန်ရခဲ့တယ်။
ကျွန်တော်တို့လည်ပတ်ခဲ့တဲ့ ဦးဆုံးအသင်းတော်ဆီကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ခဲ့တာ နှစ်နှစ်ရှိပြီဖြစ်တဲ့အတွက် လူတိုင်းက လူထုဟောပြောချက်ကို အကြီးအကျယ်စောင့်မျှော်နေကြတယ်။ ဟောပြောချက်ကိုပြင်ဆင်တဲ့အခါ ပေါ်တူဂီကင်းမျှော်စင်ဆောင်းပါးတွေကနေ စာပိုဒ်တွေကိုဖြတ်၊ စာရွက်ပေါ်မှာကပ်လိုက်တယ်။ အဲဒီတနင်္ဂနွေနေ့မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမက လူတွေပြည့်ကျပ်နေတာပဲ။ စင်မြင့်ပေါ်မှာတောင် လူတွေထိုင်နေကြပြီး ဟောပြောချက်ကို အားလုံးစောင့်မျှော်နေကြတယ်။ ဟောပြောချက် ဒါမှမဟုတ် စာဖတ်ပြခြင်း စပါပြီ။ တစ်ချက်တစ်ချက်မော့ကြည့်လိုက်တဲ့အခါ ကလေးတွေကအစ တစ်ယောက်မှလှုပ်လှုပ်ရှားရှားမရှိဘဲ နားထောင်နေကြတာကို ကျွန်တော်အံ့သြမိတယ်။ အားလုံးက ကျွန်တော့်ကို မျက်လုံးအဝိုင်းသားလေးနဲ့ကြည့်နေကြတယ်။ ဒါနဲ့ ကျွန်တော်က ‘ဗဲလဲန်တီးနိုး၊ မင်းရဲ့ပေါ်တူဂီစကား တကယ်တိုးတက်နေပါလား! ဒီလူတွေ အာရုံစိုက်နေကြတယ်’ ဆိုပြီးစဉ်းစားမိတယ်။ နှစ်အတန်ကြာပြီးနောက် အဲဒီအသင်းတော်ကို ကျွန်တော်ပြန်လည်ပတ်တဲ့အခါ ဦးဆုံးလည်ပတ်မှုမှာရှိခဲ့တဲ့ ညီအစ်ကိုတစ်ယောက်က “ညီအစ်ကိုပေးခဲ့တဲ့ လူထုဟောပြောချက်ကို မှတ်မိသေးလား။ ကျွန်တော်တို့ တစ်လုံးမှနားမလည်ခဲ့ကြဘူး” ဆိုပြီးပြောပြတယ်။ အဲဒီဟောပြောချက်အများစုကို ကျွန်တော်လည်းနားမလည်ခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။
တိုက်နယ်လုပ်ငန်းရဲ့ ဦးဆုံးနှစ်မှာ ဇာခရိ ၄:၆ ကို ကျွန်တော်မကြာခဏဖတ်ပြခဲ့တယ်။ “အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်” တယ်ဆိုတဲ့စကားက ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတိုးတက်ခဲ့တာဟာ ယေဟောဝါရဲ့ဝိညာဉ်ကြောင့်ဖြစ်တာကို ကျွန်တော့်ကိုသတိရစေတယ်။ ကျွန်တော်တို့ရဲ့မတတ်စွမ်းမှုတွေ အထင်အရှားရှိပေမဲ့ တိုးတက်ခဲ့တာအမှန်ပဲ။
အခက်အခဲများနှင့်ကောင်းချီးများ တစ်လျှောက်လုံးခံစားခဲ့ရ
တိုက်နယ်လုပ်ငန်းဆိုတာဟာ လက်နှိပ်စက်၊ စာအုပ်ပုံးတွေ၊ အဝတ်အစားသေတ္တာတွေနဲ့ လက်ဆွဲအိတ်တွေသယ်ပြီး နိုင်ငံအနှံ့လှည့်လည်ရတာဖြစ်တယ်။ ဘတ်စကားတစ်စီးကနေ နောက်တစ်စီးကိုပြောင်းတဲ့အခါ ပစ္စည်းတွေမပျောက်ရအောင် ကျွန်တော်တို့ရဲ့အထုပ်အပိုးတွေကို ခရစ္စတင်းက ပညာရှိရှိရေတွက်ထားခဲ့တယ်။ နောက်တစ်နေရာရောက်ဖို့ မြေလမ်းပေါ်တွေမှာ ၁၅ နာရီကြာ ဘတ်စကားနဲ့ခရီးသွားရတာ မဆန်းတော့ပါဘူး။ တစ်ခါတလေ အထူးသဖြင့် ဘတ်စကားနှစ်စီးဟာ ခနော်ခနဲ့ဖြစ်နေတဲ့တံတားပေါ်မှာ တစ်ချိန်တည်း မျက်နှာချင်းဆိုင် ကူးဖြတ်တဲ့အခါ ကားနှစ်စီးကြားမှာ စက္ကူပါးတစ်ချပ်လောက်ပဲနေရာလွတ်တာဟာ တကယ့်ကိုတုန်လှုပ်စရာပါပဲ။ မီးရထား၊ သင်္ဘော၊ မြင်းတို့နဲ့လည်း ခရီးသွားခဲ့ကြရတယ်။
၁၉၆၁ မှာခရိုင်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ရပြီး အသင်းတော်တစ်ခုကနေတစ်ခုသွားရမယ့်အစား တိုက်နယ်တစ်ခုကနေတစ်ခုကို သွားခဲ့ရတယ်။ အပတ်တစ်ပတ်ရဲ့ အချို့ညနေခင်းတွေမှာ ယေဟောဝါသက်သေတွေထုတ်တဲ့ ရုပ်ရှင်ကားတွေကို ရောက်တဲ့နေရာတိုင်းမှာပြတယ်။ တစ်ခါတလေ ဒီလိုရုပ်ရှင်ပြတာကို ဒေသခံခရစ်ယာန်ဓမ္မဆရာတွေ မတားဆီးခင် ရုပ်ရှင်ကိုမြန်မြန်ပြလိုက်ကြရတယ်။ မြို့တစ်မြို့မှာ ခရစ်ယာန်ဓမ္မဆရာက ကျွန်တော်တို့ငှားထားတဲ့ ခန်းမပိုင်ရှင်ကိုအနိုင်ကျင့်ပြီး သဘောတူညီချက်စာချုပ်ကို ဖျက်ခိုင်းတယ်။ နောက်တစ်နေရာကို ဆက်တိုက်ရှာပြီးတွေ့တဲ့အခါ ဘယ်သူ့ကိုမှမပြောဘဲ အရင်နေရာကိုပဲလာဖို့ လူတိုင်းကိုဆက်ပြီးဖိတ်ခေါ်ခဲ့တယ်။ အစီအစဉ်မစခင်မှာ အဲဒီခန်းမကို ခရစ္စတင်းသွားပြီး ရုပ်ရှင်ကြည့်ချင်တဲ့သူတွေကို နေရာအသစ်ဆီ တိုးတိုးတိတ်တိတ်လမ်းညွှန်ပေးပါတယ်။ အဲဒီညနေမှာ လှုပ်ရှားနေသောကမ္ဘာသစ်အဖွဲ့အစည်း ရုပ်ရှင်ကားကို လူပေါင်း ၁၅၀ ရှုစားခဲ့ကြတယ်။
ဝေးခေါင်တဲ့နယ်မြေတွေမှာ နယ်လှည့်လုပ်ငန်းလုပ်ရတာ တစ်ခါတလေ ခက်ခဲပင်ပန်းပေမဲ့ အဲဒီကနှိမ့်ချတဲ့ညီအစ်ကိုတွေဟာ ကျွန်တော်တို့လည်ပတ်တာကို အရမ်းကျေးဇူးတင်လေးမြတ်ကြပြီး သူတို့ရဲ့ပကာသနမရှိတဲ့အိမ်တွေမှာ ကျွန်တော်တို့ကို ဧည့်ဝတ်ကျေပွန်ကြတာအရမ်းပဲ၊ သူတို့ဆီ ကျွန်တော်တို့ရောက်သွားနိုင်လို့ ယေဟောဝါကိုအမြဲတမ်းကျေးဇူးတင်မိတယ်။ သူတို့နဲ့မိတ်ဖွဲ့ရတာဟာ ကျွန်တော်တို့အတွက် ကြည်နူးအားရစရာကောင်းချီးတွေရစေတယ်။ (သု. ၁၉:၁၇; ဟဂ္ဂဲ ၂:၇) ဒါကြောင့် ဘရာဇီးမှာ ၂၁ နှစ်ကျော်ကျော် အမှုဆောင်ခဲ့ရပြီးနောက် ကျွန်တော်တို့ရဲ့သာသနာပြုဘဝ အဆုံးတိုင်ခဲ့ရလို့ တကယ့်ကိုဝမ်းနည်းရပါတယ်!
သေရေးရှင်ရေးအချိန်တွင် ယေဟောဝါလမ်းပြခဲ့
၁၉၇၅ မှာခရစ္စတင်းကို ခွဲစိတ်ကုသခဲ့ရတယ်။ နယ်လှည့်လုပ်ငန်းကို ပြန်လုပ်နိုင်ခဲ့ကြပေမဲ့ ခရစ္စတင်းရဲ့ကျန်းမာရေးက ပိုဆိုးလာတယ်။ သူ့ကိုဆေးကုနိုင်ဖို့ အမေရိကန်ပြည်ထောင်စုကို ပြန်တာအကောင်းဆုံးပဲ။ ဒါနဲ့ ၁၉၇၆၊ ဧပြီလမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လောင်းဘိချ်မြို့ကိုရောက်လာကြပြီး ကျွန်တော့်အမေနဲ့အတူ နေခဲ့ကြတယ်။ တိုင်းတစ်ပါးမှာ အနှစ်နှစ်ဆယ်နေခဲ့ပြီးနောက် ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမှန်းတောင်မသိခဲ့ဘူး။ ဒီတော့ အနှိပ်သည်အလုပ်ကိုပြန်လုပ်ပြီး ရတဲ့ဝင်ငွေနဲ့ ဖူလုံခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က ခရစ္စတင်းကို ဆေးရုံတင်ပေးပေမဲ့ ဆရာဝန်တွေက သွေးမသွင်းဘဲဆေးမကုပေးတာကြောင့် သူဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုအားနည်းလာတယ်။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ယေဟောဝါကို လမ်းညွှန်ပေးဖို့ တိုးလျှိုးတောင်းပန်ခဲ့ကြတယ်။
ကျွန်တော် လယ်ကွင်းလုပ်ငန်းမှာပါဝင်နေတဲ့ နေ့လယ်ခင်းတစ်ခုမှာ ဆရာဝန်တစ်ဦးရဲ့ရုံးကို သတိထားမိတယ်၊ အထဲဝင်ဖို့ ရုတ်တရက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဆရာဝန်က အိမ်ပြန်တော့မယ့်ဆဲဆဲ၊ ကျွန်တော့်ကို သူ့ရုံးခန်းထဲဝင်ခွင့်ပေးပြီး ကျွန်တော်တို့နှစ်ယောက် နှစ်နာရီကြာစကားပြောခဲ့ကြတယ်။ အဲဒီနောက်မှာ သူက “ခင်ဗျားတို့ရဲ့သာသနာပြုလုပ်ငန်းကို ကျွန်တော်လေးစားပါတယ်၊ ခင်ဗျားရဲ့ဇနီးကို ငွေမယူ၊ သွေးမသွင်းဘဲ ကုပေးမယ်” လို့ပြောတယ်။ ကိုယ့်နားကိုတောင် ကိုယ်မယုံနိုင်တော့ဘူး။
လေးစားခံရတဲ့အထူးကုဖြစ်တဲ့ အဲဒီကြင်နာတတ်တဲ့ဆရာဝန်က ခရစ္စတင်းကို သူတာဝန်ကျတဲ့ဆေးရုံကို ပြောင်းရွှေ့စေပြီး သူ့ရဲ့ကုသမှုအောက်မှာ မကြာခင် ခရစ္စတင်းရဲ့အခြေအနေတိုးတက်လာတယ်။ အဲဒီခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါလမ်းပြပေးခဲ့တဲ့အတွက် တကယ်ပဲကျေးဇူးတင်မဆုံးပါဘူး!
တာဝန်အသစ်များ
ခရစ္စတင်း ပြန်အားပြည့်လာတဲ့အခါ ကျွန်တော်တို့ရှေ့ဆောင်လုပ်ကြပြီး လောင်းဘိချ်မြို့သားအချို့ကို ယေဟောဝါဝတ်ပြုသူတွေဖြစ်လာဖို့ ကူညီပေးနိုင်ခဲ့တာ ဝမ်းသာစရာပါပဲ။ ၁၉၈၂ ကျတော့ အမေရိကန်ပြည်ထောင်စုမှာ တိုက်နယ်လုပ်ငန်းလုပ်ဖို့ ကျွန်တော်တို့ကိုတာဝန်ပေးတယ်။ ကျွန်တော်တို့မြတ်နိုးတဲ့ ခရစ်ယာန်ဓမ္မအမှုတစ်မျိုးဖြစ်တဲ့ နယ်လှည့်လုပ်ငန်းမှာ ကျွန်တော်တို့ကိုတစ်ခါပြန်အသုံးချတဲ့အတွက် ယေဟောဝါကို ကျွန်တော်တို့နေ့တိုင်းကျေးဇူးတင်မိတယ်။ ပေါ်တူဂီစကားပြော အသင်းတော်အချို့ရှိတဲ့ တိုက်နယ်ကယ်လီဖိုးနီးယားပြည်နယ်နဲ့ နောက်ပိုင်းမှာ နယူးအင်္ဂလန်ပြည်နယ်မှာ အမှုဆောင်ခဲ့ကြရတယ်။ နောက်ပိုင်းမှာ ဘာမြူဒါလည်းပါဝင်လာတယ်။
အားတက်စရာလေးနှစ်တာကာလပြီးတဲ့နောက် တာဝန်နောက်တစ်ခုကို ကျွန်တော်တို့ရရှိတယ်။ ကျွန်တော်တို့လိုလားတဲ့ ဘယ်နေရာမှာမဆို အထူးရှေ့ဆောင်လုပ်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ နယ်လှည့်လုပ်ငန်းကနေထွက်ရတဲ့အတွက် ဝမ်းနည်းကြပေမဲ့ ကျွန်တော်တို့ရဲ့တာဝန်အသစ်ကို ဆက်ထမ်းဆောင်ဖို့ သန္နိဋ္ဌာန်ချခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်နေရာမှာလဲ။ နယ်လှည့်လုပ်ငန်းလုပ်ကိုင်တုန်းက မက်ဆာချူးဆက်ပြည်နယ်၊ နယူးဘက်ဒ်ဖော့ဒ်က ပေါ်တူဂီအသင်းတော်ဟာ အကူအညီလိုနေတာကို ကျွန်တော်တို့သတိထားမိတယ်၊ ဒါကြောင့် နယူးဘက်ဒ်ဖော့ဒ်ကို ကျွန်တော်တို့ရွှေ့ပြောင်းခဲ့ကြတယ်။
ကျွန်တော်တို့ရောက်တဲ့အခါ အသင်းတော်က အကြီးအကျယ်ကြိုဆိုပွဲလုပ်ပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ကို တကယ်ချစ်ခင်လိုလားကြတယ်လို့ခံစားမိတယ်! မျက်ရည်များတောင်ကျမိတယ်။ ကလေးနှစ်ယောက်ရှိတဲ့ လူငယ်ဇနီးမောင်နှံက ကျွန်တော်တို့ အိမ်ခန်းမတွေ့မချင်း သူတို့အိမ်မှာနေဖို့ ကြင်နာစွာခေါ်ဖိတ်တယ်။ အထူးရှေ့ဆောင်အဖြစ်တာဝန်ကျတဲ့ဒီနေရာမှာ ကျွန်တော်တို့မျှော်လင့်ထားတာထက်တောင် ယေဟောဝါအမှန်ပဲကောင်းချီးပေးခဲ့ပါတယ်။ ၁၉၈၆ ကတည်းက ဒီမြို့မှာလူပေါင်း ၄၀ လောက်ကို သက်သေခံဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးမိသားစုပါပဲ။ ဒီအပြင် သိုးတော်စုကို ဂရုစိုက်ကြည့်ရှုတဲ့ သိုးထိန်းတွေဖြစ်လာကြတဲ့ ဒေသခံညီအစ်ကိုငါးယောက်ရဲ့ တိုးတက်မှုကိုတွေ့မြင်ရတဲ့ ပျော်ရွှင်မှုကိုလည်း ကျွန်တော်ခံစားခဲ့ရပြီ။ သီးပွင့်တဲ့သာသနာပြုနယ်မြေတစ်ခုမှာ တာဝန်ကျသလိုပါပဲ။
ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ငယ်ရွယ်စဉ်ကတည်းက ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ခဲ့ကြရပြီး အမှန်တရားကို ကျွန်တော်တို့ရဲ့ အသက်တာလမ်းစဉ်ဖြစ်စေနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့အားရဝမ်းမြောက်ခဲ့ကြရတယ်။ မှန်ပါတယ်၊ အခုဆိုရင် ကျွန်တော်တို့ဟာ အသက်အရွယ်ထောက်လာပြီး ကျန်းမာရေးချို့ယွင်းလာကြပေမဲ့ ယေဟောဝါရဲ့လမ်းစဉ်မှာ ဆက်တိုးတက်နေခြင်းဟာ ကျွန်တော်တို့ရဲ့ခွန်အား၊ ကျွန်တော်တို့ရဲ့ရွှင်လန်းမှုဖြစ်နေဆဲပါ။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ရီယို ဒီ ဂျနေရိုမြို့သို့ရောက်ခါစ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
မက်ဆာချူးဆက်ပြည်နယ်၊ နယူးဘက်ဒ်ဖော့ဒ်မှ ကျွန်တော်တို့၏ဝိညာဉ်ရေးမိသားစု