သမ္မာကျမ်းစာကို နားလည်ရန် အထောက်အကူ
သမ္မာကျမ်းစာသည် တစ်မူထူးခြားသော စာအုပ်တစ်အုပ်ဖြစ်သည်။ ၎င်းကိုရေးသားသူများသည် ဘုရားသခင်၏မှုတ်သွင်းခြင်း ခံရကြသည်ဟုဆိုပြီး ထိုတွင်ပါသည့်အကြောင်းအရာများက ယင်းအဆိုမှန်ကြောင်း အလုံအလောက်သက်သေထူသည်။ (၂ တိမောသေ ၃:၁၆) အခြားအရာများအပြင် ကျွန်ုပ်တို့အဘယ်ကလာသည်၊ အဘယ်ကြောင့်ဤတွင်ရှိနေသည်၊ နောင်တွင်အဘယ်သို့ဖြစ်မည်ကို သမ္မာကျမ်းစာက ဖော်ပြပေးသည်။ ဆင်ခြင်သုံးသပ်ထိုက်သည့် စာအုပ်တစ်အုပ်အမှန်ပင်ဖြစ်သည်!
သမ္မာကျမ်းစာကိုဖတ်ရှုရန် သင်ကြိုးစားကောင်းကြိုးစားခဲ့မည်ဖြစ်သော်လည်း နားလည်ရန်ခက်ခဲကြောင်း တွေ့ရှိခဲ့ပေမည်။ မေးခွန်းများအတွက် အဖြေများကို အဘယ်နေရာတွင်ရှာဖွေရမည်ကို သင်မသိဘဲဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဖြစ်လျှင် သင်တစ်ဦးတည်းမဟုတ်ပါ။ သင့်အခြေအနေသည် ပထမရာစုတွင်အသက်ရှင်ခဲ့သည့် လူတစ်ဦးနှင့်ဆင်တူသည်။ သူသည် ယေရုရှလင်မှ သူ၏ဇာတိမြေ အီသီယိုးပီးယားသို့ မြင်းရထားနှင့်ခရီးသွားနေသည်။ ထိုအဲသယောပိအရာရှိသည် နှစ်ပေါင်းခုနစ်ရာကျော်ကရေးသားခဲ့သော ဟေရှာယ၏ပရောဖက်ပြုကျမ်းကို အသံကျယ်ကျယ်ဖြင့် ဖတ်ရှုနေသည်။
ရုတ်တရက်၊ ရထားသို့ပြေးလာသည့် လူတစ်ဦးက သူ့အားစကားစတင်ပြောဆိုခဲ့သည်။ ထိုသူမှာ ယေရှု၏တပည့်တော် ဖိလိပ္ပုဖြစ်သည်၊ အဲသယောပိပြည်သားအား သူက “ဖတ်သောအရာကိုနားလည်ပါ၏လော” ဟုမေးခဲ့သည်။ အဲသယောပိပြည်သားက “သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း” ဟုပြန်ဖြေသည်။ ထို့နောက် ဖိလိပ္ပုကို ရထားပေါ်သို့ ဖိတ်ခေါ်လိုက်သည်။ ဖိလိပ္ပုသည် ထိုသူဖတ်နေသည့် စာပိုဒ်၏အဓိပ္ပာယ်ကို ရှင်းပြခဲ့၍ “ယေရှုအကြောင်းတည်းဟူသော သတင်းကောင်းကို” ဟောလေ၏။—တမန်တော် ၈:၃၀-၃၅။
ဘုရားသခင့်နှုတ်ထွက်စကားတော်ကိုနားလည်ရန် ရှေးအချိန်က ဖိလိပ္ပုသည် အဲသယောပိပြည်သားအားကူညီပေးခဲ့သကဲ့သို့ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကိုနားလည်စေရန် လူများကို ယနေ့ကူညီပေးလျက်ရှိသည်။ သင့်ကိုလည်းကူညီပေးရန် သူတို့အသင့်ရှိကြပေမည်။ အခြေခံကျမ်းစာသွန်သင်ချက်များနှင့်အစပြု၍ သမ္မာကျမ်းစာကိုစနစ်တကျလေ့လာခြင်းသည် အကောင်းဆုံးဖြစ်သည်။ (ဟေဗြဲ ၆:၁၊ ၂) သင်တိုးတက်လာသည်နှင့်အမျှ တမန်တော်ပေါလုက “ကြေခဲသောအစာ” ဟုခေါ်ခဲ့သည့် သာ၍နက်နဲသောအမှန်တရားကိုလည်း နားလည်နိုင်မည်ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) သင်လေ့လာနေသည်မှာ သမ္မာကျမ်းစာဖြစ်သော်လည်း ကျမ်းစာလေ့လာရန်အထောက်အကူပြုသည့် အခြားစာပေများကလည်း အကြောင်းအရာအမျိုးမျိုးနှင့်စပ်လျဉ်းသည့် ကျမ်းပိုဒ်များကို တွေ့ရှိကာနားလည်ရန် ကူညီပေးနိုင်သည်။
လေ့လာမှုကို အများအားဖြင့် သင့်အတွက်အဆင်ပြေမည့်အချိန်နှင့် နေရာတွင်စီစဉ်နိုင်ပါသည်။ အချို့သူတို့သည် တယ်လီဖုန်းနှင့်ပင် လေ့လာမှုပြုခဲ့ကြသည်။ လေ့လာမှုကို စာသင်ခန်းတစ်ခုပုံစံအတိုင်း မပြုလုပ်ကြချေ; သင်၏နောက်ခံနှင့် သင်၏ပညာရေးအပါအဝင် သင့်ကိုယ်ပိုင်အခြေအနေများနှင့်အညီ သီးသန့်စီစဉ်ပေးပါသည်။ ဤကဲ့သို့ကျမ်းစာလေ့လာမှုအတွက် အခပေးရန်မလိုပါ။ (မဿဲ ၁၀:၈) စာမေးပွဲများလည်းမရှိသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်မဟုတ်ချေ။ သင့်မေးခွန်းများကို ဖြေဆိုပေးမည်ဖြစ်ပြီး ဘုရားသခင်ထံ မည်သို့ချဉ်းကပ်နိုင်ကြောင်း သင်သိရှိလာမည်။ သို့သော် သမ္မာကျမ်းစာကို သင်အဘယ်ကြောင့်လေ့လာသင့်သနည်း။ သမ္မာကျမ်းစာလေ့လာခြင်းက သင့်ဘဝကို တိုး၍ပျော်ရွှင်စေနိုင်သည့် အကြောင်းရင်းအချို့ကို သုံးသပ်ကြည့်ပါလေ။