ယေဟောဝါ၏အလိုတော်ကို သူတို့လုပ်ဆောင်ခဲ့ကြ
အဲသယောပိအရာရှိတစ်ဦးကို ဖိလိပ္ပုနှစ်ခြင်းပေးခဲ့ခြင်း
မြင်းရထားကို စီးသွားနေစဉ် အဲသယောပိပြည်သားတစ်ဦးသည် သူ၏အချိန်ကို ပညာရှိရှိအသုံးချလျက်နေခဲ့သည်။ သူသည် ကျယ်လောင်စွာဖြင့် စာဖတ်နေသည်။ ၎င်းမှာ ပထမရာစုတွင်ရှိသော ခရီးသွားများ၏ အလေ့အထတစ်ခုဖြစ်၏။ ဤအထူးပုဂ္ဂိုလ်မှာ “အဲသယောပိပြည်ကို အစိုးရသောမိဖုရား ကန္ဒက်ထံ၌ ဘုန်းကြီးသော”a အရာရှိတစ်ဦးဖြစ်၏။ သူသည် “ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရ” ၏။ အမှန်သော် သူသည် ဘဏ္ဍာရေးဝန်ကြီးတစ်ဦးဖြစ်သည်။ ဤအရာရှိသည် ပညာသုတရရှိရန်အလို့ငှာ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ဖတ်ရှုနေခြင်းဖြစ်၏။—တမန်တော် ၈:၂၇၊ ၂၈။
အနီးအနား၌ ဧဝံဂေလိတရားဟောပြောသူ ဖိလိပ္ပုရှိနေသည်။ ဤနေရာသို့ ကောင်းကင်တမန်တစ်ပါးက သူ့ကို လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး ယခု သူ့ကို “ထိုရထားသို့ချဉ်းကပ်၍ မှီဝဲလော့” ဟု ပြောလေသည်။ (တမန်တော် ၈:၂၆၊ ၂၉) ‘ဒီလူက ဘယ်သူလဲ။ သူ ဘာတွေဖတ်နေတာလဲ။ ဘာကြောင့် ငါ့ကို သူ့ဆီလမ်းညွှန်ရတာလဲ’ ဟူ၍ မိမိကိုယ်ကိုမိမိ ဖိလိပ္ပုမေးနေခဲ့မည်ကို ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သည်။
မြင်းရထားနှင့် ဘေးချင်းယှဉ်လျက် ဖိလိပ္ပုပြေးသွားစဉ် “အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။ နှိမ့်ချခြင်းကိုခံစဉ်တွင် သူတစ်ပါးတို့သည် ထိုသူကို မတရားသဖြင့်စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်း” ဟူသည့် စကားရပ်များကို အဲသယောပိပြည်သား ဖတ်ရှုနေကြောင်း သူနားစွန်နားဖျားကြားလိုက်ရသည်။—တမန်တော် ၈:၃၂၊ ၃၃။
ထိုစာပိုဒ်ကို ဖိလိပ္ပု ချက်ချင်းမှတ်မိလိုက်သည်။ ၎င်းမှာ ဟေရှာယ၏စာစောင်မှဖြစ်၏။ (ဟေရှာယ ၅၃:၇၊ ၈) အဲသယောပိပြည်သားမှာ သူဖတ်နေသည့်အကြောင်းအရာနှင့်စပ်လျဉ်း၍ စဉ်းစားရကျပ်နေသည်။ “ဖတ်သောအရာကို နားလည်ပါ၏လော” ဟု မေးခြင်းအားဖြင့် ဖိလိပ္ပုက စကားစမြည်ပြောဆိုရန် စတင်လိုက်၏။ အဲသယောပိပြည်သားက “သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်း” ဟု ပြန်ဖြေသည်။ ထို့နောက် သူ၏မြင်းရထားပေါ်သို့လာရန် ဖိလိပ္ပုကို သူကတောင်းပန်၏။—တမန်တော် ၈:၃၀၊ ၃၁။
“အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း”
“ပရောဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်းဆိုလိုသလော။ သူတစ်ပါးကိုတည်းဆိုလိုသလော” ဟု အဲသယောပိပြည်သားက ဖိလိပ္ပုကို မေး၏။ (တမန်တော် ၈:၃၄) အဲသယောပိပြည်သား၏ ရှုပ်ထွေးနေမှုမှာ အံ့ဩစရာမဟုတ်ပါ။ အကြောင်းမှာ ဟေရှာယပရောဖက်ပြုချက်၌ပါသော “သိုးသငယ်” သို့မဟုတ် “ကျွန်” ဟူသည့် ဖော်ပြချက်သည် နက်နဲသောအရာဖြစ်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့်တည်း။ (ဟေရှာယ ၅၃:၁၁) အဲသယောပိပြည်သားအား “ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို” ဖိလိပ္ပု အလေးအနက်ပြောပြသောအခါ အဆိုပါအချက် မည်မျှရှင်းလင်းသွားခဲ့မည်တကား! ထိုခဏ၌ပင် အဲသယောပိပြည်သားက “အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း” ဟု ဆိုလေသည်။ ထို့ကြောင့် သူ့ကို ထိုတွင်ပင် ဖိလိပ္ပု ချက်ချင်းနှစ်ခြင်းပေးခဲ့သည်။—တမန်တော် ၈:၃၅-၃၈။
အလျင်စလိုနိုင်သော လုပ်ရပ်တစ်ခုလော။ မဟုတ်ပါ! အဲသယောပိပြည်သားသည် ဂျူးဘာသာဝင်တစ်ဦးဖြစ်၏။b ထို့ကြောင့် သူသည် မေရှိယပရောဖက်ပြုချက်အပါအဝင် ကျမ်းစာအသိပညာများရှိပြီးသားဖြစ်သော ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်သည်။ သို့သော် သူ၏အသိပညာသည် ပြည့်စုံခြင်းမရှိသေးချေ။ ယေရှုခရစ်၏အခန်းကဏ္ဍနှင့်ပတ်သက်သော ဤအရေးကြီးသတင်းကို ယခုသူရရှိပြီးဖြစ်သည့်အတွက် အဲသယောပိပြည်သားသည် သူ့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုထားကြောင်း သဘောပေါက်ပြီး လိုက်လျှောက်ရန် အသင့်ဖြစ်နေပေပြီ။ နှစ်ခြင်းပေးခြင်းသည် သင့်လျော်လျောက်ပတ်ပေ၏။—မဿဲ ၂၈:၁၈-၂၀; ၁ ပေတရု ၃:၂၁။
ထို့နောက် “ဘုရားသခင်၏ဝိညာဉ်တော်သည် ဖိလိပ္ပုအား တစ်ပါးအရပ်သို့ဆောင်ယူသွားတော်မူ” ၏။ သူသည် အခြားတာဝန်တစ်ခုသို့ ဆက်၍ထွက်ခွာခဲ့သည်။ အဲသယောပိပြည်သားသည်လည်း “ဝမ်းမြောက်စွာ ဆက်လက်၍ ခရီးပြုလေသည်။”—တမန်တော် ၈:၃၉၊ ၄၀၊ သတင်းကောင်း။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
ယေဟောဝါ၏ မျက်မှောက်ခေတ်ကျေးကျွန်များအနေနှင့်၊ ကျွန်ုပ်တို့သည် စိတ်နှလုံးရိုးဖြောင့်သောပုဂ္ဂိုလ်များအား ဘုရားသခင်၏နှုတ်ကပါဌ်တော်သမ္မာတရားကို သင်ယူသိရှိလာဖို့ ကူညီပေးရန် တာဝန်ရှိလေသည်။ ခရီးသွားနေစဉ် သို့မဟုတ် အခြားအလွတ်သဘောအခြေအနေများ၌ အခြားသောသူများကို သတင်းကောင်းတင်ဆက်ခြင်းက များစွာသောသူတို့ကို အောင်မြင်မှုရရှိစေခဲ့ပြီ။ ဘုရားသခင်၏နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း၏ အကျိုးရလဒ်အနေနှင့် နှစ်စဉ် ထောင်နှင့်သောင်းနှင့်ချီသောသူများ ယေဟောဝါဘုရားသခင်ထံ သူတို့ဆက်ကပ်အပ်နှံမှု၏အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံခဲ့ကြ၏။
လူသစ်များသည် နှစ်ခြင်းခံရန် အလျင်စလိုမဖြစ်သင့်ပေ။ ဦးဆုံးအနေနှင့် သူတို့သည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့နှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာကို ရယူရမည်။ (ယောဟန် ၁၇:၃) ထို့နောက် သူတို့သည် နောင်တယူပြီး ဘုရားသခင်၏စံချိန်စံနှုန်းတော်များနှင့် ကိုက်ညီရန် မှားယွင်းသောအမူအကျင့်ကို ကြဉ်ရှောင်ကာ ပြောင်းလဲရမည်ဖြစ်သည်။ (တမန်တော် ၃:၁၉) ယင်းအတွက် အချိန်ယူရမည်။ မှားယွင်းသောအတွေးအခေါ်နှင့် အမူအကျင့်များ နက်ရှိုင်းစွာစွဲမြဲနေမည်ဆိုလျှင် အထူးသဖြင့်အချိန်ယူရမည်။ လူသစ်များသည် ခရစ်ယာန်တပည့်နောက်လိုက်များဖြစ်ခြင်း၏ နစ်နာမှုများကို ထည့်တွက်သင့်သော်လည်း ဆက်ကပ်အပ်နှံထားပြီးဖြစ်သော ယေဟောဝါဘုရားသခင်နှင့် ဆက်ဆံရေးဘောင်အတွင်းသို့ ဝင်ရောက်ခြင်းမှ ကြွယ်ဝလှသောကောင်းချီးမင်္ဂလာများ ဖြစ်ထွန်းနိုင်ပေသည်။ (လုကာ ၉:၂၃; ၁၄:၂၅-၃၃ နှိုင်းယှဉ်။) ယေဟောဝါ၏သက်သေဖြစ်ကြသူတို့သည် ဘုရားသခင်က မိမိ၏အလိုတော်ပြီးစီးအောင်မြင်ရန်အတွက် အသုံးပြုလျက်ရှိသောအဖွဲ့အစည်းအတွင်းသို့ ထိုကဲ့သို့သောလူသစ်များကို စိတ်အားထက်သန်စွာညွှန်ပြပေးကြသည်။ (မဿဲ ၂၄:၄၅-၄၇) အဲသယောပိပြည်သားနည်းတူ ဤသူများသည် သူတို့ထံမှ ဘုရားသခင်တောင်းဆိုထားသောအရာများအကြောင်း လေ့လာ၍ ယင်းနှင့်အညီလိုက်လျှောက်ရာတွင် ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a “ကန္ဒက်” ဟူသည် အမည်မဟုတ် အဲသယောပိမိဖုရားများနှင့်ပတ်သက်၍ ဆက်ခံသူတစ်ဦးက အသုံးပြုသော (“ဖာရော” နှင့် “ကဲသာ” တို့ကဲ့သို့သော) ဘွဲ့နာမတစ်ခုဖြစ်၏။
b ဘာသာဝင်များဆိုသည်မှာ မောရှေပညတ်ချက်ကိုလိုက်လျှောက်ရန် ရွေးချယ်သည့် ဣသရေလလူမျိုးမဟုတ်သူများဖြစ်သည်။—ဝတ်ပြုရာ ၂၄:၂၂။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
မိန်းမစိုးဟု အဘယ်ကြောင့်ခေါ်ရသနည်း
တမန်တော် အခန်းကြီး ၈ ပါ မှတ်တမ်းတစ်လျှောက်လုံးတွင် အဲသယောပိပြည်သားကို “မိန်းမစိုး” (သမ) တစ်ဦးအဖြစ် ရည်ညွှန်းဖော်ပြထားသည်။ သို့သော်လည်း မောရှေပညတ်က ဝတ်ပြုကိုးကွယ်သူလူစုထဲ၌ သင်းကွပ်ထားသောအမျိုးသားကို လက်သင့်မခံသောကြောင့် ဤအမျိုးသားသည် စာသားအတိုင်း မိန်းမစိုးတစ်ဦးမဟုတ်ကြောင်း ရှင်းပါသည်။ (တရားဟောရာ ၂၃:၁) “မိန်းမစိုး” ဟူသော ဂရိစကားလုံးသည် မြင့်မားသောရာထူးရှိသည့် လူတစ်ဦးကိုလည်း ရည်ညွှန်းအသုံးပြုနိုင်သည်။ ထို့ကြောင့် အဲသယောပိပြည်သားသည် အဲသယောပိပြည်၏မိဖုရားလက်အောက်တွင်ရှိသော အရာရှိတစ်ဦးဖြစ်သည်။