စာရှုသူများထံမှမေးခွန်းလွှာ
ပေါလုက “သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ” ဟုဆိုရာ၌ အဘယ်အရာကိုဆိုလိုသနည်း။
ယေရှု၏သေခြင်းအောက်မေ့ရာပွဲ စတင်ကျင်းပခြင်းကိုရည်ညွှန်း၍ ပေါလုဤသို့ရေးသားခဲ့သည်– “သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင် [ကြေညာလျက်ရှိ] ကြ၏။” (၁ ကောရိန္သု ၁၁:၂၅၊ ၂၆) ဤတွင် “အခါခါ” ဟုဆိုခြင်းက ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့သည်အနေနှင့် ကြိမ်ဖန်များစွာသဘောမျိုးဖြင့် မကြာမကြာကျင်းပသင့်၏ဟု အချို့ယူမှတ်ကြသည်။ ထို့ကြောင့် တစ်နှစ်လျှင် တစ်ကြိမ်ထက်မက သူတို့ကျင်းပကြသည်။ ထိုသို့ပေါလုဆိုလိုပါသလော။
ယေရှု၏သေခြင်းကို အောက်မေ့ရာပွဲအဖြစ် ကိုယ်တော်အစပြု ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၂,၀၀၀ နီးပါးရှိခဲ့ပြီ။ ထို့ကြောင့် ထိုအောက်မေ့ရာပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပခဲ့ဦးတော့ စီ.အီး. ၃၃ ခုနှစ်မှစ၍ အကြိမ်ကြိမ်ကျင်းပခဲ့ပြီဟုဆိုနိုင်သည်။ သို့သော် ၁ ကောရိန္သု ၁၁:၂၅၊ ၂၆ ၏ရှေ့နောက်စကားတွင် ပေါလုသည် အောက်မေ့ရာပွဲကို အကြိမ်မည်မျှမဟုတ်ဘဲ မည်သို့ကျင်းပသင့်ကြောင်း ဆွေးနွေးနေခြင်းဖြစ်သည်။ မူရင်းဂရိတွင် “အကြိမ်ကြိမ်” သို့မဟုတ် “မကြာခဏ” ဟုအဓိပ္ပာယ်ရှိသော ပိုလာကီးစ်ဟူသောစကားလုံးကို ပေါလုအသုံးမပြုခဲ့ပါ။ ယင်းအစား အိုဆာကီးစ်ဟူသောစကားလုံးကို အသုံးပြုခဲ့သည်၊ ၎င်းကား “အခါတိုင်း၊” “အကြိမ်တိုင်း” ဟုဥပစာအဓိပ္ပာယ်ရှိသော “အခါခါ” ကိုဆိုလိုသည်။ ပေါလုပြောဆိုနေသည်မှာ ‘ဤသို့ပြုသည့်အခါတိုင်း သင်တို့သည် သခင်၏သေခြင်းကို ကြေညာလျက်နေကြ၏’ ဖြစ်သည်။a
သို့ဖြစ်၍ ယေရှု၏သေခြင်း အောက်မေ့ရာပွဲကို အကြိမ်မည်မျှကျင်းပသင့်သနည်း။ တစ်နှစ်တစ်ကြိမ်ကျင်းပရန်သာ သင့်လျော်ပါသည်။ ၎င်းသည် အမှန်ပင် အောက်မေ့ရာပွဲဖြစ်ပြီး အောက်မေ့ရာပွဲများကို တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိကြသည်။ ထို့အပြင် ယေရှုသည် တစ်နှစ်တစ်ကြိမ်ကျင်းပခဲ့ကြသော ဂျူးတို့၏ပသခါပွဲနေ့တွင် သေဆုံးခဲ့သည်။ ထို့ကြောင့် သင့်လျော်စွာဖြင့် ပေါလုက ယေရှုအား “ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်” ဟူ၍ ဖော်ပြ၏၊ အကြောင်းမှာ ပထမဆုံးပသခါယဇ်သည် အီဂျစ်ပြည်ရှိ ဇာတိဣသရေလသားဦးများကို အသက်ရှင်စေခဲ့ပြီး လူမျိုးတစ်မျိုးလုံးကို ကျွန်ဘဝမှ လွတ်မြောက်ရန်လမ်းပွင့်စေခဲ့သကဲ့သို့ပင် ပူဇော်ရာယဇ်အဖြစ် ယေရှုသေဆုံးခဲ့ခြင်းသည် ဝိညာဉ်ရေးဣသရေလလူမျိုးအတွက် အသက်ရရန်လမ်းပွင့်စေခဲ့သောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၅:၇; ဂလာတိ ၆:၁၆) ဂျူးလူမျိုးတို့၏နှစ်ပတ်လည် ပသခါပွဲနှင့် ဤသို့ဆက်စပ်နေခြင်းက ယေရှု၏သေခြင်း အောက်မေ့ရာပွဲကို တစ်နှစ်တစ်ကြိမ်သာကျင်းပသင့်ကြောင်း ထပ်ဆင့်သက်သေထူသည်။
ထို့အပြင် ပေါလုသည် ယေရှု၏သေခြင်းကို “အပြစ်ဖြေရာနေ့” တည်းဟူသော နှစ်စဉ်ကျင်းပသော ဂျူးပွဲတော်နောက်တစ်ခုနှင့် ဆက်စပ်ခဲ့သည်။ ဟေဗြဲ ၉:၂၅၊ ၂၆ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ယဇ်ပုရောဟိတ်မင်းသည် [အပြစ်ဖြေရာနေ့တွင်] သန့်ရှင်းရာဌာနထဲသို့ သူတစ်ပါးအသွေးနှင့် နှစ်တိုင်းအစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကိုပူဇော်ရသည်မဟုတ်။ . . . ဤကပ်ကာလအဆုံး၌ တစ်ခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှာ ပေါ်ထွန်းတော်မူ၏။” ယေရှု၏ပူဇော်ရာယဇ်သည် နှစ်စဉ်ကျင်းပသော အပြစ်ဖြေရာနေ့၏ယဇ်ကောင်ကို အစားထိုးသည်ဖြစ်၍ ကိုယ်တော်၏သေခြင်း အောက်မေ့ရာပွဲကို တစ်နှစ်တစ်ကြိမ် လျောက်ပတ်စွာကျင်းပခဲ့ကြသည်။ အောက်မေ့ရာပွဲကို ထိုထက်ပို၍ မကြာခဏကျင်းပရန် ကျမ်းစာအထောက်အထားမရှိချေ။
ယင်းနှင့်အညီ၊ သမိုင်းဆရာ ဂျောန် လော့ရဲန့်စ် ဗွန် မိုရှိမ်းက အာရှမိုင်းနားရှိ ဒုတိယရာစုခရစ်ယာန်များသည် ယေရှု၏သေခြင်းအောက်မေ့ရာပွဲကို “ဂျူးပထမလ [နိသန်လ] ဆယ့်လေးရက်နေ့တွင်” ကျင်းပလေ့ရှိကြသည်ဟုဆို၏။ နောက်ပိုင်းနှစ်များ၌သာ တစ်နှစ်တစ်ကြိမ်မက အကြိမ်ကြိမ်ကျင်းပခြင်းသည် ခရစ်ယာန်ဘောင်၌ဝဓလေ့ထုံးစံဖြစ်လာလေသည်။
[အောက်ခြေမှတ်ချက်]
a ၁ ဓမ္မရာဇဝင် ၁:၃၊ ၇ ပါမှတ်တမ်းနှင့် နှိုင်းယှဉ်ကြည့်ပါ။ ထိုတွင် “အခါခါ” (ခေတ်သုံးဟေဗြဲဘာသာပြန်ကျမ်း၌) ဟူသည် “နှစ်တိုင်း” သို့မဟုတ် တစ်နှစ်တစ်ကြိမ် ဖြစ်ပျက်သည့်အဖြစ်အပျက်၊ ရှိလောမြို့ရှိ တဲတော်သို့ ဧလကာနနှင့် သူ၏ဇနီးနှစ်ဦး သွားကြသည့်အဖြစ်အပျက်ကို ရည်ညွှန်းနေသည်။