ဘုရားသခင်အားချစ်သည့်မေတ္တာကို ကျွန်ုပ်တို့တင်ပြနိုင်ပုံ
ဘုရားသခင်အားချစ်သည့်မေတ္တာကို ပျိုးထောင်ခြင်းဟူသည် ဘုရားသခင်အကြောင်း သင်ယူခြင်းမျှသာမဟုတ်ချေ။ ကမ္ဘာတစ်ဝန်းမှဘုရားသခင့်ကျေးကျွန်များ သက်သေပြနိုင်သကဲ့သို့ပင် လူတစ်ဦးသည် ကိုယ်တော်၏ဥပဓိရုပ်တော်နှင့် ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ ဘုရားသခင်အားချစ်သည့်မေတ္တာစစ် တိုးပွားလာမည်ဖြစ်ပြီး၊ ကိုယ်တော်နှစ်သက်ရာ၊ မုန်းတီးရာ၊ ဦးစားပေးရာနှင့် ကိုယ်တော်တောင်းဆိုရာများကို သိကျွမ်းလာသည်နှင့်အမျှ ယင်းမေတ္တာသည် ပို၍ခိုင်မာလာမည်။
ယေဟောဝါသည် ကိုယ်တော့်နှုတ်မြွက်တော်သမ္မာကျမ်းစာကို မေတ္တာရှိစွာ ကျွန်ုပ်တို့အားပေးထားတော်မူသည်၊ ယင်း၌ မိမိကိုယ်တော်တိုင်အကြောင်း ဖော်ပြထားတော်မူ၏။ အခြေအနေအမျိုးမျိုးကို ယေဟောဝါမည်သို့ကိုင်တွယ်ခဲ့ကြောင်း ယင်းမှတစ်ဆင့် ကျွန်ုပ်တို့လေ့လာသိရှိရသည်။ ချစ်မြတ်နိုးရသူတစ်ဦးထံမှ စာတစ်စောင်သည် ကျွန်ုပ်တို့အား များစွာပျော်ရွှင်စေသကဲ့သို့ပင် ယေဟောဝါ၏ဥပဓိရုပ်တော်ဆိုင်ရာ အသွင်သဏ္ဌာန်သစ်များကို ကျွန်ုပ်တို့သိရှိနားလည်သည်နှင့်အမျှ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အား ပျော်ရွှင်ဝမ်းမြောက်စေသည်။
သို့ရာတွင်၊ လူအများရှေ့အမှုဆောင်ခြင်းတွင် ရံဖန်ရံခါ ကျွန်ုပ်တို့သတိပြုမိကြသည့်အတိုင်း ဘုရားသခင်အကြောင်းလေ့လာသင်ယူသည်နှင့် ကိုယ်တော်အား အမြဲပင် ချစ်မြတ်နိုးလာမည်မဟုတ်။ မိမိအချိန်က တန်ဖိုးမထားတတ်သည့်ဂျူးများကို ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ... သို့သော်လည်း ဘုရားသခင်ကိုချစ်ခြင်းမေတ္တာသည် သင်တို့၌မရှိသည်ကို ငါသိ၏။” (ယောဟန် ၅:၃၉၊ ၄၂) လူတချို့သည် နှစ်ပေါင်းများစွာ ယေဟောဝါ၏မေတ္တာပါလုပ်ရပ်များအကြောင်း သင်ယူခဲ့ကြသော်လည်း ကိုယ်တော်အားချစ်သည့်မေတ္တာ မရှိကြချေ။ အဘယ်ကြောင့်နည်း။ သူတို့သည် မိမိတို့သင်ယူခဲ့ရာများနှင့်ပတ်သက်သည့် သက်ဆိုင်ပုံများကို စဉ်းစားဆင်ခြင်မှုမပြုခဲ့ကြသောကြောင့်ဖြစ်၏။ ယင်းနှင့်ဆန့်ကျင်လျက်၊ ကျွန်ုပ်တို့နှင့်အတူ ကျမ်းစာလေ့လာနေကြသည့် သန်းနှင့်ချီသော စိတ်ရိုးဖြောင့်သူတို့မူ ဘုရားသခင်အားချစ်သည့် ၎င်းတို့၏မေတ္တာမှာ ဆက်၍တိုးပွားနေကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့ကဲ့သို့ပင် သူတို့သည် အာသပ်၏ပုံနမူနာကို အတုယူကြ၍ဖြစ်သည်။ အဘယ်နည်းအားဖြင့်နည်း။
ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် တွေးတောဆင်ခြင်ပါ
အာသပ်သည် သူ၏နှလုံးတွင် ယေဟောဝါအားချစ်မြတ်နိုးသည့်စိတ်ကို ပျိုးထောင်ဖို့ သန္နိဋ္ဌာန်ချခဲ့သည်။ သူဤသို့ရေးသားခဲ့၏– “ငါသည် ... ကိုယ့်စိတ်နှလုံးနှင့်ဆွေးနွေးသဖြင့် ငါ့ဝိညာဉ်သည် ဤသို့စစ်ဆေးမေးမြန်း၏။ ထာဝရဘုရား၏အမှုတော်များကို နှုတ်မြွက်၍ ရှေးကာလ၌ပြုတော်မူသောအံ့သြဖွယ်ရာများကို အောက်မေ့ပါမည်။ ပြုတော်မူသမျှကို စဉ်းစား၍ စီရင်တော်မူသောအရာများကို ဆင်ခြင်ပါမည်။” (ဆာလံ ၇၇:၆၊ ၁၁၊ ၁၂၊ သမ္မာ) ဆာလံဆရာပြုခဲ့သည့်အတိုင်း ယေဟောဝါ၏နည်းလမ်းတော်များကို ဆင်ခြင်သုံးသပ်သူ၏စိတ်နှလုံးတွင် ဘုရားသခင်အားချစ်သည့်မေတ္တာ တိုးပွားလာမည်ဖြစ်သည်။
ထို့ပြင်၊ ယေဟောဝါ၏အမှုတော်ကို ကျွန်ုပ်တို့ထမ်းဆောင်နေစဉ် ရင်ဆိုင်ခံစားခဲ့ရသည့် တွေ့ကြုံမှုများကို ပြန်ပြောင်းစဉ်းစားခြင်းက ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့မြဲမြံစေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ‘လုပ်ဖော်ဆောင်ဖက်များ’ ဖြစ်ကြပြီး လုပ်ဖော်ဆောင်ဖက်ချင်းစပ်ကြား တိုးပွားလာနိုင်သည့် ရင်းနှီးချစ်ခင်မှုသည် အလွန်ထူးခြားကြောင်း တမန်တော်ပေါလုပြောဆိုခဲ့သည်။ (၁ ကောရိန္သု ၃:၉၊ သမ္မာ) ယေဟောဝါအားချစ်ကြောင်း ကျွန်ုပ်တို့ပြသကြသောအခါ ယင်းကို ကိုယ်တော်မြတ်နိုးတော်မူပြီး ကိုယ်တော်၏နှလုံးကို ရွှင်ပြုံးစေသည်။ (သု. ၂၇:၁၁) ကျွန်ုပ်တို့သည် အခက်အခဲတစ်ခုခုကို ကျော်လွှားရန် ယေဟောဝါ၏အကူအညီ တောင်းခံ၍ ကိုယ်တော်လမ်းပြတော်မူသည့်အခါ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း ကျွန်ုပ်တို့သိရှိကာ ကိုယ်တော်အား ပို၍ချစ်မြတ်နိုးလာသည်။
လူတို့သည် တစ်ဦးကိုတစ်ဦး ခံစားချက်များ အပြန်အလှန်ပြောပြရင်း ခင်မင်ရင်းနှီးလာတတ်သည်။ ထိုနည်းထပ်တူ၊ ယေဟောဝါအား ကျွန်ုပ်တို့ကိုးကွယ်ဆည်းကပ်ရသည့်အကြောင်းကို ကိုယ်တော့်အား ကျွန်ုပ်တို့ပြောပြကြသောအခါ ကိုယ်တော်အားချစ်သည့်မေတ္တာကြောင့် ကျွန်ုပ်တို့ခွန်အားရကြသည်။ “သင်၏ဘုရားသခင် ယေဟောဝါကို နှလုံးအကြွင်းမဲ့၊ ဝိညာဉ်စိုးလ်အကြွင်းမဲ့၊ စိတ်ရှိသမျှ၊ အစွမ်းခွန်အားရှိသမျှနှင့်ချစ်လော့” ဟူသော ယေရှု၏စကားကို ကျွန်ုပ်တို့ရောင်ပြန်ဟပ်နေကြပေမည်။ (မာကု ၁၂:၃၀၊ ကဘ) ကျွန်ုပ်တို့သည် ယေဟောဝါအား နှလုံးအကြွင်းမဲ့၊ ဝိညာဉ်စိုးလ်အကြွင်းမဲ့၊ စိတ်ရှိသမျှ၊ အစွမ်းခွန်အားရှိသမျှနှင့် ဆက်၍ချစ်မည်ဖြစ်ကြောင်း သေချာစေရန် အဘယ်အရာကိုပြုလုပ်နိုင်သနည်း။
ယေဟောဝါအား နှလုံးအကြွင်းမဲ့ချစ်ခြင်း
သမ္မာကျမ်းစာက ပုံဆောင်နှလုံးအကြောင်း ပြောနေခြင်းဖြစ်သည်၊ ယင်းသည် ကျွန်ုပ်တို့၏အတွင်းလူဖြစ်သော လိုအင်ဆန္ဒများ၊ သဘောထားများနှင့် ခံစားချက်များဖြစ်သည်။ ထို့ကြောင့် ယေဟောဝါအား နှလုံးအကြွင်းမဲ့ချစ်ခြင်းဟူသည် ဘုရားသခင်၏နှစ်သက်လက်ခံမှုရခြင်းကို ကျွန်ုပ်တို့အလိုချင်ဆုံးဟု ဆိုလိုသည်။ (ဆာလံ ၈၆:၁၁) ကိုယ်တော်နှစ်သက်လက်ခံသည့် ဥပဓိရုပ်မျိုး မိမိတို့တွင်ရှိလာစေခြင်းအားဖြင့် ထိုသို့သောမေတ္တာ ကျွန်ုပ်တို့၌ရှိကြောင်း ဖော်ပြကြသည်။ ‘ဆိုးသောအရာကို စက်ဆုပ်ရွံရှာကြပြီး ကောင်းသောအရာ၌ မှီဝဲဆည်းကပ်ကြခြင်း’ အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုကြိုးစားတုပကြ၏။—ရောမ ၁၂:၉၊ သမ္မာ။
ဘုရားသခင်အားချစ်သည့်မေတ္တာသည် အရာရာတိုင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ခံစားချက်များတွင် သက်ရောက်မှုရှိသည်။ ဥပမာအနေနှင့်၊ ကျွန်ုပ်တို့သည် မိမိတို့၏အလုပ်တွင် စိတ်ဝင်စားနေမည် သို့မဟုတ် အလွန်အမင်းအာရုံစိုက်နေမည်ဖြစ်သော်လည်း ယင်းတွင် ကျွန်ုပ်တို့၏စိတ်နှလုံး ရောက်နေခြင်းဖြစ်သလော။ မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါအား နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးသည်ဖြစ်ရာ ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံးအရာမှာ ဘုရားသခင်၏အမှုတော်ဆောင်များဖြစ်ရေးတည်း။ အလားတူ၊ ကျွန်ုပ်တို့သည် မိဘများ၊ အိမ်ထောင်ဖက်များနှင့် ကျွန်ုပ်တို့အလုပ်ရှင်၏ နှစ်သက်လက်ခံမှုကို ရယူလိုကြသော်လည်း ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန် ဦးဆုံးကြိုးစားရှာဖွေခြင်းဖြင့် ကိုယ်တော်အား ကျွန်ုပ်တို့ နှလုံးအကြွင်းမဲ့ချစ်ကြောင်း သက်သေပြကြသည်။ အမှန်မှာ၊ ကိုယ်တော့်ကို ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ဦးထိပ်ထားထိုက်သည်။—မဿဲ ၆:၂၄; ၁၀:၃၇။
ယေဟောဝါအား ဝိညာဉ်စိုးလ်အကြွင်းမဲ့ချစ်ခြင်း
သမ္မာကျမ်းစာတွင် “ဝိညာဉ်စိုးလ်” ဟူသောစကားလုံးသည် အခြေခံအားဖြင့် ကျွန်ုပ်တို့ တစ်ကိုယ်လုံးအပြင် ကျွန်ုပ်တို့ပိုင်ဆိုင်သည့်အသက်တာကိုပါ ရည်ညွှန်းသည်။ ထို့ကြောင့် ယေဟောဝါအား ဝိညာဉ်စိုးလ်အကြွင်းမဲ့ချစ်ခြင်းဟူသည် ကိုယ်တော်အားချီးမွမ်းရန်နှင့် ကိုယ်တော်အားချစ်ကြောင်း သက်သေပြရန် ကျွန်ုပ်တို့၏ဘဝအသက်တာကို အသုံးပြုခြင်းကိုဆိုလိုသည်။
ဘဝအသက်တာတွင် အလုပ်တစ်ခုကိုသင်ယူခြင်း၊ စီးပွားရေးလုပ်ငန်းတစ်ခုကို စီမံဆောင်ရွက်ခြင်း၊ သို့မဟုတ် မိသားစုကို ကျွေးမွေးပြုစုခြင်းကဲ့သို့သော အခြားစိတ်ဝင်စားစရာများ ကျွန်ုပ်တို့၌ရှိပေမည်။ သို့သော် တစ်ချိန်တည်းတွင် ကိုယ်တော့်နည်းလမ်းတော်အတိုင်း လုပ်ဆောင်ခြင်း၊ အသက်တာတွင် အခြားအရာများကို သူ့နေရာနှင့်သူထားခြင်းတို့ဖြင့် ယေဟောဝါအား ဝိညာဉ်စိုးလ်အကြွင်းမဲ့ချစ်ကြောင်း သက်သေပြကြသည်၊ ဤသို့ဖြင့် “[ဘုရားသခင်]၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦး” ထားကြသည်။ (မဿဲ ၆:၃၃၊ သမ္မာ) ဝိညာဉ်စိုးလ်အကြွင်းမဲ့ဝတ်ပြုခြင်းသည် ဇွဲထက်သန်နေခြင်းကိုဆိုလိုသည်။ ယေဟောဝါအားကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်းကို ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ဇွဲရှိရှိဟောပြောခြင်း၊ အစည်းအဝေးများတွင် တည်ဆောက်မှုဖြစ်စေသောမှတ်ချက်များပေးခြင်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုညီအစ်မများကို ကူညီပေးခြင်းအားဖြင့် ဖော်ပြကြသည်။ အရာရာတိုင်းတွင် ကျွန်ုပ်တို့သည် ‘စိုးလ်အကြွင်းမဲ့ ဘုရားသခင်၏အလိုတော်ကိုဆောင်’ ကြသည်။—ဧဖက် ၆:၆။
ယေရှုသည် မိမိကိုယ်ကို ငြင်းပယ်ခြင်းအားဖြင့် ဘုရားသခင်အား စိုးလ်အကြွင်းမဲ့ချစ်ကြောင်း ပြသခဲ့၏။ ကိုယ်တော်သည် ဘုရားသခင့်အလိုတော်ကို ပထမနေရာထားပြီး မိမိ၏လိုအပ်ရာကို ဒုတိယနေရာထားခဲ့သည်။ ယေရှုသည် မိမိ၏ပုံသက်သေနောက်လိုက်လျှောက်ရန် ကျွန်ုပ်တို့အားကမ်းလှမ်းခဲ့သည်။ ကိုယ်တော်က “ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်” ဟု မိန့်ဆိုတော်မူခဲ့၏။ (မဿဲ ၁၆:၂၄၊ ၂၅) မိမိတို့ကိုယ်ကိုငြင်းပယ်ခြင်းဟူသည် ဆက်ကပ်အပ်နှံခြင်းကိုဆိုလိုသည်။ သမ္မာကျမ်းစာခေတ်က ဣသရေလလူမျိုးတစ်ဦးသည် မိမိသခင်ကို အလွန်ချစ်မြတ်နိုးသဖြင့် သခင်ထံ အမြဲတမ်းကျွန်ခံသွားမည်ဟု ကတိခံဝန်ချက်ပေးသကဲ့သို့ ကျွန်ုပ်တို့လည်း ဘုရားသခင်ကို အလွန်ချစ်မြတ်နိုးသဖြင့် မိမိတို့ကို ကိုယ်တော်ပိုင်ဆိုင်ကြောင်း လွှဲအပ်လိုက်ကြသည်။ (တရားဟောရာ ၁၅:၁၆၊ ၁၇) ယေဟောဝါထံကျွန်ုပ်တို့ဆက်ကပ်အပ်နှံခြင်းက ကိုယ်တော်အားကျွန်ုပ်တို့ချစ်ကြောင်း ယုံကြည်စိတ်ချလောက်သော သက်သေသာဓကဖြစ်စေသည်။
ယေဟောဝါအား စိတ်ရှိသမျှနှင့်ချစ်ခြင်း
ယေဟောဝါအား စိတ်ရှိသမျှနှင့်ချစ်ခြင်းဟူသည် ယေဟောဝါ၏ဥပဓိရုပ်တော်၊ ရည်ရွယ်တော်မူချက်များနှင့် တောင်းဆိုချက်များကိုနားလည်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြမည်ကိုဆိုလိုသည်။ (ယောဟန် ၁၇:၃; တမန်တော် ၁၇:၁၁) အခြားသူများလည်း ယေဟောဝါကိုချစ်လာရန် ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာစွမ်းအားရှိရှိသမျှကို အသုံးပြု၍ ကူညီပေးခြင်းနှင့် ကျွန်ုပ်တို့၏သွန်သင်ခြင်းအတတ်ပညာကို တိုးတက်စေခြင်းတို့အားဖြင့် ယေဟောဝါအား ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း ဖော်ပြကြသည်။ တမန်တော်ပေတရုက ‘လုပ်ဆောင်မှုအတွက် သင့်စိတ်ကို အားဖြည့်ပေးလော့’ ဟု တိုက်တွန်းခဲ့၏။ (၁ပေတရု ၁:၁၃) ထို့ပြင်၊ အခြားသူများ အထူးသဖြင့် ဘုရားသခင့်ကျေးကျွန်ချင်းများကို စိတ်ဝင်စားရန် ကျွန်ုပ်တို့ကြိုးပမ်းကြသည်။ သူတို့၏အခြေအနေကိုသိရှိကာ အဘယ်အချိန်တွင် ချီးမွမ်းစကားဆိုခြင်းက သင့်လျော်သည်၊ အဘယ်အချိန်တွင် နှစ်သိမ့်ပေးဖို့လိုသည်တို့ကို သိမြင်တတ်ကြသည်။
ကျွန်ုပ်တို့သည် ယေဟောဝါထံ စိတ်ပိုင်းအရ လက်အောက်ခံခြင်းအားဖြင့် ကိုယ်တော့်ကို စိတ်ရှိသမျှနှင့်ချစ်ကြောင်း ဖော်ပြကြသည်။ ကျွန်ုပ်တို့သည် အရာရာကို ကိုယ်တော်မြင်သကဲ့သို့ မြင်တတ်ရန် ကြိုးစားကြသည်၊ ဆုံးဖြတ်ချက်များချရာတွင် ကိုယ်တော်ကို အာရုံထားကြပြီး ကိုယ်တော်၏နည်းလမ်းတော်သည် အကောင်းဆုံးဖြစ်ကြောင်း ယုံကြည်စိတ်ချကြသည်။ (သု. ၃:၅၊ ၆; ဟေရှာယ ၅၅:၉; ဖိလိပ္ပိ ၂:၃-၇) သို့သော် ဘုရားသခင်အားချစ်သည့်မေတ္တာကို ကျွန်ုပ်တို့ဆက်လက်တင်ပြသည့်အခါ ကျွန်ုပ်တို့၏အစွမ်းခွန်အားကို မည်သို့အသုံးပြုနိုင်မည်နည်း။
ယေဟောဝါအား အစွမ်းခွန်အားရှိသမျှနှင့်ချစ်ခြင်း
ခရစ်ယာန်အသင်းတော်ရှိ များစွာသောလူငယ်တို့သည် ၎င်းတို့၏အစွမ်းခွန်အားကို ယေဟောဝါအားချီးမွမ်းရန် အသုံးပြုကြသည်။ (သု. ၂၀:၂၉; ဒေ. ၁၂:၁) ယေဟောဝါအား အစွမ်းခွန်အားရှိသမျှနှင့်ချစ်ကြောင်း ခရစ်ယာန်လူငယ်အမြောက်အမြား တင်ပြကြသည့် နည်းတစ်နည်းမှာ အချိန်ပြည့်ဓမ္မအမှုဖြစ်သည့် ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခြင်းအားဖြင့်ဖြစ်သည်။ များစွာသောမိခင်တို့သည် သူတို့၏သားသမီးများ ကျောင်းတက်နေစဉ် ဤခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ကြ၏။ မိမိတို့၏မိသားစုကောင်းကျိုးကို ကြည့်ရှုစောင့်ရှောက်ပေးသည့်အပြင် သိုးထိန်းလည်ပတ်မှုများပြုကြသည့် တည်ကြည်သောအကြီးအကဲများသည် ယေဟောဝါအား အစွမ်းခွန်အားရှိသမျှနှင့်ချစ်ကြောင်း တင်ပြကြသည်။ (၂ ကောရိန္သု ၁၂:၁၅) ယေဟောဝါသည် မိမိအားမျှော်လင့်သူတို့ကို စွမ်းအားပေးတော်မူသည်၊ ထို့ကြောင့် သူတို့သည် ရှိရှိသမျှအစွမ်းခွန်အားကိုအသုံးပြု၍ ကိုယ်တော်အားချီးမွမ်းခြင်းအားဖြင့် မိမိတို့၏မေတ္တာကို ပြသနိုင်ကြသည်။—ဟေရှာယ ၄၀:၂၉; ဟေဗြဲ ၆:၁၁၊ ၁၂။
လျောက်ပတ်စွာ ပြုစုပျိုးထောင်မည်ဆိုလျှင် မေတ္တာသည် တိုးပွားလာတတ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဆက်၍အချိန်ယူကာ ဆင်ခြင်တွေးတောကြသည်။ ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလုပ်ပေးခဲ့သည့်အရာနှင့် ကျွန်ုပ်တို့၏ ကိုးကွယ်ဆည်းကပ်မှုကို ယေဟောဝါရထိုက်ကြောင်း ကျွန်ုပ်တို့သတိရကြသည်။ အာဒံ၏ မစုံလင်သည့် သားစဉ်မြေးဆက်များဖြစ်ကြသောကြောင့် “ဘုရားသခင်ကိုချစ်သော သူတို့အဖို့အလို့ငှာ၊ ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့” နှင့် ဘယ်တော့မျှ မထိုက်တန်သော်လည်း ကျွန်ုပ်တို့တစ်ကိုယ်လုံးတွင် ရှိရှိသမျှနှင့် ယေဟောဝါအားချစ်ကြောင်း ကျွန်ုပ်တို့တင်ပြနိုင်ကြပါသည်။ ကျွန်ုပ်တို့ ထိုသို့ဆက်လုပ်ဆောင်ကြပါစို့!—၁ ကောရိန္သု ၂:၉။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဘုရားသခင်အားချစ်ကြောင်း လုပ်ရပ်များအားဖြင့်ဖော်ပြ