ဤလောကအဘယ်ဆီသို့ ဦးတည်နေသနည်း
ကမ္ဘာချီစည်းလုံးမှု။ အလွန်နှစ်သက်စရာပင်။ ယင်းကိုမလိုလားသူ ရှိပါမည်လော။ မှန်၏၊ စည်းလုံးမှုအကြောင်း များစွာပြောဆိုနေကြပေသည်။ ကမ္ဘာ့ခေါင်းဆောင်များသည် အစည်းအဝေးများတွင် ယင်းအကြောင်းကို ကြိမ်ဖန်များစွာ အာရုံစိုက်ခဲ့ကြပြီ။ ၂၀၀၀ ပြည့်နှစ် ဩဂုတ်လက ဘာသာရေးခေါင်းဆောင် ၁,၀၀၀ ကျော်တို့သည် အနှစ်တစ်ထောင် ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးအတွက် နယူးယောက်မြို့ရှိ ယူအဲန်တွင် တွေ့ဆုံခဲ့ကြလေသည်။ ကမ္ဘာ့ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြေရှင်းနည်းများကို သူတို့ဆွေးနွေးခဲ့ကြ၏။ သို့ရာတွင် အဆိုပါကွန်ဖရင့်ကိုယ်နှိုက်က ကမ္ဘာတွင်အငြင်းပွားနေမှုများကို ရောင်ပြန်ဟပ်သည်။ ယေရုရှလင်မြို့မှ . . . ဘာသာရေးခေါင်းဆောင်တစ်ဦးသည် ဂျူးဘာသာရေးခေါင်းဆောင်တစ်ဦး ရောက်ရှိနေသည့်အတွက် လာဖို့ငြင်းဆန်ခဲ့၏။ ရန်ပွားမည်စိုး၍ အစည်းအဝေးပထမနှစ်ရက်တွင် ဒလိုင်းလားမားကို မဖိတ်ခေါ်သည့်အတွက် တက်ရောက်သူအချို့ စိတ်အနှောင့်အယှက်ဖြစ်သွားကြ၏။
၂၀၀၃ ခုနှစ် အောက်တိုဘာလက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးတွင် ပစိဖိတ်သမုဒ္ဒရာနှင့်ကျောခိုင်းနံစပ် တည်ရှိနေကြသည့် တိုင်းနိုင်ငံတို့သည် ကမ္ဘာ့လုံခြုံရေးကိစ္စများကို ဆွေးနွေးနှီးနှောခဲ့ကြ၏။ တက်ရောက်ခဲ့သည့် နိုင်ငံပေါင်း ၂၁ နိုင်ငံတို့သည် အကြမ်းဖက်အုပ်စုများကို ဖြိုခွင်းရန် ကတိပြုခဲ့ကြပြီး ကမ္ဘာချီလုံခြုံရေး တိုးတက်စေမည့်နည်းလမ်းများကို သဘောတူလက်ခံခဲ့ကြသည်။ သို့တိုင်၊ ကွန်ဖရင့်ဆွေးနွေးပွဲအတောအတွင်း ဂျူးလူမျိုးများကို မုန်းတီးလွန်း၍ပြောလိုက်သည့် ဝန်ကြီးချုပ်တစ်ဦး၏ ထိုးနှက်စွပ်စွဲချက်များကို ကိုယ်စားလှယ်အတော်များများ မကျေမနပ်ဖြစ်သွားခဲ့ကြ၏။
စည်းလုံးမှု အဘယ်ကြောင့်မရှိရသနည်း
ဤလောကကို ပြန်လည်စုစည်းခြင်းအကြောင်း အတော်များများ ပြောဆိုကြသော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးရလဒ်များကိုကား မတွေ့ရှိရသလောက်ပင်။ လူအများ စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းအားထုတ်နေသည့်ကြားမှ ကမ္ဘာချီစည်းလုံးမှုသည် ၂၁ ရာစုတိုင် အဘယ်ကြောင့် လက်လှမ်းမမီနိုင်ဆဲဖြစ်နေရသနည်း။
အေပက် (APEC) ကွန်ဖရင့်ဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့ကြသည့် ဝန်ကြီးချုပ်များအနက် ဝန်ကြီးချုပ်တစ်ဦး၏စကားများတွင် အဖြေတစ်စိတ်တစ်ပိုင်းပါသည်။ သူက “အမျိုးသားမာန်မာနလို့ခေါ်တဲ့အရာ ရှိနေလို့ဖြစ်တယ်” ဟုပြောကြားခဲ့သည်။ မှန်ပါသည်၊ လူ့ဘောင်အဖွဲ့အစည်းသည် မျိုးချစ်စိတ်ပျံ့နှံ့လျက်ရှိ၏။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလိုစိတ်က လူမျိုးတစ်မျိုးစီနှင့် လူမျိုးစုတစ်စုစီကို တွန်းအားပေးနေသည်။ ယှဉ်ပြိုင်လိုစိတ်နှင့် လိုဘကြီးသည့်စိတ်တို့ ပေါင်းစပ်ထားသော အမျိုးသားရေး အချုပ်အခြာအာဏာသည် တည်ငြိမ်မှုမရှိချေ။ ကိစ္စရပ်များစွာတွင် နိုင်ငံ့အကျိုးစီးပွားနှင့် ကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွား ဆန့်ကျင်လာသည့်အခါ နိုင်ငံ့အကျိုးစီးပွားကိုသာ ဦးစားပေးတတ်ကြ၏။
ဆာလံဆရာက မျိုးချစ်စိတ်ကို “သေစေတတ်သောကပ်ရောဂါ” ဟူ၍ သင့်လျော်စွာ သုံးနှုန်းဖော်ပြခဲ့သည်။ (ဆာလံ ၉၁:၃၊ သမ္မာ) ယင်းသည် ကပ်ရောဂါတစ်ခုနှင့်တူပြီး ဖော်မပြနိုင်လောက်အောင် ဆင်းရဲခြင်းဝေဒနာများစွာ ဖြစ်ပေါ်စေခဲ့ပြီ။ မျိုးချစ်စိတ်နှင့် ယင်းကြောင့်ဖြစ်ပွားခဲ့သည့် သူတစ်ပါးကိုမုန်းတီးစိတ်သည် ရာစုနှစ်များစွာတည်ရှိခဲ့ပြီ။ ယနေ့လည်း မျိုးချစ်စိတ်ကြောင့် ဆက်၍စိတ်ဝမ်းကွဲနေကြရာ ယင်းကို ကမ္ဘာ့ခေါင်းဆောင်များ တား၍မရနိုင်ဘဲဖြစ်နေကြသည်။
ကမ္ဘာ့ပြဿနာများ၏ အရင်းအမြစ်သည် မျိုးချစ်စိတ်နှင့် ကိုယ်ကျိုးရှာခြင်းတို့ဖြစ်ကြောင်း ပညာရှင်များစွာ အသိအမှတ်ပြုကြသည်။ ဥပမာ၊ ယူအဲန်အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ဤသို့ထုတ်ဖော်ပြောဆိုခဲ့၏– “ယနေ့ ကျွန်ုပ်တို့ရင်ဆိုင်နေရသည့် ပြဿနာမြောက်မြားစွာသည် လွဲမှားသောသဘောထားများကြောင့် ဖြစ်ရသည်။ . . . အဆိုပါသဘောထားများတွင် သဘောထားကျဉ်းမြောင်းသော မျိုးချစ်စိတ်—‘မှားမှားမှန်မှန် ငါ့နိုင်ငံ’—ပါဝင်သည်။” သို့တိုင်၊ ယနေ့ ကိုယ်ကျိုးရှာခြင်းတွင် အာရုံနစ်မြုပ်နေကြသော မျက်မှောက်ခေတ်တိုင်းနိုင်ငံတို့သည် မိမိတို့ကိုယ်ပိုင် အချုပ်အခြာအာဏာ ပိုမိုရရှိရေးအတွက် အပူတပြင်းတောင်းဆိုနေကြ၏။ အခွင့်သာသူတို့သည် အာဏာကို နည်းနည်းမျှ စွန့်လွှတ်လိုစိတ်မရှိကြချေ။ဥပမာ၊ ဥရောပသမဂ္ဂနှင့်ပတ်သက်၍ နိုင်ငံတကာသံတော်ဆင့်သတင်းစာက ဤသို့ကောက်ချက်ချခဲ့၏– “ယှဉ်ပြိုင်မှုနှင့် အယုံအကြည်မဲ့ခြင်းတို့သည် ဥရောပနိုင်ငံရေး၏ အခြေခံပုံစံများဖြစ်နေဆဲပင်။ အီးယူ (ဥရောပသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံအများစုသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ဩဇာအာဏာပိုရရှိသွားပြီး ဦးဆောင်နေရန်ကို လက်မခံနိုင်ကြသေးချေ။”
သမ္မာကျမ်းစာက လူ့အုပ်ချုပ်ရေးအားလုံး၏ အကျိုးရလဒ်ကို ဤသို့မှန်ကန်စွာ ဖော်ပြသည်– ‘လူတစ်ဦးသည် တစ်ဦးအပေါ်တွင် အုပ်စိုးလျက် သူ၏အကျိုးကိုဖျက်ဆီးခဲ့ကြပြီ။’ (ဒေ. ၈:၉၊ သမ္မာ) ဤကမ္ဘာမြေကို သီးခြားနိုင်ငံများအဖြစ် အစိတ်စိတ်အမြွှာမြွှာ ပိုင်းခြားလိုက်ခြင်းဖြင့် အဖွဲ့လိုက်ရော တစ်ဦးချင်းစီပါ ဤကျမ်းစာမူ၏ပြည့်စုံချက်ကို နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ရလေပြီ– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။”—သု. ၁၈:၁၊ သမ္မာ။
ကျွန်ုပ်တို့အတွက် ဘယ်အရာအကောင်းဆုံးဖြစ်သည်ကို သိရှိသည့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် လူသားတို့အား ကိုယ်ပိုင်အုပ်ချုပ်မှုများတည်ထောင်ပြီး အုပ်ချုပ်ကြရန် တစ်ခါမျှမရည်ရွယ်ခဲ့ပေ။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့် အရာခပ်သိမ်းကို ကိုယ်တော်ပိုင်ဆိုင်ကြောင်း လူတို့ လျစ်လျူရှုခဲ့ကြပြီ။ ဆာလံ ၉၅:၃-၅ က ဤသို့ဆိုသည်– ‘ယေဟောဝါသည် ကြီးမြတ်သောဘုရားသခင်၊ ဘုရားတကာတို့ထက် ကြီးမြတ်သောဘုရင်ဖြစ်တော်မူ၏။ မြေကြီးနက်နဲရာအရပ်တို့သည် လက်တော်၌ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။ ပင်လယ်ကိုလည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့်ပြုပြင်တော်မူ၏။’ အုပ်စိုးရှင်အဖြစ် လူသားအားလုံးမျှော်ကိုးသင့်သည့် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်မှာ ဘုရားသခင်ဖြစ်ပေသည်။ တိုင်းနိုင်ငံတို့သည် မိမိတို့ကိုယ်ပိုင် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအာဏာရရှိရေးကို အမီလိုက်နေခြင်းအားဖြင့် ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်နေကြ၏။—ဆာလံ ၂:၂။
အဘယ်အရာလိုအပ်သနည်း
ဤကမ္ဘာအား စည်းလုံးလာစေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ လူခပ်သိမ်း၏အကျိုးကို အမှန်တကယ်စိတ်ဝင်စားသည့် ကမ္ဘာ့အာဏာတစ်ခုရှိခြင်းဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်တတ်သူအများက ယင်းကို အသိအမှတ်ပြုကြ၏။ သို့ရာတွင် ထိုသို့အသိအမှတ်ပြုသူတို့သည် ရင်းမြစ်အမှားကို အားထားမျှော်ကိုးလေ့ရှိ၏။ ဥပမာ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် သတင်းအစီရင်ခံသူများစွာသည် ကမ္ဘာချီစည်းလုံးမှုအတွက် ယူအဲန်ကို မျှော်ကိုးကြဖို့ လူတို့အား တိုက်တွန်းခဲ့ကြပြီ။ သို့ရာတွင် လူ့အဖွဲ့အစည်းများ၏ စံနှုန်းများသည် မည်မျှမြင့်မြတ်စေကာမူ လူသားတို့၏ အပြည်ပြည်ဆိုင်ရာပြဿနာများကို တစ်ခါမှ မဖြေရှင်းပေးနိုင်ခဲ့ကြချေ။ ယင်းအစား အဆိုပါအဖွဲ့အစည်းအများစုသည် တိုင်းနိုင်ငံအသီးသီးတွင်ရှိ စည်းလုံးမှုကင်းမဲ့ခြင်းကိုသာ ရောင်ပြန်ဟပ်နေကြသည်။
သမ္မာကျမ်းစာက “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်” ဟုဆိုခြင်းဖြင့် လူ့အဖွဲ့အစည်းများကို မမျှော်ကိုးရန် သတိပေးသည်။ (ဆာလံ ၁၄၆:၃) ယင်းကြောင့် ကမ္ဘာချီစည်းလုံးမှုကို မျှော်လင့်၍မရ ဖြစ်စေပါသလော။ လုံးဝမဖြစ်စေပါ။ အခြားနည်းလမ်းတစ်ခုရှိပါသေးသည်။
ဘုရားသခင်သည် ကမ္ဘာကိုစည်းလုံးစေနိုင်သည့် အုပ်ချုပ်မှုတစ်ခုကို ဖွဲ့စည်းတည်ထောင်ထားနှင့်ပြီးဖြစ်ကြောင်း လူအများ သတိမမူမိကြချေ။ သမ္မာကျမ်းစာက ယေဟောဝါဘုရားသခင်အကြောင်း ဤသို့ဆိုသည်– “ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင်ဘိသိက်ပေးပြီ။ ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်း ငါပေးမည်။” (ဆာလံ ၂:၆၊ ၈) ဤကျမ်းချက်တွင် ယေဟောဝါဘုရားသခင်သည် ‘မိမိ၏ရှင်ဘုရင်ကို ဘိသိက်ပေး’ ထားပြီးဖြစ်ကြောင်း၊ အဆိုပါရှင်ဘုရင်ကို အခန်းငယ် ၇ တွင် “ငါ့သား” ဟူ၍ ရည်ညွှန်းထားကြောင်း သတိပြုပါလေ။ ထိုဘုရင်သည် တိုင်းနိုင်ငံအပေါင်းကို အုပ်စိုးရသည့်အခွင့် ရရှိထားပြီဖြစ်သည့် ဘုရားသခင်၏ အဦးဆုံးဝိညာဉ်သားတော် ယေရှုခရစ် ကိုယ်တော်တိုင်ပင်ဖြစ်ပေသည်။
ကမ္ဘာချီစည်းလုံးလာမည့်ပုံ
ဘုရားသခင်တည်ထောင်ထားသည့် ဤကောင်းကင်အုပ်ချုပ်မှုကို လူအများစုက အသိအမှတ်မပြုကြပေ။ တိုင်းနိုင်ငံများသည် မိမိတို့တွင် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိသည်ဟုထင်ကြကာ ယင်းကို ကျားကုတ်ကျားခဲ ကိုင်ဆွဲထားကြသည်။ သို့ရာတွင် ဘုရားသခင်သည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် မိမိတည်ထောင်ထားသောအုပ်ချုပ်မှုကို ငြင်းဆန်သူတို့အား သည်းခံတော်မူမည်မဟုတ်ပေ။ ဤအစီအစဉ်ကိုလက်မခံသူတို့နှင့်စပ်လျဉ်း၍ ဆာလံ ၂:၉ [သမ္မာ] က ဤသို့ဆိုသည်– “သင် [သားတော်ယေရှုခရစ်] သည် သူတို့ကို သံလှံတံနှင့်ရိုက်ချိုး၍ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်ရလိမ့်မည်။” သူတို့သိမြင်သည်ဖြစ်စေ၊ မသိမြင်သည်ဖြစ်စေ တိုင်းနိုင်ငံတို့သည် ဘုရားသခင်အားဆန့်ကျင်တိုက်ခိုက်ရန် ယခုချီတက်လျက်နေကြသည်။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်က ‘လောကတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့’ သည် ‘အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီးစစ်ပွဲ’ သို့ စုရုံးနေကြကြောင်း ဖော်ပြသည်။ (ဗျာ. ၁၆:၁၄) တိုင်းနိုင်ငံများနှင့် ၎င်းတို့၏ကွဲပြားနေသော လမ်းစဉ်တို့သည် သုတ်သင်ဖယ်ရှားခံရတော့မည်။ သို့ဖြင့် ဘုရားသခင့်အုပ်ချုပ်မှုသည် အနှောင့်အယှက်မရှိ ၎င်း၏လုပ်ငန်းကို ဆောင်ရွက်နိုင်ပါလိမ့်မည်။
စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ယေဟောဝါဘုရားသခင်သည် မိမိသားတော်အားဖြင့် စည်းလုံးသောကမ္ဘာ ဖြစ်ပေါ်လာဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲပေးရန် တန်ခိုးတော်ကို အမြော်အမြင်ရှိရှိ အသုံးပြုတော်မူလိမ့်မည်။ ဘုရားသခင့်အစိုးရသည် စစ်မှန်သောစည်းလုံးမှုကို ဖြစ်ပေါ်လာစေမည်ဖြစ်ကာ ဖြောင့်မတ်ခြင်း တရား မြတ်နိုးသူအားလုံးကို ကောင်းချီးပေးပါလိမ့်မည်။ သင်၏ကျမ်းစာတွင် ဆာလံ ၇၂ ကို မိနစ်အနည်းငယ် အချိန်ပေး၍ ဖတ်ရှုကြည့်ပါလေ။ ထိုတွင် ဘုရားသခင့်သားတော်၏အုပ်ချုပ်မှုသည် လူအပေါင်းအတွက် အဘယ်အရာလုပ်ဆောင်ပေးမည်ကို ပရောဖက်ပြု ပုံဖော်ပေးထားပါသည်။ လူတို့သည် စစ်မှန်သောကမ္ဘာချီစည်းလုံးမှုကို တွေ့ ကြုံခံစားကြရမည်၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုအစရှိသည့် ပြဿနာအားလုံး ရှိတော့မည်မဟုတ်။
ယနေ့ ကွဲပြားနေသည့်ကမ္ဘာကြီးတွင် ထိုသို့မျှော်လင့်ခြင်းသည် အလွန်တရာလက်တွေ့မကျလှဟု လူအများ ယူဆကြ၏။ သို့သော် ထိုသို့ယူဆမည်ဆိုလျှင် မှားသွားပေလိမ့်မည်။ ဘုရားသခင်၏ကတိတော်များသည် တစ်ခါမျှ မဖြစ်ဘဲမနေခဲ့၊ နောင်တွင်လည်း ဖြစ်မြဲဖြစ်ရလိမ့်မည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ဤအပြောင်းအလဲကို သင်တွေ့မြင်လိုပါသလော။ သင်တွေ့မြင်နိုင်ပါသည်။ အမှန်ဆိုရလျှင် ထိုအချိန်တွင် အသက်ရှင်ရန် အသင့်ပြင်ဆင်နေကြသူများ ရှိနေနှင့်ပြီ။ သူတို့သည် တိုင်းနိုင်ငံအသီးသီးမှ ထွက်လာကြသူများဖြစ်သော်လည်း တိုက်ခိုက်နေမည့်အစား ယခု သူတို့သည် ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအောက် စည်းလုံးစွာနေ,နေကြသည်။ (ဟေရှာယ ၂:၂-၄) သူတို့ကား မည်သူများနည်း။ သူတို့ကို ယေဟောဝါသက်သေများဟူ၍ လူသိများကြ၏။ သူတို့၏ အစည်းအဝေးကျင်းပရာနေရာများသို့ လည်ပတ်ရန် ဖိတ်ခေါ်ချက်ကို လက်ခံပါလေ။ ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လက်အောက်ခံရန်နှင့် အမြဲတည်ရှိသွားမည့် စည်းလုံးမှုကို မွေ့လျော်ရန် သင့်အား ကူညီပေးနိုင်သူတို့နှင့် ပေါင်းသင်းရခြင်းမှ သင်စိတ်လန်းဆန်းမှုရရှိပါလိမ့်မည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]
တိုင်းနိုင်ငံအသီးသီးမှ လူတို့သည် စည်းလုံးသောကမ္ဘာတွင် အသက်ရှင်ရန် အသင့်ပြင်ဆင်နေကြ
[Picture Credit Line on page 4]
Saeed Khan/AFP/Getty Images
[Picture Credit Lines on page 5]
သောကဖိစီးနေသော အမျိုးသမီး– Igor Dutina/AFP/Getty Images; ကန့်ကွက်နေသူများ– Said Khatib/AFP/Getty Images; သံချပ်ကာကားများ– Joseph Barrak/AFP/Getty Images