အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ
အာမဂေဒုန်ဟူသောစကားလုံးသည် “ဟာမဂေဒုန်” သို့မဟုတ် “မေဂိဒ္ဒေါတောင်” ဟူသော ဟေဗြဲအသုံးအနှုန်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းကို ဗျာ. ၁၆:၁၅၊ ၁၆ [သမ] ၌ “ဟေဗြဲဘာသာဖြင့် ဟာမဂေဒုန်ခေါ်အရပ်သို့ စုရုံးစေကြသည်” ဟုဖော်ပြထားသည်။ အာမဂေဒုန်၌ မည်သူတို့ စုရုံးကြပြီး အဘယ်ကြောင့်စုရုံးကြမည်နည်း။ အထက်အခန်းငယ်များဖြစ်သော ဗျာ. ၁၆:၁၃၊ ၁၄ [သမ] တွင် “တစ်လောကလုံးရှိ ဘုရင်မင်းတို့” သည် ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင့် နေ့တော်ကြီးစစ်ပွဲသို့’ စုရုံးကြ၏ဟု ဖတ်ရသည်။ ထိုဖော်ပြချက်များက အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ထပ်ဆင့်မေးခွန်းများကို ပေါ်ပေါက်စေသည်။ အဘယ်နေရာတွင် “ဘုရင်မင်းတို့” တိုက်ခိုက်ကြမည်နည်း။ အဘယ်အရေးကိစ္စအတွက်နည်း၊ မည်သူတို့နှင့် တိုက်ခိုက်ကြမည်နည်း။ လူအများထင်မှတ်သည့်အတိုင်း သူတို့သည် အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သော လက်နက်များကို အသုံးပြုကြမည်လော။ အာမဂေဒုန်ကို ကပ်ကျော်သူရှိမည်လော။ ကျမ်းစာက အဖြေပေးပါလေစေ။
“မေဂိဒ္ဒေါတောင်” ကိုညွှန်းထားရာ အာမဂေဒုန်သည် အရှေ့အလယ်ပိုင်းဒေသရှိ သတ်မှတ်ထားသောတောင်တစ်လုံး၌ တိုက်ခိုက်မည်ဟု ဆိုလိုခြင်းလော။ မဟုတ်ပါ။ တစ်ချက်အနေနှင့်၊ ထိုတောင်သည် အမှန်မတည်ရှိပါ။ ရှေးမေဂိဒ္ဒေါ မြို့တည်နေရာသည် တောင်ကြားလွင်ပြင်နှင့်ကပ်လျက်ရှိသော ပေ ၇၀ ခန့်မြင့်တက်နေသည့် ကုန်းတစ်ခုမျှသာဖြစ်သည်။ ထို့ပြင် မေဂိဒ္ဒေါမြို့ဝန်းကျင်ဧရိယာတွင် “မြေကြီးဘုရင်မင်းတို့နှင့် နောက်ပါဗိုလ်ခြေများ” အားလုံး တိုက်ပွဲဆင်နွှဲနိုင်သည်အထိ မကျယ်ဝန်းချေ။ (ဗျာ. ၁၉:၁၉၊ သမ) သို့ရာတွင် အရှေ့အလယ်ပိုင်းဒေသ သမိုင်းတွင် အပြင်းထန်ဆုံးနှင့် အပြီးသတ်စစ်ပွဲများ တိုက်ခိုက်ရာအရပ်သည် မေဂိဒ္ဒေါအရပ်ပင်ဖြစ်၏။ ထို့ကြောင့် အာမဂေဒုန်ဟူသောအမည်သည် အောင်ပွဲခံသူတစ်ဦးသာရှိသည့် အပြီးသတ်တိုက်ပွဲ၏ အမှတ်သင်္ကေတဖြစ်သည်။—စာမျက်နှာ ၅ ရှိ “မေဂိဒ္ဒေါ—သင့်လျော်သည့် အမှတ်သင်္ကေတ” လေးထောင့်ကွက်ကိုရှု။
‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင့် နေ့တော်ကြီးစစ်ပွဲ’ ၌ “တစ်လောကလုံးရှိ ဘုရင်မင်းတို့” သည် တပ်ပေါင်းစုတစ်စုအဖြစ် စုရုံးကြကြောင်း ဗျာ. ၁၆:၁၃၊ ၁၄ [သမ] ကဖော်ပြထားရာ အာမဂေဒုန်သည် မြေကြီးနိုင်ငံများကြား တိုက်ခိုက်သည့် တိုက်ပွဲမျှသာမဟုတ်ပါ။ ယေရမိ၏ မှုတ်သွင်းခံပရောဖက်ပြုချက်တွင် ‘ထာဝရဘုရားသခင် ကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင်’ နှံ့ပြားကြလိမ့်မည်ဟု ဖော်ပြထားသည်။ (ယေရမိ ၂၅:၃၃) ထို့ကြောင့် အာမဂေဒုန်သည် အရှေ့အလယ်ပိုင်းဒေသရှိ နေရာတစ်ခုတွင် သတ်မှတ်ထားသည့် လူ့စစ်မဟုတ်ပေ။ ယင်းသည် ယေဟောဝါ၏စစ်ပွဲဖြစ်၍ ကမ္ဘာချီဖြစ်မည်။
သို့သော် ဗျာ. ၁၆:၁၅ ၌ အာမဂေဒုန်ကို “အရပ်” တစ်ခုအဖြစ် ခေါ်ဆိုထားသည်။ ကျမ်းစာ၌ “အရပ်” ဟုဆိုရာတွင် အခြေအနေတစ်ရပ်ကို ရည်ညွှန်းနိုင်သည်။ ဤကိစ္စတွင် ယေဟောဝါအားဆန့်ကျင်ရန် ကမ္ဘာတစ်ခုလုံးက စုရုံးကြမည့်အခြေအနေဖြစ်သည်။ (ဗျာ. ၁၂:၆၊ ၁၄) အာမဂေဒုန်၌ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးသည် စုပေါင်း၍ “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” ယေရှုခရစ်၏ စစ်အာဏာအောက်ရှိ “ကောင်းကင်ဗိုလ်ခြေတို့” နှင့် တိုက်ခိုက်မည်ဖြစ်သည်။—ဗျာ. ၁၉:၁၄၊ ၁၆။
အာမဂေဒုန်ဟူသည် အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သော လက်နက်များပါဝင်သည့် မီးလောင်တိုက်သွင်းခြင်း သို့မဟုတ် ဂြိုဟ်တစ်လုံးနှင့် တိုက်မိခြင်းဖြစ်မည်ဟူသည့် အဆိုများနှင့်ပတ်သက်၍ကော။ မေတ္တာရှင်ဘုရားသခင်သည် လူသားများနှင့် သူတို့နေထိုင်ရာကမ္ဘာကို ထိုသို့သောကြောက်မက်ဖွယ်နိဂုံးမျိုးဖြစ်စေရန် ခွင့်ပြုပါမည်လော။ ခွင့်ပြုမည်မဟုတ်ပါ။ ကိုယ်တော်က ကမ္ဘာကို “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ” သည်ဟု အတိအလင်းမိန့်ဆိုတော်မူသည်။ (ဟေရှာယ ၄၅:၁၈; ဆာလံ ၉၆:၁၀) အာမဂေဒုန်၌ ယေဟောဝါသည် ကျွန်ုပ်တို့ကမ္ဘာကို ဟုန်းဟုန်းတောက်လောင်သောမီးဖြင့် ဖျက်ဆီးပစ်မည်မဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်။—ဗျာ. ၁၁:၁၈။
အာမဂေဒုန်—မည်သည့်အချိန်တွင်နည်း
ရာစုနှစ်များတစ်လျှောက် အတောမသတ်နိုင်သည့် ထင်ကြေးများကို ဖြစ်ပေါ်စေခဲ့သော အရေးတကြီးမေးခွန်းမှာ မည်သည့်အချိန်တွင် အာမဂေဒုန်လာမည်နည်းဟူ၍ဖြစ်သည်။ သမ္မာကျမ်းစာ၏ အခြားအပိုင်းများ၌ ဖော်ပြထားရာများကို ထည့်သွင်းစဉ်းစားကာ ဗျာ.ကျမ်းစာအုပ်ကိုဆန်းစစ်ကြည့်ခြင်းက အရေးပါသည့်တိုက်ပွဲ၏အချိန်ကို ပိုင်းဖြတ်ရန် ကူညီပေးနိုင်သည်။ ဗျာ. ၁၆:၁၆ က အာမဂေဒုန်ကို သူခိုးကဲ့သို့ယေရှုလာခြင်းနှင့် ချိတ်ဆက်ထားသည်။ ထို့ပြင် ယေရှုက ဤအစီအစဉ်စနစ်ကို တရားစီရင်ရန် မိမိကြွလာမည်ဟု ဖော်ပြရာ၌ ထိုပုံဆောင်ချက်ကို အသုံးပြုခဲ့သည်။—မဿဲ ၂၄:၄၃၊ ၄၄; ၁ သက်သာလောနိတ် ၅:၂။
ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံချက်က ဖော်ပြသည့်အတိုင်း ၁၉၁၄ ခုနှစ်ကတည်းက ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ နောက်ဆုံးသောနေ့ရက်များတွင် အသက်ရှင်နေကြရသည်။a နောက်ဆုံးသောနေ့ရက်များ၏ နိဂုံးပိုင်းကို မှတ်သားပြသည့်အရာမှာ ယေရှုခေါ်ဆိုခဲ့သည့် ‘ကြီးစွာသောဆင်းရဲခြင်း’ အချိန်ကာလဖြစ်မည်။ ကျမ်းစာက ထိုကာလမည်မျှကြာရှည်မည်ကို မဖော်ပြသော်လည်း ယင်းကဖြစ်စေမည့်ဘေးများသည် ဤလောကတွင် ဖြစ်ခဲ့ဖူးသမျှထက် ပိုဆိုးပေလိမ့်မည်။ ထိုကြီးစွာသောဆင်းရဲခြင်းသည် အာမဂေဒုန်၌ အထွတ်အထိပ်ရောက်လိမ့်မည်။—မဿဲ ၂၄:၂၁၊ ၂၉။
အာမဂေဒုန်သည် ‘အတိုင်းအဆမဲ့ တန်ခိုးရှင်ဘုရားသခင့် နေ့တော်ကြီးစစ်ပွဲ’ ဖြစ်သောကြောင့် လူသားတို့က ယင်းကို ရက်ရွှေ့ဆိုင်း၍မရပါ။ စစ်ပွဲစတင်မည့် “ချိန်းချက်သောအချိန်” ကို ယေဟောဝါသတ်မှတ်ထားသည်။ ယင်းသည် “နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။”—ဟဗက္ကုတ် ၂:၃။
ဖြောင့်မတ်သောဘုရားသခင်သည် တရားသောစစ်ကိုဆင်နွှဲ
သို့သော် ဘုရားသခင်သည် အဘယ်ကြောင့် ကမ္ဘာချီစစ်ပွဲဆင်နွှဲရသနည်း။ အာမဂေဒုန်သည် ကိုယ်တော်၏ အဓိကဂုဏ်ရည်တော်တစ်ခုဖြစ်သော တရားမျှတမှုနှင့် အနီးကပ်ဆက်စပ်နေသည်။ ကျမ်းစာက ‘ထာဝရဘုရားသခင်သည် တရားမျှတမှုကို နှစ်သက်တော်မူ၏’ ဟုဆိုသည်။ (ဆာလံ ၃၇:၂၈) လူ့သမိုင်းတစ်လျှောက် ကျူးလွန်ခဲ့သည့် မတရားသော လုပ်ရပ်မှန်သမျှကို ကိုယ်တော်တွေ့မြင်တော်မူ၏။ ယင်းတို့က ကိုယ်တော်၏ ဖြောင့်မတ်သောအမျက်ကို နှိုးဆော်ရာရောက်သည်။ ထို့ကြောင့် ဤဆိုးညစ်သောစနစ်တစ်ခုလုံးကို ဖျက်ဆီးရာတွင် တရားသောစစ်ဆင်နွှဲရန် သားတော်အား ခန့်ထားတော်မူသည်။
အမှန်တကယ်တရားမျှတပြီး ဖျက်ဆီးခံထိုက်သူများကိုသာ ဖျက်ဆီးမည့်စစ်ပွဲကို ယေဟောဝါတစ်ပါးတည်းသာ ဆင်နွှဲနိုင်သည်။ ထိုအတောအတွင်း နှလုံးရိုးဖြောင့်သူများသည် ကမ္ဘာ၏မည်သည့်နေရာတွင်ရှိပါစေ ကာကွယ်ခံရမည်။ (မဿဲ ၂၄:၄၀၊ ၄၁; ဗျာ. ၇:၉၊ ၁၀၊ ၁၃၊ ၁၄) ကမ္ဘာကို ကိုယ်တော်ဖန်ဆင်းထားသောကြောင့် ကိုယ်တော်တစ်ပါးတည်းသာ ကမ္ဘာတစ်ခွင် ပိုင်သအုပ်စိုးခွင့်ရှိသည်။—ဗျာ. ၄:၁၁။
ရန်သူများကိုတိုက်ရန် အဘယ်အဖျက်စွမ်းအားကို ယေဟောဝါသုံးမည်နည်း။ ကျွန်ုပ်တို့ လုံးဝမသိပါ။ ဆိုးညစ်သောလူမျိုးများကို လုံးလုံးဖျက်ဆီးပစ်ရန် လိုသလိုအသုံးပြုနိုင်သည့် နည်းလမ်းများ ကိုယ်တော်၌ရှိသည်ကိုမူ ကျွန်ုပ်တို့သိထားကြသည်။ (ယောဘ ၃၈:၂၂၊ ၂၃; ဇေဖနိ ၁:၁၅-၁၈) သို့သော် ဘုရားသခင်အားဝတ်ပြုသည့် ကမ္ဘာမြေပေါ်ရှိသူတို့မူ ထိုတိုက်ပွဲတွင် ပါဝင်မည်မဟုတ်ပေ။ ယေရှုခရစ်နှင့်အတူ ကောင်းကင်တပ်မဟာသာ ပါဝင်ဆင်နွှဲကြမည့်အကြောင်း ဗျာ.ကျမ်းအခန်းကြီး ၁၉ ပါမြင်ကွင်းက ဖော်ပြသည်။ ကမ္ဘာပေါ်ရှိ ယေဟောဝါ၏ခရစ်ယာန်ကျေးကျွန် တစ်ဦးတစ်ယောက်မျှ ပါဝင်မည်မဟုတ်ပါ။—၂ ရာဇဝင်ချုပ် ၂၀:၁၅၊ ၁၇။
ဉာဏ်ပညာရှင်ဘုရားသခင်သည် သတိပေးချက်များစွာပေး
ဘေးဒုက္ခကပ်ကျော်သူများကော အသို့နည်း။ အမှန်မှာ အာမဂေဒုန်၌ အဘယ်သူမျှ ပျက်စီးစရာမလိုပါ။ တမန်တော်ပေတရုက ‘ထာဝရဘုရားသခင်သည် . . . အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ’ ၏ဟုဆိုသည်။ (၂ ပေတရု ၃:၉) တမန်တော်ပေါလုကလည်း ‘လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍ အမှန်တရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏’ ဟုရေးသားဖော်ပြသည်။—၁ တိမောသေ ၂:၄။
ထိုသို့ဖြစ်စေရန် ယေဟောဝါသည် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကို ရာနှင့်ချီသောဘာသာစကားဖြင့် ကမ္ဘာအနှံ့ကြေညာရန် ပညာရှိစွာစီစဉ်ထားသည်။ ကပ်ကျော်ပြီး ကယ်တင်ခြင်းရရန် နေရာတိုင်းရှိလူတို့ကို အခွင့်အလမ်းပေးထားပြီးဖြစ်သည်။ (မဿဲ ၂၄:၁၄; ဆာလံ ၃၇:၃၄; ဖိလိပ္ပိ ၂:၁၂) သတင်းကောင်းကို တလိုတလားတုံ့ပြန်သူများသည် အာမဂေဒုန်ကိုကပ်ကျော်ကာ ကမ္ဘာ့ပရဒိသုတွင် စုံလင်သောထာဝရအသက် ရရှိနိုင်ကြသည်။ (ယေဇကျေလ ၁၈:၂၃၊ ၃၂; ဇေဖနိ ၂:၃; ရောမ ၁၀:၁၃) မေတ္တာရှင်ဖြစ်သောဘုရားသခင်သည် ထိုသို့ပင်ပြုမည်ဟု မည်သူမဆိုမျှော်လင့်မည် မဟုတ်လော။—၁ ယောဟန် ၄:၈။
မေတ္တာရှင်ဘုရားသခင်သည် စစ်ဆင်နွှဲမည်လော
သို့သော် လူအများက မေတ္တာ၏ပြယုဂ်ဖြစ်သော ဘုရားသခင်သည် မြောက်မြားစွာသောလူတို့ကို အဘယ်ကြောင့်သေဒဏ်စီရင်၍ ဖျက်ဆီးမည်ကို သိလိုကြသည်။ ဤအခြေအနေကို ကြွက်သောင်းကျန်းသည့် အိမ်တစ်လုံးနှင့် နှိုင်းယှဉ်နိုင်သည်။ ဂရုစိုက်တတ်သော အိမ်ရှင်တစ်ဦးသည် ကြွက်များကို လက်စတုံးဖျက်ဆီးပစ်ခြင်းဖြင့် သူ့မိသားစု၏ကျန်းမာရေးနှင့် ကောင်းကျိုးအတွက် ကာကွယ်ပေးသင့်ကြောင်း သင်သဘောမတူပေလော။
အလားတူ ယေဟောဝါသည် လူသားများကို အလွန်ချစ်သောကြောင့် အာမဂေဒုန်စစ်ကို ဆင်နွှဲမည်ဖြစ်သည်။ ဘုရားသခင့်ရည်ရွယ်ချက်မှာ ကမ္ဘာကိုပရဒိသုဖြစ်စေရန်နှင့် လူသားများကို စုံလင်လာစေပြီး “ကြောက်စေသောသူ တစ်ယောက်မျှမရှိ” မည့် ငြိမ်းချမ်းသည့်အဖြစ်သို့ မြှင့်တင်ပေးရန်ဖြစ်သည်။ (မိက္ခာ ၄:၃၊ ၄; ဗျာ. ၂၁:၄) သို့ဖြစ်လျှင် လူသားချင်း၏ ငြိမ်သက်မှုနှင့် လုံခြုံမှုကို ခြိမ်းခြောက်နေသူများအား ဘာလုပ်သင့်သနည်း။ ဖြောင့်မတ်သူများ၏အကျိုးအတွက် “ကြွက်များ” ကဲ့သို့သော ပဲ့ပြင်ဆုံးမ၍မရသည့် လူဆိုးတို့ကို ဘုရားသခင် ပယ်ရှင်းမည်ဖြစ်သည်။—၂ သက်သာလောနိတ် ၁:၈၊ ၉; ဗျာ. ၂၁:၈။
မျက်မှောက်ခေတ် ပဋိပက္ခနှင့် သွေးသွန်းမှုများစွာသည် မစုံလင်သောလူ့အုပ်ချုပ်မှုနှင့် အမျိုးသားရေး အကျိုးစီးပွားအတွက် တစ်ကိုယ်ကောင်းဆန်ဆန် အားထုတ်မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ (ဒေ. ၈:၉) လူသားအုပ်စိုးရှင်များသည် မိမိတို့အာဏာတိုးချဲ့ရန်ကြိုးစားခြင်းဖြင့် တည်ထောင်ပြီးသော ဘုရားသခင့်နိုင်ငံတော်ကို လုံးလုံးလျစ်လျူရှုကြသည်။ မိမိတို့၏အာဏာကိုစွန့်ကာ ဘုရားသခင်နှင့် ယေရှုအား လက်အောက်ခံလိမ့်မည်ဟူသောဖော်ပြချက် မရှိပါ။ (ဆာလံ ၂:၁-၉) ထို့ကြောင့် ခရစ်တော်လက်အောက်ရှိ ယေဟောဝါနိုင်ငံတော်၏ ဖြောင့်မတ်သောအုပ်ချုပ်မှုကို လမ်းဖွင့်ပေးရန် ယင်းအုပ်စိုးရှင်များကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅) ဤကမ္ဘာဂြိုဟ်နှင့် လူသားတို့အား မည်သူအုပ်ချုပ်ပိုင်ခွင့်ရှိသည်ဟူသော အရေးကိစ္စကို တစ်ကြိမ်တည်းနှင့် အပြီးဖြေရှင်းရန် အာမဂေဒုန်စစ်ကို ဆင်နွှဲရမည်။
အာမဂေဒုန်၌ ယေဟောဝါ၏ ကြားဝင်ဆောင်ရွက်မှုသည် လူသားများအကျိုးအတွက်ဖြစ်မည်။ ပို၍ဆိုးဝါးလာသော ကမ္ဘာ့အခြေအနေများကို ရင်ဆိုင်နေရသဖြင့် ဘုရားသခင့် စုံလင်သောအုပ်ချုပ်မှုကသာ လူသားတို့လိုအပ်ရာများကို အပြည့်အဝ ဖြည့်ဆည်းပေးမည်ဖြစ်သည်။ ကိုယ်တော့်နိုင်ငံတော်အားဖြင့်သာ စစ်မှန်သောငြိမ်သက်မှုနှင့် သာယာဝပြောမှု လွှမ်းမိုးမည်။ ဘုရားသခင်သာ ကြားဝင်ဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာ့အခြေအနေများ မည်သို့ရှိမည်နည်း။ လူ့အုပ်ချုပ်မှုကြောင့် ရာစုနှစ်များတစ်လျှောက် ကြုံတွေ့ရသည့် မုန်းတီးမှု၊ အကြမ်းဖက်မှုနှင့် စစ်ပွဲများက လူသားတို့ကို ဆက်၍ဒုက္ခပေးနေမည်မဟုတ်လော။ အမှန်အားဖြင့် အာမဂေဒုန်စစ်ပွဲသည် လူသားထုအကျိုးအတွက်ပင်။—လုကာ ၁၈:၇၊ ၈; ၂ ပေတရု ၃:၁၃။
စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့်စစ်
အခြားအဘယ်စစ်ပွဲကမျှ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့ရာကို အာမဂေဒုန်စစ်ပွဲက ပြီးမြောက်စေမည်။ ယင်းမှာ စစ်ပွဲအားလုံးကို အဆုံးတိုင်စေခြင်းဖြစ်သည်။ စစ်ပွဲများသည် အတိတ်တွင်ကျန်ရစ်ရာများဖြစ်မည့်နေ့ကို မတောင့်တသူ မည်သူရှိမည်နည်း။ သို့ရာတွင် စစ်မှုကိုအဆုံးတိုင်စေရန် လူ့ကြိုးပမ်းမှုမှန်သမျှ ရှုံးနိမ့်ခဲ့ရသည်။ စစ်မှုအဆုံးတိုင်ရန် လူ့ကြိုးပမ်းမှုများ အကြိမ်ကြိမ်ရှုံးနိမ့်ခြင်းက ယေရမိ၏ ဤစကားများမှန်ကြောင်း အလေးအနက်ပေါ်လွင်စေသည်– ‘အိုထာဝရဘုရားသခင် လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။’ (ယေရမိ ၁၀:၂၃) ယေဟောဝါ ပြီးမြောက်စေမည့်အရာနှင့်ပတ်သက်၍ ကျမ်းစာဤသို့ကတိပြုသည်– “လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၈၊ ၉။
တိုင်းနိုင်ငံများအချင်းချင်း သေစေနိုင်သောလက်နက်များသုံးခြင်း၊ ဝန်းကျင်ကိုဖျက်ဆီးရန်ခြိမ်းခြောက်ခြင်း ပြုလာပါက မြေကြီးကိုဖန်ဆင်းရှင်သည် ကျမ်းစာပါ အာမဂေဒုန်၌ အရေးယူဆောင်ရွက်တော်မူမည်။ (ဗျာ. ၁၁:၁၈) ထို့ကြောင့် ဤစစ်ပွဲသည် ခေတ်အဆက်ဆက် ဘုရားသခင်ကိုကြောက်ရွံ့သူများ၏ တစ်ခုတည်းသောမျှော်လင့်ချက်ကို ပြည့်စုံစေမည်။ ယင်းက ဖန်ဆင်းရာအားလုံးအပေါ် ကမ္ဘာမြေ၏အရှင် ယေဟောဝါဘုရားသခင်၏ အုပ်ချုပ်ပိုင်ခွင့်ကို ထင်ရှားပြမည်။
ထို့ကြောင့် ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးသူများအဖို့ အာမဂေဒုန်ကို ကြောက်စရာမလိုပါ။ ယင်းအစား မျှော်လင့်ရန်အကြောင်းရင်းဖြစ်စေသည်။ အာမဂေဒုန်စစ်ပွဲသည် ဖောက်ပြန်ယိုယွင်းမှုနှင့် ဆိုးယုတ်မှုတို့ဖြင့်ပြည့်နေသည့် ကမ္ဘာကိုသန့်စင်ကာ ဘုရားသခင့် မေရှိယနိုင်ငံတော်အုပ်ချုပ်မှုအောက် ဖြောင့်မတ်သောအစီအစဉ်သစ်အတွက် လမ်းဖွင့်ပေးမည်ဖြစ်သည်။ (ဟေရှာယ ၁၁:၄၊ ၅) အာမဂေဒုန်သည် ထိတ်လန့်ဖွယ် ရုတ်တရက်ကမ္ဘာကုန်ခြင်းဖြစ်မည့်အစား ပရဒိသုမြေကြီးပေါ် ထာဝစဉ်အသက်ရှင်မည့် ဖြောင့်မတ်သူများအတွက် ပျော်ရွှင်ဖွယ်ကောင်းသောအစကို မှတ်သားပြပါလိမ့်မည်။—ဆာလံ ၃၇:၂၉။
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများထုတ်ဝေသည့် ထာဝရအသက် ရစေသော အသိပညာစာအုပ် အခန်း ၁၁ ကိုရှု။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
မေဂိဒ္ဒေါ—သင့်လျော်သည့် အမှတ်သင်္ကေတ
ရှေးမေဂိဒ္ဒေါမြို့သည် ဣသရေလ နိုင်ငံမြောက်ပိုင်းရှိ သီးပွင့်ဖြစ်ထွန်းသော ယေဇရေလချိုင့်ဝှမ်း၏ အနောက်ပိုင်းကို အပေါ်စီးမှ မြင်ရသည့်နေရာတွင် မဟာဗျူဟာမြောက်စွာတည်ရှိ၏။ နိုင်ငံတကာကုန်သွယ်ရေးနှင့် စစ်ရေးလမ်းကြောင်းများ ဆုံရာဖြစ်သောကြောင့် ယင်းတို့ကို ထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် မေဂိဒ္ဒေါမြို့သည် အပြီးသတ်စစ်ပွဲများဖြစ်ပွားရာ စစ်တလင်းဖြစ်လာသည်။ ပါမောက္ခ ဂရေဟမ် ဒေးဗစ်က ကျမ်းစာလောကမှမြို့များ—မေဂိဒ္ဒေါ ဟူသည့် သူ၏စာအုပ်တွင် ဤသို့ရေးသားထားသည်– “မေဂိဒ္ဒေါမြို့ . . . သည် အရပ်ရပ်မှ ကုန်သည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရလွယ်ကူသည့်မြို့ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် အင်အားကြီးပါက ထိုလမ်းကြောင်းများဖြင့်ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ကာ ကုန်သွယ်ရေးနှင့် စစ်ရေးတိုးတက်မှုကို ဦးစီးနိုင်သည်။ ထို့ကြောင့် ဤမြို့ကိုရရန် မကြာခဏတိုက်ပွဲဖြစ်လေ့ရှိပြီး အနိုင်ရသည့်အခါ အစွမ်းကုန် ကာကွယ်ကြသည်မှာ အံ့ဩစရာမဟုတ်ပါ။”
မေဂိဒ္ဒေါမြို့၏ ရှည်လျားလှသောသမိုင်းသည် အီဂျစ်ဘုရင် တတိယမြောက် သွတ်မို့စ်က ခါနာန်ဘုရင်များကို တိုက်ခိုက် အောင်မြင်ခဲ့သည့် ဘီ.စီ.အီး. ဒုတိယထောင်စုနှစ်မှ စတင်ခဲ့သည်။ ယင်းသည် ဗြိတိသျှဗိုလ်ချုပ်ကြီး အက်ဒ်မန် အယ်လန်ဘီ၏လက်ချက်ဖြင့် တူရကီစစ်တပ်များ မရှုမလှရှုံးနိမ့်သွားသည့် ၁၉၁၈ ခုနှစ်အထိ ရာစုနှစ်များစွာ ဆက်သွားခဲ့သည်။ ခါနာန်ဘုရင်ယာဘိန်၏စစ်တပ် အစိတ်စိတ်ပြိုကွဲသွားရန် တရားသူကြီးဗာရက်အား ဘုရားသခင်စွမ်းဆောင်စေခဲ့သည့်အရပ်မှာ မေဂိဒ္ဒေါပင်ဖြစ်သည်။ (တရားသူကြီး ၄:၁၂-၂၄; ၅:၁၉၊ ၂၀) ဤအရပ်ဝန်းကျင်၌ တရားသူကြီးဂိဒေါင်သည် မိဒျန်လူမျိုးများကို အပြီးအပိုင်ချေမှုန်းခဲ့သည်။ (တရားသူကြီး ၇:၁-၂၂) ဘုရင်အာခဇိနှင့် ယောရှိတို့ အသတ်ခံရသည့်နေရာလည်းဖြစ်သည်။—၄ ဓမ္မရာဇဝင် ၉:၂၇; ၂၃:၂၉၊ ၃၀။
ဤနေရာတွင် အပြီးသတ်စစ်ပွဲများစွာ ဖြစ်ပွားခဲ့သောကြောင့် အာမဂေဒုန်ကို ဤအရပ်ဝန်းကျင်နှင့် ဆက်စပ်ထားခြင်းသည် သင့်လျော်၏။ မေဂိဒ္ဒေါသည် ဆန့်ကျင်သောတပ်အားလုံးအပေါ် ဘုရားသခင့် အပြီးသတ်အောင်ပွဲ၏ သင့်လျော်သည့် အမှတ်သင်္ကေတဖြစ်ပေသည်။
[Credit Line]
Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]
ကမ္ဘာတစ်ဝန်းရှိ လူတို့ကို သတိပေးနေပြီး အာမဂေဒုန်ကိုကပ်ကျော်ရန် အခွင့်အရေးပေးထား
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အာမဂေဒုန်သည် ပျော်ရွှင်ဖွယ်ကောင်းသောအစကို မှတ်သားပြမည်